သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရွာငံက အော်ဂင်းနစ်လက်ဖက်


ရွာငံက အော်ဂင်းနစ် လက်ဖက်စိုက်ခင်း
ရွာငံက အော်ဂင်းနစ်လက်ဖက်
please wait

No media source currently available

0:00 0:11:07 0:00
တိုက်ရိုက် လင့်ခ်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံဆိုတာနဲ့ လက်ဖက်ကိုတွဲမြင်တဲ့အထိ အခြေအနေမျိုးရောက်အောင် အော်ဂင်းနစ်သီးသန့် လက်ဖက်စို လက်ဖက်ခြောက်တွေ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ရွာငံလက်ဖက်တောင်သူတွေ မျှော်လင့်ထားကြပါတယ်။ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

ရွာငံဒေသမှာ နှစ်အတော်ကြာကတည်းက လက်ဖက်ကို စိုက်ပျိုးလာခဲ့ကြပေမယ့်လို့ စီမံကိန်းဝင် သီးနှံတခုအနေနဲ့တော့ ၂၀၁၄ ခုနှစ်မှာမှ အစိုးရက တရားဝင်အသိအမှတ်ပြုပေးခဲ့တာ ဖြစ်သလို၊ ၂၀၁၆ နောက်ပိုင်းမှာမှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှုတွေ ပိုပြီးတော့ တွင်ကျယ်လာခဲ့တာပါ။ အစပိုင်းမှာ လက်ဖက်ခြောက်ကို အလေးပေး ထုတ်ခဲ့ကြပြီးတော့၊ နောက်ပိုင်းမှာ လက်ဘက်စို ထုတ်လုပ်မှုကိုပါ တိုးမြှင့်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ရွာငံဒေသရဲ့  လက်ရှိ လက်ဖက် စိုက်ပျိုးထုတ်လုပ်မှုအခြေအနေကို ရွာငံလက်ဖက်အသင်း ဥက္ကဋ္ဌ ဦးမောင်နု က အခုလို ရှင်းပြပါတယ်။

ဖြေ ။ ။ အခုတော့ ရွာငံမြို့ နယ်ရဲ့  လက်ဖက်ထုတ်လုပ်မှုက တွင်တွင်ကျယ်ကျယ် ဖြစ်လာတဲ့လုပ်ငန်းလို့ ပြောလို့ရပါပြီ။ အဓိက ဒီမှာရှိတဲ့ စက်ရုံကြီးဆိုရင် ၂၀၁၆ မှာ စတင်ပြီးတော့ ဖွင့်လှစ်ခဲ့ပါတယ်။ စက်ရုံကို တည်ထောင်ခဲ့တဲ့နေရာမှာတော့ လက်ဖက်အခြောက်ကိုပဲ စတင်ပြီးတော့ တည်ထောင်တာပါ။ အခုဒီနှစ် ၂၀၁၉ မှာ လက်ဖက်အစိုစက်ရုံကိုပါ တည်ထောင်ထားတယ်။ အဲဒီလို တည်ထောင်တဲ့နေရာမှာ လက်ဖက်အစိုကို စိုက်ပျိုးသူဘက်က အော်ဂင်းနစ် (Organics) ဖြစ်အောင်သွားမယ်။ အော်ဂင်းနစ်က နဂိုကတည်းက ဖြစ်နေပြီသားပါ။ သို့သော် ကျနော်တို့ လက်မှတ်လည်း ရယူထားခြင်း မရှိသေးဘူး။ ဒီနှစ်တော့ လက်မှတ်ရယူနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေတယ်။ လက်မှတ်ရယူဖို့အတွက် နည်းပညာတွေ စပြီးတော့ သင်တန်းတွေပေးခဲ့တာ -- စီမံကိန်းကပေးတယ်။ - စီမံကိန်းက အခု ၂၀၁၈ (၁၂) လပိုင်းမှ ကုန်ဆုံးသွားတာ ဖြစ်တဲ့အတွက် ဆက်ပြီးတော့ ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေ ပူးပေါင်းပြီးတော့ ဆက်သွားဖို့ ရည်ရွယ်နေတယ်။

မခင်ဖြူထွေး ။ ။ လက်ရှိမှာ ရွာငံဒေသကထွက်တဲ့ လက်ဖက်စို၊ လက်ဖက်ခြောက်တွေကို ပြည်ပနိုင်ငံတချို့ ကို တင်ပို့နေတာ ရှိနေပေမယ့် အဓိကဈေးကွက်ကတော့ ပြည်တွင်းမှာပဲ ရှိနေသေးတာပါ။ ဂျာမန်နည်းပညာကုမ္ပဏီ GIZ ရဲ့  အကူအညီနဲ့ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုတွေ ပိုပြီးတော့ နည်းစနစ်ပိုကျလာသလို၊ ဓာတုဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးတွေ မသုံးဘဲ သဘာဝအတိုင်း စိုက်ပျိုးတဲ့ အော်ဂင်းနစ်လက်ဖက်တွေကိုပဲ သီးသန့်ထုတ်လုပ်သွားနိုင်ဖို့ တောင်သူတွေက ဦးတည်ဆောင်ရွက်နေပါတယ်။

ဖြေ ။ ။ ကျနော်တို့ကတော့ ဖြစ်ချင်တာကတော့ အော်ဂင်းနစ်ကိုပဲ အဓိကထားချင်တယ်။ လောလောဆယ်တော့ ဒီမှာ အော်ဂင်းနစ် ဖြစ်ကြတဲ့ စိုက်ခင်းတွေကတော့ လောလောဆယ် နွားချေးပဲ မကျွေးနိုင်တဲ့သဘော။ နွားချေးလည်း မကျွေးဘူး၊ သဘာဝမြေသြဇာ ဓာတုဆေးက အဝေးကြီး။ သဘာဝမြေသြဇာတောင် သူ့စိုက်ခင်းထဲကရတဲ့ -- ရှိတဲ့အတိုင်း မြေအတိုင်းထားပါတယ်။

မခင်ဖြူထွေး ။ ။ လက်ရှိ ရွာငံဒေသက လက်ဖက်စိုက်ခင်းတွေဟာ အော်ဂင်းနစ်စိုက်ခင်းတွေ ဖြစ်ပေမယ့်လို့ ဒါကို နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ထောက်ခံလက်မှတ်တွေ ရဖို့ကတော့ အချိန်ယူကြိုးစားနေရတယ်လို့ တောင်သူတွေက ပြောပါတယ်။

ဖြေ ။ ။ ကျနော်တို့ ဒီလက်ဖက်ခင်းတွေက တောင်သူတွေက ဓာတုပစ္စည်းတွေ မသုံးပါဘူး။ ဓာတုပေါင်းစပ်ဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ ဓာတုမြေသြဇာတွေ သုံးလေ့မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့က နိုင်ငံတကာက လက်ခံနိုင်ဖို့အတွက် စိုက်ခင်းတွေ အကုန်လုံးကို အော်ဂင်းနစ်လက်မှတ် ထုတ်ယူဖို့အတွက် ကြိုးစားနေပါတယ်။

မခင်ဖြူထွေး ။ ။ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေကစလို့ ရွာငံဒေသမှာ နိုင်ငံခြားကို တင်ပို့ဖို့အထိ ရည်ရွယ်တဲ့ စီးပွားဖြစ် လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုတွေ သိသိသာသာ တိုးလာခဲ့ပါတယ်။ အရည်အသွေးစစ်မီတဲ့ အော်ဂင်းနစ်လက်ဖက်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပြီးတော့ ရွာငံလို့ ပြောလိုက်တာနဲ့ လက်ဖက်နဲ့တွဲပြီးမြင်အောင် လုပ်သွားချင်တယ်လို့ တောင်သူတွေက ပြောပါတယ်။

ဒီလိုကြိုးစားတဲ့နေရာမှာ နှစ်ပေါင်းရာနဲ့ချီရှိတဲ့ သက်တမ်းရင့်လက်ဖက်တွေကနေ ထူးခြားတဲ့ အဆင့်မြင့်လက်ဖက်တွေ ထုတ်လုပ်သွားနိုင်ဖို့ စတင်လုပ်ဆောင်နေတယ်လို့ ရွာငံလက်ဖက်အသင်းဥက္ကဋ္ဌ ဦးမောင်နုက ပြောပြပါတယ်။

ဖြေ ။ ။ ရွာငံလို့ ပြောလိုက်တာနဲ့ လက်ဖက်လို့ တွဲပြီးတော့ သိလာနိုင်တဲ့ အနေအထားတော့ ဒီနှစ်ထဲမှာ ရောက်မှာပါ။ ဘာကြောင့်လဲဆိုရင် ကျနော်တို့က သက်ကြီးနှစ်ရှည် လက်ဖက်ပင်တွေ ရှိပါတယ်။ အဲဒီလက်ဖက်ပင်ကြီးတွေကနေ တန်းဖိုးမြင့်ထုတ်ကုန်ထုတ်ဖို့ ပေါင်းစပ်ထားပါတယ်။ ပေါင်းစပ်ကို ဒီနှစ်ထဲမှာ စပြီးထုတ်နိုင်မယ်ဆိုရင်တော့ ဒီနှစ်ထဲမှာ အကောင်အထည်ပေါ်လာမှာပါ။ ရွာငံမြို့ ထဲမှာ အဓိက တွေ့ထားတာကတော့ တောထဲမှာလည်း သဘာဝပေါက်တဲ့ လက်ဖက်ပင်ကြီးတွေရှိတယ်။ အဲဒီအပင်ကြီးတွေဆိုရင် ကျနော်တို့အခုထိ သက်တမ်းကို ရေတွက်လို့ မရသေးဘူး။ ဒီမှာရှိတဲ့ လက်ဖက်ပင်တွေကတော့ ခေါ်ပြီးတော့ ပြကြည့်ပါတယ်။ တချို့ သောပညာရှင်တွေ ပြောတာကတော့ ဒီအပင်ရဲ့  သက်တမ်းသည် ဘာပဲဖြစ်ဖြစ် နှစ် (၇၀၀) ရဲ့  အထက်မှာ ရှိနိုင်တယ်လို့ ခန့်မှန်းတာ ပြောဆိုတာတွေ ရှိပါတယ်။ အဲဒီလို အပင်မျိုးကတော့ တမြို့ နယ်လုံးမှာ တရွာကို နှစ်ပင်သုံးပင် ပေါင်းစပ်လိုက်ရင်တော့ တမြို့ နယ်လုံး အပင်တစ်ရာလောက် ရှိမယ်လို့ သိရတယ်။

မခင်ဖြူထွေး ။ ။ အရင်ထက်စာရင် စိုက်ပျိုးနည်းစနစ်တွေ ပိုမိုကောင်းမွန်လာပြီးတော့ ထုတ်လုပ်မှုအားတွေ တက်လာပေမယ့်လို့ အရည်အသွေးကောင်းမွန်ပြီး အဆင့်မြင့်တဲ့ အော်ဂင်းနစ် လက်ဖက်တွေကို နိုင်ငံတကာက ယုံကြည်စိတ်ချစွာနဲ့ သုံးစွဲလာဖို့အထိ လုပ်သွားဖို့မှာတော့ အခက်အခဲတွေ ရှိနေဆဲပါ။ အဓိက ဘယ်လိုအခက်အခဲတွေ ရှိနေပါလဲ။

ဖြေ ။ ။ အဓိကကြုံရတဲ့ အခက်အခဲက ကျနော်တို့ အခုလက်ရှိသွားနေတဲ့အချိန်မှာ လက်ဖက်စို၊ လက်ဖက်ခြောက် ဈေးကွက်ကို စတင်ပြီးတော့ နည်းပညာပေးခဲ့တဲ့ တန်းဖိုးမြှင့်ထုတ်ကုန်ကို ပြောင်းလဲပေးခဲ့တဲ့ GIZ က သူတို့ဂျာမဏီနိုင်ငံကိုတော့ ဆက်စပ်ပေးထားတယ်။ အခုလက်ရှိ ရွာငံမြို့ အနေနဲ့ ပြောရင်တော့ အနောက်ဘက်က ထုတ်လုပ်တဲ့ လက်ဖက်ခြောက်တွေကတော့ ရန်ကုန်မြို့ မှာရှိတဲ့ ဂျာမဏီကဖွင့်ထားတဲ့ ‘လှတယ်’ ဆိုတဲ့ ဆိုင်ကနေ ဈေးကွက်တခုကို စတင်ပြီးတော့ ထိုးဖောက်ပြီးရောင်းချပေးနေတယ်။ အဲဒီနောက် ကျနော်တို့သွားရမယ့် နည်းလမ်းတွေကတော့ နိုင်ငံခြားရောက်အောင်သွားမယ်။ နိုင်ငံတကာရောက်အောင်ထွက်မယ် ဆိုရင်တောင် အချိန်တွေ အများကြီးကျော်ဖြတ်ရအုံးမှာ ဖြစ်တဲ့အတွက် အများကြီးအခက်အခဲတွေ ရှိပါသေးတယ်။ အခက်အခဲထဲမှာ အဓိကပြောရရင်တော့ နံပတ်တစ် ဖြတ်သန်းတဲ့နေရာမှာ မြန်မာနိုင်ငံရဲ့  စားသောက်ကုန်ကို အဓိကထောက်ခံပေးတဲ့ စားသုံးသူဥပဒေနဲ့ ညီညွှတ်မှုရရှိတဲ့ FDA လက်မှတ်တွေ လွယ်လင့်တကူ ရနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုအားတွေ နည်းနေသေးတယ်။ ပံ့ပိုးမှုအားတွေ နည်းနေသေးတယ်။ ဒါတွေ လိုအပ်ပါတယ်။ နောက်ပြီးတော့ နိုင်ငံတကာက လက်ခံဖို့ဆိုရင်တောင် သူက ကျနော်တို့ အော်ဂင်းနစ် ကြိုက်သလောက် ဖြစ်ပါစေ ထုတ်ကုန်တခုက ပိုးသတ်တဲ့အခန်းကြီးတွေ၊ စက်ကြီးတွေကို ဖြတ်ပြီးမှသွားမှသာ နိုင်ငံတကာက လက်ခံမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ နိုင်ငံတကာသွားနိုင်ဖို့ဆိုရင်တော့ အစိုးရအနေနဲ့ စိုက်ပျိုးရေးဘက်ကကြည့်ကြည့်၊ ပို့ကုန်သွင်းကုန်ဘက်ကကြည့်ကြည့် ဒါတွေဟာ ပူးပေါင်းဖို့ ဆောင်ရွက်ဖို့ အားပေးကူညီဖို့ အများကြီး လိုအပ်အုံးမယ်လို့ ထင်ပါတယ်။

မခင်ဖြူထွေး ။ ။ ရွာငံဒေသက လက်ဖက်စို၊ လက်ဖက်ခြောက်တွေကို နိုင်ငံတကာဈေးကွက်ထဲ တွင်တွင်ကျယ်ကျယ် ထိုးဖောက်နိုင်ဖို့ဆိုရင် နည်းပညာနဲ့ စက်ယန္တရား အကူအညီတွေ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အခုထက်ပိုပြီးတော့ အများကြီးတိုးတက်ကောင်းမွန်လာဖို့ လိုအပ်နေတာပါ။ အစိုးရနဲ့ ပံ့ပိုးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးလိုအပ်နေသေးတယ်လို့ လက်ဖက်စိုက်တောင်သူ ကိုဇော်လင်းထွန်းက ပြောပါတယ်။

ဖြေ ။ ။ ကျနော်တို့မှာ စိုက်ပျိုးရေးဌာနတွေ ရှိပါတယ်။ နိုင်ငံပိုင် အစိုးရဌာနက အဓိကပံ့ပိုးဖို့ လိုပါတယ်။ နံပတ်တစ်အချက်က အပင်ရည်ပြုပြင်မှုသင်တန်းတွေ ပေးဖို့လိုတယ်။ နောက်ပြီးတော့ လက်ဖက်နှုန်းကောင်းကောင်း ထွက်လာဖို့က တောင်သူတွေရဲ့  မိရိုးဖလာနည်းစနစ်နဲ့ မရပါဘူး။ ဒီစိုက်ခင်းကို ဘယ်လိုပြုပြင်ရမယ်။ ကိုင်းတွေကို ဘယ်လိုပြုပြင်ရမယ်။ နောက်တခု ဒီမှာ အော်ဂင်းနစ်ဖြစ်မယ့် မြေဆီတွေကို ဘယ်လိုကျွေးမလဲ။ စနစ်တကျဖြစ်အောင် ကျွေးမယ်ဆိုရင်တော့ ဒီထက်ကောင်းတဲ့ လက်ဖက်တွေလည်း ရလာပြီး၊ တောင်သူတွေရဲ့  ဘဝက ဒီထက်ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။

မခင်ဖြူထွေး ။ ။ လောလောဆယ် တောင်သူတွေကို ကူညီပံ့ပိုးနေတာကတော့ ဂျာမဏီနိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီ GIZ ပါ။ တောင်သူတွေအတွက် စိုက်ပျိုးနည်းစနစ်တွေ၊ အပင်ပြုပြင်ထိန်းသိမ်းတဲ့ နည်းလမ်းတွေကို GIZ က ကူညီပြသပေးပါတယ်။ ဒီလိုအကူအညီတွေကြောင့်ပဲ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း သူ့ရဲ့ လက်ဖက်စိုက်ခင်းတွေကနေ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုအားဟာ သိသိသာသာ တက်လာခဲ့တယ်လို့ ထမင်းပေါင်းရွာက လက်ဖက်စိုက်ခင်းရှင် ဦးစံလွန်း က ပြောပါတယ်။

ဖြေ ။ ။ ကျနော်တို့ကတော့ ဖြစ်နိုင်ရင် နည်းပညာနဲ့ ပတ်သက်လို့ အခုလက်ရှိ နဂိုတုန်းကထက် ရိုးရိုးလုံးဝ ဖြတ်ခြင်း၊ ညှပ်ခြင်း အပင်.. စိုက်ခြင်းမရှိဘူး။ အခု GIZ က ရောက်လာပြီး သင်ပေးလို့ အထွက်နှုန်းတိုးတယ်။ အပင်ကို ဘယ်လိုညှပ်ရင် အညွန့်နုဘယ်လိုပွားတယ်။ အပင်ပြင်ခြင်းကို ဘယ်လိုနည်းနဲ့ ရတယ်ဆိုတာကို သင်ကြားပေးလို့ ကျနော်တို့ စိုက်ခင်းရှင်တွေက GIZ လာပြီး ပြသပေးတဲ့အတွက် လူတိုင်းက ကျေးဇူးတင်ကြတယ်။ ပြီးတော့ အားရှိပြီး လက်ဖက်ပိုစိုက်လာကြတယ်။ အခုလဲ သူတို့လိုပဲ နောက်ထပ်နည်းနာတွေ ကူညီမယ့်လူ၊ ပံ့ပိုးမယ့်လူ ရှိရင်လည်း ကျနော်တို့ဘက်က မျှော်တယ်။

မခင်ဖြူထွေး ။ ။ ဒီလိုနိုင်ငံတကာ အကူအညီတွေ ပိုပြီးတော့ ရရှိမယ်။ အစိုးရကလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးမယ်ဆိုရင်တော့ ရွာငံဒေသရဲ့  လက်ဖက်ထုတ်လုပ်မှုဟာ သိသိသာသာ ပြောင်းလဲသွားနိုင်ပြီးတော့ တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေ တဘက်တလမ်းကနေ ရှာပေးနိုင်လိမ့်မယ်လို့ တောင်သူတွေက ယုံကြည်ထားကြတာပါ။ ဒါပေမဲ့ ဒီလိုဖြစ်လာဖို့အတွက် ပံ့ပိုးမှုတွေ အများကြီးလိုအပ်နေသေးတယ်လို့ ဦးမောင်နု က ပြောပါတယ်။

ဖြေ ။ ။ ရွာငံမြို့ နဲ့ လက်ဖက်အသင်းအနေနဲ့ မဟုတ်ဘူး၊ မြန်မာနိုင်ငံလက်ဖက်တခုလုံးကို ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်တော့ ကျနော်တို့ နည်းပညာတွေ ပြည့်မီဖို့ အများကြီးလိုအုံးမယ်။ နောက်ပြီးတော့ ဒီမှာ တောင်သူအစုအဖွဲ့တွေ အနေနဲ့ ခိုင်မာပြီးတော့ ရပ်တည်နိုင်ဖို့ဆိုရင် ဌာနဆိုင်ရာတွေ၊ အစိုးရတို့ ဝိုင်းပြီးတော့ အသင်းကို နိုင်ငံတကာက ပံ့ပိုးတာပဲ မဟုတ်ဘဲနဲ့ နိုင်ငံတော်အစိုးရကလည်း တတ်နိုင်တဲ့ဘက်က နည်းပညာသော်လည်းကောင်း၊ ဒါမှမဟုတ် အခြားသောပံ့ပိုးနိုင်တဲ့အရာတခုခုကို ပူးပေါင်းပြီးတော့ ပံ့ပိုးပေးမယ်။ သူတို့ဘက်က ဝိုင်းဝန်းလာမယ်ဆိုရင်တော့ ဒီအသင်းက ရေရှည်ရပ်တည်နိုင်သလို၊ အောင်မြင်မှုလည်း အများကြီးရလာမယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ဝိုင်းဝန်းပြီးတော့ ပူးပေါင်းစေချင်တယ်၊ ပါဝင်ပေးစေချင်တယ်၊ အားပေးစေချင်တယ်။

မခင်ဖြူထွေး ။ ။ ရွာငံမြို့ ကထွက်တဲ့ လက်ဖက်စို၊ လက်ဖက်ခြောက်တွေက အရည်အသွေး ပြည့်မီပြီးတော့ ဓါတုဆေးဝါးတွေ သုံးစွဲထားခြင်းမရှိတဲ့ အော်ဂင်းနစ် ထုတ်ကုန်တွေ ဖြစ်ပေမယ့်လို့လဲ ဈေးကွက်အတွင်းမှာ တွင်တွင်ကျယ်ကျယ် နေရာရလာဖို့အတွက်ကတော့ အခက်အခဲတွေ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူတို့အတွက် ရွာငံကထွက်တဲ့ လက်ဖက်တွေ ပြည်တွင်းပြည်ပဈေးကွက်တွေမှာ နေရာရဖို့ဆိုရင်တော့ နည်းပညာ အကူအညီတွေ၊ ပြည်နယ်အစိုးရ၊ နိုင်ငံတော်အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒေသခံတွေအားလုံး ပူးပေါင်းပြီးတော့ လုပ်ကြမယ်ဆိုရင်တော့ နေရာတခု ရလာဖို့လည်း မျှော်လင့်ထားကြပါတယ်။

XS
SM
MD
LG