သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး ဥပဒေမူကြမ်း လွှတ်တော်တင်


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်းထားတဲ့ သမ္မတ ရွေးကောက်တင်မြှောက်ခွင့်ဆိုင်ရာ သတ်မှတ်ချက်တချို့ အပါအဝင် အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ပြင်ဆင်ရေး ဥပဒေကြမ်းကို လွှတ်တော်အမတ် ၂၀ ကျော်ရဲ့ လက်မှတ်နဲ့ လွှတ်တော်မှာ ဆွေးနွေးဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

အခု ပြင်ဆင်ဖို့ အဆိုပြုချက် အတည်ဖြစ်ခဲ့ရင်လည်း သားသမီးတွေ နိုင်ငံခြားသားအဖြစ် ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကတော့ အရင်အတိုင်း ဆက်ပြီး ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဘက်က တင်သွင်းထားတဲ့ ဥပဒေကြမ်းကို အတည်ပြုနိုင်မယ့် အခြေအနေ အလားအလာ ဘယ်လောက်ရှိလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် က တနင်္လာနေ့မှာ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တာမှာတော့ လွှတ်တော်အမတ် ၂၀ ရာခိုင်နှုန်းတို့ရဲ့ လက်မှတ်တွေနဲ့ ဆွေးနွေးဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ အပါအဝင် သမ္မတ ရွေးချယ်ပိုင်ခွင့် သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) မှာလည်း ပြင်ဆင်ချက်တချို့ ပါရှိပေမဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို အတိအကျ ကန့်သတ်ထားတဲ့ ကိုယ်စားလှယ်လောင်းရဲ့ သားသမီး၊ ဇနီး၊ ခင်ပွန်းတို့ နိုင်ငံခြားသား မဖြစ်စေရ ဆိုတာကိုတော့ မပြင်တာကြောင့် သမ္မတ ရွေးချယ်ပိုင်ခွင့် ဆက်ပြီး ပိတ်ပင်ခံထားရဆဲ ဖြစ်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေး အတွက် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဘက်က တင်သွင်းခဲ့တဲ့ ဥပဒေကြမ်းထဲက အရေးကြီးတဲ့ အချက်တွေကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူ က အခုလို ပြောပါတယ်။

“နိုင်ငံတော်သမ္မတက အုပ်ချုပ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ နောက် ကာကွယ်ရေးအမြင်ပေါ့လေ၊ စစ်ရေးအမြင်တို့ ရှိရမယ့် အပေါ်မှာ ကျန်တဲ့ ၃ ခုကတော့ မပါဘူး။ စစ်ရေးအမြင်အစား ကာကွယ်ရေးအမြင်လို့ အစားထိုးပြင်ထားတာ။ ဒါက ဥပဒေကြမ်းထဲမှာ ပါပါတယ်။ နောက် ပုဒ်မ ၅၉ (စ)၊ အများစိတ်ဝင်စားတဲ့ ပုဒ်မပေါ့လေ။ နိုင်ငံတော်သမ္မတ နေရာပေါ့လေ။ ရွေးချယ်ခံ နိုင်ငံတော် သမ္မတဟာ မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိရဲ့ မိဘနှစ်ပါး ကိုယ်တိုင်သော်လည်းကောင်း၊ မိမိရဲ့ဇနီး၊ ခင်ပွန်း သော်လည်းကောင်း၊ မိမိရဲ့ တရားဝင်သားသမီးသော်လည်းကောင်း၊ မိမိရဲ့ တရားဝင်သားသမီးရဲ့ ဇနီး၊ ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြားသြဇာခံ မဖြစ်ရလို့ မူလပုဒ်မမှာ ပါထားပြီးသားဖြစ်တယ်။ အဲဒါကို အခုဒီဥပဒေကြမ်းထဲမှာ၊ ပြင်ဆင်တဲ့ ဥပဒေကြမ်းထဲမှာ ကျန်တဲ့အချက်တွေကိုတော့ ထည့်ထားပြီးမှ၊ မိမိရဲ့တရားဝင်သားသမီးရဲ့ ဇနီး၊ ခင်ပွန်းတွေဆိုတဲ့ အချက်ကိုတော့ ထုတ်ထားတာပေါ့လေ၊ ပယ်ဖျက်ထားတာ ရှိပါတယ်။ အဲဒီလောက်တော့ သူတို့ပြင်ဆင်ထားတယ်ဆိုတဲ့ သဘောမျိုး ရောက်နေပါတယ်။”

အခု ပြင်ဆင်ချက်အရဆိုရင်တော့ သမီးဖြစ်သူ နိုင်ငံခြားသားနဲ့ လက်ထပ်ထားတဲ့အတွက် ဒုတိယ သမ္မတ တင်သွင်းတာကို ပယ်ဖျက်ခံရတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ တို့လို ပုဂ္ဂိုလ်တွေ သမ္မတ ရွေးကောက်ခံခွင့် အရည်အချင်း ပြည့်မီသွားမှာ ဖြစ်ပေမဲ့ သားဖြစ်သူတွေက နိုင်ငံခြားသားတွေ ဖြစ်နေတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက်တော့ သမ္မတအဖြစ် ဝင်ရောက် ရွေးကောက်ခံနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဘက်က သန်းနဲ့ချီတဲ့ လူထုလက်မှတ်တွေနဲ့ ပြင်ဆင်ပေးဖို့ တင်သွင်းထားတဲ့ ပုဒ်မ ၄၃၆ ပါ ပြဌာန်းချက်တွေကိုတော့ ပြင်ဆင်ထားပါတယ်။ အခု ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဘက်က တင်သွင်းတဲ့ ဥပဒေကြမ်းကို အတည်ပြုနိုင်မယ့် အခြေအနေကတော့ ခန့်မှန်းရခက်တဲ့အကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည် က ပြောပါတယ်။

“တဘက်က အစိုးရနဲ့ညှိပြီးတော့မှ ဆောင်ရွက်သလား၊ လွှတ်တော်ထဲမှာရှိတဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကပဲ ဆောင်ရွက်တာလားဆိုတာ ဝေခွဲဖို့ နည်းနည်းခက်နေပါတယ်။ တဘက်က အုပ်ချုပ်ရေးက မပါရင်တော့ အခက်အခဲ ရှိနိုင်ပါတယ်။ နောက်ပြီးတော့ တပ်ပိုင်းဆိုင်ရာက မပါရင်လည်း အခက်အခဲရှိနိုင်တယ်လို့ ကျနော်မြင်ထားပါတယ်။”

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဘက်က ပြင်ဆင်ဖို့ တင်သွင်းတဲ့ ဥပဒေကြမ်းမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ဆက်ပြီး ပိတ်ပင်ထားဆဲ ဖြစ်ပေမဲ့ အခုလို လွှတ်တော်တွင်း အင်အားကြီး ပါတီကြီးတခုအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်လာတဲ့အပေါ်မှာတော့ ကြိုဆိုရမှာ ဖြစ်တယ်လို့ NLD ရဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြောပါတယ်။

“USDP ပါတီက ဦးဆောင်ပြီးမှ လက်မှတ်တွေကောက်တယ်။ ဒီအပေါ်မှာလည်း ကျနော်တို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လက်ခံတယ်။ အဲဒီလိုပဲ တခြားပါတီတွေ၊ တိုင်းရင်းသားပါတီတွေနဲ့ အားလုံး ၂၀၀ ကျော်၊ တနည်းအားဖြင့် ရာခိုင်နှုန်း ၅၀ ကျော် လက်မှတ်ထိုးတဲ့အတွက် ဒီအပေါ်မှာ ပြင်ချင်စိတ်ရှိလို့ တင်တယ်လို့ပဲ ကျနော်တို့ ယူဆလို့ရပါတယ်။ ဒီအတွက်လည်း ကျနော်တို့ ကြိုဆိုပြီးမှ၊ ဝိုင်းဝန်းပူးပေါင်းပြီးတော့မှ ပြင်ဆင်ရေးအတွက် ဆောင်ရွက်နေခြင်းလည်း ဖြစ်ပါတယ်။”

တနင်္လာနေ့မှာ တင်သွင်းခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းမှာဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေသာ ဒုသမ္မတ ရွေးချယ်ခွင့်၊ လက်ရှိ သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေကို ထိန်းချုပ်ထားတာ၊ ပြည်နယ် တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို ရွေးချယ်တင်မြှောက်မှု အပါအဝင် ပြည်ထောင်စု တရားသူကြီးချုပ် သက်တမ်းကိုလည်း သတ်မှတ်ထားတာကို တွေ့ရပါတယ်။

XS
SM
MD
LG