သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်မှုတွေ ဆက်လုပ်မည် မြန်မာစက်မှုဝန်ကြီး ကတိပေး


ပြုပြင်မှုတွေ ဆက်လုပ်မည် မြန်မာစက်မှုဝန်ကြီး ကတိပေး
ပြုပြင်မှုတွေ ဆက်လုပ်မည် မြန်မာစက်မှုဝန်ကြီး ကတိပေး

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးမှာရော စီးပွားရေးမှာပါ ပြုပြင်ပြောင်းလဲစရာတွေ အတော်ရှိသေးတယ်လို့ ဆွစ်ဇာလန်နိုင်ငံ Davos ကမ္ဘာ့စီးပွားရေးညီလာခံကို တတ်ရောက်နေတဲ့ မြန်မာစက်မှုဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။ အိမ်နီးချင်းတရုတ်နိုင်ငံ အပါအဝင် အနောက်နိုင်ငံတွေရော ကမ္ဘာ့နိုင်ငံအားလုံးနဲ့ပါ အဆင်ပြေပြေ ခင်ခင်မင်မင် ဆက်ဆံသွားလိုတယ်လို့လည်း ပြောသွားပါတယ်။ ဒီအကြောင်းကိုတော့ မအေးသန္တာကျော်က တင်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နေရာမှာ နိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အတွက် အခြေအနေကောင်းတွေကို ဖန်တီးပေးနေတယ် ဆိုပြီး Davos ကမ္ဘာ့ကုန်သွယ်ရေး ညီလာခံကို တတ်ရောက်နေတဲ့ မြန်မာအစိုးရ စက်မှုဝန်ကြီး ဦးစိုးသိန်းက သတင်းထောက်တွေကို ပြောသွားတာပါ။ မြန်မာအစိုးရသစ်အနေနဲ့ ပြီးခဲ့တဲ့နှစ်ကစပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကိုင်နေရာမှာ နိုင်ငံရေးမှာရော စီးပွားရေးမှာပါ အခြေအနေကောင်းတွေ ဖြစ်လာဖို့ ဆောင်ရွက်နေတယ်လို့ ဦးစိုးသိန်းက ပြောပါတယ်။

“ကျနော်တို့ တော်တော်များများ လုပ်ဆောင်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ လုပ်ဆောင်စရာတွေ အများကြီး ထပ်ရှိပါသေးတယ်။ လာမယ့်ကာလ အပိုင်းအခြား အတွင်းမှာကို လုပ်ဆောင်ရမှာပါ။ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်က မပြီးသေးပါဘူး။ ပြုပြင်ပြောင်းလဲရေးအတွက် အများကြီး ပြောင်းလဲအောင် လုပ်ဆောင်ရမှာပါ။ တရားဥပဒေ စိုးမိုးရေးနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်တွေ၊ အခြေခံ အဆောက်အအုံဆိုင်ရာ ပြင်ဆင်စရာတွေ၊ ဒါတွေကို နိုင်ငံရေးကဏ္ဍမှာတင် မဟုတ်ပါဘူး၊ စီးပွားရေးအပိုင်းမှာပါ အများကြီး ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်ရပါမယ်။ အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်း မသိမ်းဆိုတာကတော့ သူတို့လုပ်ဆောင်ရမယ့် အပိုင်းပါပဲ။”

တကယ်တော့ မြန်မာနိုင်ငံအနေနဲ့ တံခါးဖွင့် ဈေးကွက်စီးပွားရေးကို ၁၉၈၉ ခုနှစ်ကတည်းက စတင်ကျင့်သုံးခဲ့တာပါ။ စီးပွားရေးအရ တခါးဖွင့်လိုက်ပေမဲ့ မယ်မယ်ရရ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ မရှိခဲ့တာရော၊ နိုင်ငံရေးအရ ပြဿနာတွေကြောင့်ပါ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ၊ အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အားနည်းခဲ့ပါတယ်။ အဲဒီအစား စစ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေသာ လက်ဝါးကြီးအုပ်တဲ့ စီးပွားရေးပုံစံ ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်မယ့် အခြေအနေမျိုးတွေ ဖန်တီး လုပ်ဆောင်နေပါပြီလို့ စက်မှုဝန်ကြီး ဦးစိုးသိန်းက ပြောခဲ့ပါတယ်။

“ရင်းနှီးမြှုပ်နှံမှုတွေ အတွက်တော့ ကိုယ့်တိုင်းပြည်မှာ လာပြီး ရင်းနှီးမြှုပ်နှံချင်အောင် အခြေအနေမျိုး ဖန်တီးပေးဖို့ အများကြီး လုပ်ဆောင်ထားပါတယ်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေ ပြင်ဆင်တာတွေ ရှိပါတယ်။ ဒါက စီးပွားရေးအပိုင်းအတွက် အထူးအရေးကြီးတဲ့ကိစ္စပါ။”

မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်း တရုတ်တင်မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ အခြားအိမ်နီးချင်း နိုင်ငံတွေနဲ့ပါ ဆက်ဆံရေးကောင်းအောင် ထူထောင်သွားလိုတယ်လို့လည်း ဦးစိုးသိန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေး ဆောင်ရွက်သွားမယ်လို့ အစိုးရသစ်က ကတိကဝတ်ပြုခဲ့တာပါ။ ဒါကြောင့်လည်း စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေကို ပိုပြီး အသားပေးဆောင်ရွက်နေတယ်လို့ ပြောရမှာပါ။ တချိန်တည်းမှာပဲ လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် အနောက်နိုင်ငံတွေက မြန်မာအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ရုပ်သိမ်းသွားဖို့ နိုင်ငံရေးအရ အပြောင်းအလဲအချို့ကို ပြုလုပ်နေချိန် ဖြစ်ပါတယ်။

XS
SM
MD
LG