သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီ အဆင့်မတိုးတက်

မြန်မာ့ဒီမိုကရေစီ အဆင့်မတိုးတက်
မြန်မာ့ဒီမိုကရေစီ အဆင့်မတိုးတက်

ဒဏ်ခတ် အရေးယူထားတာတွေကို အမေရိကန်က လောလောဆယ်ရုပ်သိမ်းပေးဖို့ အစီအစဉ် မရှိသေးဘူး ဆိုတဲ့ အကြောင်းပြချက်တွေထဲမှာ သိသာထင်ရှားတဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ မဖြစ်သေးတာက အဓိက အကြောင်းပြချက်တခုဖြစ်ပါတယ်။ အဲဒီအချက်ကို သက်သေပြု ထောက်ခံတဲ့ အစီရင်ခံစာတစောင် မကြာသေးခင်ကပဲ ထွက်လာတာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီညွှန်းကိန်းဟာ ၁၆၃ မှာရှိနေတာကို တွေ့ရပါ တယ်။ နိုင်ငံပေါင်း ၁၆၇ နိုင်ငံရဲ့ ဒီမိုကရေစီအဆင့်အတန်းကို သုတေသန ပြုစုပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ တာကတော့ The Economist မဂ္ဂဇင်းရဲ့ သုတေသနအဖွဲ့ခွဲတခုဖြစ်တဲ့ The Economist Intelligence Unit (EIU) ဖြစ်ပါတယ်။

နိုင်ငံ ၁၆၇ နိုင်ငံရဲ့ ဒီမိုကရေစီအဆင့်အတန်းကို အမျိုးအစားတွေ ခွဲခြားသတ်မှတ်ထားတာမှာ ဒီမိုကရေစီ အပြည့်အဝရှိတဲ့နိုင်ငံတွေ၊ အပြစ်အနာအဆာ ရှိတဲ့ ဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံတွေ၊ ဒီမိုကရေစီနဲ့ တပါတီ ဒါမှမဟုတ် အာဏာရှင်စနစ် ရောထွေး ကျင့်သုံးတဲ့နိုင်ငံတွေ၊ အာဏာရှင်အစိုးရ အုပ်ချုပ်တဲ့နိုင်ငံတွေဆိုပြီး အတန်းအစားလေးခုနဲ့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံကို တော့ အာဏာရှင်အစိုးရအုပ်ချုပ်တဲ့ နိုင်ငံတွေထဲမှာ ထည့်သွင်းထားပါတယ်။

ဒီမိုကရေစီအဆင့်အတန်းကို စံနှုန်းသတ်မှတ်ချက်ငါးခုနဲ့ တိုင်းတာပြီး ညွှန်းကိန်း သတ်မှတ်ထားတာ ဖြစ်ပြီး တော့ စုစုပေါင်းအမှတ် ကို ၁ ကနေ ၁၀ ထိ ပေးတာမှာ မြန်မာနိုင်ငံကတော့ ၁ ဒဿမ ၇၇ မှတ် ရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြုပြဌာန်းခဲ့၊ ၂၀၁၀ ခုနှစ်မှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီးတော့ မြန်မာစစ်အစိုးရက သူတို့ရဲ့ ဒီမိုကရေစီရေး လမ်းပြမြေပုံ အဆင့်ခုနစ်ဆင့်ကို ဆက်တိုက်အကောင်အထည် ဖော်ခဲ့တယ်ဆိုပေမဲ့ အဲဒီ ဖြစ်ရပ်တွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအဆင့်အတန်းမှာ ဘယ်လို အပြောင်းအလဲမှ မဖြစ်စေခဲ့ဘူးဆိုတဲ့ သဘောပါပဲ။ ၂၀၀၈ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံဟာ ဒီအဆင့်အတိုင်းပဲရှိခဲ့ပြီး နှစ်နှစ်အတွင်း ဒီမိုကရေစီ အဆင့်အတန်း ဘာမှ အပြောင်းအလဲမရှိခဲ့ပါဘူး။ ထူးခြားချက်တခုအနေနဲ့ တွေ့ရတာကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှု တိုင်းတာချက်ကို ရမှတ် ၅.၆၃ ပေးထားတာပါပဲ။ ဒါဟာ အစီရင်ခံစာထဲမှာပါတဲ့ နိုင်ငံ အတော်များများနဲ့နှိုင်းယှဉ်ရင် အတော်လေးမြင့်တယ်လို့ ဆိုရမှာပါ။ နိုင်ငံရေးယဉ်ကျေးမှုဆိုတာကတော့ ပြည်သူလူထုရဲ့ နိုင်ငံရေးအသိရေချိန်အပါအဝင် နိုင်ငံရေးအပေါ် ဘယ်လောက် တိမ်းညွှတ်မှုရှိတယ် ဆိုတာကို တိုင်းတာချက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံထက် ဒီမိုကရေစီအဆင့်အတန်း နိမ့်ကျတဲ့နိုင်ငံက လေးနိုင်ငံပဲရှိပြီး အဲဒီနိုင်ငံတွေကတော့ ဥဇဘက်ကစ္စတန်၊ တာခ်မေနစ္စတန်၊ ချာ့ဒ်နဲ့ မြောက်ကိုရီးယားတို့ ဖြစ်ပါတယ်။ ဒီမိုကရေစီအပြည့်အဝရှိတဲ့ နိုင်ငံတွေထဲမှာ ထိပ်တန်းငါးနိုင်ငံကတော့ နော်ဝေး၊ အိုက်စ်လန်၊ ဒိန်းမတ်၊ ဆွီဒင်နဲ့ နယူးဇီလန်နိုင်ငံတို့ ဖြစ်ပါတယ်။

EIU အဖွဲ့ရဲ့ ဒီမိုကရေစီတိုင်းတာချက် စံနှုန်းအရဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ဟာ ဒီမိုကရေစီ အဆင့်အတန်း တမျိုးမျိုးမှာ နေထိုင်နေကြရတယ်ဆိုပေမဲ့ ၂၀၀၈ ခုနှစ်ကတည်းကနေဆိုရင် တကမ္ဘာလုံးမှာ ဒီမိုကရေစီအဆင့် ကျဆင်းလာနေတယ်လို့ ၂၀၁၀ ပြည့်နှစ်အတွက် ဒီမိုကရေစီညွှန်းကိန်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

This item is part of
XS
SM
MD
LG