သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအတွက် ကမ္ဘောဒီးယား သင်ခန်းစာ


ပါမောက္ခ Sophal Ear
ပါမောက္ခ Sophal Ear

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံကို ကမ္ဘောဒီးယားလို နိုင်ငံတကာအပေါ် အမှီအခိုကြီးနေရတဲ့ အခြေအနေမရောက်စေချင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် နိုင်ငံရပ်ခြား အထောက်အပံ့တွေ အများကြီး လိုအပ်နေတယ်ဆိုပေမယ့် အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံမှာလို နိုင်ငံရပ်ခြား အမှီခိုလွန်နေတဲ့အခြေအနေမျိုး မဖြစ်အောင်သတိပြုသင့်တယ်လို့ "ကမ္ဘောဒီယားနဲ့ နိုင်ငံခြားအကူအညီမှီခိုမှု"-ဆိုတဲ့ စာအုပ်ရေးသားခဲ့သူ ပါမောက္ခ Sophal Ear က ပြောပါတယ်။ ပါမောက္ခ Sophal Ear ကို ဝါရှင်တန်ဒီစီမှာ ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ လူတော်တော်များများက သုံးသပ်တာကို သဘောတူသလားခင်ဗျ။

Prof. Sophal Ear ။ ။ လမ်းကြောင်းမှန်သွားနေတယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ အားလုံးကို သိမ်းကျုံး ချီးမွမ်းနေလို့တော့ မရပါဘူး။ ပြုပြင်ပြောင်းလဲမှု အရှိန်နှေးနေရင် ပိုမြန်အောင် တွန်းအားပေးရမှာ ဖြစ်သလို ပြုပြင်ပြောင်းလဲမှုတွေ သိပ်အရာမထင်သေးဘူးဆိုရင်လည်း ပိုပြီး ရဲရဲတိုး လုပ်ဆောင်သွားနိုင်အောင် အားပေးရမှာ ဖြစ်ပါတယ်။ အရင်ကထက်စာရင်တော့ မှန်ကန်တဲ့လမ်းကြောင်းကို ရောက်နေတယ်လို့ပဲ ပြောရပါလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံဟာ အထီးကျန်ဖြစ်နေခဲ့ရာကနေ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကမှ အရပ်သားအစိုးရပုံစံနဲ့ ပွင့်လင်းလာတာပါ။ အရင်ကမရှိခဲ့တဲ့ လူမှုလူ့အဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးမှု အဖွဲ့အစည်းတွေလည်း ပေါ်လာပါတယ်။ ဒီအဖွဲ့အစည်းတွေရော၊ အစိုးရအနေနဲ့ပါ ပြည်ပထောက်ပံံ့မှုတွေ လိုအပ်နေပါတယ်။ ခင်ဗျားအနေနဲ့ မြန်မာနိုင်ငံကို ကမ္ဘောဒီးယားနိုင်ငံနဲ့ နှိုင်းယှဉ်ပြီး ပြည်ပအထောက်အပံ့ မှီခိုလွန်းတဲ့အခြေအနေ ဖြစ်သွားနိုင်တဲ့ အကြောင်း ထောက်ပြနေတာ ကြားရပါတယ်။ အဲဒီတော့ ပြည်ပအထောက်အပံ့ လိုအပ်ချက်နဲ့ မှီခိုလွန်းတဲ့ အခြေအနေဆိုတာအကြား ဘယ်လို ခွဲခြားတိုင်းတာမလဲ ခင်ဗျ။

Prof. Sophal Ear ။ ။ တစ်ခုကောင်းတာကတော့ မြန်မာနိုင်ငံဟာ ပြည်ပအထောက်အပံ့တွေကို သိပ်ပြီး မှီခိုခဲ့ဖူးတဲ့ အစဉ်အလာမရှိတာပါပဲ။ ဒါဟာ တစ်ချိန်က ၁၉၆၀ နောက်ပိုင်း မြန်မာအစိုးရက ပြည်ပနဲ့သိပ်မဆက်ဆံခဲ့တာက တမျိုး၊ အဲဒီနောက်ပိုင်း ၁၉၈၈ နောက်ပိုင်းမှာ ပြည်ပက အကူအညီတွေ သိပ်ကျယ်ကျယ်ပြန့်ပြန့် မရှိဘဲ ဖြတ်တောက်ခံထားခဲ့ရတာကတမျိုး စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ကမ္ဘောဒီးယားနဲ့ နှိုင်းယှဉ်လိုက်ရင် လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ လူတစ်ဦးချင်းစီအနေနဲ့ရနေတဲ့ နိုင်ငံရပ်ခြား အထောက်အပံ့ဆိုတာဟာ အလွန်နည်းပါသေးတယ်။ ကမ္ဘောဒီးယားမှာ ၁၉၉၀ ပြည့်လွန်ပိုင်း နိုင်ငံ ပွင့်လင်းလာပြီးတဲ့နောက် လူတစ်ဦးကို တစ်နှစ်ကို ဒေါ်လာ ၄၀- ၅၀ နှုန်းလောက် ပြည်ပ အကူအညီတွေ ရနေပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒေါ်လာ ဆယ်ဂဏန်းတောင် မရှိသေးပါဘူး။ လူဦးရေ သန်း ၆၀ လောက်အတွက် လိုအပ်တဲ့ အကူအညီတွေ သိပ်မရသေးဘူးဆိုတာ မကောင်းဘူးလို့လည်း ပြောလို့ရပါတယ်။ နိုင်ငံတကာ အလှူရှင်တွေမှာလည်း ဒီလောက်လှူနိုင်တဲ့အား မရှိသေးပါဘူး။ ဒါပေမဲ့ တဘက်က ပြန်ကြည့်မယ်ဆိုရင်တော့ ဒီလို အလှူငွေ ရရှိမှု နည်းတာတွေအတွက် ပြင်ပကို အားကိုးရမယ့် အလားအလာ ပိုနည်းသွားမယ့် သဘောပါ။ နိုင်ငံတခုရဲ့ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ရင် ပြည်တွင်းမှာ အစိုးရက ကိုယ်ပိုင်ဘဏ္ဍာငွေ ရှာဖွေ သုံးစွဲနိုင်တဲ့နှုန်းနဲ့ ပြည်ပက အကူအညီ ဆတူဖြစ်နေပြီဆိုရင် ကောင်းပါတယ်။ ဒါပေမယ့် ကမ္ဘောဒီးယားနဲ့ ရဝမ်ဒါလို နိုင်ငံမျိုးတွေမှာတော့ ပြည်ပကူညီမှုက နှစ်ဆလောက် ပိုနေတဲ့အတွက် ဒါဟာ ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဘာလို့ မကောင်းတာလဲဆိုတာ ရှင်းပြပါလား။ ဥပမာ- ကမ္ဘောဒီးယားနိုင်ငံပေါ့။

Prof. Sophal Ear ။ ။ ကမ္ဘောဒီးယားမှာက ၁၉၇၀ နှစ်လွန်ပိုင်းတွေက ဖြစ်ခဲ့တာတွေအတွက် အပြစ်မဲ့ပြည်သူတွေအပေါ် နိုင်ငံတကာ အလှူ့ရှင်တွေက အင်မတန် စာနာကြပါတယ်။ အဲဒီအတွက်လည်း အကူအညီတွေ ပုံအော ပေးနေတာပါ။ ဒါပေမဲ့လည်း အဲဒီတုန်းက ပြစ်မှုတွေမှာ ဘယ်သူတွေက ကျူးလွန်ခဲ့တာလဲ၊ လက်ရှိအစိုးရကရော အဲဒီပြစ်မှုတွေမှာ ပါခဲ့ဖူးသလား- စသဖြင့် မကြည့်တော့ဘဲ အလားတူ အဖြစ်ဆိုးတွေ ပြန်မဖြစ်ရင် ပြီးရောဆိုတဲ့သဘောနဲ့ မျက်စိမှိတ်ပြီး အကူအညီတွေ ပေးနေတော့ အဂတိလိုက်စားမှုတွေ၊ မတရားမှုတွေကို အားပေးသလို ဖြစ်ခဲ့ရပါတယ်။

ဥပမာအားဖြင့် - ကမ္ဘောဒီးယားမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ မရှိတော့ ဒီကိစ္စလုပ်ဖို့ လိုတယ်ဆိုပြီး နိုင်ငံတကာ အလှူ့ရှင်အစည်းအဝေးမှာ ပြောကြပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘောဒီးယားအစိုးရက ဒေါ်လာ သန်း ၅၀၀ အထောက်အပံ့ လိုပါတယ်လို့ တောင်းထားတာကို အလှူ့ရှင်တွေက သန်း ၆၀၀ ပေးလိုက်ပါတယ်။ အဲဒီလို တဘက်က ဝေဖန်၊ တဘက်က လိုတာထက် ပိုပေးလိုက်တယ်ဆိုတော့ လက်ရှိအစိုးရရဲ့ လုပ်ရပ်တွေကို ထောက်ခံပေးတဲ့ သဘော ဖြစ်နေပါတယ်။ တကယ်တန်းမှာ ဖြစ်သင့်တာက တစုံတခုကို ဝေဖန်ထောက်ပြပြီး အပြစ်တင်မယ်ဆိုရင် အဲဒီအတွက် တဘက်မှာ အထောက်အပံ့တွေကို လျှော့ချဖို့၊ ဒါမှမဟုတ် ထပ်တိုး မပေးဖို့ဘဲ လုပ်သင့်ပါတယ်။ ဒါမှ ပြုပြင်ပြောင်းလဲရေးတွေကို အားပေးရာရောက်မှာပါ။

ဦးသန်းလွင်ထွန်း ။ ။ သဘောကတော့ နိုင်ငံတကာ အလှူ့ရှင်တွေအနေနဲ့ အထောက်အပံ့ပေးချင်တာပဲ များနေပြီး ထောက်ပြစရာရှိတာတွေကို ခိုင်ခိုင်မာမာ ထောက်ပြဖိအားပေးမှုတွေ မရှိခဲ့ဘူးလို့ ဆိုလိုတာလား။

Prof. Sophal Ear ။ ။ ဟုတ်ပါတယ်၊ အမှန်ပါပဲ။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လည်း ဒါဟာ အစိုးရနဲ့ အဂတိလိုက်စားမှု ပြဿနာတွေဘက်ကို ပိုရောက်နေပါတယ်။ ကျနော်မေးချင်တာက နိုင်ငံရပ်ခြား အကူအညီတွေအပေါ် အမှီအခို လွန်နေတယ်ဆိုတာပါ။ ဒီ အမှီအခို လွန်တယ်ဆိုတာဟာ အစိုးရကို ပြောတာလား၊ ပြည်သူတွေကို ပြောတာလား။

Prof. Sophal Ear ။ ။ ကမ္ဘောဒီးယား ဥပမာကို ပေးရမယ်ဆိုရင်တော့ ပြည်သူလူထုဆီက အခွန်ဘဏ္ဍာငွေရအောင် ရှာတဲ့နေရာမှာ အစိုးရအနေနဲ့ GDP လို့ခေါ်တဲ့ ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုးရဲ့ ၈.၃ % လောက်ကိုပဲ ကောက်ယူနိုင်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံရပ်ခြားက ကူညီမှုတွေကတော့ GDP ရဲ့ ၁၁% လောက်ရှိနေတယ်ဆိုတော့ ပြည်တွင်းမှာ ရှာနိုင်တာထက် ပြည်ပကဝင်နေတာက ပိုများနေပါတယ်။ ဒီပုံမျိုးနဲ့ဆက်သွားနေရင် အစိုးရအနေနဲ့ ပြည်တွင်းဖွံ့ဖြိုးမှုတွေမှာ ကိုယ့်ဘာသာစီမံကိန်းချ၊ ကိုယ့်ဘာသာ အခွန်ဘဏ္ဍာငွေရှာ လုပ်ကိုင်ဖို့ထက် ပြည်ပကိုပဲ ပိုပြီး အားကိုးလာပါလိမ့်မယ်။

လူထုကို အလုပ်တွေ ပိုလုပ်လာစေဖို့ အခွန်တွေ ပိုပြီးပေးလာနိုင်စွမ်းရှိအောင် အလုပ်အကိုင် ဖန်တီးပေးဖို့ ဆိုတဲ့အစား အခွန်နှုန်းနည်းနည်းနဲ့ နှစ်သိမ့်ပေးထားပြီး တဘက်မှာတော့ အဂတိလိုက်စားမှုနဲ့ ကိုယ့်အိတ်ထဲကိုယ် ငွေတွေထည့်နေတဲ့ကိစ္စတွေ ပေါ်လာစေပါတယ်။ နန်းတော်ကြီးတွေလို အိမ်တွေဆောက်၊ ဇိမ်ခံပစ္စည်းနဲ့ ကားတွေဝယ် စသဖြင့် ဖြစ်ချင်တိုင်း ဖြစ်လာနေတာတွေကို တွေ့ရပါတယ်။ ဒါတွေဟာ တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် ဘယ်လိုမှ အကျိုးမပြုပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဒါဆို အဓိက ပြဿနာက အစိုးရပေါ့။ နိုင်ငံတကာ အလှူ့ရှင်တွေဘက်ကရော ဒီကိစ္စ လမ်းကြောင်းတည့်သွားအောင် ဘာတွေလုပ်ဖို့ သင့်သလဲ။

Prof. Sophal Ear ။ ။ အလှူရှင်တွေ လုပ်ဖို့လိုတာက ကိုယ့်ပြည်တွင်း ဖွံ့ဖြိုးမှုနဲ့ ပြည်တွင်း အခွန်ဘဏ္ဍာ တိုးလာအောင် လုပ်နေတဲ့၊ လုပ်ချင်စိတ်ရှိတဲ့ နိုင်ငံတွေကို ပိုဦးစားပေးသင့်ပါတယ်။ မလုပ်တဲ့နိုင်ငံတွေကို အကူအညီ ထပ်တိုးမပေးဘဲ လိုအပ်ရင် အကူအညီလျှော့ချ ဒဏ်ခတ်တာမျိုးတောင် လုပ်ရပါလိမ့်မယ်။ ပြည်တွင်းမှာ အခွန်ဘဏ္ဍာတိုးအောင် လုပ်တယ်ဆိုတာဟာ နိုင်ငံတစ်နိုင်ငံ သီးခြားရပ်တည်နိုင်ဖို့အတွက် အရေးကြီးတာမို့ အားပေးရမှာပါ။ ဒါမှလည်း နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ တခြားလိုအပ်နေတဲ့ နေရာတွေကို လွဲှပြောင်းပြီး အကူအညီတွေ ပံ့ပိုးပေးနိုင်မှာပါ။

တကယ်တန်းမှာတော့ ပြည်တွင်းမှာ ကိုယ်ပိုင် အခွန်ဘဏ္ဍာငွေ ရှာနိုင်မှလည်း နိုင်ငံအစိုးရတွေအနေနဲ့ ကိုယ်လိုအပ်တဲ့နေရာတွေမှာ ကိုယ်လိုသလို သုံးနိုင်မှာဖြစ်သလို အထောက်အပံ့ပေးနေတဲ့ ပြင်ပနိုင်ငံအဖွဲ့အစည်းတွေရဲ့ ညွှန်ကြားတာတွေကို လုပ်နေရမယ့် အခြေအနေမျိုးက လွတ်မြောက်နိုင်မှာလည်း ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံအခြေအနေကို ပြောမယ်ဆိုရင်တော့ လောလောဆယ်မှာက နိုင်ငံတကာ အထောက်အပံ့တွေ အကြီးအကျယ် လိုအပ်နေတဲ့အချိန် မဟုတ်ဘူးလား ခင်ဗျ။

Prof. Sophal Ear ။ ။ ဒီနေရာမှာတော့ ကုန်သွယ်ရေးလုပ်ငန်းတွေက နိုင်ငံတကာ အကူအညီတွေထက် ပိုပြီး အရေးပါတယ်လို့ ပြောချင်ပါတယ်။ ကုန်သွယ်ရေးလုပ်ငန်းတွေကပဲ ပြည်တွင်းမှာလိုအပ်နေတဲ့ ဖွံ့ဖြိုးမှုတွေအတွက် နိုင်ငံရပ်ခြား ဝင်ငွေတွေ ပိုဖန်တီးပေးနိုင်မှာပါ။ နိုင်ငံရပ်ခြား အကူအညီဆိုတာက ရေရှည်ဆက်သွားမသွား၊ တသမတ်တည်း ရှိမရှိဆိုတာ မသေချာပါဘူး။ အလှူ့ရှင်နိုင်ငံတွေဘက်မှာလည်း စီးပွားရေးအကျပ်အတည်း ပြဿနာတွေ ကြုံရတဲ့အတွက် အကူအညီလျှော့ချတာတွေ ရှိနိုင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးတိုးမြှင့်ဖို့အတွက် အခြေခံအဆောက်အအုံဖွံ့ဖြိုးဖို့ လိုပါတယ်။ အဲဒီအတွက် နိုင်ငံရပ်ခြား အကူအညီတွေ အကြီးအကျယ်မရဘဲ မဖြစ်နိုင်ဘူးမဟုတ်လားခင်ဗျ။

Prof. Sophal Ear ။ ။ ဟုတ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအစိုးရဟာ ဘယ်နေရာနဲ့မှ မနီးစပ်တဲ့နေရာမျိုးဖြစ်တဲ့ နေပြည်တော်မှာ ရုံးတွေ၊ အဆောက်အအုံတွေ တည်ဆောက်ပြီး အဲဒီဒေသဖွံ့ဖြိုးဖို့အတွက် လမ်းတွေဖောက်၊ လေယာဉ်ကွင်းတွေဆောက် စတာမျိုးတွေလည်း ရှိနေပါတယ်။ နိုင်ငံရပ်ခြားအကူအညီတွေဟာ ဒီလို သုံးစွဲမှုမျိုးတွေဆီကို ရောက်သွားခဲ့ရင်တော့ အခြေအနေ မကောင်းပါဘူး။ နိုင်ငံတကာ အကူအညီဆိုတာ တနိုင်ငံလုံးဖွံ့ဖြိုးမှုဆီကို ဦးတည်မယ့် ပညာရေး၊ ကျန်းမာရေး စတဲ့အခြေခံလုပ်ငန်းတွေအတွက် ဖြစ်ရပါလိမ့်မယ်။

ဦးသန်းလွင်ထွန်း။ ။ ဒေါ်အောင်ဆန်းစုကြည်ကရော ခင်ဗျားနဲ့နေပြည်တော စီးပွားရေးညီလာခံမှာ တွေ့ခဲ့စဉ်က အခုလို နိုင်ငံရပ်ခြား အမှီအခို ကြီးလာနိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘာများပြောခဲ့တာ ရှိလဲခင်ဗျ။ မြန်မာနိုင်ငံကို ကမ္ဘောဒီးယားလို၊ အာဖရိကနိုင်ငံတချို့လို ဖြစ်သွားမှာ စိုးရိမ်သတဲ့လား ခင်ဗျ။

Prof. Sophal Ear ။ ။ ကျနော်တို့ ခဏပဲ ပြောဖြစ်ခဲ့ပါတယ်။ ကျနော်ရေးတဲ့ “ကမ္ဘောဒီးယားသင်ခန်းစာ” ဆိုတဲ့ စာအုပ်ကိုလည်း လက်ဆောင်ပေးခဲ့ပါတယ်။ နိုင်ငံရပ်ခြား အကူအညီတွေနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံက ကျူးလွန်ခဲ့တဲ့အမှားတွေ၊ အမှီအခို ကြီးနေရတဲ့ အခြေအနေမျိုးတွေကို သင်ခန်းစာယူနိုင်ရေး သူလည်း သဘောပေါက်မယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံမှာ လက်ရှိအနေနဲ့ နိုင်ငံရပ်ခြား အကူအညီတွေကို အမှီအခိုကြီးလာမယ့် လက္ခဏာတွေကိုရော တွေ့နေရပြီလား ခင်ဗျ။

Prof. Sophal Ear ။ ။ အခုလောလောဆယ်မှာတော့ မြန်မာနိုင်ငံက ရရှိနေတဲ့ နိုင်ငံရပ်ခြား အကူအညီဆိုတာ နည်းပါသေးတယ်။ လက်ရှိအားဖြင့် နိုင်ငံတကာ အလှူရှင်တွေရဲ့ကူညီမှုတွေနဲ့ လုပ်ငန်းနေရာတွေဟာ ဗဟိုအစိုးရရဲ့ လုပ်ငန်းတွေနဲ့ မဆက်စပ်သေးပါဘူး။ ဒါတွေကို အဆင်ပြေပြေ ဘယ်လို ဆက်စပ်မလဲဆိုတာ နည်းလမ်းရှာဖို့နဲ့ အဂတိလိုက်စားမှုတွေ ပေါ်မလာအောင် ဘယ်လိုရှောင်မလဲ၊ လက်ရှိဖြစ်နေတဲ့ ကမ္ဘာ့အဂတိလိုက်စားမှု အများဆုံး (၅) နိုင်ငံစာရင်းဝင် အနေအထားကနေ ဘယ်လို တိုးတက်လာအောင်လုပ်မလဲ စတာတွေဟာ အဓိက ပြဿနာပါ။ နိုင်ငံတကာ အကူအညီတွေ သိပ်မရှိခဲ့ဘဲနဲ့တောင် မြန်မာနိုင်ငံဟာ အဂတိအလိုက်စားဆုံး စာရင်းဝင်နိုင်ငံ ဖြစ်နေခဲ့တယ်ဆိုတော့ နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ သူတို့ရဲ့ အလှူငွေတွေနဲ့ ထောက်ပံ့မှုတွေကို အလွဲသုံးစား အလုပ်မခံရစေဖို့ ပိုပြီး သတိကြပ်ကြပ်ထားရမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ "ကမ္ဘောဒီးယားနဲ့ နိုင်ငံခြားအကူအညီ မှီခိုမှု"-ဆိုတဲ့ စာအုပ်ရေးသားခဲ့သူ ပါမောက္ခ Sophal Ear ကို ဝါရှင်တန်ဒီစီ မှာ ကျနော် တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG