သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အညာဒေသ လက်နက်ကိုင်တော်လှန်ရေးမှာပါ၀င်နေသူ ဖူးနဲ့ မေးမြန်းခန်း


96-Soliders အဖွဲ့ ဘဏ္ဍာရေးတာ၀န်ခံ ဖူး
96-Soliders အဖွဲ့ ဘဏ္ဍာရေးတာ၀န်ခံ ဖူး

အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ အညာဒေသက ကျေးလက်ပြည်သူတွေအပေါ် စစ်ကောင်စီက မတန်တဆ အင်အားသုံး ဖိနှိပ်မှုတွေဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုမြောက်ကြောင်း မျက်မြင်အဖြစ် မြင်တွေ့ခဲ့ရသူ 96-Soliders အဖွဲ့ ဘဏ္ဍာရေးတာ၀န်ခံ ဖူးက ဗွီအိုအေကို ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းသဘောထား မကွဲလွဲအောင် NUG အစိုးရအနေနဲ့ ရှင်းလင်းတဲ့ မူဝါဒချမှတ်ဖို့လိုကြောင်းလည်း သူက အကြံပြုပါတယ်။ အညာဒေသအခြေစိုက် 96-Soliders အဖွဲ့က ဖူးကို ထိုင်းနိုင်ငံတနေရာမှာ မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မဖူး ။ ။ ညီမတို့အဖွဲ့ ကြုံခဲ့ရတာက အဲဒီရွာကို အနီးအနားရွာကို စစ်ကြောင်းထိုးတော့ ပြည်သူတွေအကုန်လုံးကိုတော့ ထုတ်နိုင်တယ်။ စစ်ကြောင်းထိုးပြီဆိုတာနဲ့ စစ်ကြောင်းတကြောင်း လာပြီဆိုတာနဲ့ တရွာနဲ့တရွာ သတင်းအချက်အလက်က မျှဝေနေတဲ့ အုပ်စုတွေ ရှိတယ်။ ဘယ်ရွာကနေ စစ်ကြောင်းထိုးလာပြီဆိုရင် တရွာအကျော်လောက်မှာ စစ်ကြောင်းရောက်ပြီဆို ညီမတို့ ရှောင်နိုင်တဲ့ အခြေအနေ ရှိတယ်။ အဲဒီအချိန်မှာ ပြည်သူတွေကို ထုတ်တယ်။ ပြည်သူတွေ တနေရာမှာ သွားရှောင်ပြီးတော့ ကျန်တဲ့တော်လှန်ရေး အင်အားစုတွေက ဒီစစ်ကြောင်းကို ဘယ်လိုကာကြမလဲဆိုပြီးတော့ အားလုံးတိုင်ပင်စဉ်းစားပြီးမှ ခုခံတဲ့အပိုင်းက တပိုင်း။ ပြည်သူတွေကိုတော့ စစ်ကြောင်းမလာခင် ကယ်ထုတ်တယ်။ အဲဒီစစ်ကြောင်းတုန်းက ရဲဘော်လေးနှစ်ယောက် ရွာသားကမှတဆင့် တော်လှန်ရေး ဖြစ်လာသူတွေ - သူတို့က ပစ္စည်းကျန်ခဲ့လို့ဆိုပြီး ရွာထဲမှာ သွားယူတဲ့အချိန် စစ်ကောင်စီတပ်နဲ့ ဒဲ့တိုးပြီး သူတို့ ပစ်ခတ်ခံရတယ်။ ဒါပေမဲ့ အဲဒီအချိန် သေလားရှင်လားတော့ မသိရဘူး။ ညီမတို့ရောက်တဲ့အချိန်မှာ သုံးယောက်လုံးကို နောက်ပြန်သံကြိုးခတ်ထားတယ်။ သံကြိုးခတ်ပြီးတော့ မီးရှို့နေတယ်။ အဲဒါလည်း ကြုံခဲ့ရတယ်။ ပြီးရင် ညီမကိုယ်တိုင်မျက်မြင် အဲဒီရွာကို စစ်ကြောင်းထိုးပြီးတော့ စစ်ကောင်စီက တရွာလုံးကို မီးရှို့သွားတယ်။ အဲဒီမီးရှို့သွားတဲ့ရွာမှာပဲ အဖိုးတယောက်က ကျန်ခဲ့တယ်။ သူ့အလောင်ကိုပဲ ပြန်တွေ့တယ်။ သူကို မီးရှို့သွားတယ်။ အဖိုးက ကျန်းမာရေးလည်း မကောင်းဘူး။ လေဖြတ်နေတယ်ဆိုတော့ သူ့သားသမီးတွေက ကျန်းမာရေးမကောင်းတဲ့ လူကြီးဆိုတော့ စစ်ကောင်စီက မလုပ်လောက်ပါဘူးဆိုတဲ့ အသိစိတ်လေးနဲ့ ထားခဲ့တာ။ ဒါပေမဲ့ စစ်ကောင်စီက မီးရှို့သွားတယ်။ အိမ်နဲ့ အဖိုး အကုန်လုံး - ညီမတို့တွေ့တဲ့အချိန်မှာ သူ့ရုပ်အလောင် အရိုးခေါင်းပဲ ကျန်တော့တယ်။ အဲဒီအခြေအနေတွေ အများကြီးကြုံနေရပါတယ်။

မေး ။ ။ ဒီလောက်ထိ စစ်ကောင်စီဘက်က ဒေသခံတွေပေါ် တော်တော်လေး ပြင်းပြင်းထန်ထန် စစ်ဆင်ရေးသဖွယ် အရပ်သားတွေပါ ဖိနှိပ်လာနေတဲ့သဘော။ အခု ဖူးပြောသွားတဲ့အရ ဖူးကိုယ်တိုင် မျက်မြင်သက်သေ တွေ့ရတဲ့အနေအထားတွေမှာ။ တဘက်မှာလည်း ဖူးတို့လို ကာကွယ်ရေးတပ်တွေ၊ လက်နက်ကိုင်တပ်တွေကလည်း ရှိတော့ရှိနေတယ်။ အဲဒီတော့ ဒေသခံပြည်သူတွေက အဲဒီမှာ ဘယ်လိုရပ်တည်နေကြသလဲ။

ဖြေ ။ ။ အညာကတော့ အားလုံးက တောင်သူလယ်သမားများကြတယ်။ လယ်ပဲ အဓိကလုပ်ကြတယ်။ တချို့စစ်ရှောင်တွေဆို နှစ်မျိုးနှစ်စား ရှိတယ်။ ကာလရှည်စစ်ရှောင်နဲ့ ရိုးရိုးစစ်ကြောင်းထိုးလာလို့ ရွာထဲကထွက်ပြီးတော့ ရွာထဲကိုပြန်ဝင်ကြတဲ့ အဲဒီလိုပြည်သူတွေ ရှိတယ်။ ကာလရှည်စစ်ရှောင်ကြတော့ သူတို့ရွာကို စစ်ကောင်စီက လုံးဝအထိုင်ချလိုက်တာ။ အထိုင်ချပြီးတော့ ပျူသင်တန်းပေးတာတွေ လုပ်လာတယ်။ ရွာသားတွေက ပျူသင်တန်းပေးတာကို မခံချင်တော့ စစ်ကောင်စီလက်အောက်က ရုန်းထွက်ပြီးတော့ အိုးအိမ်၊ လယ်တွေယာတွေ၊ နွားတွေ အကုန်လုံးစွန့်ပစ်ပြီး ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့နေရာတွေကို လာရှောင်ကြတယ်။ ကာလရှည်စစ်ရှောင်တွေဆိုရင် တကယ်သနားဖို့ကောင်းတယ်။ ညီမတို့ဆိုလည်း ကူညီကယ်ဆယ်ရေးအပိုင်းတွေ လုပ်နေတာတွေ အများကြီးရှိတယ်။ လှူဒါန်းမှုတွေနဲ့ ပတ်သက်ပြီးတော့။ သူတို့ဆိုရင် လယ်ယာလည်း မလုပ်ရတော့ ဝင်ငွေလည်း မရှိတော့၊ တခြားရွာက သူတို့ကို နေ့စားခေါ်တာတွေကို စောင့်ပြီးတော့ ဝင်ငွေရှာရတယ်။ ပြီးတော့ အလှူရှင်ကို မျှော်ကြတယ်။ အလှူရှင်လာပေးမှ စားရတဲ့ အခြေအနေတွေ ရှိတယ်။ အိမ်လေးတွေဆိုရင် ထန်လျက်လေးတွေနဲ့ ပုပုသေးသေးလေးနဲ့ တယောက်နှစ်ယောက် အိပ်စာလောက်ပဲ ရှိတဲ့ အခြေအနေမျိုးလေးတွေ။ မိုးရာသီဆိုရင် မိုးမလုံနိုင်လောက်တဲ့ အခြေအနေမျိုးတွေမှာ ဖြစ်နေတော့ ညီမတို့အမြင်ကတော့ အညာပြည်သူတွေအနေနဲ့ တော်တော်ကြီးကို ပေးဆပ်နေရတဲ့ အနေအထားပေါ့။

မေး ။ ။ အညာဒေသမှာ ဆိုလိုရှိရင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာဆိုရင် ပျူစောထီးတို့လို စစ်ကောင်စီကို လိုလားထောက်ခံတဲ့ ဒေသခံတွေလည်း ရှိတယ်။ တဘက်မှာလည်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဒေသခံတွေလည်းရှိတော့ သူတို့တွေက ဖူးတို့လို လက်နက်ကိုင် လူငယ်ကာကွယ်ရေးတပ်တွေပေါ် သူတို့ရဲ့ထောက်ခံမှုတွေ ရပ်တည်ချက်တွေက ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ ပျူစောထီး ညီမတို့အခေါ်ကတော့ ပျူရွာဘက်ခြမ်းက ပျူတွေ - သူတို့မှာ တချို့ပျူတွေက အမည်သာခံထားကြတာ ညီမတို့ဘက်ကိုပါတယ်။ ပျူရွာကနေ လှမ်းပြီးတော့ သတင်းအချက်အလက် မျှဝေနေတဲ့ဟာတွေ ရှိတယ်။ တခုခုဆို သူတို့ပျူရွာဘက်က တခုခုလုပ်မယ်ဆိုရင်တောင် ဒါမျိုးအခြေအနေ ရှိနေတယ်ဆိုတဲ့ သတင်းပေးမှုလေးတွေ ရှိနေပါတယ်။ ပျူဖရဲသီးလို့ပဲ ပြောရမလားပေါ့။ ဒါပေမဲ့ တော်တော်များများ ပျူသင်တန်းပေးခံရတဲ့ ပျူစောထီး တော်တော်များများကတော့ စစ်ကောင်စီစိတ်ဓါတ် ဝင်ကြတယ်။ တွေ့တာနဲ့သတ်မယ်။ တော်လှန်ရေးသမားမှ မဟုတ်ဘူး၊ ပြည်သူပါမချန် သတ်မယ်။ ကလေးလည်း သတ်မယ်။ မိန်းမလည်း သတ်မယ်ဆိုတဲ့ စိတ်တော်တော်များများတော့ ရှိကြတယ်။ ဒါကလည်း စစ်ကောင်စီ ရိုက်သွင်းခဲ့တဲ့ စိတ်ဓါတ်တွေကြောင့်ပဲလို့ ညီမတို့က မြင်တယ်။ အရင်တုန်းကဆိုရင် ပြောကြတယ်၊ အညာမှာ သူတို့က တရွာနဲ့တရွာ ရင်းနှီးကြတယ်။ ဟိုဘက်ရွာ ဒီဘက်ရွာ ခင်ကြတယ်။ ဒါပေမဲ့ တော်လှန်ရေးကာလကြတော့ ပျူဘက်ပါသွားတဲ့လူတွေ ရှိသလို၊ တော်လှန်ရေးဘက်ကိုပါတဲ့ ရွာသားတွေ အားလုံးက ကွဲကုန်ကြတဲ့သဘောပေါ့။

မေး ။ ။ အဲဒီတော့ စစ်ကောင်စီ ဆန့်ကျင်တဲ့ ဒေသခံပြည်သူတွေကြတော့ ဖူးတို့လို ဒေသခံ လက်နက်ကိုင် ကာကွယ်ရေးတပ်တွေပေါ် သူတို့ရဲ့ ထောက်ခံမှုနဲ့ ရပ်တည်ချက်ကို ဘယ်လိုတွေ့ရသလဲ။

ဖြေ ။ ။ သူတို့တွေ ထောက်ခံနေလို့ပဲ ညီမတို့ တော်လှန်ရေးအဖွဲ့တွေ၊ အင်အားစုတွေက ဒီအချိန်ထိကို ဆက်ပြီးတော့ ဆက်ရပ်တည်နိုင်တယ်။ ရှေ့ကို ဆက်သွားနိုင်တယ်။ ပြည်သူတွေ၊ ရွာသူရွာသားတွေသာ မထောက်ခံဘူးဆိုရင် ညီမတို့လည်း နေလို့ရမှာ မဟုတ်ဘူး။ ဥပမာ သူတို့က မထောက်ခံဘဲနဲ့ ညီမတို့လာနေတဲ့ တပ်စွဲထားတဲ့ နေရာကို သူတို့က စစ်ကောင်စီကို သတင်းပေးရင် ညီမတို့ လေယာဉ်နဲ့လည်း ဗုံးကျဲခံရမယ်။ စစ်ကြောင်းထိုးပြီး မီးရှို့သွားတာလည်း ခံရနိုင်တယ်။ ဒါပေမဲ့ ပြည်သူတွေ ထောက်ခံမှု အပြည့်အဝရနေတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ညီမတို့ အခုအချိန်အထိ တော်လှန်ရေးကို တနေရာပြီးတနေရာ စိုးမိုးနိုင်တဲ့ အနေအထားကို ရောက်နေတာပါ။

မေး ။ ။ အခုလို ကြမ်းတမ်းတဲ့ စစ်ကောင်စီက အမျိုးသမီးတွေပေါ်လည်း သူတို့ရဲ့ ဖိနှိပ်မှုကလည်း အမျိုးသမီး၊ အမျိုးသား မခွဲခြားတဲ့အပြင် အမျိုးသမီးတွေပေါ် ပြင်းပြင်းထန်ထန်လည်း ရှိတာကို တွေ့ရတယ်။ အမျိုးသမီးတွေကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိတယ်။ ဒီလို ဖိနှိပ်မှုမျိုးစုံ ရှိနေတယ်ဆိုတဲ့ အနေအထားမှာ အခု ဖူးက မကြောက်မရွံ ပါဝင်လှုပ်ရှားနေတော့ ဒီလို အခြေအနေမျိုးတွေကို ကြားမြင်တဲ့အခါမှာ ဖူးအနေနဲ့ ဘယ်လိုကျော်လွှာသလဲ။

ဖြေ ။ ။ ညီမတို့ တောစခိုကတည်းက စိတ်ဓါတ်ကို အဆုံးထိပြင်ဆင်ထားတယ်။ အခုဆိုရင် သတင်းတွေလည်း တွေ့မှာပါ။ ရပ်ကျေးတွေမှာ ပြည်သူတွေကို ခေါင်းဖြတ်သတ်သွားတာ၊ အမျိုးသမီးတွေပါတယ်၊ ကလေးတွေပါတယ်။ တချိန်မဟုတ်တချိန်လည်း ကိုယ်လည်း လုံခြုံရေး ပေါ့လျော့တဲ့အခါမျိုးမှာ ကိုယ်လည်း ဒီနေရာကို ငါလည်း ရောက်သွားနိုင်တယ်ဆိုတဲ့ အသိစိတ်ကတော့ ညီမတို့မှာ အမြဲရှိတယ်။ တကယ်တမ်းကြတော့ စစ်ကောင်စီမို့ ဒီလို အမျိုးသမီးတွေ၊ ကလေးတွေပေါ် လုပ်ရက်တာ။ ပုံမှန်တော်လှန်ရေးသမား၊ ပုံမှန်ပြည်သူ့ဘက်က ရပ်တည်တဲ့လူဆိုရင် ဒီကိစ္စတွေကို လုပ်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ညီမတို့လည်း ပျူရွာတွေ တခုပြီးတခု သိမ်းလာတဲ့ အနေအထားတွေ ရှိတာပဲ။ အခြား MO‌D အောက်က ရင်းတွေဆိုလည်း တမြို့ပြီးတမြို့ သိမ်းနေတဲ့ အနေအထားမှာ ပျူတွေဖမ်းမိတယ်၊ အမျိုးသမီးတွေ ဖမ်းမိတယ်၊ အမျိုးသားတွေ ဖမ်းမိတယ်။ အမျိုးသားတွေဆိုလည်း Code of Conduct နဲ့အညီ ထိန်းချုပ်ထားပြီး သေချာလေးထားပါတယ်။ အမျိုးသမီးတွေဆိုရင်လည်း တချို့အဖွဲ့အစည်းတွေက ခံဝန်နဲ့ ပြန်လွှတ်ပေးတာမျိုး။ ပြည်သူ့ဘက်က ရပ်တည်တဲ့ တော်လှန်ရေးသမားတွေက လုပ်ပါတယ်။ စစ်ကောင်စီမို့ ဒီလို အမျိုးသမီးလည်း မရှောင်ဘူး၊ ကလေးလည်း မရှောင်ဘူးပေါ့။ ညီမအနေနဲ့ ဘယ်လိုကျော်လွှာလဲဆိုတော့ တချိန်ကြရင် ငါလည်း ကြုံရင်ကြုံရနိုင်တယ်။ မြေပြင်မှာ ဖြစ်နေတာ ဖြစ်တဲ့အတွက် အချိန်မရွေး ဖြစ်သွားနိုင်တယ်ဆိုတဲ့ အသိစိတ်ကတော့ ထည့်ထားတယ်။ အဲဒီဟာကိုပဲ ပြန်ပြီးတော့ ဘယ်လို Survive လုပ်မယ်ဆိုတဲ့ အသိစိတ်ကိုပဲ ရိုက်သွင်းပြီး အကောင်းဆုံးကျော်ဖြတ်နေပါတယ်။

မေး ။ ။ ဖူးရဲ့ တကယ်မျှော်လင့်ချက် - ဒါတွေအားလုံးကို ရပ်တည်ရင်ဆိုင်ပြီးတော့ လှုပ်ရှားနေတဲ့အပေါ် ဒါနဲ့ပတ်သက်ပြီးတော့ ဖူးရဲ့ မျှော်လင့်ချက်က ဘာတွေရှိမလဲ။

ဖြေ ။ ။ ညီမအနေနဲ့ မျှော်လင့်ချက်ကတော့ ညီမရဲ့ တဦးတယောက်တည်း ဆန္ဒပါ။ အခုဆိုရင် လိုင်းပေါ်မှာလည်း မြင်ရမှာပဲ - တော်လှန်ရေးအဖွဲ့အစည်း - ပသုံးလုံးကိစ္စတွေ၊ မြေပြင်မှာ အချင်းချင်း ပဋိပက္ခ ဖြစ်နေတဲ့အဖွဲ့တွေ၊ အဲဒါတွေကို ညီမအနေနဲ့ မဖြစ်စေချင်ဘူး။ ညီမတို့လူငယ်တွေက အသက်ပေးပြီးတော့ ရုန်းကန်နေကြတာ။ ဒါပေမဲ့ တချို့နေရာယူထားတဲ့ လူကြီးတွေက ဒီလိုမျိုး ပဋိပက္ခတွေ ဖြစ်နေမယ်။ အဖွဲ့အစည်း အချင်းချင်းပဋိပက္ခ ဖြစ်နေတဲ့ဆိုတဲ့ ကိစ္စတွေက ညီမတို့လူငယ်တွေအတွက် အရမ်းစိတ်ဓါတ်ကျစေတယ်။ ညီမဆိုရင် ပိုဆိုးတယ် - ဒေသခံတွေကို ခွဲခြားတာမျိုး၊ ငါတို့က MOD အောက်က တပ်ရင်းမို့၊ ငါတို့က ပသုံးလုံးမို့လို့ မင်းတို့က ဒေသခံမို့ - အဲဒီလို ခွဲခြားနေတဲ့ ကိစ္စတွေကို တော်လှန်ရေးအစိုးရကို ညီမတဦီးတယောက်ရဲ့ ဆန္ဒပါ။ တိကျတဲ့ မူဝါဒတခု၊ ဒါမှမဟုတ်လို့ရှိရင် မူဘောင်တခု ချမှတ်လိုက်။ ဒေသခံတပ်တွေဆိုလည်း MOD ရင်းတွေနဲ့ မဟာမိတ် လုပ်လို့ရမလဲ။ တိကျတဲ့ မူဝါဒနဲ့ ဘယ်လိုပူးပေါင်းလုပ်ဆောင်ရမယ် ဆိုတာကို ညီမတို့လူငယ်တွေအနေနဲ့ ဖြစ်စေချင်တယ်။ တော်လှန်ရေးကြီးပြီးရင် ဘာရာထူးကြီး ညီမတို့ရမှ၊ ဘယ်နေရာရမှာဆိုတာ ညီမတို့ လူငယ်တွေမှာ မရှိဘူး။ ညီမတို့ တော်လှန်ရေးပြီးရင် အိမ်ပြန်မှာ။ ညီမတို့ လုပ်ချင်တဲ့ Career အသက်မွေးဝမ်းကျောင်းကို ပြန်လုပ်မှာ။ ညီမတို့ ဖြစ်စေချင်တဲ့ ဆန္ဒက အဲဒီတခုပဲ။ အားလုံးပူးပေါင်းလုပ်ဆောင်ပြီးတော့ အတူတူသွားကြမယ်ဆိုရင် ရှေ့ပိုရောက်ပါတယ်။

မအင်ကြင်းနိုင် ။ ။ ကျေးဇူးတင်ပါတယ် ဖူး။ အခုလို အချိန်ပေးပြီးတော့ မေးခွန်းတွေ ဖြေကြားပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။

ဖူး ။ ။ ကျေးဇူးပါ။

Forum

XS
SM
MD
LG