သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု အုပ်ချုပ်နေတဲ့ဒေသများ


ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ဒုဥက္ကဌ ခွန်ဘီထူး
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ဒုဥက္ကဌ ခွန်ဘီထူး

ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည် ဒေသအများစုကို ကရင်နီဒေသခံ ကာကွယ်ရေးအဖွဲ့အစည်းတွေက ထိန်းချုပ်ထားပြီး၊ ဒေသတွင်း စစ်ရေးနဲ့ အုပ်ချုပ်ရေး တည်ဆောက်မှုကို တပြိုင်နက်တည်း ဆောင်ရွက်နေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ဒုဥက္ကဌ ခွန်ဘီထူးက ပြောပါတယ်။ ကရင်နီဒေသတွင်း အုပ်ချုပ်ရေးဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ခွန်ဘီထူးကို မအင်ကြင်းနိုင် တွေ့ဆုံမေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ မင်္ဂလာပါရှင်။ ကျမတို့အခုရောက်ရှိနေတဲ့ နေရာကတော့ ကရင်နီပြည်နယ်က မယ်စဲ့မြို့ ထိုင်း-မြန်မာ နယ်စပ်နဲ့လည်း နီးတဲ့မြို့လည်း ဖြစ်ပါတယ်။ မယ်စဲ့မြို့ဆိုရင် အခု ကရင်နီပြည် ကြားကာလအစိုးရက ထိန်းချုပ်ထားတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။ ဒီမြို့ရဲ့ မြို့တော်ခန်းမရှေ့မှာ ကျမတို့ ရောက်ရှိနေပြီးတော့ IEC ရဲ့ အုပ်ချုပ်ရေးကောင်စီရဲ့ ဒုဥက္ကဌလည်းဖြစ်တဲ့ ခွန်ဘီထူးကို ကျမတို့တွေ့ဆုံ မေးမြန်းမှာ ဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ မင်္ဂလာပါရှင့်။
ခွန်ဘီထူး ။ ။ ဟုတ်ကဲ့ မင်္ဂလာပါဗျ။
မေး ။ ။ အခုလိုမျိုး ကျမတို့ကို တွေ့ဆုံမေးမြန်းခွင့် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ အဲ့ဒီတော့ ကျမတို့ အခုရောက်ရှိနေတဲ့ မယ်စဲ့မြို့ဟာဆိုရင် စစ်ကောင်စီ ကင်းစင်တဲ့ မြို့တမြို့ ဖြစ်နေပြီပေါ့နော်။ အဲ့ဒီတော့ကရင်နီပြည်နယ်မှာ စစ်ကောင်စီ ကင်းစင်တဲ့မြို့တွေ ဘယ်နှစ်မြို့လောက် ရှိမလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ ဒီစစ်ဆင်ရေး ပြီးတဲ့နောက်ပိုင်း ဒါကတော့ မယ်စဲ့၊ လျှားတောနဲ့ နန့်မယ်ခုံပေါ့နော်။ ဒါတွေကတော့ စစ်ကောင်စီ လုံးဝမရှိတဲ့မြို့တွေပေါ့။ ကျန်တဲ့မြို့တွေကတော့ မြို့ရဲ့ ထောင့်တွေ အပြင်တွေမှာတော့ စစ်ကောင်စီ တပ်သားတွေ ရှိနေသေးတဲ့အတွက် အဲ့ဒီမြို့တွေမှာလည်း ကျနော်တို့တွေ ဝိုင်းထားပြီးမှ စစ်ကောင်စီကတော့ တပ်ရင်းနေရာတွေမှာ ဆက်ပြီးမှ ရှိနေသေးတဲ့ အခြေအနေမျိုး ရှိတယ်။ ဒါပေမဲ့ မြို့ရဲ့ ပြင်ပနေရာတွေ အားလုံးကတော့ ကျနော်တို့ တပ်ဖွဲ့တွေရော ပြည်သူလူထုတွေရော လွတ်လပ်စွာ သွားလာလို့ရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဆိုတော့ ပြန်ချုပ်ရရင်တော့ ဒီလို လုံးဝရာခိုင်နှုန်းပြည့် လွတ်မြောက်သွားတဲ့ မြို့ကတော့ (၃) မြို့ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီအချိန်မှာ အုပ်ချုပ်ရေးအပိုင်းကျတော့ မယ်စဲ့မြို့ပေါ့နော်။ ဥပမာဆိုရင် အုပ်ချုပ်ရေးပိုင်းမှာ တော်လှန်ရေးတပ်တွေ ပူးပေါင်းတပ်တွေ။ တဘက်မှာလည်း ကရင်နီပြည်နယ်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း အသီးသီးရှိနေတဲ့အခါကြတော့ မြို့အုပ်ချုပ်ရေးလို အပိုင်းတွေကကြတော့ ဘယ်လို ဆောင်ရွက်တာလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ အုပ်ချုပ်ရေးဖွဲ့တဲ့ အချိန်မျိုးမှာတော့ နံပါတ်တစ်ကတော့ KFCC အတိုင်ပင်ခံကောင်စီကနေပြီးမှ အင်အားစု အားလုံးစုပေါင်းတယ်။ ကျနော်တို့ လုပ်ကြတယ်။ အဲ့ဒီမှာ အင်အားစု (၁၇) စုထဲမှာ (၁၄) စုကတော့ ထဲထဲဝင်ဝင် ပါဝင်နေတဲ့ အခြေအနေမျိုး ရှိတယ်။ အဲ့ဒီကနေပြီးမှ အုပ်ချုပ်ရေးကောင်စီ ဖွဲ့လိုက်တဲ့အတွက် အုပ်ချုပ်ရေးကောင်စီကနေပြီးမှ အင်အားစုအားလုံး စုံညီပါဝင်နိုင်တဲ့ Mandate ရထားပြီးမှ အုပ်ချုပ်ရေးဌာန အသီးသီးမှာလည်း မတူကွဲပြားတဲ့ အသင်းအဖွဲ့အသီးသီးအားလုံးကို ကျနော်တို့က စုဖွဲ့ထားတာ ဖြစ်ပါတယ်။ ဘာလို့ဆို အခုဌာနပေါင်း (၉) ခုကို ကျနော်ကြေညာနိုင်တယ်။ မြို့နယ် (၁၈) မြို့နယ်ကို ကျနော်တို့ ခွဲထုတ်လိုက်တယ်။ မြို့သေးသေးလေးတွေ ပြန်လုပ်လိုက်ပြီးမှ မြို့နယ် (၁၈) မြို့နယ်ရဲ့ အုပ်ချုပ်ရေးကို ချမှတ်နိုင်တယ်။ ဖယ်ခုံမြို့နယ်ထဲမှာ အပါအဝင်ပေါ့။ အုပ်ချုပ်ရေးတွေကို ကျနော်တို့ ချလိုက်တယ်။ အဲ့ဒီတော့ အုပ်ချုပ်ရေးဘက်မှာ အားလုံးပါဝင်ပြီးမှ အခု အရေးကြီးတဲ့ဟာတွေကို ဦးစားပေး လုပ်နေတယ်။ စစ်ရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေး ပြေလည်ရေး၊ သွားလာနိုင်ရေး နောက် ကျနော်တို့ မြို့နယ်အသီးသီးမှာ ရှိနေတဲ့ လူထုတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ နောက်တပ်ဖွဲ့တွေရဲ့ တည်နေရာတွေ အဲ့ဒါတွေကို ကျနော်တို့ စနစ်တကျလေး စီမံကိန်းချပြီးမှ အုပ်ချုပ်ရေးတွေကို ပြန်လုပ်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ အဲဒီတော့ အားလုံးပါဝင်မှု့နဲ့ အားလုံးရဲ့ ထောက်ခံမှု့တွေနဲ့ ကျနော်တို့ မြို့တွေကို ပြန်စီမံပြီးမှ လုပ်နေတယ်။ ကျနော်တို့ရဲ့ အားနည်းချက်ကတော့ အရမ်းကို ချမ်းသာမှု့ မရှိဘူး။ နောက် စစ်ဖြစ်နေတဲ့အတွက် အခွန်‌ငွေတွေအားလုံးက အခက်အခဲတွေ ရှိနေတယ်။

မေး ။ ။ အဲ့ဒီတော့ အခု စစ်ရေးအရ တဘက်မှာလည်း တင်းမာနေတဲ့ အခြေအနေမှာ ရှိနေတယ်။ တဘက် အုပ်ချုပ်ရေးပိုင်းမှာလည်း တပြိုင်ထဲ ဆောင်ရွက်ရတဲ့အခါမှာ အဖွဲ့အစည်းပေါင်းစုံကိုလည်း ပူးပေါင်းဆောင်ရွက်ရတဲ့အခါကြတော့ ဘယ်လိုမျိုး စိန်ခေါ်မှုတွေ ရှိပါလဲရှင့်။

ဖြေ ။ ။ လိုအပ်တဲ့ တော်လှန်ရေး အခြေအနေမျိုးမှာတော့ ကျနော်တို့က တော်လှန်ရုံတခုနဲ့တော့ မရဘူးပေါ့နော်။ စစ်တိုက်နေတယ်။ စစ်တိုက်ရမယ်ဆိုတာက အရေးကြီးတယ်။ ဒါပေမယ့် တိုက်ရုံနဲ့ မပြီးဘူး။ တိုက်လို့ရတဲ့ နေရာတွေတိုင်းမှာ အုပ်ချုပ်ရေးတွေ လုပ်ဖို့လိုတယ်။ အဲ့ဒါမှဘဲ တော်လှန်ရေးနဲ့ လူထု့တွေရဲ့ စားဝတ်နေရေးက ပိုပြီးတော့ တောင့်ခံနိုင်ပြီးမှ တော်လှန်ရေးကိုလည်း အရှိန်ကောင်းကောင်းနဲ့ ဆက်ပြီးမှ လုပ်နိုင်ဖို့ကို ကျနော်တို့ မြင်တယ်။ အဲ့ဒီလိုပဲ ကျနော်တို့ လုပ်ကြတယ်။ အဲဒီတော့ အုပ်ချုပ်ရေး လုပ်ခြင်းအားဖြင့် လူထု့တွေရဲ့ တရားမျှတမှုတွေ လူထု့တွေရဲ့ စားဝတ်နေရေး ပြေလည်ရေးတွေကို လုပ်ရင်းနဲ့ ကျနော်တို့ (၃) နှစ်ထဲမှာ ဆက်ပြီးတော့ ခရီးချီတက်နိုင်တယ်။ အခု နောက်ထပ် (၄) နှစ်မြောက်မှာတော့ အခုထက် ပိုကောင်းတဲ့ စီမံကိန်းတွေ လုပ်နေတယ်။ ဥပမာဆိုရင်တော့ ကျနော်တို့ရတဲ့ အခွန်တွေကို မျှမျှတတ သုံးနေတယ်။ နောက်လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေးတွေကိုလည်း အားစိုက်ပြီးမှ သုံးလို့ရအောင် ကျနော်တို့ လုပ်နေသလို။ အရေးကြီးတာကတော့ အထူးသဖြင့် လူမှု့စီးပွားရေးတွေ ပြန်လည်ပတ်ဖို့လိုတယ်။ အဲ့ဒီတော့ IEC ဘက်ကနေပြီးမှ မယ်စဲ့လိုမြို့ဆိုရင် ချေးငွေလုပ်ငန်းတွေ၊ နောက်ထပ် အသေးစား လုပ်ငန်းရှင်တွေ ပြန်ပေါ်လာဖို့အတွက် ဒါတွေကို အားစိုက်ပြီးမှ လုပ်နေသလို ထိုင်းနိုင်ငံနဲ့ ကုန်သွယ်နိုင်ဖို့အတွက်ကိုလည်း အားစိုက်ပြီးမှ ကျနော်တို့ ကြိုးစားလုပ်နေတယ်။ အဲ့ဒီတော့ ဒီနှစ်ခု ဟန်ချက်ညီသွားခြင်းအားဖြင့် ကျနော်တို့ရဲ့ တော်လှန်ရေးက ပျက်ဆီးဆုံးရှုံးမှုတွေ ရှိသော်ငြားလည်း ပြန်ပြီးမှ တည်ဆောက်နိုင်တယ်။ ပြန်ပြီးမှလည်း နိုးကြားနိုင်တယ်။ အဲဒီ့အချိန်မှာ တော်လှန်ရေးလည်း ပြီးသွားရော အုပ်ချုပ်ရေးတွေ၊ စစ်ရေးတွေက တည်ဆောင်ပြီးသား ဖြစ်ပြီးမှ တိုင်းပြည်ကို ကျနော်တို့ အရမ်းကို ပျက်ဆီးမှုမရှိဘဲနဲ့ ပြန်ပြီးမှ ထိန်းကျောင်းနိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် ကြိုးပမ်းနေပါတယ်။

မေး ။ ။ အဲဒီတော့ စောစောက ခွန်ဘီထူး ပြောသွားတဲ့ထဲမှာလည်း တော်လှန်ရေး ပြီးသွားမယ့် အချိန်ပေါ့နော်။ အဲဒီတော့ အခုလက်ရှိမှာမှာ စစ်ကောင်စီက စစ်ရေးအရဆိုရင် ကရင်နီမှာ သူတို့တပ်တွေကို လာပြီးတော့ ဖြည့်တင်းနေတဲ့ အနေအထားမျိုးလည်း ရှိနေတော့၊ အချိန်မရွေး စစ်ကောင်စီက သူတို့ရဲ့ ခေတ်မှီလက်နက်အင်အားတွေ သုံးပြီးတော့ ဒီကရင်နီပြည်နယ်ကို ဝင်ပြီးတော့ ပြန်ပြီးတော့သိမ်းတဲ့ အခြေအနေမျိုးကော ဖြစ်လာနိုင်ဖို့လအနေအထားကကော ဘယ်လိုရှိလဲရှင့်။

ဖြေ ။ ။ ကျနော်တို့က စစ်ကောင်စီ ကြိုးစားမှုတွေကိုလည်း အမြဲတမ်း စောင့်ကြည့်နေတယ်။ ခန့်လည်းခန့်မှန်းထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကရင်နီပြည်က နေပြည်တော်နဲ့ အနီးစပ်ဆုံးနေရာမှာ ရှိနေတယ်။ နောက်ပြီးမှ တောင်နဲ့မြောက်နဲ့ ဆက်တဲ့နေရာလည်း ဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က ဒါကို ဖိနှိပ်နိုင်ဖို့အတွက် နည်းပေါင်းစုံနဲ့ ကြိုးစားနေတယ်ဆိုတာကို ကျနော်တို့အားလုံး သိတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ အခက်အခဲကိုလည်း အားလုံး ကျနော်တို့ ခန့်မှန်းမိသလို မြင်လည်း မြင်နေရတာပေါ့။ တပ်အင်အား လျှော့ချမှု့တွေ၊ လက်နက်ခဲယမ်း လိုအပ်ချက်တွေ အထူးသဖြင့် ဒီလိုတိုက်ပွဲ ဖြစ်နေတဲ့နေရာတိုင်းမှာ စစ်ကောင်စီဘက်က သွားလာမှုတွေက အရမ်းခက်ခဲလာတယ်။ ပို့ဆောင်ဆက်သွယ်ရေးတွေ။ ဆိုတော့ နယ်စပ်တွေမှာဆိုရင် သူတို့တွေက ရဟတ်ယာဥ်နဲ့ပဲ သွားလာလို့ရတာကလွဲလို့ ကျန်တဲ့ဟာတွေကို supply မလုပ်နိုင်ဘူး။ ဒါမျိုးတွေဖြစ်တဲ့အတွက် အခုနကပြောတဲ့ တော်လှန်ရေးက ကျ‌နော်တို့ဘက်ကသာ စည်းစည်း လုံးလုံးနဲ့ ပြင်ပြင်ဆင်ဆင်နဲ့ ဆက်လုပ်နိုင်မယ်ဆိုရင် ဒီအရာတွေက ဆက်ပြီးမှ အောင်ပွဲခံနိုင်အုံးမယ်။ စစ်ကောင်စီဘက်ကလည်း ကြိုးစားလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့က ဒီထက်ပို မြန်မြန်ဆန်ဆန် ပြီးနိုင်ဖို့ကိုလည်း ပြင်ဆင်နေတယ်။ ဒါကြောင့်မို့ ကျနော်တို့ဘက်က ယုံကြည်မှု့ရှိတယ်။ စစ်ကောင်စီရဲ့ ရေရှည် Plan ကိုတော့ ကျနော်တို့ မသိဘူးပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ပြည်နယ်ဘက်ကတော့ ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်နိုင်ဖို့၊ နောက်ပြီးတော့ ဒီမိုကရေစီ အမြန်ဆုံး အသက်ဝင်အောင် ပြန်လုပ်နိုင်ဖို့ကတော့ ကျနော်တို့ စောင့်လို့မရဘူး။ အခုထဲက ကြိုးစားနေပါတယ်။

မေး ။ ။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းပေါ့နော်။ ထူးခြားချက်ကတာ့ အခုဆိုရင် မန္တလေးတိုင်းမှာ မန္တလေး PDF တွေပေါ့လေ။ သူတို့တွေက ပူးပေါင်းတပ်တွေအနေနဲ့ အခုဆိုရင် မန္တလေးတိုင်း သပိတ်ကျင်းတို့ ဘာတို့ကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းက သိမ်းယူနိုင်ခဲ့တယ်ဆိုတော့ တဖြေးဖြေးနဲ့ နေပြည်တော်ကို နီးလာတဲ့ အခြေအနေမျိုးကိုတော့ တွေ့နေရတယ်။ နောက် ရှမ်းပြည်မြောက်ပိုင်းမှာ ဆိုရင်လည်း MNDAA တို့ဆိုရင် လားရှိုးထိ ရောက်လာတယ်။ TNLA ဆိုရင်လည်း သီပေါ တလျှောက်ပေါ့နော်။ တကယ့်ကို ကုန်သွယ်ရေးအရ အရေးပါတဲ့ စီးပွားရေးလမ်းကြောင်းကိုလည်း ထိန်းချုပ်ထားပြီဆိုတော့ ၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးကကော ပထမလှိုင်းတုန်းကတမျိုး အခု ဒုတိယလှိုင်း စစ်ဆင်ရေးက ကရင်နီပြည်နယ်ပေါ်မှာ ဘယ်လို သက်ရောက်မှု့တွေ ရှိမလဲရှင့်။

ဖြေ ။ ။ ၁၀၂၇ လားရှိုးအပါအဝင် ဒီဘက်မန္တလေးဘက် စတင်ထိုးဝင်လာတဲ့ စစ်ဆင်ရေး စီမံချက်ကတော့ ကျနော်တို့အားလုံး အကြမ်းဖျဉ်းသိကြတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်ကနေပြီးမှတော့ ထဲထဲဝင်ဝင် မပါဝင်လိုက်နိုင်ဘူး။ အချိတ်အဆက်လုပ်ပြီးမှ အင်နဲ့အားနဲ့ မပါနိုင်ဘူး။ အဲ့ဒီတော့ ကျနော်တို့ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ နည်းနည်းလေးတော့ ကြန့်ကြာမှု့တွေ ရှိသွားတယ်။ သို့သော် ၁၀၂၇ ဒုတိယပိုင်းစီမံချက်က အရမ်း‌အောင်မြင်မှု့ ရှိတယ်။ ဒါက ပြည်သူတွေ တော်လှန်ရေးအင်အားစုတွေရဲ့ ချိတ်ဆက်မှု့ အင်အားကောင်းမှုတွေကို ပြသတဲ့ဟာ ဖြစ်ပါတယ်။ ဒီလိုပဲ တတိယလှိုင်းတွေကလည်း လာလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။ အင်အားစုတွေအားလုံး ချိတ်ဆက်ပြီးမှ အထူးသဖြင့် ပြည်ပဘက်မှာ မန္တလေး၊ စစ်ကိုင်း၊ မကွေးတို့ရဲ့ တော်လှန်ရေးအရှိန်တွေက ဘယ်လိုပဲဖြစ်ဖြစ် ဒါက အားကောင်း လာပြီးသားပဲ။ ဒီမှာရှိနေတဲ့ အင်အားစုတွေနဲ့ ချိတ်ဆက်မှုတွေရယ်၊ နောက်ပြီးတော့ လက်နက်ခံယမ်း ရရှိမှုတွေက နေ့စဥ်လစဥ် တိုးပွားလာတဲ့အခြေအနေ ဖြစ်တယ်။ ယမ်းထောင်း သေနတ်တွေ၊ လောက်လေးဂွကနေမှ အခုလိုမျိုး လက်နက်တွေ အင်အားထောင်ချီသောင်းချီ ဖြစ်လာတဲ့ တော်လှန်ရေးက ဆုံးရှုံးသွားစရာအကြောင်း မရှိသလို။ အခုနပြောသလို တတိယလှိုင်းတစ်ခု ပေါ်လာမှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကျရင် ကျနော်တို့ဘက်က ပိုပြီးတော့ပူးပေါင်းဆောင်ရွက်ပြီးတော့ အားကောင်းတဲ့ ရလဒ်တွေကိုလည်း ကောင်းမွန်တဲ့ ရလဒ်တွေကို ကျနော်တို့က ပိုပြီးမှလုပ်ပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

မေး ။ ။ အဲဒီတော့ ၁၀၂၇ စစ်ဆင်ရေးမှာ အဓိက အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ပါဝင်မှု - ပထမပိုင်းတုန်းကတော့ ကျားဖြန့် အွန်လိုင်းကနေ ငွေလိမ်နေတဲ့ လုပ်ငန်းတွေကို နှိမ်နင်းမယ်ဆိုတဲ့ အနေအထားမှာ တရုတ်က ထောက်ခံမှု ရှိတယ်ဆိုတာမျိုးတွေ သုံးသပ်ထားတာတွေ ရှိသလို, အခု ဒုတိယပိုင်းမှာလည်း တရုတ်က စစ်ကောင်စီနဲ့ ဆွေးနွေးသလို, တဘက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ဆွေးနွေးပြီးတော့ အမြန်ဆုံး ငြိမ်းချမ်းရေးရဖို့ အပစ်ခတ်ရပ်စဲဖို့ ဆိုပြီးတော့ တရုတ်ပါဝင်ပြီးတော့ ကြားဝင်ညှိနှိုင်းဆောင်ရွက်နေတဲ့ အပိုင်းတွေရှိတော့ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီအနေနဲ့ တရုတ်ရဲ့ အခုလို မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေးမှာ တရုတ်ပါဝင်ပတ်သက်နေတဲ့ ရပ်တည်နေတဲ့ အခန်းကဏ္ဍက ဘယ်လိုမူဝါဒ ရှိပါသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့အတူတူ ချိတ်ဆက်နေတာကတော့ NUG, NIUCC တို့ရဲ့ နိုင်ငံရေးအတူတူ, ဟန်ချက်ညီညီ သွားနေတဲ့အပေါ်မှာ အခုနပြောတဲ့ အိမ်နီးချင်းနိုင်ငံပဲဖြစ်ဖြစ်, အခြားနိုင်ငံခြားတိုင်းပြည်တွေနဲ့ ဆက်ဆံရေးက NUG ရဲ့ မူဝါဒနဲ့ ချိတ်ဆက်ပြီးမှ သွားရလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ တခုပြောလို့ရတာက ကရင်နီပြည်က ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို သွားကြမယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့ သွားနေတယ်။ အဲဒီတော့ ဘယ်နိုင်ငံမဆို ကျနော်တို့ ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်တွေနဲ့ သဘောထားကို လေးစားလိုက်နာရလိမ့်မယ်။ အခုနပြောတဲ့ တရုတ်နိုင်ငံကနေ ကြားဝင်ဆောင်ရွက်နေတဲ့ အခြေအနေတွေ, အိမ်နီးချင်းအသီးသီး အပစ်အခတ် ရပ်စဲရေးပဲဖြစ်ဖြစ်, တည်ငြိမ်အေးချမ်းရေးပဲဖြစ်ဖြစ် ဖိအားပေးနေတဲ့ဟာတွေကို စောင့်ကြည့်နေတယ်။ ဒါပေမဲ့ ကျနော်တို့ ပြောလိုတဲ့ဟာက ဒီတိုင်းပြည်ရဲ့ ကံကြမ္မာကို ဒီတိုင်းပြည်မှာရှိတဲ့ လူထုတွေကပဲ ဆုံးဖြတ်ကြလိမ့်မယ်။ အဲဒီတော့ ဆုံးဖြတ်ထားတဲ့ ပြည်သူလူထုရဲ့ သဘောထားနဲ့ ရပ်တည်ချက်ကို အိမ်နီးချင်းနိုင်ငံတွေအားလုံးက လေးစားလိုက်နာပြပြီးမှ အကူအညီပေးပြီးတော့ လုပ်ကြရင်တော့ ပိုပြီးတော့ ထိရောက်တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ။ နောက်ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ တည်ငြိမ်ရေးကို အမြန်လေး ပြန်ရနိုင်မှာ ဖြစ်တယ်။ အဲဒီလိုပဲ မှတ်ချက်ပြုလိုပါတယ်။

မေး ။ ။ တဘက်မှာကြတော့ တရုတ်က စစ်ကောင်စီနဲ့ ပိုပြီးတော့ နီးစပ်ပြီးတော့ တကယ့် NUG လို နွေဦးတော်လှန်ရေးကို ကိုယ်စားပြုပြီးတော့ ဦးဆောင်နေတဲ့ NUG လို အမျိုးသားညီညွှတ်ရေးအစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး မလုပ်တဲ့ပေါ် ဝေဖန်မှုတွေ ရှိနေတော့ တရုတ်ရဲ့ ရပ်တည်ချက်, အဲဒီလို ဝေဖန်တဲ့အပေါ် ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ အဲဒါကလည်း အားလုံးသိနေတဲ့အရာပါပဲ။ တရုတ်ဘက်ကတော့ NUG နဲ့ တော်လှန်ရေးအင်အားစုတွေကို နည်းနည်းလေး လစ်လျူရှူတဲ့သဘောမျိုး ပိုရှိတယ်။ ဒီတိုက်ပွဲမှာ ဒီတော်လှန်ရေးမှာ စစ်ကောင်စီပဲ နိုင်လိမ့်မယ်လို့ သဘောထားမှတ်ချက်ရှိပုံရတယ်။ ဒီအမြင်မျိုး တရုတ်ဘက်က ဆွဲကိုင်ထားတယ်လို့ ယုံကြည်တယ်။ အဲဒါကလည်း တရုတ်ရဲ့ ဆုံးဖြတ်ချက်၊ ရတဲ့သတင်းတွေပေါ် မူတည်ပြီးတော့ ဆုံးဖြတ်တာဖြစ်မယ်။ ဒါပေမဲ့ သေချာတာကတော့ ဒီအရာတွေအားလုံးက မှားယွင်းတယ်လို့ ယူဆတယ်။ အထူးသဖြင့် ပြည်သူတွေ လက်မခံတဲ့ အစိုးရကတော့ ဘယ်တော့မှ တည်မြဲမှာ မဟုတ်ဘူး။ တရုတ်နိုင်ငံကလည်း သင်ခန်းစာတွေ အများကြီးရှိခဲ့ဖူးပြီးသား။ အဲဒီတော့ ဒီနေ့ ကျနော်တို့ အိမ်နီးချင်းတရုတ်ဘက်က ပြည်သူလူထုတွေရဲ့ သဘောထားအမှန်ကို သိရှိပြီးမှ ဝိုင်းကူကြရင်တော့ တရုတ်-မြန်မာ နှစ်ဘက်အကျိုးရှိစေတဲ့ နိင်ငံရေး စစ်ရေးတွေ အများကြီး အကျိုးရှိစေလိမ့်မယ်။ အထူးသဖြင့် NUG ပေါ်မှာ တနေ့တကြိမ်မှာတော့ တရုတ်ဘက်က ပိုပြီးတော့ ချဉ်းကပ်သင့်တယ်။ တိုင်းရင်းသား အင်အားစုတွေပေါ်လည်း ပိုပြီးတော့ ခိုင်မာတဲ့ ရေရှည်တည်တန့်ခိုင်မြဲနိုင်တဲ့ မူဝါဒတွေ အပြောင်းအလဲတွေကို တရုတ်ဘက်က ပြပြင်လုပ်သင့်တယ်လို့ ယူဆပါတယ်။

Forum

XS
SM
MD
LG