သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေရဲ့ အရေးပါမှု


တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း
တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း

ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းမှာ လွှတ်တော်တွေထဲမှာ တသီးပုဂ္ဂကိုယ်စားလှယ်တွေ ရှိနေဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ပြိုင်ဆိုင်မဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်းက ပြောလိုက်ပါတယ်၊ ပါတီစည်းကမ်း မူဝါဒတွေ လိုက်နာစရာမလိုဘဲ ပြည်သူလူထုရဲ့ စစ်မှန်တဲ့ အသံတွေကို လွှတ်တော်ထဲကို လွတ်လွတ်လပ်လပ် သယ်ဆောင်လာနိုင်သူတွေက တသီးပုဂ္ဂလကိုယ်စားလှယ်တွေဖြစ်တယ်လို့ VOA မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်၊ အခုလို တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေရဲ့ အရေးပါမှုနဲ့ လွှတ်တော်မှာ အမျိုးသမီးတွေ ပိုရောက်နိုင်ရေးကို VOA ရန်ကုန်ရုံးတာဝန်ခံ ဒေါ်ခင်စိုးဝင်းက ဒေါက်တာညိုညိုသင်းကို မေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ ကျမတို့ ဗွီအိုအေမြန်မာ့အသံကို ကိုယ်တိုင်ကိုယ်ကျလာပြီးတော့ မအားတဲ့ကြားထဲကလာပြီးတော့ တွေ့ဆုံမေးမြန်းခွင့်ပြုတာကို ကျေးဇူးတင်ပါတယ်ရှင်။

ဒေါ်ညိုညိုသင်း ။ ။ ကျမကလည်း ကျေးဇူးတင်ပါတယ်ရှင်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု တသီးပုဂ္ဂလအနေနဲ့ ပါဝင်ကြမယ့် ပုဂ္ဂိုလ်တွေအားလုံးက (၃၀၀) ကျော်လောက်ရှိတယ်လို့ ကြားရပါတယ်။ အဲဒီ (၃၀၀) ကျော်ထဲမှာ အမျိုးသမီးဦးရေ ဘယ်လောက်လောက် ပါပါလဲရှင့်။

ဒေါ်ညိုညိုသင်း ။ ။ ကျမကတော့ တသီးပုဂ္ဂလစာရင်းကိုတော့ မကောက်ရသေးပါဘူး။ တနိုင်ငံလုံးပါဝင်မယ့် နိုင်ငံရေးပါတီတွေအပါအဝင် ပါဝင်ယှဉ်ပြိုင်ကြမယ်သူတွေထဲမှာတော့ အမျိုးသမီးလောင်း ကိုယ်စားလှယ်လောင်း ပါဝင်မှုကတော့ (၁၃) ရာခိုင်နှုန်း၊ (၁၄) ရာခိုင်နှုန်းအထိ ရှိတယ်လို့ ကြားရပါတယ်။ ဒီ တသီးပုဂ္ဂလစာရင်း (၃၀၀) ကတော့ ကျမတို့ မပြုစုရသေးပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ အမျိုးသမီးများနဲ့ နိုင်ငံရေးကဏ္ဍမှာ အခုနောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက နည်းနည်းလေး ခါတိုင်းထက်ဆရင် နည်းနည်းလေး ရာခိုင်နှုန်းများလာတယ်လို့ တွေ့ရပါတယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လာခြင်းအားဖြင့် နိုင်ငံရဲ့အကျိုးကို သယ်ပိုနိုင်မယ်ဆိုတာ ပြည်သူလူထုကို ဘယ်လိုများ convince သူတို့သိအောင် ဘယ်လိုများ ပြောဖို့ စီစဉ်ထားတာ ရှိပါလဲ။

ဒေါ်ညိုညိုသင်း ။ ။ ကျမကတော့ တောက်လျှောက် လွှတ်တော်အမတ်ဖြစ်လာတဲ့ ၂၀၁၀ က စပြီးတော့ အမျိုးသမီးတယောက် ဖြစ်ပေမယ့်လဲ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေထက် ဘယ်အချက်တွေမှာ အားသာပြီးတော့ ဘယ်လောက် လုပ်နိုင်လဲဆိုတာကို လုပ်နိုင်တာတွေနဲ့ သက်သေပြပြီ ဖြစ်ပါတယ်။ အဲဒီတော့ ကျမကို ကြည့်ခြင်းအားဖြင့် တော်တော်များများ ပြည်သူလူထုက ငါတို့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ယုံကြည်ရင်လဲ ဖြစ်သာပဲဆိုတဲ့ အတွေးလေး ပေါ်လာတာက ကျမတို့အတွက် ဝမ်းသာစရာတခုပေါ့။ နိုင်ငံရေးပါတီအသီးသီးကလည်း အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို ရွေးထုတ်လာတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် တိုင်းရင်းသားပါတီတွေ ခေါင်းဆောင်တချို့ဆိုရင် အရင်တုန်းကဆိုရင် စည်းရုံးရတာ တော်တော်လေးကို ခက်တာ။ အမျိုးသမီးတွေကို ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ စဉ်းစားဖို့။ အခုနောက်မှ ထူးထူးခြားခြားနဲ့ စဉ်းစားလာခဲ့တယ်။ ဥပမာ မွန်ပါတီလည်း စဉ်းစားလာကြတယ်။ နောက် NMDP လို ပါတီမျိုး။ သူက ကိုယ်စားလှယ်လောင်း (၂၈) ယောက်မှာ အမျိုးသမီး (၈) ယောက်ပါတယ်။ အမျိုးသားဒီမိုကရေစီပါတီတို့မှာဆိုလည်း အမျိုးသမီးတော်တော်များများ (၃) ပုံ (၁) ပုံ။ အနည်းဆုံး (၄) ပုံ (၁) ပုံ ထည့်လာတယ်။ ဒီတခါ ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးခေါင်းဆောင်တွေက ၂၀၁၀ တုန်းကလို မဟုတ်ဘူး။ ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသမီးတွေကို ထည့်သွင်းစဉ်းစားဖို့ စဉ်းစားလာကြတယ်။ ထည့်သွင်းလာကြတယ်။ အဲဒါကို ကျမတို့က တိုးတက်မှုတခုလို့ ယူဆတယ်။ သို့သော်လဲ ကျေနပ်တဲ့အနေအထား ရောက်ပြီလားဆိုတော့ ကျေနပ်တဲ့ အနေအထားတော့ မရောက်သေးဘူး။ ဘာကြောင့်လဲဆိုတော့ (၁၃) ရာခိုင်နှုန်း၊ (၁၄) ရာခိုင်နှုန်းပဲ ပါဝင်ယှဉ်ပြိုင်တယ်ဆိုတာကိုက ကျမတို့ရဲ့ နိုင်ငံရေးအဖွဲ့အစည်းသည်၊ နိုင်ငံရေး ပတ်ဝန်းကျင်သည် အမျိုးသမီးတွေကို နေရာပေးလိုစိတ် နည်းသေးတယ်ဆိုတဲ့ သက်သေပဲလေ။ ဒါကြောင့်မို့ လွှတ်တော်အမတ်ဆိုတဲ့နေရာ ဘာပဲပြောပြော Decision Making နေရာ၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ နေရာဆိုတော့ ဆုံးဖြတ်ချက် ချနိုင်တဲ့နေရာကို အမျိုးသမီးတွေကို ပေးလိုစိတ်ကတော့ ဒါ နည်းသေးတယ်ဆိုတာကို ပြသတယ်လို့ ကျမက ခံယူပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဟုတ်ပါတယ်။ ခွဲခြားဆက်ဆံမှု မရှိဘူးလို့ ဘယ်လိုပဲပြောပြော အရေးကြီးတဲ့ နေရာတွေ ရောက်ပြီဆိုရင်တော့ စဉ်းစားနေကြဆဲပေါ့။ နည်းနည်းတုန့်တုန့်ဆိုင်းဆိုင်း ဖြစ်နေကြဆဲပေါ့။ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ကြီးတယောက် ရှိနေတာပေမဲ့လဲ အခုထက်ထိ အမျိုးသမီးတွေကို နေရာပေးဖို့ဟာ တွန့်ဆုတ်နေကြဆဲလို့ သုံးသပ်မိပါတယ်။

ဒေါ်ညိုညိုသင်း ။ ။ ဟုတ်ပါတယ်။ ကျမလည်း သဘောတူပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောနေတာ ဘာလဲဆိုတော့ တသီးပုဂ္ဂလတွေကို မဲမပေးကြပါနဲ့။ ဘာကြောင့်လဲဆိုတော့ တသီးပုဂ္ဂလဆိုတာ အစိုးရဖွဲ့လို့ မရဘူးပေါ့။ အဲဒီလို ဒေါ်အောင်ဆန်းစုကြည်က ဒီလိုပြောလိုက်တဲ့အပေါ် တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်မယ့် ဒေါ်ညိုညိုသင်းအနေနဲ့ ဘယ်လိုများ တုန့်ပြန်ချင်ပါလဲရှင့်။

ဒေါ်ညိုညိုသင်း ။ ။ ကျမကတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ကျမတို့ ဒီမိုကရေစီခေါင်းဆောင်ဆိုပြီးတော့ အားလုံး နှစ်ပေါင်းများစွာ ယုံကြည်မျှော်လင့်ပြီးတော့ အခုထက်ထိလည်း လေးစားအားကျနေရတဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ်လေ။ အဲဒီတော့ အဲဒီလို ခေါင်းဆောင်က အဲဒီလို remark ကို ပေးလိုက်တော့ ကျမ ဝမ်းနည်းတာပေါ့။ တော်တော်လေးကို စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ ဒါပေမဲ့လဲ ကျမအနေနဲ့ တသီးပုဂ္ဂလအနေနဲ့ လွှတ်တော်ထဲမှာ လုပ်နိုင်တဲ့ကိစ္စကို ပြောပါတယ်။ ကျမ အထပ်ထပ်လည်း ပြောပြထားတာ ရှိပါတယ်။ တသီးပုဂ္ဂလဆိုတာ သူထင်ရာစိုင်းပြီး လုပ်တာမဟုတ်ဘူး။ သူက နိုင်ငံရေးပါတီတွေနဲ့ သီးခြားကင်းလွတ်ပြီးတော့ ပြည်သူလူထုရဲ့ စစ်မှန်တဲ့အသံကို လွတ်လွတ်လပ်လပ် သယ်ဆောင်လာတာဆိုတော့။ တသီးပုဂ္ဂလလည်း လွှတ်တော်ထဲမှာ လိုတာတော့ အမှန်ပဲ။ ကျမရဲ့ ပြီးခဲ့တဲ့ (၅) နှစ် လွှတ်တော်သက်တမ်းကို ကြည့်လိုက်တဲ့အခါမှာ ကျမတို့ ရန်ကုန်တိုင်း လွှတ်တော်မှာဆိုရင် နိုင်ငံကြီးပါတီတခုကပဲ အမတ်နေရာ (၁၀၀) ကျော်ကို သိမ်းပြီးတော့ ယူထားတော့ အသံက တသံပဲထွက်တယ်။ (၁၂၃) ယောက်မှာ (၁၀၈) ယောက်က နိုင်ငံရေးပါတီကြီးတခုရဲ့ အသံပဲ ထွက်တယ်။ အဲဒီတော့ ကျမက တသီးပုဂ္ဂလအနေနဲ့ ရန်ကုန်တိုင်းလွှတ်တော်ထဲမှာ ရှိခဲ့စဉ်ကာလက ပြည်သူလူထုရဲ့ အသံတွေကို ထူးထူးခြားခြား သယ်ဆောင်နိုင်ခဲ့တယ်။ အဲဒါကိုက သက်သေပါပဲ။ ကျမတို့ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးပါတီတွေက သူတို့ရဲ့ စည်းကမ်းမူဝါဒတွေကို လိုက်နာရတဲ့အခါမှာ ပြည်သူလူထုရဲ့အသံကို ဘာအတားအဆီး၊ အချုပ်အနှောင်းမှ မရှိဘဲနဲ့ တိုက်ရိုက်သယ်ဆောင်လာတဲ့ တသီးပုဂ္ဂလတွေရဲ့ အခန်းကဏ္ဍကလည်း အင်မတန် အရေးကြီးတယ်။ ဒီမိုကရေစီနိုင်ငံကို ထူထောင်ပြီဆိုရင် တသီပုဂ္ဂလတွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးတယ်။ ဒါ ကျမရဲ့ ခံယူချက် ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ကြည့်ရင်လည်း တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ရှိပါတယ်။ တသီးပုဂ္ဂလက အစိုးရတော့ မဖွဲ့နိုင်ပါဘူး။ မှန်ပါတယ်။ ဒါပေမဲ့ လွှတ်တော်ဆိုတဲ့ နေရာဟာ ကျမတို့ပြည်သူလူထုက (၄၉၈) နေရာကို ရွေးချယ်ပေးရမှာ။ ဆိုတော့ (၄၉၈) နေရာမှာ နိုင်ငံရေးပါတီကြီးတခုက (၃၃၃) နေရာရရင် သူက အစိုးရဖွဲ့နိုင်တယ်။ အဲဒီတော့ အမတ်နေရာ (၁၅၀) ကျော်ကို တိုင်းရင်းသားပါတီတွေ၊ မဟာမိတ်တွေ၊ ကိုယ့်ရဲ့ မဟာမိတ်တွေ။ ဒီလို ပြည်သူလူထုရဲ့အသံကို အဆီးအတား အချုပ်အနှောင်းမရှိ လွတ်လွတ်လပ်လပ် သယ်ဆောင်လာမယ့် တသီပုဂ္ဂလတွေ။ အဲဒီလို လူတွေကို နေရာပေးလို့ရတယ်။ ကျမအနေနဲ့လည်း တသီပုဂ္ဂလအတွက်ကို အခုန (၄၉၈) နေရာထဲက ကျမနေရာလေး တခုတည်းကိုပဲ တောင်းတာ။ ကျမရဲ့ တောင်းဆိုမှုဟာ မျှတတယ်လို့ ထင်တယ်။ နောက်ပြီးတော့ ကျမက တသီးပုဂ္ဂလတယောက်အနေနဲ့ လွှတ်တော်ထဲမှာ ထင်ရာစိုင်းမှာ မဟုတ်ဘူး။ ကျမ အစကတည်းက ပြောခဲ့တယ်။ ကျမသည် ကျမရဲ့ မူကိုပဲ လွှတ်တော်ထဲမှာ ကိုင်စွဲထားမယ်။ ကျမရဲ့ မူက ဘာလဲဆို၊ ပြန်ကြည့်မယ်ဆိုရင် ၂၀၁၀ ကတည်းက ရပ်လာတဲ့မူ - အခွင့်ရေးမဲ့တဲ့လူတွေ သူတို့ရဲ့ ဆန္ဒကို လွှတ်တော်ထဲမှာ လာပြီးတော့ တင်ပြခွင့်မရတဲ့။ အခွင့်ရေးနည်းတဲ့ လူတန်းစားတွေအတွက် ကျမ အားနည်းတဲ့ လူတွေအတွက် အမြဲတမ်း ရပ်တည်တယ်။ ကျမတို့ ပညာရေးဆွေးနွေးပွဲမှာကြည့်ကြည့်၊ ဘယ်ဆွေးနွေးပဲကြည့်ကြည့် ကျမသည် ပြည်သူလူထုက လွှတ်တော်မှာ ပြောခွင့်မရဘူး။ သူတို့ရဲ့ ကိုယ်စားလှယ်တွေကို ပြောခွင့်ဆိုခွင့် မရတဲ့အခါမှာ ကျမသည် အဲဒီ အခွင့်အရေးနည်းတဲ့ လူတန်းစားတွေအတွက် တောက်လျှောက်ရပ်တည်လာခဲ့တယ်။ အဲဒီတော့ အဲဒီနေရာလေးကို ကျမ ရထားတဲ့နေရာလေးကို ဆက်ပြီးထိန်းသိမ်းကာကွယ်တာပါ။ ၂၀၁၀ ကတည်းက ရခဲ့တဲ့ နေရာလေးကို ဆက်ပြီးတော့ တသီးပုဂ္ဂလအနေနဲ့ ဆက်ပြီးတော့ ထိန်းသိမ်းကာကွယ်ခြင်းဖြစ်တယ်။ အဲဒီလို ထိန်းသိမ်းကာကွယ်ထားပြီးတော့ ကျမ ရပ်တည်ထားတဲ့ မူအတိုင်းပဲ ဆက်လက်ပြီးတော့ ရပ်တည်သွားမယ်။ လွှတ်တော်ထဲမှာ ကျမကို ပြောတယ် “ဆရာမရယ် တချို့ကပြောကြတယ်။ ဆရာမ တစ်ယောက်တည်းနဲ့ အစိုးရ မဖွဲ့နိုင်ဘူး။ လွှတ်တော်ထဲမှာ ဘယ်လို လုပ်မလဲ။” ကျမ အမြဲတမ်းပြောတယ် ကျမ ဘာလုပ်မယ်။ ဘယ်နည်းနဲ့ လုပ်မယ်ဆိုတာ ကျမ ပြောတယ်။ ကျမတို့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားတယ်။ (၁၀) ရာခိုင်နှုန်းသော အမတ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေက လက်မှတ်ထိုးပေးရင် ကျမက ပြဿနာတခု (issue) တခုကို နိုင်ငံတော် အခြေခံဥပဒေခုံရုံးကို သယ်သွားလို့ရတယ်။ လွှတ်တော်မှာ ဆွေးနွေးစရာတောင် မလိုဘူးနော်။ အဲဒီကိစ္စကို လွှတ်တော်ကိုယ်စားလှယ် (၁၀) ရာခိုင်နှုန်း လက်မှတ်ရတာနဲ့ တပြိုင်နက်ထဲ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို သယ်သွားပြီး မေးခွန်းထုတ်လို့ရတယ်။ ကျမသည် အစိုးရကို ထိန်းကျောင်းရုံတင်မကဘူး။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုရုံးမှာလည်း ကျမတို့ ပြည်သူလူထုအတွက် အငြင်းပွားဖွယ် ဖြစ်နေတဲ့ ဥပဒေတွေ အများကြီးကို ပြင်ဆင်နိုင်တဲ့ အလုပ်ကို ကောင်းကောင်းလုပ်နိုင်တယ်။ ကျမသည် ဥပဒေပညာရှင်တယောက်အနေနဲ့ ပြည်သူ့လွှတ်တော်ကို သွားပြီးတော့ ကျမ အလုပ်အကျွေးပြုချင်တယ်။ ကိုယ့်ပညာနဲ့ အလုပ်အကျွေး ပြုတဲ့နေရာမှာ ဘယ်နည်းနဲ့ အလုပ်အကျွေး ပြုနိုင်မလဲဆိုတာ အခုန (၁၀) ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လက်မှတ်နဲ့ လုပ်ပေးနိုင်တယ်။ အဲဒါက ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း (၅) နှစ်အတွင်းမှာ ဘယ် တသီးပုဂ္ဂလကိုယ်စားလှယ်က လုပ်မလာတဲ့ကိစ္စ။

ဒေါ်ခင်စိုးဝင်း ။ ။ ဒါက အများလည်း သိကြပြီသားပါ။

ဒေါ်ညိုညိုသင်း ။ ။ အဲဒါကြောင့်မို့ ကျမက ဒါကို လုပ်နိုင်တယ်။ အစိုးရအဖွဲ့ မဖွဲ့နိုင်ဘူး ဟုတ်တယ်။ သို့သော် ကျမသည် အစိုးရကို ကောင်းကောင်းထိန်းကျောင်းနိုင်ကြောင်း ပြည်သူလူထုက သိရှိပြီ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု အောင်နိုင်ရေးအတွက် လုပ်ထားတဲ့ မဟာဗျူဟာသဘောမျိုး အဲဒါတွေကော ဘာတွေ ရှိပါလဲ။

ဒေါ်ညိုညိုသင်း ။ ။ ကျမက ပြိုင်ဘက်ကြီး (၂) ခုကို ရထားတယ်။ တဘက်က ပြည်ခိုင်ဖြိုးပါတီ။ တဘက်က NLD. ကျမရဲ့ မဲဆန္ဒနယ်မြေထဲမှာ။ NLD နဲ့ ပြည်ခိုင်ဖြိုးကို ပြိုင်ရတာဆိုတော့ ကျမအနေနဲ့ ပြည်သူလူထုဆီက ထွက်လာတဲ့ အသံတွေပေါ် မူတည်ပြီးတော့ ကျမတို့က တုန့်ပြန်သွားဖို့၊ နည်းဗျူဟာခင်းသွားဖို့ ရည်ရွယ်ချက် ရှိပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုဆီက အသံကို နားထောင်တဲ့အခါမှာ လူထုလူတန်းစားအသီးသီးက အသံတွေက နားထောင်တယ်။ နားထောင်ပြီးတော့ ပြန်ပြီးတော့ အဲဒီအသံတွေကို ပြန်လည်အသုံးပြုပြီးတော့ ကျမတို့ရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာကို ချမှတ်ပါတယ်။ အဲဒီတော့ နည်းအမျိုးမျိုးလည်း ရှိပါတယ်။ အခုတော့ တချို့ကတော့ ပြောနေကြတာတော့ ရှိပါတယ်။ ဒေါ်ညိုညိုသင်းကို ပေးလိုက်လို့ မဲကွဲသွားမယ်။ မိခင်ပါတီတွေ အနိုင်မရမှာကို စိုးရိမ်တယ်။ ကျမ ခဏခဏလည်း ပြောပါတယ်။ ကျမသည် (၄၉၈) နေရာထဲက တစ်နေရာပဲ တောင်းတာ။ One percent (1%) ကို တောင်းနေတာ မဟုတ်ဘူး။ အဲဒီတော့ မိမိကြိုက်သော ပါတီကို မဲနှစ်မဲ ပေးနိုင်တယ်။ ကျမကိုတော့ မဲ ပေးဖြစ်အောင် ပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုဆီမှာ (၃) မဲ ပေးဖို့ သူတို့မှာ အခွင့်အရေး ရှိပါတယ်။ အဲဒီတော့ သာမန် ဗမာဆိုရင်ပေါ့ (၃) မဲ ပေးဖို့ရှိတယ်။ တိုင်းရင်းသား ကျမရဲ့ မဲဆန္ဒနယ်မြေမှာနေတဲ့ ကရင်တိုင်းရင်းသား၊ ရခိုင်တိုင်းရင်းသားဆိုရင်တော့ သူတို့က (၄) မဲ ပေးခွင့် ရှိတာပေါ့။ အဲဒီတော့ ပြည်သူ့လွှတ်တော်မှာ ကျမကို ပေးပါ။ ကျန်တဲ့ အမျိုးသားလွှတ်တော်၊ ရန်ကုန်တိုင်းလွှတ်တော်အတွက်ကိုတော့ မိမိ ကြိုက်နှစ်သက်သော ပါတီကို ပေးပါဆိုပြီးတော့ ပြည်သူ့လူထုဆီက အဲဒီလို မဲတောင်းတဲ့စနစ်ကို ကျင့်သုံနေပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီ ရွေးကောက်ပွဲကြီးမှာ မဲဆွယ်စည်းရုံးရေးကာလမှာလည်း အောင်မြင်ပါစေ။ ဆုတောင်းပေးပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်။

ဒေါ်ညိုညိုသင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။

XS
SM
MD
LG