သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု တိုက်ဖျက်ရေး မြန်မာအစိုးရသစ်ခြေလှမ်း ပြည်ပကြိုဆို


အဂတိလိုက်စားမှု ပပျောက်ရေး ဆောင်ရွက်သွားမယ်ဆိုတဲ့ NLD အစိုးရသစ်က ငွေကြေး လက်ဆောင်ပေးခဲ့တဲ့ မီဒီယာကုမ္ပဏီကြီး တခုကို ပညာပေး အသိပေးတဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်လို့ ပြည်ပအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူတွေက ကြိုဆိုလိုက်ကြပြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ အန္တရာယ် စိန်ခေါ်မှုတွေနဲ့ ကြုံလာနိုင်တယ်လို့လည်း သတိပေးလိုက်ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

သင်္ကြန်ကာလအတွင်း အစိုးရပိုင်း အဆင့်မြင့်အရာရှိ တဦးကို ကျပ်ငွေ သိန်း ၅၀ လက်ဆောင်ပေးခဲ့တဲ့ မီဒီယာကုမ္ပဏီကြီးတစ်ခုကို သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်အရဆိုပြီး အစိုးရအဖွဲ့ရုံးက ဧပြီလ ၂၀ ရက်နေ့စွဲနဲ့ ပညာပေးအသိပေးတဲ့ အကြောင်းကြားစာ တစောင် ပေးပို့ခဲ့တာပါ။ ရရှိခဲ့တဲ့ သိန်း ၅၀ ကိုတော့ နွေရာသီ ရှားပါးသောက်သုံးရေ ရရှိရေး ဆောင်ရွက်ဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး ဝန်ကြီးဌာနကို လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။ အစိုးရသစ်အဖြစ် တာဝန်ယူပြီး ၃ ပတ်လောက်အကြာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခုလို ဆောင်ရွက်လာတာအတွက် ဝမ်းမြောက်မိတယ်လို့ အမေရိကန်ပြည်ထောင်စု အင်ဒီးယားနား ပြည်နယ်က မြန်မာ့အရေး လေ့လာသူ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

“ကျနော် ဒီသတင်းကြားကြားချင်း အင်မတန်မှ နှစ်ခြိုက်မိတယ်လို့ ပြောပါရစေ။ အခြေခံကတော့ အဂတိလိုက်စားမှု သို့မဟုတ် လာဘ်ပေးမှုအပေါ်မှာ လက်တွေ့ကျတဲ့ ဆောင်ရွက်ချက်တခု နမူနာတခုအနေနဲ့ လုပ်လိုက်တာရယ်၊ နောက် ဒုတိယတချက်က ဒီရတဲ့ငွေကိုလည်း တကယ့်ကို ဖုတ်ပူမီးတိုက် လိုနေတဲ့ ရေရရှိရေးကို သုံးမယ်လို့ ဆုံးဖြတ်ချက် ၂ ခုဟာတော့ ကျနော် နှစ်ထောင်းအားရ ဖြစ်ပါတယ်ခင်ဗျ။”

အဂတိလိုက်စားမှု အခြေအနေတွေကို စောင့်ကြည့်နေတဲ့ Transparency International အဖွဲ့ရဲ့ ၂၀၁၅ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၈ နိုင်ငံထဲမှာ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေက အဆင့် ၁၄၇ အောက်ပိုင်းမှာ ရှိနေတာပါ။ မြန်မာနိုင်ငံမှာ ဦးသိန်းစိန် အစိုးရလက်ထက် အဂတိ တိုက်ဖျက်ရေး ဆောင်ရွက်ဖို့ ဥပဒေပြဌာန်းခဲ့တာမျိုး ရှိပေမဲ့ ပြီးပြည့်စုံခြင်း မရှိသေးဘူးလို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင် AHRC က ရှေ့နေ ဦးမင်းလွင်ဦးက မြင်ပါတယ်။

“အခု ပြဌာန်းထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဆိုတာက ဦးသိန်းစိန်လက်ထက်မှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ပြုစုရေးကော်မတီကနေပြီးတော့ တင်သွင်းလာတာဖြစ်တယ်။ အဲဒီလို တင်သွင်းပြီးတဲ့အခါမှာ သမ္မတကနေပြီးတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ဆိုပြီးတော့ အချက် ၁၇ ချက်နဲ့ ပြင်ခိုင်းတယ်။ ပြင်ခိုင်းတဲ့ဥစ္စာကို လွှတ်တော်ဥက္ကဌဖြစ်တဲ့ ဦးရွှေမန်းတို့က လာဘ်ပေးလာဘ်ယူ ဆိုတဲ့နေရာမှာ အဂတိလိုက်စားမှု ဆိုတာလေးကိုပဲ ပြင်လိုက်တယ်။ အဲဒီမှာ အဂတိလိုက်စားတယ်ဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ချက် ပါမလာဘူးဖြစ်တယ်။ ပါမလာတဲ့အခါကျတော့ အရေးယူဖို့ရာအတွက် တော်တော်ခဲယဉ်းတဲ့ ပြဿနာဖြစ်လာတယ်။”

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို ပြန်ကြည့်ရင် အစိုးရပိုင်းနဲ့ ဒေသဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်က လာဘ်စားတာတွေ ရှိသလို၊ စီမံကိန်းလုပ်ငန်းတွေရဖို့ လုပ်ငန်းရှင်ကြီးတွေက အာဏာပိုင်အဆင့်ဆင့်နဲ့ ဝန်ထမ်းတွေကို လာဘ်ထိုးခဲ့ကြတာပါ။ အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ လုပ်ငန်းရှင် ခရိုနီကြီးတွေ အခွန်ရှောင်နေတဲ့ ကိစ္စအပါအဝင် ငွေကြေးခဝါချတဲ့ လုပ်ငန်းတွေကိုပါ ကိုင်တွယ်ဖို့ လိုတယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

“လာဘ်ပေးလာဘ်ယူ တိုက်ဖျက်တဲ့ဥပဒေမှာ တဆက်တည်း ပါနေတာက ငွေကြေးခဝါချတဲ့ကိစ္စရပ်တွေရော၊ ဘဏ်ကိစ္စရပ်တွေရော၊ ပါနေတဲ့ကိစ္စမျိုးဖြစ်တယ်။ အဲတော့ အဲဒီလိုမျိုး ကိစ္စရပ်တွေမှာ အခွန်ရှောင်တဲ့ ကိစ္စရပ်တွေကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက်ဆိုရင် ကော်မတီတွေ ဖွဲ့ပြီးတော့ လုပ်ဆောင်နေတာထက်စာရင် အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနရဲ့ လုပ်ပိုင်ခွင့်အောက်မှာပဲ ဒီဥစ္စာတွေကို စီမံခန့်ခွဲသွားမယ်ဆိုရင်တော့ လျှင်မြန်စွာ အကောင်အထည်ဖော်နိုင်လိ့မ်မယ်လို့ ကျနော်တို့ မြင်တယ်။”

အရင်အစိုးရလက်ထက်တွေမှာ သန္ဓေတည်ခဲ့တဲ့ လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုတွေကို ကိုင်တွယ်ရာမှာ NLD အစိုးရသစ်အနေနဲ့ စိုးရိမ်ဖွယ် အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့လည်း ဒေါက်တာ တင့်ဆွေက သုံးသပ်ပါတယ်။

“ရေရှည်အတွက် မျှော်ကိုးပြီးတော့ ကိုယ်ကျိုးအတွက် တနည်းအားဖြင့် ကိုယ့်အုပ်စုအကျိုးအတွက် ကိုယ့်လူတန်းစားတခု အကျိုးအတွက် လုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ အမြောက်အများ ရှိပါတယ်။ အဲဒီဟာတွေကို ကိုင်တွယ်တဲ့နေရာမှာ အန္တရာယ်ကြီးတယ်။ အန္တရာယ်ဆိုတာ နောက်ဆုံး အကုန်ပြောရရင် အသက်အန္တရာယ်အထိ တချို့တွေ ရင်ဆိုင်ရနိုင်တာမျိုးတွေ ရှိတယ်။ နောက်တခါ နိုင်ငံရေးအန္တရာယ်ပေါ့။ သူတို့က အုပ်နဲ့အင်းနဲ့ဆိုတော့ သူတို့ကလည်း ဒီဟာကို မပြိုပျက်အောင် မနည်းပါးအောင် ကြိုးစားကြမှာပဲ။ အဲတော့ အားပြိုင်မှု အကြီးစားတွေ ဖြစ်လာစရာ အကြောင်းရှိတယ်။”

မြန်မာနိုင်ငံက အဂတိလိုက်စားတဲ့ ဌာနတွေထဲမှာ တရားရေးဌာနလည်း ပါဝင်ပြီး တရားသူကြီးတွေက အဓိက ဖြစ်နေတာကြောင့် ဒါကိုလည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ ရှေ့နေ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

“ဒီတရားရေးဆိုင်ရာကိစ္စ လာဘ်စားခြစားမှုတွေကိုလည်း ထိရောက်စွာ အရေးယူမယ်ဆိုရင်တော့ ဒီတရားသူကြီးတွေ ကိုယ်တိုင်ကိုလည်း အထူး ပညာပေးဖို့ လိုတယ်။ သတိပေး ဟန့်တားတာမျိုးတွေ လုပ်သင့်တယ်။”

အဂတိလိုက်စားမှုကို တိုက်ဖျက်တဲ့အခါ ပြည်သူလူထုနဲ့ ဝန်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်မှု အရေးကြီးသလို၊ နယ်ပယ်အသီးသီးက ဝန်ထမ်းတွေရဲ့ စားဝတ်နေရေး ဖူလုံခိုင်မာလာဖို့ အတွက်လည်း အစိုးရဘက်က ပြန်လည် ထောက်ပံ့ပေးဖို့ လိုတယ်လို့ မြန်မာ့အရေး ဆောင်ရွက်နေသူတွေက အကြံပြုကြပါတယ်။

XS
SM
MD
LG