သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကော်မတီ ကြိုးစားမည်


မြန်မာလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။ (စက်တင်ဘာလ ၂၁ ရက်၊ ၂၀၁၁)။
မြန်မာလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။ (စက်တင်ဘာလ ၂၁ ရက်၊ ၂၀၁၁)။
ဖွဲဲ့စည်းပုံ အခြေခံဥပဒေမှာ လိုအပ်နေတဲ့ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးတွေကို ထပ်မံ ပြင်ဆင်ဖြည့်စွက် နိုင်အောင်လို့ ပြင်ပက ပညာရှင်တွေကနေ လိုအပ်တာတွေ ကို ထောက်ပြပေးပြီး အခါအခွင့်သင့်ရင် ဖွဲ့စည်းပုံကိုပြင်ဖို့ ကြိုးစားမယ်လို့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို က ဒီကနေ့မှာ ပြောလိုက်ပါတယ်။ အချို့သော တရားစီရင်ရေးပိုင်းက ပုဂ္ဂိုလ်တွေဟာ အုပ်ချုပ်ရေးရဲ့ လွမ်းမိုးမှုကို ခံနေတာကိုလည်း သူကိုယ်တိုင် သိရှိကြောင်းလည်း ဥပဒေပညာရှင်တွေနဲ့ ဒီကနေ့မှာ တွေ့ဆုံချိန်မှာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို က ပြောသွားပါသေးတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

ပြည်သူ့လွှတ်တော် ကော်မတီက ဖွဲ့စည်းထားတဲ့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာကော်မတီက အခါအခွင့်သင့်ရင် ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ကြိုးစားမယ်လို့ ဒီကနေ့မှာ ပြောလိုက်ပါတယ်။ အခုလို ဖွဲ့စည်းပုံကို ပြင်ဆင်တဲ့အခါမှာ ဆုံးရှုံးနေတဲ့ နိုင်ငံသားအခွင့်အရေးတွေ၊ တိုင်းရင်သား အခွင့်အရေးတွေကို ထပ်ဖြည့်နိုင်အောင် ကြိုးစားဖို့ ရှေ့နေကွန်ရက်ကို အကူအညီပေးဖို့ လည်း တရားစီရင်ရေးနဲ့ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို က တောင်းဆိုလိုက်ပါတယ်။


“အခြေခံလူ့အခွင့်အရေးထဲမှာကိုက တိုင်းရင်းသားနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေ၊ နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေမှာ ပြန်ပြီးတော့ အပြည့်အ၀ မရသေးတဲ့ဟာ ရှိပါတယ်။ အဲဒီတော့ ပြင်သင့်ပြင်ထိုက်တဲ့ ဥပဒေပုဒ်မတွေကို ပြုစုပေးစမ်းပါ။ ကျနော်တို့ကို ခွင့်ပြုမှာပါ။ အဲဒီအခါအခွင့်တခုက ရောက်ကိုရောက်လာမှာပါ။”


အခုလို ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ လိုအပ်နေချိန်မှာပဲ တရားစီရင်ရေး အဖွဲ့တွေဟာ အုပ်ချုပ်ရေး အာဏာပိုင်တွေက လွမ်းမိုးတာကို မခံရဖို့အတွက်လည်း သူရဦးအောင်ကို က ထောက်ပြ ပြောဆိုခဲ့ပါသေးတယ်။


“ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲတုန်းက ကျနော်တို့ ပြည်နယ်တိုင်း တရားလွှတ်တော်ချုပ် တရားသူကြီးတွေနဲ့ တွေ့ပါတယ်။ တွေ့တဲ့အခါမှာ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ ပိုဆိုးပါတယ်။ အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေး လွှမ်းမိုးဆဲ ဖြစ်ပါတယ်။ ကျနော်က ပြောတယ်၊ အလွှမ်းမိုးမခံပါနဲ့။ ခင်ဗျားတို့ကိုယ်တိုင်က အလွှမ်းမိုးခံရင်တော့ မသိဘူး။ ဒါ သူတို့က လွှတ်တော်မှာရော၊ သတင်းတွေမှာရော၊ အခြေခံဥပဒေမှာရော ဒါဟာ တိုးတက်တဲ့ မဏ္ဍိုင်သုံးရပ်ဖြစ်တယ် ဆိုပြီး သုံးနှုန်းထားတာ။”

ပြင်သင့်ပြင်ထိုက်တဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်နိုင်ဖို့အတွက် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ကလည်း ဆောင်ရွက်နေတာတွေ ရှိပေမဲ့ အချို့သော ပုဒ်မတွေက လူတဦးယောက်ကို အကာအကွယ် ပေးထားတာမျိုးတွေ ရှိနေလို့ အဲဒီပုဒ်မကို ဟ ပေးလိုက်ရင် လွတ်သွားမလားဆိုပြီး မပြင်နိုင်တဲ့ ပုဒ်မတွေလည်း ရှိနေတယ်လို့ သူရဦးအောင်ကို က ပြောပါတယ်။ တရားစီရင်ရေးနဲ့ ဥပဒေရေးရာကော်မတီ နဲ့ ရှေ့နေများကွန်ရက် ဒီကနေ့ တွေ့ဆုံပွဲမှာ ရှေ့နေများ ကွန်ရက်က တာဝန်ရှိခေါင်းဆောင်ပိုင်းတွေက လက်ရှိတရားရေးလောကမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း ကော်မတီ ဥက္ကဋ္ဌကို တင်ပြကြပါတယ်။ အဲဒီလို တင်ပြတဲ့အထဲမှာ အစိုးသစ်လက်ထက်မှာ အဆ ၁၀၀ တိုးမြင့်ကောက်ခံလိုက်တဲ့ ရုံးခွန် တံဆိပ်ခေါင်းခွန် ဥပဒေ ကိစ္စတွေ ပါရှိသလို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ (ခ) နဲ့ ဆန့်ကျင်နေတဲ့ ဆန္ဒဖော်ထုတ်ခွင့် နည်းဥပဒေကို ပယ်ဖျက်ပေးဖို့ ကိုလည်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က တောင်းဆိုလိုက်ပါတယ်။


“အဲဒီတော့ အဓိပ္ပါယ်က ဒီလိုလုပ်လိုက်တဲ့၊ တံဆိပ်ခေါင်းနှုန်းထားကို အမြင့်ကြီးလုပ်လိုက်တဲ့ အဓိပ္ပါယ်က ဘာလဲဆိုတော့ ကျနော်တို့နိုင်ငံသားတွေကို တရားမစွဲနိုင်အောင် ကန့်သတ်လိုက်တာပဲ။ ဒီ လွတ်လပ်စွာ စုဝေးခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်ကျတော့ ရဲတပ်ဖွဲ့မှူးက ခွင့်ပြုမှ ကျနော်တို့က စီတန်းလှည့်လည်ခွင့် ရှိတယ်။ တကယ်လို့ ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်ရင် ပုဒ်မ (၁၈) အရ ထောင်တနှစ်၊ ဒဏ်ငွေသုံးသောင်း ဆိုတော့ ကျနော်တို့ constitutional right၊ နိုင်ငံသားတွေ ရပိုင်ခွင့်ရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပုဒ်မ ၃၅၄(ခ) ကို ပြည်သူ့လွှတ်တော်က ပြဌာန်းတဲ့ ငြိမ်း စု စီ ဥပဒေက ကန့်သတ်ချုပ်ချယ်ရာ မရောက်ဘူးလား၊ ညီရဲ့လား။ ကျနော်တို့ အဲဒါကို ပြန်စဉ်းစားသင့်တယ်လို့ ထင်တယ်။”

နိုင်ငံရေး အမှုတွေကို အများဆုံးလိုက်ပြီး စစ်အစိုးရ လက်ထက်က လိုင်စင်သိမ်းခံ ခဲ့ရတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သိန်းက လည်းတရားစီရင်ရေး မဏ္ဍိုင် ပြိုပျက်ခဲ့ရတာဟာ စစ်အစိုးရ လက်ထက်က အမိန့်ညွှန်ကြားချက်တွေ အပါအဝင် ဖိနှိပ်အုပ်ချုပ်တဲ့ အခြေအနေတွေကြောင့်လို့ ထောက်ပြပါတယ်။ ရှေ့နေများကွန်ရက် က တရားရုံးတွေကို အဆင့်အတန်းမြင့်တဲ့ နေရာတွေမှာ ပြန်လည် ထားရှိပေးဖို့နဲ့ လက်ရှိပုဂ္ဂလိကကို ပေးလိုက်တဲ့ ကမ်းနာလမ်း က ရန်ကုန်တိုင်း တရားရုံးကြီးကို ဟိုတယ်ဆောက်ဖို့ လုပ်နေတာတွေကို ရပ်ဆိုင်းပေးဖို့ လွှတ်တော်မှာ အဆိုတရပ် တင်ပြပေးဖို့ကိုလည်း သူရဦးအောင်ကို တို့ ကော်မတီကို တောင်းဆိုခဲ့ ပါတယ်။ ရန်ကုန် ရှေ့နေများကွန်ရက်ဟာ အခုလို ရန်ကုန်မြို့က အထင်ကရ တရားရုံး အဆောက်အဦးတွေကို ပြတိုက်နဲ့ ဟိုတယ်တွေမလုပ်ဖို့ ပြီးခဲ့တဲ့နှစ်ထဲမှာ ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ပါသေးတယ်။
XS
SM
MD
LG