ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ ထားဝယ်ရေနက်စီမံကိန်းနဲ့ စီးပွားရေးဇုံစီမံကိန်းမှာ ပွင့်လင်းမြင်သာမှုမရှိလှလို့ စီမံကိန်းလက်တွေ့အကောင်အထည်ဖော်ရာမှာ ရည်မှန်းထားသလို ဖြစ်ပါ့မလားဆိုပြီး တက်ကြွလှုပ်ရှားသူတွေ၊ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ "ထားဝယ် ရေနက်စီမံကိန်းနဲ့ အထူးစီပွားရေးဇုံ အပိုင်း (၂)" အထူးအစီအစဉ်ကို ကိုဇော်ဝင်းလှိုင် တင်ဆက်ထားပါတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ ပြည်ပမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ ပြည်တော်ပြန်ပြီး အလုပ်လုပ်နိုင်ကြဖို့နဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး ဒီထားဝယ်ရေနက်စီမံကိန်းကို ဇုန်အလိုက်ခွဲပြီး လုပ်ဆောင်ကြတာဖြစ်ကြောင်း စီမံကိန်းစတင်ကတည်းက အတွင်းကျကျ လေ့လာနေသူလည်းဖြစ်၊ ဒေသခံတဦးလည်းဖြစ်တဲ့ ကိုလေးလွင် က ပြောဆိုပါတယ်။
ကိုလေးလွင် ။ ။ ကျနော်တို့ ထားဝယ်တွေ၊ ဗမာတွေ ထိုင်းမှာရောက်နေတဲ့ ကျနော်တို့ ဆွေမျိုးတွေ၊ ညီအကိုတွေ အိမ်တော်ပြန်ဖို့အတွက် စီမံကိန်းဆိုတဲ့ ပုံစံမျိုးနဲ့ လူကြီးတွေဆန္ဒနဲ့ စေတနာနဲ့ လုပ်ပေးတာ။ လူပေါင်း ခြောက်သောင်း၊ ခုနှစ်သောင်း အလုပ်ရမယ်ပေါ့။ အဲဒါရလား။ အဆင်ပြေလား။ အိုကေတယ်ဆိုမှ မင်းတို့ဆက်လုပ် Phase 2, Phase 3 ဆက်လုပ်ကြလို့ ပြောခဲ့တယ်။ အရင်ကလို တပြိုင်နက်တည်း မဟုတ်တော့ဘူး။ အဲဒီတော့ ဒီထဲမှာ ဒါကိုလုပ်ပြလိုက်တာ SME ဆိုတော့ ကျနော်တို့ဒီက Slave labors ဖြစ်နေတဲ့ ဒေသခံတွေက ရေလုပ်ငန်းတွေ၊ နာနတ်သီးဘူးတွေ၊ ကြက်မောက်ယိုတွေ ဘာတွေညာတွေနဲ့ သူတို့လုပ်နေတဲ့ အလုပ်နဲ့တူတဲ့ အလုပ်တွေကို ဒီမှာစလုပ်ရင် ဒီကလူတွေက Labor extensive အလုပ်အကိုင် ရရှိကြမယ်။ အဲဒါဆိုရင် ဒီက ကျနော်တို့လူတွေရဲ့ဘဝ လူနေထိုင်မှုတွေက ထူထူထောင်ထောင် ဖြစ်လာမယ်ဆိုတဲ့ ရည်ရွယ်ချက် စေတနာနဲ့ အဲဒါကို လုပ်ပါလို့ ပြောခြင်းပါ။
ကိုဇော်ဝင်းလှိုင် ။ ။ ဒါပေမဲ့ ပြည်ပမှာ ရောက်နေတဲ့ မြန်မာအလုပ်သမားတွေ ပြန်လာရေးအတွက် ပြည်တွင်းမှာ လုပ်ဆောင်မယ့် စီမံကိန်းတွေက ရရှိမယ့် အကျိုးခံစားခွင့်တွေဟာ ဆွဲဆောင်မှု မရှိဘူးလို့ သူက ထောက်ပြပါတယ်။
ကိုလေးလွင် ။ ။ ရှင်းရှင်းလေးပဲ ယိုးဒယားမှာ အခု ဘတ် (၃၀၀) ကျော် ရတယ်။ ဒါနဲ့ ထိုက်တန်တဲ့၊ တူညီတဲ့ ငွေမျိုး ဒီမှာ ဒီနေ့ပေးနိုင်ရင် ဒီလူတွေ ပြန်လာမှာပါ။ သူများဆီမှာ သွားလုပ်ရတယ်ဆိုတာ ကိုယ့်ဆီမှာ အခွင့်အရေး အဲဒီလောက်ပမာဏ မရလို့ သွားလုပ်တာ။ တူညီရင် ချက်ချင်းပြန်လာကြမှာ။ မတူတာတောင် … ပြန်လာမယ်။ ဘယ်သူမဆို ကိုယ့်အိမ်ကိုယ်ပြန်ချင်ကြတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ စီမံကိန်းအစပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် Italian-Thai ကုမ္ပဏီက ဒေသခံတချို့ကို အလုပ်ခန့်ခဲ့တာကြောင့် ကိုစောမြင့်လို့ ဒေသခံတွေ ယာယီအလုပ်ရခဲ့ဖူးပါတယ်။
ကိုစောမြင့် ။ ။ ခေါ်ခိုင်းတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ တနေ့ကို သူတို့ ဘယ်လောက်ပေးလဲ။
ကိုစောမြင့် ။ ။ တနေ့ကို အဲဒီတုန်းက ၅၅၀၀ ကျပ် ပေးပါတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ ကိုစောမြင့်မှာ အဲဒီမှာလုပ်သေးလား။ ဘယ်လောက်လောက် လုပ်လိုက်လဲ။
ကိုစောမြင့် ။ ။ ကျနော်လုပ်ပါတယ်။ (၂) နှစ်ကျော် (၃) နှစ်လောက် လုပ်ခဲ့ပါတယ်။ … မှာတော့ သုံးလေးလလောက်ပဲ လုပ်ပြီး၊ စီမံကိန်းအိမ်တွေရှိတဲ့နေရာမှာ ညစောင့်အဖြစ်နဲ့ လုပ်ခဲ့ပါတယ်။ နေဖို့လည်း အဆင်ပြေတာပေါ့။ အဲဒီနေရာကို စောင့်လျှောက်ကြည့်ရတာပါ။
ကိုဇော်ဝင်းလှိုင် ။ ။ ဘယ်စီမံကိန်းပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ လက်ရှိတည်ဆဲ ရင်းနှီးမြုပ်နံှမှုဆိုင်ရာတွေနဲ့အညီ လုပ်ဆောင်မယ်ဆိုရင် အခုလို လွဲမှားစရာအကြောင်း မရှိဘူးလို့ ရှစ်ဆယ့်ရှစ် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးအောင်နိုင်ဦး က သုံးသပ်ပြောဆိုပါတယ်။
ဦးအောင်နိုင်ဦး ။ ။ နံပတ်တစ်အချက် မြန်မာပြည်မှာ ထုတ်ထားတဲ့ ဥပဒေတွေရှိတယ်။ ဥပဒေနဲ့အညီ လုပ်ပါလို့ ကျနော်တို့က ပြောချင်တယ်။ ဟုတ်ပြီ ဥပဒေနဲ့အညီ လုပ်ပြီဆိုရင် ဘာဖြစ်လို့ပြောလဲဆိုတော့ ကျနော်တို့ စီမံကိန်းတော်တော်များများဟာ လက်ရှိပြဌာန်းထားတဲ့ ရင်းနှီးမြုပ်နံှမှုဥပဒေတွေနဲ့ မညီတာတွေကို အများကြီးတွေ့နေရတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ စီမံကိန်းစတင်တဲ့ ၂၀၀၈ ခုနှစ်ကစလို့ လယ်ယာမြေသိမ်းယူမှုတွေ ရှိခဲ့တာနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တဲ့အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့တာကြောင့် ဝေဖန်မှုတွေ အမျိုးမျိုး ရှိခဲ့တာပါ။ ဒါပေမဲ့လဲ အရင်အစိုးရက ဘယ်လောက်ပဲ အဆီအငေါ်မတည့်တာတွေ လုပ်ခဲ့လုပ်ခဲ၊ နောက်တက်လာတဲ့ အစိုးရက ပြည်သူတွေ ထိခိုက်နစ်နာမှုနည်းအောင် လုပ်ပေးရမယ့်တာဝန်ရှိတယ်လို့ တနင်္သာရီတိုင်း Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ဝင် ကိုသန်းဝင်း က ပြောပါတယ်။
ကိုသန်းဝင်း ။ ။ ဒေသဖွံ့ဖြိုးမှုကို ဘယ်သူမဆို လိုချင်ကြတယ်။ ကျနော်တို့ ပြောဆိုချက်တွေသည် ဒေသဖွံ့ဖြိုးရေး တိုးတက်ရေးကို ကန့်ကွက်နေတာ မဟုတ်ဘူး။ ဘယ်လို ဖွံ့ဖြိုးတိုးတက်မလဲ။ ဘယ်လောက်အထိ ဖွံ့ဖြိုးတိုးတက်မလဲ။ ဘယ်သူတွေ ခံစားသွားမလဲ။ ဘယ်လောက်အထိ ရေရှည်ခံမလဲပေါ့။ နောက်တခု ဆိုးကျိုးတွေက ဘာတွေလဲ။ ဘယ်လိုကာကွယ်ဖို့၊ ဘယ်လိုကုစားဖို့ ကြိုးစားထားလဲ။ ကျနော်တို့ပြောနေတာ အဆိုးဆုံးအချက်သည် ရှေ့မှာရှိခဲ့တဲ့ နစ်နာခဲ့တဲ့လူတွေကို ပြန်မကုစားဘဲနဲ့ အရှေ့မှာဖြစ်ခဲ့တဲ့ အမှိုက်ပုံကြီးကို ဒီလိုပစ်ထားပြီး ကန့်လန့်ကားချထားပြီးတော့ အဲဒီအနံ့ဆိုးတွေနဲ့ပဲ အဲဒီပြဿနာတွေနဲ့ပဲ ရှေ့ဆက်ပြီး၊ ဒါတွေကို ဘေးချိတ်ထားလိုက် သွားကြမယ်ဆိုတော့ ကျနော်တို့က တကယ်က အဲဒီလိုမျိုး မဖြစ်သင့်ဘူး။ အစိုးရဆိုတာ အစိုးရတရပ်ပဲရှိတယ်။ လူတွေက ထင်နေလို့သာ - အုပ်ချုပ်သူတွေ ပြောင်းသွားကြတယ်။ အစိုးရသစ်လို့ခေါ်တဲ့ အစိုးရဆိုတာ တခုပဲ ရှိရမယ်။ ပြည်သူလူထု လေးစားရမယ့်အစိုးရဆိုတာ တခုပဲ ရှိရမယ်။ ဘယ်သူပြောင်းပြောင်း အစိုးရဖြစ်လာရင် ပြည်သူလူထုရဲ့တာဝန်ကို ထမ်းရမယ်။ ရှေ့ကလူ မထမ်းခဲ့လို့ ငါတို့ မထမ်းချင်ဘူးဆိုရင် ရှင်းတယ် - အစိုးရမလုပ်နဲ့။
ကိုဇော်ဝင်းလှိုင် ။ ။ ဒါကြောင့်လဲ NLD အစိုးရအနေနဲ့ ရွေးကောက်ပွဲကာလက ပေးထားတဲ့ ကတိတွေအတိုင်း လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ လိုတယ်ဆိုတာကို ဦးအောင်နိုင်ဦး က ထောက်ပြပါတယ်။
ဦးအောင်နိုင်ဦး ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားသည် ကျနော်တို့နားလည်တာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒပဲ ဖြစ်တယ်။ သူက ခေါင်းဆောင်ဖြစ်နေလို့။ အဲဒီတော့ သူ့စကားအတိုင်း လိုက်လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ပြည်သူနဲ့အတူလို့ ပြောထားတယ်။ ဥပဒေတရပ်ပဲဖြစ်ဖြစ်၊ စီမံကိန်းတခုပဲဖြစ်ဖြစ် ကျနော်တို့ ပြည်သူအပေါ် ဘယ်လောက်အကျိုးရှိသလဲ။ ဒါက ကျနော်တို့ ပထမဦးဆုံး စဉ်းစားရမယ့်ကိစ္စ။ နောက်တခုက နိုင်ငံတော်အတွက် ဘယ်လောက်အကျိုးရှိမလဲဆိုတဲ့ ကိစ္စ။
ကိုဇော်ဝင်းလှိုင် ။ ။ မလေးနဲ့ ခင်ပွန်းဖြစ်သူ ဦးအေးရွှေတို့ဟာ စီမံကိန်းကြောင့် နေရာရွှေ့ပြောင်းပေးရတဲ့ ဒေသခံတွေအတွက် Italian-Thai Development ကုမ္ပဏီက ဆောက်ပေးထားတဲ့ အိမ်ယာသစ်မှာ ရွှေ့ပြောင်းနေထိုင်တဲ့ တဦးတည်းသော မိသားစုလည်း ဖြစ်ပါတယ်။ အိမ်ယာသစ် ဆောက်ပြီးတုန်းက သူတို့နဲ့အတူ တခြားရွာသားတွေပါ ပြောင်းရွှေ့နေထိုင်ကြပေမယ့်လဲ အဲဒီနေရာမှာ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေတာ အပါအဝင် တခြားအကြောင်းကြောင်းတွေကြောင့် ကျန်တဲ့လူတွေအားလုံးက အိမ်သစ်တွေကို ပစ်ပယ်ပြီး တခြားနေရာတွေမှာ ပြောင်းနေကြတာပါ။ မလေးနဲ့ ကိုအေးရွှေတို့ကလည်း အခုသူတို့နေတဲ့ အိမ်အတွက် ပိုင်ဆိုင်ကြောင်း ပြနိုင်တဲ့ စာရွက်စာတမ်း၊ အထောက်အထား၊ ကုမ္ပဏီက ထုတ်ပေးမထားတာကြောင့် ဒီအိမ်ကို သူတို့ တရားဝင်ပိုင်ဆိုင်တယ်ဆိုတာကို ပြောဖို့ခက်ခဲနေပါတယ်။ ဒါကြောင့်လဲ သူတို့အနေနဲ့ ဒီနေရာကနေ အချိန်မရွေး ပြောင်းသွားရနိုင်တယ်ဆိုတဲ့ သံသယနဲ့ နေထိုင်နေရတာပါ။ မလေးနဲ့ ကိုအေးရွှေတို့လို နေရပ်မပြောင်းကြရပေမယ့် သူတို့အလှည့် ဘယ်တော့ရောက်လာမလဲဆိုတဲ့ စိုးရိမ်မှုတွေ ရွာသားတွေကြားမှာ ရှိနေကြောင်း မယင်းကြီးရွာသူကြီး ဦးကျော်အောင် က ပြောပါတယ်။
ဦးကျော်အောင် ။ ။ ရေနက်ဆိပ်ကမ်းက ဖြစ်လာမယ်ဆိုရင်တော့ အခု ကျနော်တို့လို အားနေတဲ့ နေရာဒေသလေးတွေကို သူတို့ဆွဲထားတဲ့ အစီအစဉ်တွေကို ပြန်လုပ်လို့မရဘူးဆိုရင်တော့ စိုးရိမ်စရာတော့ ရှိပါတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ အာဏာပိုင်တွေအနေနဲ့ စီမံကိန်းတွေကို စတင်မယ်ဆိုရင် ဒေသခံတွေကို အရင်တိုင်ပင်သင့်တယ်လို့လည်း သူကြီးဦးကျော်အောင်က ပြောပါတယ်။
ဦးကျော်အောင် ။ ။ ကျနော်လိုချင်တာက အလုပ်သမားတွေကို ကျနော်ရွာတဝိုက်ကလူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ ဒီရွာထဲမှာ ဘယ်နေရာကိုပေးပါ၊ ဘယ်နေရာယူမယ် - အဲဒါတွေကိုတော့ ပြောစေချင်တယ်။ အခုကတော့ သူတို့လုပ်ထားတာကို ကိုယ်တွေမသိဘူး။ ဘာမှမသိရဘူး။
ကိုဇော်ဝင်းလှိုင် ။ ။ တနင်္သာရီတိုင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ကိုသန်းဝင်းကလည်း ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးတာမျိုး ရှိသင့်တယ်ဆိုတဲ့ သဘောထားရှိသူ ဖြစ်ပါတယ်။
ကိုသန်းဝင်း ။ ။ ဘယ်လိုပူးပေါင်းလုပ်ကြမလဲပေါ့။ ကျနော်တို့က ပြည်သူလူထုကို ခေါ်စေချင်တယ်။ ပြည်သူလူထုကို မျှော်လင့်တကြီးနဲ့ Plan တွေ ချပြမယ်။ တချို့ကထင်တယ်။ ပြည်သူလူထုပါလာရင် ရှုပ်တယ်လို့ထင်ကြတယ်။ ဒါကိုလဲ စိတ်ရှည်ရှည်နဲ့ နားထောင်ပေးရမယ်။ အရင်ကတည်းက ဖြစ်ခဲ့တဲ့ ပြဿနာက ပွင့်လင်းမြင်သာမှု အားနည်းခဲ့လို့။ ဒီနေ့ဒီအချိန်မှာ ပွင့်လင်းမြင်သာစွာလုပ်ပါ။ ပွင့်လင်းမြင်သာစွာ ပူးပေါင်းပါ။ ပြည်သူလူထုကို ယုံကြည်ပေးပါ။ ပြည်သူလူထုကို ဖြည့်ဆည်းပေးစေချင်တယ်။ တကယ်ကြတော့ အဲဒီလိုသာ ကောင်းကောင်းလုပ်မယ်ဆိုရင် ဂျပန်ဆိုလည်း ယုံကြည်စိတ်ချရမယ့် သီလဝါ ဒီနေ့အထိ ပြဿနာရှိတုန်းပဲ။ အဲဒီတော့ ပိုကောင်းလာအောင်လုပ်မယ်ဆိုရင် ပိုပြီးတော့ ပွင့်လင်းမြင်သာအောင် လုပ်ရင်တော့ အဆင်ပြေတာပေါ့။ အခုက Information ဆိုတာ မေးပါ သိရတဲ့ကိစ္စ။ ဒါတောင်မှ တခါတခါ တောသားဆိုပြီး အဆဲခံရသေးတယ်။ ပိုအဆင်ပြေစေချင်တယ်ဆိုရင် ပြည်သူလူထုကို ပွင့်လင်းမြင်သာအောင်လုပ်ပါ။ ပြည်သူလူထုအကျိုးကို ရှေ့ရှုပါ။ အမှန်တကယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို ဦးတည်မယ်ဆိုရင်တော့ အဆင်ပြေမှာပါ။
ကိုဇော်ဝင်းလှိုင် ။ ။ အဓိကကတော့ ပွင့်လင်းမြင်သာမှုရှိပြီး လူထုအတွက် အကျိုးဖြစ်ထွန်းစေမယ့် ဖွံ့ဖြိုးရေးစီမံကိန်းတွေ လုပ်ဆောင်ဖို့လိုကြောင်း ကိုသန်းဝင်းက ဆက်ပြောပါတယ်။
ကိုသန်းဝင်း ။ ။ အဓိကတော့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ပဲ … တခါတလေ ကုမ္ပဏီတွေလာတယ် ဖွံ့ဖြိုးတိုးတက်မှုအတွက်ဆိုပြီး ပြောကြတယ်။ ကျနော်တို့ စဉ်းစားရမှာက ဘာတွေဖွံ့ဖြိုးတိုးတက်မှာလဲ။ ဘယ်သူတွေ ဖွံ့ဖြိုးတိုးတက်မှာလဲ။ ရေရှည်လား၊ ရေတိုလား။ ဒီစီမံကိန်းတွေက တကယ်ပဲ ဖွံ့ဖြိုးတိုးတက်မှာလား။ ကျနော်တို့က အဲဒါတွေကို သေသေချာချာလေး လေ့လာစမ်းစစ်ဖို့လိုမယ်။ ပိုခက်တာက ကျနော်တို့ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို အစိုးရနဲ့ လွှတ်တော်က ဖွံ့ဖြိုးတိုးတက်ရေးလို့ ပြောပြပြီးတော့ လာတဲ့စီမံကိန်းတွေကို ပြည်သူလူထုက လေ့လာစမ်းစစ်ဖို့ မပြောနဲ့ လွှတ်တော်တောင်မှ မသိလိုက်တဲ့ဟာတွေရှိတယ်။ ကျနော်တို့က ဘာပိုစဉ်းစားဖို့ကောင်းလဲဆိုတော့ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မလား။ ဘယ်သူတွေ နစ်နာသွားလဲ။ ကျနော့်ရဲ့ ရှုထောင့်က ကြည့်မယ်ဆိုရင် ဘယ်သူတွေက လူ့အခွင့်အရေးတွေကို တကယ်ချိုးဖောက်ခံနေရပြီလဲ။ ဒါတွေတော့ သေသေချာချာလေး လေ့လာစမ်းစစ်ဖို့ လိုပါတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ ရှေ့သတင်းပတ်မှာတော့ ထားဝယ်ရေနက်စီမံကိန်းရဲ့ နောက်ဆက်တွဲဖြစ်လာမယ့် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အခြေအနေတွေကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။