သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဆာရဲ့ အင်္ဂါဂြိုဟ်ခြေလှမ်း


NASA Cognitive Study
NASA Cognitive Study
နာဆာရဲ့ အင်္ဂါဂြိုဟ်ခြေလှမ်း
please wait

No media source currently available

0:00 0:12:00 0:00
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ အင်္ဂါဂြိုဟ်သွားဖို့ အမေရိကန် အာကာသစူးစမ်းရေးဌာနက လုပ်ဆောင်နေတဲ့ သုတေသနတွေထဲမှာ သိပ္ပံဘာသာရပ်ခွဲမျိုးစုံ ပါဝင်ပါတယ်။ ဒီပညာရပ်မျိုးစုံ အသုံးပြုပြီး အင်္ဂါဂြိဟ်ကို သွားနိုင်ဖို့ NASA က ဘယ်လို ဆောင်ရွက်နေပါလဲ။ တက္ကသိုလ်များ အာကာသစူးစမ်းရေးအဖွဲ့ USRA ရဲ့ ၂၀၁၆ ဆုရှင် တဦးဖြစ်တဲ့ NASA Glen Research Center က မြန်မာသိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်ကို ဝါရှင်တန်ဒီစီ VOA Studio မှာ ဒေါ်ခင်မျိုးသက် က တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဦးပဒေသာတင် အခု VOA ကိုလာရောက်ပြီး ဖြေကြားပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ NASA ဆိုလို့ရှိရင် NASA က အမေရိကန် အာကာသစူးစမ်းရေး သုတေသနဌာနဆိုပြီးတော့ အင်္ဂါဂြိုဟ်သွားဖို့ NASA က လုပ်နေတယ်ဆိုတာကို လူတိုင်းက စိတ်ဝင်စားပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဦးပဒေသာတင်ကို မေးပါရစေ။

ဒေါက်တာပဒေသာတင် ။ ။ အကျဉ်းချူံပြောပြရမယ်ဆိုရင် အင်္ဂါဂြိုဟ်ကို လူသွားမယ်ဆိုတာ အင်္ဂါဂြိုဟ်ကို လူမသွားခင် စက်ရုပ်တွေ ပို့ရတယ်။ လွန်ခဲ့တဲ့ (၁၀) နှစ်၊ (၁၂) နှစ်လောက်က စက်ရုပ်တွေ ပို့ပြီးတဲ့အခါ အဓိက အင်္ဂါဂြိုဟ်ပေါ်မှာ ရေရှိသလား။ ပြီးတော့ လူတွေနေလို့ ရမလားဆိုတဲ့ဟာ။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ ဂြိုဟ်ပေါ်မသွားခင် အရင်ဆုံး စမ်းသပ်ရတယ်။ လိုအပ်တာတွေ လုပ်ရတာပေါ့။ အဲဒါကို နည်းနည်းပြောပြပေးပါ။

ဒေါက်တာပဒေသာတင် ။ ။ အင်္ဂါဂြိုဟ်ရောက်အောင် ဘယ်လို ဒုံးပျံမျိုး ဆောက်မလဲ။ အခု စဆောက်နေပြီ။ နောက် သုံးလေးနှစ်ဆိုရင် သူတို့ ဒီဒုံးပျံကို အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို ပစ်တင်လို့ရပြီ။ နောက် ငါးနှစ်ခြောက်နှစ်ဆိုရင် လပေါ်ကို ခဏ ပြန်သွားကြည့်မယ်။ သူတို့ ဒုံးပျံက ဘယ်လောက်အထိ အင်အားကောင်းကောင်းနဲ့ စနစ်တကျ ပစ်တင်နိုင်လဲ။ ဒါပြီလို့ နောက် (၁၅) နှစ်လောက်ဆိုရင် အင်္ဂါဂြိုဟ်ပေါ်ကို လူတွေသွားပါတော့မယ်။ သွားတဲ့အခါကြတော့ အင်္ဂါဂြိုဟ်သွားဖို့က အရင်တခေါက် ပြောဖူးတဲ့အထဲမှာပါပါတယ် - အသွားတင် (၉) လခွဲကြာမယ်။ မိုင်သန်းပေါင်း မြောက်မြားစွာသွားရမယ်။ အပြန်ကို (၉) လခွဲကြာမယ်။ အသွား (၉) လခွဲကြာပြီးတော့ ရောက်ပြန်လုပ်လို့ မရဘူး။ ရောက်လဲရောက် ပြန်လဲပြန်ဆိုရင် ကမ္ဘာပတ်လမ်းကြောင်းထဲကို မဝင်တဲ့အတွက် လွဲသွားမယ်။ အဲဒါ တနှစ်ခွဲကြာမယ်။ ဟိုမှာတနှစ်ခွဲရယ်၊ အသွားအပြန် တနှစ်ခွဲရယ် သုံးလေးနှစ် ဖြစ်နေပြီ။ အဲဒီလောက်သွားတဲ့ ခရီးအတွက်ဆိုရင် အစားအသောက် ဘယ်လို သယ်သွားမလဲ။ ဟိုပေါ်မှာ ရေမရှိရင် ဘာလုပ်မလဲ။ ရေကို မရှိဘူး။ ရေရှိသလားဆိုတာ အခုမှ စမ်းတဝါးဝါး ရှာတုန်းရှိသေးတယ်။ အဲဒီတော့ ရေကို ဟိုပေါ်မှာ နှစ်နဲ့ချီပြီးတော့ သွားနေတုန်း၊ ပျံနေတုန်းသုံးဖို့ ရေသန့်ထုတ်တဲ့စက်တွေ၊ ရေသန့်ထုတ်ပုံထုတ်နည်းနဲ့ ပတ်သက်တဲ့ ရေဘယ်လောက် သန့်သလဲ မသန့်သလဲဆိုတဲ့ စက်မျိုးကို ကျနော်လည်း ကူညီပြီးတော့ လုပ်ခဲ့ဖူးပါတယ်။ ဟိုတရက်က ပြောပါတယ် IntraVenous Fluid GENeration ဆိုတာ ရေသန့်ကနေ ဆားရောပြီး သွေးထဲကို ထုတ်လုပ်ရတဲ့ ရေမရှိရင် ဘယ်လို ရှင်သန်မလဲဆိုတာ။

ဒေါ်ခင်မျိုးသက် ။ ။ အစားအသောက်ကြတော့ ဘယ်လိုလဲ။

ဒေါက်တာပဒေသာတင် ။ ။ အစားအသောက်က ဘာလဲဆိုတော့ အဲဒီလောက်ဝေးတဲ့ ခရီးတင်မကဘူး။ ဘယ်လောက်အထိ စဉ်းစားသလဲဆိုရင် ဒီစကြာဝဠာကနေ နောက်စကြာဝဠာကို သွားကြမယ်ဆိုတဲ့ ရည်ရွယ်ချက်တောင်ရှိပါတယ်။ အဲဒီလောက်ဝေးတဲ့ ခရီးကို သွားမယ်ဆိုလို့ရှိရင် နှစ်ပေါင်းများစွာ သွားရတဲ့အတွက် ဒီကနေ ဒုံးပျံကြီးတခုလုံးပေါ်မှာ ငပိအိုး၊ ဆားအိုးတွေ တင်ပြီးတော့ တခါတည်း သွားကြစို့ဆိုပြီး လုပ်လို့မရဘူး။ တချိန်ကြရင် ကုန်သွားမှာ။ အဲဒီတော့ ဘယ်လို စဉ်းစားနေလဲဆိုရင် ကျနော်တို့ NASA Center ရှိတယ်။ NASA Johnson Space Center ဆိုတာ Texas ပြည်နယ်မှာ ရှိပါတယ်။ သူတို့ ဘာတွေစဉ်းစားနေလဲဆိုရင် Seed to Seed အခု အစေ့စိုက်၊ ရက်သတ္တပတ် နှစ်ပတ်သုံးပတ်လောက်အတွင်းမှာ ဒီအပင်ပြန်ပေါက်၊ အစေ့ပြန်ရ၊ အဲဒီအစေ့ ပြန်စိုက်ပေါ့။ အဲဒီလိုနဲ့ စပါးစိုက်မယ်ဆိုလို့ရှိရင် ပျိုကျဲတာကနေ ကောက်ရိတ်တဲ့အထိ သုံးလေးလလောက်ကြတယ်။ အဲဒီလောက်အထ မစောင့်နိုင်ဘူး။ အချိန်တိုတိုအတွင်းမှာ စားလို့ရတဲ့ အာဟာရဖြစ်တဲ့အရာ။ အခုနောက်ပိုင်း တွေ့တဲ့ဟာကတော့ ပဲပင်ပေါက်လို အပင်တွေ စတွေ့ပါတယ်။ ရက် (၄၀) အတွင်းမှာ စားလို့ရတဲ့ အပင်တွေရပြီ။ နောက်တခုက ဘာလဲဆိုတော့ ကမ္ဘာ့ဆွဲအား မရှိတဲ့အချိန်မှာ အသီးအနံှတွေကို ဘယ်လို ဆွဲအားမရှိဘဲနဲ့ ဘယ်လိုစိုက်မလဲ။ ဥပမာအားဖြင့် Hydrophonic ရေထဲမှာ မြေသြဇာတွေ ထည့်ဖျော်ပြီးတော့ ခရမ်းချဉ်သီးတွေ စိုက်တယ်။ တလောကဆိုရင် ပြီးခဲ့တဲ့နှစ်က စိုက်တယ်။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းထဲမှာ ကိုယ့်ဘာသာကိုယ်စိုက်တဲ့ စလပ်ရွတ်ကို သုတ်စားလို့တောင် ရပြီ။ ဒါက အစားအသောက်။ လေရှုဖို့ အရေးကြီးတယ်။ အင်္ဂါဂြိုဟ်ပေါ် ရောက်တဲ့အခါ အင်္ဂါဂြိုဟ်ပေါ်မှာရှိတာ ကာဗွန်ဒိုင်အောက်ဆိုဒ် များတယ်ဆိုလို့ရှိရင် ကာဗွန်နဲ့ ဒိုင်အောက်ဆိုက်ဆိုတာ အောက်စီဂျင် Crack လုပ်တယ်ဆိုတာ အောက်ဆီဂျင်ကို သန့်ယူမယ်။ အဲဒီနည်းပညာတွေက တခုပေါ့။ လေနဲ့ ပတ်သက်တဲ့ဟာက။ နောက် အညစ်အကြေးစွန့်တဲ့အခါမှာ ဘယ်လို အညစ်အကြေး စွန့်မလား။ ဘယ်လို ကိုယ်တွင်းကျန်းမာဖို့အတွက်၊ သန့်စင်ဖို့အတွက် အဲဒီဟာတွေပေါ့။ ဒါတွေ လုပ်နေကြပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒါက သုတေသနတွေလုပ်တာ ကြိုပြီပြင်ဆင်ထားတာပေါ့။ အဲဒီတော့ အခု အင်္ဂါဂြိုဟ်ပေါ်မှာ အခုလောလောဆယ် သုတေသန လုပ်ပြီး လွှတ်ထားတဲ့ စက်ရုပ်တွေ ရှိတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်နေပါလဲ။ ဘာအတွက်ကို …

ဒေါက်တာပဒေသာတင် ။ ။ အဓိကတော့ ဘာလဲဆိုတော့ အင်္ဂါဂြိုဟ်ကို လွန်ခဲ့တဲ့ ဆယ်နှစ်၊ တဆယ့်ငါးနှစ်ကစပြီး မကကတည်းက ကင်းထောက်ဂြိုဟ်တုတွေ ပို့။ ဒီကနေလဲ လှမ်းကြည့်နဲ့ပေါ့ -- အင်္ဂါဂြိုဟ်က ကမ္ဘာလိုပဲ Polar Caps တွေရှိတယ်။ ရေရှိတဲ့နေရာတွေ။ ဆောင်းတွင်းကြရင် အဲဒီနေရာတွေက ဖွေးသွားတယ်။ အဲဒီနေရာတွေမှာ ရေရှိတယ်ဆိုပြီးတော့ လူသွားတယ်ဆိုရင် လူက ရေပေါ်မူတည်ပြီးတော့ အသက်ရှင်တယ်။ ဆိုတော့ ရေရှိတယ်နေရာကို လွှတ်မယ်ဆိုတော့ ရေ တကယ်ကော ရှိရဲ့လားဆိုတာကို တိုင်းတာဖို့အတွက် စက်ရုပ်တွေ လွှတ်ပါတယ်။ စက်ရုပ်တွေက ဘာလဲဆိုတော့ အင်္ဂါဂြိုဟ်ပေါ်မှာ အင်ယားကန်ကြီးလို၊ အင်လေးကန်ကြီးလို ရေတွေရှိတာ မဟုတ်ဘူး။ သူ့ရဲ့ မြေကြီးအောက်မှာ အင်္ဂါဂြိုဟ်ရဲ့ မြေလွှာအောက်မှာ ပေပေါင်းမြောက်မြားစွာမှာ လွန်ခဲ့တဲ့နှစ်ပေါင်း သန်းပေါင်းမြောက်မြားစွာ ရေရှိခဲ့ဖူးတယ်။ ဒါဆိုလို့ရှိရင် သတ္တဝါတွေလည်း ရှိမှာပဲဆိုပြီးတဲ့အခါကြတော့ ပထမဦးဆုံး စထွက်တာကတော့ ရေရှာထွက်တာပေါ့။ နောက် ရေရှာထွက်ရုံတင်မကဘူး အင်္ဂါဂြိုဟ်ပေါ်မှာ ဘယ်လို သတ္ထုမျိုးတွေ ရှိသလဲဆိုတဲ့ ဘူမိဗေဒဆိုင်ရာ လေ့လာမှုတွေ အများကြီးလုပ်ရပါတယ်။ အင်္ဂါဂြိုဟ်က ဘယ်လောက်ပူလို့၊ ဘယ်လောက်အေးလဲ။ ပြီးတော့ ရေခိုးရေငွေ့ ရှိသလား၊ မရှိဘူးလား။ အဲဒါတွေ သုတေသန လုပ်ရတယ်။ နောက်ပြီးတော့ ဒီမြေကြီးထဲကနေ စက်ရုပ်တွေက သူတို့ဘာသူတို့ ဒီကနေ အဝေးကြီးကနေ ညွှန်ကြားလိုက်လို့ရှိရင် (၁၀) မိနစ်လောက်ကြာတယ်။ ဆယ်မိနစ်လောက်နဲ့ ဟိုကို Signal ရောက်သွားတာနဲ့ အဲဒီစက်ရုပ်က မြေကြီးကိုတူး၊ တူးပြီးတော့ သူကိုယ်တိုင် ခရင်းလေးနဲ့ကော်၊ သူ့ဟာသူ စမ်းသပ်လိုက်တာနဲ့ စက်ရုပ်တခုလုံးကိုယ်နှိုက်က ဘာလဲဆိုတော့ သူကိုယ်တိုင် ကားမောင်းသွား၊ ဂေါက်သီးရိုက်တဲ့ ကားလောက် ရှိတယ်။ ပြီးတော့ ဓါတ်သတ္ထုတွေကို ကိုယ်တိုင်နှိုက်တူးရှာ စမ်းသပ်ပြီး အဲဒီ Data တွေကို ကမ္ဘာဆီပြန်ပို့ အဲဒီလို လုပ်နေတာ ရှိပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ ဒီလောက် ခက်ခက်ခဲခဲ အခုထိ အင်္ဂါဂြိုဟ်အကြောင်းလဲ ဘာမှမသိသေးဘဲနဲ့ လူနေဖို့ လုပ်နေတယ်ဆိုတော့ ဒီရည်ရွယ်ချက်က အောင်မြင်မယ်ထင်လို့ လုပ်နေတာပါလား။

ဒေါက်တာပဒေသာတင် ။ ။ အောင်မြင်မှာပါ။ အမေရိကန်နိုင်ငံတနိုင်ငံထဲ လုပ်တာမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ စက်မှုလက်မှု ထွန်းကားပြီး အာကာသ သုတေသန အရမ်းကိုစိတ်ဝင်စားစွာ လုပ်နေတဲ့ ရုရှားလည်းပါပါတယ်။ ပြီးတော့ ဂျာမဏီ၊ ပြင်သစ်၊ အီတလီ၊ အင်္ဂလန်၊ ဂျပန်၊ ကနေဒါတို့လည်း ပါတယ်။ နိုင်ငံပေါင်းများစွာနဲ့ တရုတ်ပြည်တောင် ပါပါတယ်။ အကုန်လုံး စုပေါင်းပြီးတဲ့အခါကြတော့ ဒီအင်္ဂါဂြိုဟ်ပေါ်ကို လူတွေ နောက်နှစ် (၁၀၀) ကဖြစ်စေ သွားပြီးတော့ နေကြမယ်။ အဲဒီလို ရည်မှန်းထားတဲ့ ရည်ရွယ်ချက်နဲ့ သွားတာရှိပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ အခု အင်္ဂါဂြိုဟ် မသွားခင် သုတေသနတွေ လုပ်နေတာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှာပါ။ ဒီအပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို အခုက ဒီနေရာမှာပဲ နေလို့ရလား၊ မရလား စမ်းသပ်နေတာ ရှိပါတယ်။ ဘယ်အခြေအနေများ ရှိပါပြီလဲ။

ဒေါက်တာပဒေသာတင် ။ ။ အဓိက ဘာလဲဆိုတော့ ကမ္ဘာ့ဆွဲအား လုံးဝမရှိတဲ့ နေရာမှာ လူတွေ နေတဲ့အခါ စိတ်ဓါတ်ရေးရာအရ စဉ်းစားတာ၊ တွေးခေါ်တာတွေအစ ပြောင်းသွားတာတွေ ရှိတယ်။ နောက်တခုက ဘာလဲဆိုရင် လူတွေက ကမ္ဘာ့ဆွဲအား မရှိတဲ့အခါ အရိုးပွရောဂါ ဖြစ်တယ်။ အဲဒါ ဘာကြောင့်ဖြစ်လဲဆိုတာကို စုံစမ်းတုန်းပါပဲ။ အဲဒီတော့ လွန်ခဲ့တဲ့လ သိပ်မကြာခင်သေးခင် ကျနော်တို့ NASA Team နဲ့ အာကာသသူရဲကောင်း John Glen တို့ သူအသက် ခုနှစ်ဆယ် ရှစ်ဆယ်လောက်မှာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းထဲမှာ တစ်လနှစ်လမှာ နေခိုင်းပြီး ပြန်ဆင်းလာတဲ့အခါကြတော့ သူ ကမ္ဘာပေါ်လည်းရောက်တော့ သူ လမ်းကိုယ်တိုင် မလျှောက်နိုင်ဘူး။ ဒယိမ်းဒယိုင်း ဖြစ်နေခဲ့တယ်။ နောက် အာကာသစခန်းထဲမှာ အကြာကြီးနေတဲ့အခါကြရင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းသလားဆိုတာကို လေ့လာတာ ရှိပါတယ်။ ဘာလဲဆိုတော့ အမြွာညီအကိုနှစ်ယောက်နဲ့ မနှစ်က စမ်းခဲ့တဲ့အခါကြတော့ ကျနော် ပြောဖူးတယ်ထင်ပါတယ် အမြွားညီအကို ဖြစ်တော့ ဟိုအပေါ်မှာ စားတဲ့အတိုင်း၊ ကမ္ဘာပေါ်မှာလည်း တယောက်က အဲဒီအတိုင်းပဲစား၊ ဒီအတိုင်းပဲအိပ် .. စိတ်ဝင်စားဖို့ကောင်းတာ ဘာလဲဆိုတော့ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းထဲမှာ လုပ်တဲ့ Mark Kelly က ပြောပြတယ် သူသတိမေ့လာတယ်။ မေ့လာတယ်ဆိုတာ လွန်ခဲ့တဲ့ မနေ့က ဘာစားလဲဆိုတာကို တခါတလေ သူမမှတ်မိတော့ဘူး။ ဘာကြောင့်ဖြစ်လဲပေါ့။ ဒီအပေါ်မှာ ကမ္ဘာပေါ်မှာရှိတဲ့ သူ့ဖွားဖက်တော်က ဘာမှမဖြစ်ဘူး။ မနေ့က ဘာစားလဲဆိုတာ မှတ်မိတယ်။ လွန်ခဲ့တဲ့ သုံးရက်က ဘာစားလဲဆိုတာ မှတ်မိတယ်။ အဲဒါမျိုး အဲဒါတွေ ပါလာတယ်။ ကျန်းမာရေးကလည်း တနှစ်လောက် နေလာတဲ့အခါကြတော့ ကျန်းမာရေး ဘယ်လောက်အထိ ပြောင်းလဲသွားလဲဆိုတာကိုလဲ လေ့လာတာ ရှိပါတယ်။ ဒါတွေဟာ ဟိုအင်္ဂါဂြိုဟ် ဒီထက်မကဝေးတဲ့ စကြာဝဠာအစွန်းအထိသွားတဲ့အခါ ဒါတွေကို ကြိုပြီးလေ့လာ နားလည်သိထားမှ၊ ကြိုမြင်ထားမှ ရတဲ့ကိစ္စတွေပါ။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ ဒီလိုမျိုး သွားတယ်ဆိုလို့ရှိရင် လူတွေရဲ့ ကျန်းမာရေးကအစ နေရေးထိုင်ရေး အကုန်လုံးကို တွက်ချက်ပြီးတော့မှ ဒါတွေကို စီစဉ်တယ်။ စီစဉ်တယ်ဆိုတော့ အခု မှန်းထားတာ အင်္ဂါဂြိုဟ်ပေါ်မှာ ဘယ်နှစ်ခုနှစ်လောက်ကြာရင် လူကို လွှတ်တင်နိုင်မလဲ။

ဒေါက်တာပဒေသာတင် ။ ။ နောက် (၁၅) နှစ်လောက်ဆိုတော့ ၂၀၃၀-၃၅ ကြားလောက်မှာဆိုရင် အင်္ဂါဂြိုဟ်ကို စသွားဖို့အတွက် အဆင်သင့် ဖြစ်နေပါပြီ။

ဒေါ်ခင်မျိုးသက် ။ ။ အခု NASA က အင်္ဂါဂြိုဟ်ပေါ်မှာ သွားပြီးတော့ နေဖို့လုပ်တာ NASA တခုထဲ လုပ်တာလား။ တခြား ဘယ်အဖွဲ့တွေပါလဲ ပြောပြပေးပါ

ဒေါက်တာပဒေသာတင် ။ ။ အင်္ဂါဂြိုဟ်ကို သွားဖို့ကို အမေရိကန်နိုင်ငံ အမျိုးသားလေကြောင်း နဲ့ အာကာသသုတေသန၊ အမေရိကန်အစိုးရက ထောက်ပံ့ထားပါတယ်။ ဒီဌာန အမေရိကန်အစိုးရတင် မဟုတ်ပါဘူး။ တခြားကမ္ဘာပေါ်မှာရှိတဲ့ တခြားနိုင်ငံတွေ ရုရှားကလည်း သွားဖို့ ကြိုးစားနေပါတယ်။ ထို့နည်းလည်းကောင်းပဲ တရုတ်ပြည်သူသမ္မတနိုင်ငံကလည်း သွားဖို့အတွက်ကို အာကာသယာဉ်မှူးတွေနဲ့ အင်္ဂါဂြိုဟ်ပေါ်ကို ခြေချဖို့အတွက်ကို ပါပါတယ်။ သူတို့ ကြိုးစားနေတဲ့အထဲမှာ လူရောက်ဖို့အပြင် နောက် ဘယ်အထိ စဉ်းစားလဲဆိုရင် တချိန်သောအခါမှာ ကမ္ဘာပေါ်မှာရှိတဲ့ သယံဇာတတွေ မရှိတော့ဘူးဆိုရင် အင်္ဂါဂြိုဟ်ပေါ်မှာရှိတဲ့ သယံဇာတွေကို ဟိုမှာတင် အရည်ကြိုသန့်စင်ပြီး ပြန်ယူလာပြီးတော့ ဒီမှာ သုံးလို့ရမလား။ အဲဒီအထိကို တော်တော်ကိုစဉ်းစားနေကြပါတယ်။ စီးပွားဖြစ်ပေ့ါ။

ဒေါ်ခင်မျိုးသက် ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ဒေါက်တာပဒေသာတင် ။ ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG