သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့် မြန်မာ့ပုံရိပ်


ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်း
ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်း
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ ရခိုင်မြောက်ပိုင်းပဋိပက္ခနဲ့ ပတ်သတ်လို့ နိုင်ငံတကာအလယ် မြန်မာနိုင်ငံဝေဖန်ခံနေရတာကို တန်ပြန်နိုင်ဖို့ သတင်းမီဒီယာ ပိုလွတ်လပ်ခွင့်ရှိအောင် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းကပြောပါတယ်။ ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ဟိုတလောက ဒုဝန်ကြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာ ရှိပါတယ်။ အဲဒီအချိန်မှာ သတင်းမီဒီယာသမားတွေ အခုတလော အရေးယူခံရတာတွေ တိုးလာပြီး၊ ဘာဖြစ်လို့ ဒီလိုမျိုး သတင်းမီဒီယာသမားတွေ အရေးယူခံနေရတာလဲဆိုတော့ အဲဒီအခါမှာ ဆရာက ဘယ်လိုပြောခဲ့သလဲဆိုတော့ သတင်းမီဒီယာကောင်စီရဲ့ အားနည်းချက်။ သတင်းမီဒီယာကောင်စီ အားကောင်းအောင် ဘယ်လိုများ အကြံပေးချင်ပါလဲ။ ကိုယ်လည်း သတင်းမီဒီယာကောင်စီမှာ အကြာကြီးလုပ်လာခဲ့တဲ့ လူတယောက်အနေနဲ့။

ဖြေ ။ ။ ကျနော့်အတွေ့အကြုံအရပေါ့ - အိမ်နီးချင်းနိုင်ငံတွေမှာ အိန္ဒိယ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှားတို့မှာ ကျနော် ရင်းရင်းနှီးနှီး ဆက်ဆံမှု ရှိပါတယ်။ ရောက်လည်းရောက်ဖူးပါတယ်။ အဲဒီမှာ ဘာတွေ့ရသလဲဆိုတော့ သူတို့နိုင်ငံတွေမှာ သတင်းမီဒီယာသမားတယောက်ကို သူ့ရဲ့သတင်းရေးသားမှုနဲ့ ပတ်သက်လို့ အရေးယူလို့ရှိရင် အမြဲတမ်း သတင်းမီဒီယာကောင်စီကပဲ အရေးယူပါတယ်။ အစိုးရက Direct လုပ်လေ့လုပ်ထ မရှိပါဘူး။ သူက Buffer ကြားခံတခုလို့ ခံထားတာပေါ့။ ကျနော် အဲဒါလေးကို အားကျလို့ပါ။ ဥပမာ အင်ဒိုနီးရှားမှာဆိုရင် သတင်းသမားတယောက်ကို သူ့ရဲ့ သတင်းရေးသားမှုနဲ့ ပတ်သက်လို့ အရေးယူမယ်ဆိုရင် သတင်းမီဒီယာကောင်စီကို အကြောင်းကြားရပါတယ်။ အဲဒီဟာအတွက် အင်ဒိုနီးရှား ရဲတပ်ဖွဲ့နဲ့ သတင်းမီဒီယာကြားမှာ MOU ထိုးထားပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျနော် အင်ဒိုနီးရှား ရောက်ပါတယ်။ ပြီးခဲ့တဲ့ တနှစ်အတွင်းမှာ အမှုပေါင်း (၉၀) ကျော် သတင်းမီဒီယာသမားတွေကို တရားစွဲထားတာကို သက်သာခွင့်ရခဲ့တယ်။ သတင်းမီဒီယာကောင်စီကပဲ ဖြေရှင်းပေးတယ်။ တခြားနိုင်ငံတွေမှာလည်း အဲဒီလို ရှိပါတယ်။

နောက်တခု ကျနော် အလေးအနက် ပြောချင်တာက သတင်းမီဒီယာကောင်စီဆိုတာ Activist Role မဟုတ်ပါဘူး။ သူက ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ရပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် တော်တော်လေးကို နီးနီးစပ်စပ် ပူးပေါင်းဆောင်ရွက်ရတာ ရှိပါတယ်။ ကျနော်က အဲဒီလို အခင်းအကျင်းမျိုးကို လိုချင်တာပါ။ ကျနော်ကိုယ်တိုင် သတင်းမီဒီယာကောင်စီမှာ ဒုတိယဥက္ကဋ္ဌ လုပ်ခဲ့တုန်းက ဒီလိုဟာမျိုးဖြစ်ဖို့ ကြိုးစားအားထုတ်ခဲ့ပါတယ်။ အခုတော့ သိပ်စိတ်တိုင်းကျလောက်အောင် မဖြစ်နိုင်သေးဘူး။ ဥပဒေမှာလည်း ကန့်သတ်ချက်တွေ ရှိနေပါသေးတယ်။ ဥပဒေအချို့လည်း ပြင်ဆင်ဖို့ လိုပါတယ်။

သတင်းမီဒီယာကောင်စီဆိုတာ သတင်းမီဒီယာသမားချည်း ဝင်ပါလို့ မရပါဘူး။ ဘက်ပေါင်းစုံကပါဖို့ လိုပါတယ်။ ဥပမာအားဖြင့် တရားသူကြီးဟောင်းလည်းပါမယ်။ ဥပဒေပညာရှင်တွေပါမယ်။ နည်းပညာရှင်တွေပါမယ်။ အားလုံး ကျစ်ကျစ်လစ်လစ်နဲ့ သိပ်အတွေ့အကြုံ ရင့်ကျက်ပြီးတော့ အားလုံး လူရိုသေရှင်ရိုသေ ပုဂ္ဂိုလ်တွေ ပါခဲ့ရင် ပိုပြီးတော့ ဆောင်ရွက်နိုင်မှာပါ။ ကျနော်က အဲဒါကို မျှော်နေတာပါ။

မေး ။ ။ သတင်းမီဒီယာဥပဒေကလည်း တကယ်တော့ အလုံးစုံ ပြီပြည့်စုံတယ် ပြောလို့မရသေးဘူး။ အဲဒီတော့ သတင်းမီဒီယာဥပဒေ ပြန်လည်ပြင်ဆင်ဖို့ကိစ္စနဲ့ ပတ်သက်လို့ အခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ ။ ။ ဥပဒေနဲ့ ပတ်သက်ရင်တော့ ဘယ်ဥပဒေမှ ထာဝရ Perfect ဆိုတာ မရှိပါဘူး။ လွန်စွအဆုံး ဥပဒေတွေရဲ့ မိခင်ဖြစ်တဲ့ ဖွဲ့စည်းပုံဥပဒေ သူက သိပ်ပြီးတော့ လောတဲ့အခါကြတော့ ဒါထည့်လိုက်ပြီဆိုရင် ပြင်ဖို့ခက်တယ်။ ကျနော်တို့ သတင်းမီဒီယာသက်တမ်းကလည်း (၂) နှစ်ကျော် (၃) နှစ်လောက်ပဲ ရှိသေးတယ်။ အရင်အစိုးရလက်ထက်က ပြဌာန်းခဲ့တာပါ။ အဲဒါကိုလည်း ကျေးဇူးတင်ပါတယ်။ သတင်းမီဒီယာ ဥပဒေ ပေါ်ထွန်းလာတယ်။ အဲဒါကြောင့်လဲ သတင်းမီဒီယာကောင်စီဆိုတာ ပိုထွန်းလာပါတယ်။ အဲဒါကြောင့် ပိုပြီးတော့ မီဒီယာအခင်းအကျင်းမှာ ပိုပြီးတော့ ပြည့်စုံလာတယ်၊ တိုးတက်လာတယ်။ ဒါပေမဲ့ ဒီသတင်းမီဒီယာ ဥပဒေမှာ (၂) နှစ်လောက် သူကို လက်တွေ့ကျင့်သုံးလိုက်တဲ့အခါကြတော့ အားနည်းချက်တွေကို တွေ့ရပါတယ်။ အဓိကအားနည်းချက်က သတင်းမီဒီယာကောင်စီရဲ့ အခန်းကဏ္ဍပါ။ အခုနလို သတင်းသမားတယောက်အပေါ်မှာ သူ့ရဲ့ သတင်းရေးသားမှုနဲ့ ပတ်သက်လို့ မကျေနပ်ချက်ရှိရင် သတင်းမီဒီယာကောင်စီကို တိုင်းကြားနိုင်သည်လို့ပဲ ရေးထားပါတယ်။ အဲဒီ “နိုင်သည်” စာလုံးက အင်္ဂလိပ်မှာဆို “May” ဖြစ်တယ်။ အဲဒီအစား “တိုင်းကြားရမည်” ဆိုရင်တော့ မဖြစ်မနေလာရတော့မယ်။

အဲဒါကိုလဲ သတင်းမီဒီယာဥပဒေ ရေးဆွဲတုန်းက ကျနော်လည်း ပါခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်က နိုင်ငံခြားသတင်းဌာနတခုမှာ လုပ်နေတော့ သိပ်ပြီးတော့ ထဲထဲဝင်ဝင်၊ တက်တက်ကြွကြွ မပါခဲ့ပါဘူး။ အမှန်တော့ အဲဒါကို “တိုင်းကြားရမည်” ပြင်လိုက်ရင် ကောင်းမလား - ဒါလဲ စဉ်းစားစရာတခုပါ။ ဒါကတော့ တိုင်းကြားသူရဲ့ သဘောပေါ့။ ဖွင့်ပေးထားတဲ့သဘောပေါ့။ သို့သော် သတင်းမီဒီယာကောင်စီရဲ့ အခန်းကဏ္ဍကို ပိုပြီးတော့ မြင့်မားတဲ့အရာတခုတော့ ပါဖို့လိုမယ် ထင်ပါတယ်။ အဲဒီမှာလဲ သတင်းမီဒီယာကို ဖွဲ့စည်းတဲ့အခါမှာ Complaints mechanism ကို ကိုင်ဖို့အတွက် အင်အားအလုံအလောက်ရှိဖို့ လိုပါတယ်။ ကျနော် ရှိတုန်းကလည်း အမှုပေါင်း တစ်ရာနီးပါးလောက် ကိုင်ခဲ့ရပါတယ်။ နေ့တိုင်းလိုလို ကျနော်တို့ အစည်းအဝေး ရှိပါတယ်။ Complaint Committee အစည်းအဝေး ရှိတယ်။ ညှိနှိုင်းကြတယ်။ တိုင်ပင်ကြတယ်။ တချို့ဟာတွေဆို ကျနော်တို့ကပဲ တောင်းပန်ပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းကို။ ဟိုဘက်လူကိုလည်း တောင်းပန်ခိုင်းတာပေါ့။ တောင်းပန်ရုံနဲ့ ပြီးသွားပါတယ်။ အဲဒီတော့ လူတွေတောင် မသိတော့ဘူး ဘာလို့ဖြစ်ခဲ့တယ်ဆိုတာ။

မေး ။ ။ အခု နိုင်ငံတကာရဲ့အမြင်မှာ မြန်မာနိုင်ငံရဲ့ Image ပုံရိပ်က အတော်လေးကို မှေးမှိန်ပြီးတော့ ကျဆင်းနေတာကို တွေ့ရပါတယ်။ အဲဒီတော့ နိုင်ငံတကာရဲ့ အမြင်မှာ မြန်မာနိုင်ငံအပေါ် အမြင်ပြောင်းလဲလာအောင် - အပြုသဘောဆောင်ပြီးတော့ ချဉ်းကပ်တဲ့သဘော ဖြစ်လာအောင် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဒါလဲ သတင်းနဲ့ပြန်ကြားရေးမှာ တာဝန်ရှိတဲ့ ပြန်ကြားရေးဌာနအနေနဲ့ ဘယ်လိုနည်းဗျူကိုမှာပြီး ဘာတွေများ ချမှတ်ဖို့ စဉ်းစားထားပါသလဲ။

ဖြေ ။ ။ အဲဒီ မဟာဗျူဟာရဲ့ တစိတ်တပိုင်းအဖြစ် ကျနော်တို့ VOA ကို လက်ခံတွေ့ဆုံနေတာပါ။ အဲဒီလို ဖြစ်ခဲ့ရတာ ကျနော်တို့ရဲ့ ပုံရိပ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ညစ်ထေးခဲ့ရတာကြောင့် သိပ်စိတ်မကောင်း ဖြစ်ရပါတယ်။ အဲဒါက Myanmar Narrative နိုင်ငံတကာအသိုင်းအဝိုင်းပေါ်မှာ မြန်မာအကြောင်းကို ပြောပြခဲ့ဖို့ကို ကျနော်တို့ အားနည်းခဲ့ပါတယ်။ ပြည်တွင်းမီဒီယာက သိပ်အားနည်းခဲ့တယ်။ ပြည်တွင်းမီဒီယာကို ကြည့်လိုက်ရင် နိုင်ငံပိုင်မီဒီယာဆိုတာ ရှိပါတယ်။ ပုဂ္ဂလိကမီဒီယာ။ နှစ်ခုစလုံးက တော်တော်အားနည်းပါတယ်။ ပုဂ္ဂလိကမီဒီယာကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ တကျော့ပြန် ဒီမိုကရေစီမှာ တွေ့လာရတဲ့ စိန်ခေါ်မှုတွေက တော်တော်ကို များပြားပါတယ်။ ကျနော် လေ့လာမိသလောက် ကျနော့်ဘဝမှာ တခါမှ မတွေ့ဖူးပါဘူး။ ကျနော့်ထက် အများကြီး ဆီနီယာရှိတဲ့ ပုဂ္ဂိုလ်တွေကိုလည်း မေးကြည့်ပါတယ်။ တခါမှ ကျနော်တို့ နိုင်ငံအပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုက ဒီလောက်အထိ မများပြားခဲ့ဘူး။ သို့သော် မီဒီယာက မကိုင်တွယ်နိုင်ဘူး။ အဲဒီအခါကြတော့ ကျနော်တို့က နိုင်ငံတကာ မီဒီယာကိုပဲ အားထားခဲ့ရပါတယ်။ နိုင်ငံတကာမီဒီယာ တချို့တဝက်ကလည်း တခါတလေ တလွဲပုံဖော်တာတွေ ရှိပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ မီဒီယာအခင်းအကျင်းကို ပိုကောင်းအောင် လုပ်ချင်ပါတယ်။ နံပတ်တစ်က Access to Information ပါ။ အဲဒါကို တိုးတက်အောင်လုပ်မယ်။ နံပတ်နှစ်က Freedom of Press သတင်းလွတ်လပ်ခွင့်။ Access to Information ကောင်းအောင်လုပ်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို သူတို့အနေနဲ့ သတင်းသမားတွေ သိချင်တဲ့ သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်တွေကို ကြိုပြီးတော့ Pro-active Disclosure လုပ်ဖို့အတွက် ကျနော်တို့ ကူညီဆောင်ရွက်ပေးနေပါတယ်။ သူတို့ရဲ့ Website တွေမှာ Social Media တွေမှာ။ သိသင့်သိထိုက်စရာတွေကို မေးစရာမလိုဘဲနဲ့ လုပ်ဖို့။

နောက်တခုက Reactive Disclosure လို့ပဲ သုံးပါတယ်။ သတင်းသမားတွေ မေးမြန်းလာတဲ့အခါ အလွယ်တကူ တုံ့ပြန်ဖို့ ချက်ချင်းတုံ့ပြန်ရမယ့်ကိစ္စ ရှိမယ်။ အချိန်ယူပြီးတော့ ပြောရမယ့်ကိစ္စ ရှိတယ်။ အဲဒါတွေအတွက် သတ်သတ်မှတ်မှတ် Information Team တွေထားဖို့ အဲဒါက အစိုးရတခုလုံးရဲ့ e-Government Project မှာလည်း ပါပါတယ်။ နောက် Spokesperson ကို သတ်သတ်မှတ်မှတ်ထားဖို့ -အခုဆိုရင် အမြဲတမ်း အတွင်းဝန်၊ တွဲဘက်အတွင်းဝန်တွေကို တာဝန်ပေးရပါတယ်။ သူတို့မှာ တခြားကြီးမားတဲ့ ရုံးလုပ်ငန်းလည်း ရှိပါတယ်။ မီဒီယာသမားကိုလည်း ကိုင်တွယ်ရမယ်။ ဒါက ရေရှည်မှာတော့ ဖွဲ့စည်းပုံပါ ပြောင်းဖို့လိုမယ် ထင်ပါတယ်။ သတ်သတ်မှတ်မှတ် Spokesperson ထားရမယ်။ Information Team ထားမယ်။ နောက် သတင်းသမားတွေကို သတင်းစာ လွတ်လပ်ခွင့်ကို အဟန့်အတားဖြစ်စေတဲ့ ဥပဒေတွေ ရှိပါတယ်။ အဲဒါတွေကို ကျနော် Review လုပ်နေပါတယ်။

Review လုပ်ပြီးတော့ SOP တခု တပြေညီစံတခု ပေါ်ထွန်းဖို့အတွက် Standard Operation Procedure တခု ပေါ်ထွန်းဖို့ ကြိုးစားနေပါတယ်။ လူ့အခွင့်အရေးကော်မရှင်လည်း ပါပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန ပါပါတယ်။ ကျနော်တို့ ဝန်ကြီးဌာနပါ။ နောက်တခုက လိုအပ်တဲ့ ဥပဒေသစ်တွေ ရေးဆွဲဖို့ လုပ်နေပါတယ်။ အဲဒီမှာ Right to Information Laws ပါပါတယ်။ အခုဆိုရင် ကျနော်တို့ Zero Draft ရနေပါပြီ။ မကြာခင်သုံးသပ်ပြီးရင် လွှတ်တော်ကိုတင်ဖို့ အစီအစဉ် ရှိပါတယ်။ တခြားအန္တရာယ်ရှိတဲ့ ဥပဒေတွေ ရှိပါတယ်။ ဥပမာပြောရင် ၆၆(ဃ) - အဲဒီဟာဆိုရင် ကျနော် သတင်းသမားဘဝထဲက မသိခင်တုန်းကဆိုရင် တော်တော်လေးကို ဒီဟာကို လုံးဝမလိုလားခဲ့ဘူး။ အဲဒါကို ဆန့်ကျင်တဲ့အထဲမှာ ထိပ်ဆုံးက ပါခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်လေ့လာလိုက်တော့ ဘာတခုတွေ့ရသလဲဆိုတော့ Sweden တို့ ဘာတို့က မိတ်ဆွေတို့နဲ့ တွေ့ပါတယ်။ အပြင် Forum တွေမှာ ဆွေးနွေးခဲ့တော့ သူတို့က မင်းတို့မှာ … law ကို ဖျက်လိုက်ပြီဆိုရင် Cyber Law မရှိသေးဘူး။ အဲဒီတော့ Cyber Crimes တွေ အရမ်းဖြစ်လာလိမ့်မယ်။ အဲဒါကို ထဲထဲဝင်ဝင် လေ့လာလိုက်တော့ ကျနော်တို့မှာ Mobile phone သုံးတဲံလူက (၃၃) သန်းကျော် ရှိပါတယ်။ အင်တာနက်၊ Social Media သုံးတဲ့သူ (၁၈) သန်းလောက် ရှိပါတယ်။ တချို့ဆို လူတယောက်ထဲမှာ အကောင့်တွေအမျိုးမျိုး ရှိတယ်။ ဒီဟာနဲ့ ပတ်သက်လို့ လုံးဝ လေ့ကျင့်ထားခြင်း မရှိဘူး။ Ethical Issue နဲ့ ပတ်သက်လို့။

နောက် Street Journalism တွေက အများကြီးရှိတယ်။ Telephone တလုံးရှိရင် အားလုံးက လုပ်လို့ရတယ်။ Cyber Crime အန္တရာယ်က ကြီးမားပါတယ်။ အဲဒီတော့ Cyber Law ကိုလည်း အခုရေးဆွဲနေပါပြီ။ ကျနော်ကတော့ Focal Ministry မဟုတ်ပါ။ ကျနော် သိသလောက် Draft ရထားပါပြီ။ Cyber Law ပေါ်ထွန်းလာပြီဆိုရင် Telecom Law ကိုလည်း ပိုပြီးတော့ သူ့ရဲ့အခန်းကဏ္ဍကို စောင့်ရှောက်ဖို့ရှိပါတယ်။

မေး ။ ။ ၆၆(ဃ) အဲဒီအချိန်မှာ Overwrite ဖြစ်သွားမယ့်သဘောပေါ့။

ဖြေ ။ ။ Overwrite ဖြစ်မယ့် Clauses တွေ ပါမှာပါ။ လောလောဆယ်မှာ ဘာလုပ်ထားသလဲဆိုတော့ ကျနော်တို့ အစိုးရလက်ထက်မှာ လုပ်ထားတာပါ။ ၆၆(ဃ) ကို အရင်ကထက် မပြင်းထန်အောင် လုပ်ထားပါတယ်။ Payable ဖြစ်အောင်လို့ အာမခံပေးလို့ရတယ်။ အရင်ကဆို အဲဒါနဲ့ ဆွဲလိုက်တာနဲ့ ချက်ချင်းဖမ်းလို့ ရပါတယ်။ အခု အဲဒီလို မဟုတ်ပါဘူး။ နောက်တခုက Third Party က ဆွဲလို့ရတယ် အရင်ကဆို။ လူတယောက်ကို တရားဆွဲရင် နောက်တယောက်က ဆွဲလို့ရတယ်။ အခု အဲဒီလို မဟုတ်တော့ပါဘူး။ တရားစွဲခံရတဲ့ ပုဂ္ဂိုလ်ကိုယ်တိုင်ကမှ ဆွဲရပါတယ်။ အဲဒီနှစ်ချက်က ကျနော်တို့ရဲ့ အောင်မြင်မှုပါ။

မေး ။ ။ နိုင်ငံတကာက ဝေဖန်နေတဲ့ ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေ၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့ အဲဒီဒေသတွေကို သတင်းသမားတွေ သတင်းသွားယူတဲ့အခါမှာ လုံခြုံရေးအရဆိုပြီးတော့ နောက်ကနေ လုံခြုံရေးပေးရတာ ရှိတယ်။ လုံခြုံရေးပေးတာနဲ့ တပြိုက်နက်ထဲ ကိုယ်တွေ့မယ့်လူက လုံခြုံရေးပါတဲ့အခါကြတော့ တကယ့်အဖြစ်အမှန် ဒေသရဲ့ Ground Situation မြေပြင်အနေအထားကို မပြောရဲ မဆိုရဲ ဖြစ်တယ်ဆိုပြီးတော့ အမြဲတမ်းလိုလို Complaint လုပ်တာတွေ ရှိပါတယ်။ လွတ်လွတ်လပ်လပ် သတင်းသမားတွေကို ပေးသွားခွင့်၊ အဲဒါမျိုး အခြေအနေနဲ့ ပတ်သက်လို့ ဝန်ကြီးအနေနဲ့ ဘယ်လိုများ မှတ်ချက်ပေးချင်ပါလဲ။

ဖြေ ။ ။ လုံခြုံရေးသမားတွေပါတဲ့အခါ အင်တာဗျူးတွေ နည်းနည်း Nervous ဖြစ်တာတော့ ကျနော်လည်း တွေ့ဖူးပါတယ်။ သာမန်လူတွေ မပြောပါနဲ့ ကျနော်တို့ သတင်းသမားဘဝကဆိုရင် အစိုးရအရာရှိကြီးတွေ - တချို့ဆို ပြောဖူးတယ် - ခင်များ ကတ်ဆက်ကြီးကို ဟိုဟာမလုပ်ပါနဲ့ ကျနော် ရင်ခုန်လွန်လို့ပါဆိုပြီးတော့ - အဲဒါတော့ နားလည်ပါတယ်။ သို့သော် အဲဒီလို အကာအကွယ်မပါဘဲနဲ့ ဒီအတိုင်းလွှတ်ဖို့ကတော့ လုံးဝမဖြစ်နိုင်သေးပါ အနေအထားအရ။ ဒီအတိုင်းပဲ လွှတ်နိုင်ပါသေးတယ်။ အဲဒါကိုတော့ နားလည်ပေးဖို့ လိုပါတယ်။ ကျနော်တို့က လုံခြုံရေးအရလို့ ပြောတဲ့အခါမှာ တချို့က ဘာထင်သလဲဆိုရင် တခုခုကို ဖုံးကွယ်ထားချင်လို့၊ Coverage လုပ်ချင်လို့ဆိုပြီးတော့ ကျနော်ကို တချို့ ပွင့်ပွင့်လင်းလင်း မေးကြပါတယ်။ အဲဒါ လုံးဝ မဟုတ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် ရခိုင်ဘက်ပါ။ ရခိုင်ဘက်မှာ ARSA က လက်လုပ်ဗုံးတွေလုပ်ဖို့ သင်တန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပေးခဲ့ပါတယ်။ တော်တော်များများ လုပ်တတ်ပါတယ်။ ဒါလဲ သိပ်ခက်တဲ့ကိစ္စ မဟုတ်ပါဘူး။ တလောကဆို မန္တလေးဈေးချိုမှာ အဲဒီဟာကို Youtube မှာ ARSA က တင်ထားတာ တွေ့လို့ဆိုပြီး ပြောပါတယ်။ ကျနော်တို့မှာ အခက်အခဲက ဘာရှိလဲဆိုတော့ လုံခြုံရေးကို စိုးရိမ်ရတဲ့တခု။ ပြီးတော့ သွားရေးလာရေး ရှိပါတယ်။ Logistic Problem တွေ ရှိတယ်။ အဲဒါကိုလဲ သက်ဆိုင်ရာ သတင်းသမားကိုပဲ ကျနော်တို့က ကုန်ကျစရိတ် ကျခံခိုင်းပါတယ်။ အဲဒါကိုလဲ တချို့ Complaints တွေ လာကြပါတယ်။ ကျနော်တို့က ချမ်းမှမချမ်းသာတာ - ရခိုင်တို့ဘာတို့ဆို သွားရေးလာရေး ခက်ပါတယ်။ လေယာဉ်နဲ့သွားတယ်။ တချို့နေရာတွေဆို Chopper တွေနဲ့ သွားတယ်။ Helicopter တွေနဲ့ သွားရတယ်။ အခက်အခဲ ရှိပါတယ်။

ကျနော်တို့ လုံခြုံရေး အခြေအနေ တိုးတက်လာတာနဲ့အမျှ Access က ပိုကောင်းလာမှာပါ။ လူဦးရေ အကန့်အသတ်နဲ့ လွှတ်ရတာတော့ နားလည်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

မေး ။ ။ အဲဒီအထဲမှာ ဒုဝန်ကြီးကို ပြောကြတာက ဝေဖန်ကြတာက ဓါတ်ဆီလောင်းတဲ့ မီဒီယာတွေကို မရွေးဘူး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ မီဒီယာတွေပဲ ပြောတဲ့ဟာကို တော်တော်လေး ကျယ်ကျယ်လောင်လောင် ဝေဖန်ကြပါတယ်။ ကျမတို့ အပါအဝင် - အဲဒါနဲ့ ပတ်သက်လို့ ဝန်ကြီး ဘယ်လိုများ ပြောချင်ပါလဲ။

ဖြေ ။ ။ အဲဒါလဲ Misinterpretation လို့ ကျနော် ထင်ပါတယ်။ တချို့က Out of context ကျနော် ပြောတာကို ဒီဟာတခွန်းကိုပဲ ထုတ်နုတ်လိုက်ပါတယ်။ အဲဒါ ကချင်ကိစ္စနဲ့ ပတ်သက်တာပါ။ ကချင်က Conflict က Ongoing အခုထက်ထိ ဖြစ်နေတုန်းပါ။ လူက အကန့်အသတ်နဲ့ လွှတ်ရပါတယ်။ မှန်ပါတယ် - အနောက်ဥရောပနိုင်ငံတွေ၊ EU တို့က Financial Assistance တွေ ပေးပါတယ်။ ဒါပေမဲ့ Physically involve ဖြစ်နေတာက တရုတ်ပြည်က ဖြစ်ပါတယ်။ အဲဒါက ငြင်းလို့ မရပါဘူး။ ကျနော်တို့နဲ့ ကီလိုမီတာ နှစ်ထောင်ကျော် ဆက်သွယ်နေတဲ့ဟာ။ သူတို့မှာ ပိုပြီးတော့ Concern ရှိမှာပါ။ ကျနော် နားလည်သလောက် အိမ်နီးနားချင်းက ပိုပြီးတော့ အိမ်နီးချင်းအိမ်တအိမ်ရဲ့ လုံခြုံမှုနဲ့ တည်ငြိမ်မှုကို ပိုလိုလားလိမ့်မယ်လို့ ကျနော် ရိုးသားစွာထင်ပါတယ်။ အဲဒါ ဥရောပက အကူအညီတွေကို ဟိုဟာမဖြစ်လို့ ပြောတာ မဟုတ်ပါဘူး။ အရမ်းတန်းဖိုးထားပါတယ်။

ဒါပေမဲ့ ပါဝင်ခြင်း၊ ပတ်သက်ပုံခြင်းမှာ တရုတ်က ပိုကြီးမားပါတယ်။ ဂျပန်ဆိုလဲ အဲဒီလိုပါ။ သူတို့က စီးပွားရေး Interest ရှိတယ်။ တလောက ဂျပန်သံအမတ်ကြီးကို သတ်သတ်စီစဉ်ပေးရပါတယ်။ ဒါက သူတို့မှာ Special Interest ရှိတယ်။ ကျနော်တို့နဲ့ သမိုင်းကြောင်းအရလည်း အများကြီး ရှိပါတယ်။ ကျနော်တို့ရဲ့ Target Audience ဟာ အဲဒီခရီးစဉ်အတွက် တရုတ်နဲ့ … အဲဒါကို ကျနော် ပြောခဲ့တာပါ။ မီဒီယာသမား အားလုံးကို မဆိုလိုပါဘူး တချို့က Peace မရှိဘူးလို့ ပြောတယ်။ ပြဿနာကို ပိုပြီးတော့ Highlight မလုပ်ဘဲနဲ့ အဲဒါကိုပြောတာပါ။ တဘက်သတ် ဖုံးကွယ်ဖို့၊ ကာကွယ်ဖို့ စနစ်တကျ လေ့ကျင့်ထားတဲ့ ဟိုဟာတွေကတော့ နားလည်လိမ့်မယ်၊ သဘောပေါက်လိမ့်မယ် ထင်ပါတယ်။ တချို့ကလည်း ပြောကြပါတယ်။ ကျနော် အသုံးအနှုန်းများ ဟိုဟာဖြစ်နေလား မသိဘူး။ ဆိုလိုတာကတော့ အင်္ဂလိပ်လို့ ရေးလိုက်တာပါ။ အဲဒါကို ဘာသာပြန်လိုက်တာပါ။ အင်္ဂလိပ်ကတော့ ပိုလွယ်တာပေါ့ To fuel the flame .. fan the flame ဆိုပြီးတော့ အဲဒါ ပြဿနာကို ကြီးထွားဖို့ဟာထက် ဖြစ်နိုင်ရင် အားလုံးကို ပြောချင်ပါတယ် အကန့်အသတ်တွေ ရှိတယ်။ လုံခြုံရေး အကန့်အသတ်တွေ ရှိတယ်။ နောက် တဖြည်းဖြည်းတော့ လာမှာပါ။ ငြိမ်းချမ်းရေး တိုးတက်လာတာနဲ့အမျှ ဖြစ်လာမှာပါ။

မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

ဖြေ ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG