သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် မြန်မာရတနာကုန်သည်


အမေရိကန်ရောက် မြန်မာရတနာကုန်သည် မစီစီ
အမေရိကန်ရောက် မြန်မာရတနာကုန်သည် မစီစီ
အမေရိကန်ရောက် မြန်မာရတနာကုန်သည်
please wait

No media source currently available

0:00 0:11:12 0:00
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ အမေရိကန်ပြည်ထောင်စု Arizona ပြည်နယ် Tucson မြို့မှာ နာမည်ကျော် JCK ကျောက်မျက်ရတနာလုပ်ငန်းက ဦးစီးကျင်းပတဲ့ နိုင်ငံတကာ ကျောက်မျက်ရတနာပြပွဲမှာ မြန်မာ့ကျောက်မျက်ရတနာ ကုန်သည်များအဖွဲ့က ပထမဦးဆုံးအကြိမ် ပါဝင်ပြသခဲ့ပါတယ်။ မြန်မာကုန်သည်တွေအတွက် နိုင်ငံတကာမှာ လိုက်ရောင်းချတော့ မတူညီတဲ့စနစ်ကြောင့် လိုအပ်ချက်တွေတချို့ တွေ့ရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ လေးရက်ကြာ ပြသခဲ့တဲ့ နိုင်ငံတကာ ကျောက်မျက်ရတနာပြပွဲမှာ ပါဝင်ပြသခဲ့တဲ့ အတွေ့အကြုံကနေ မြန်မာရတနာကုန်သည်တွေအတွက် ဘာတွေ မှတ်သားစရာတွေ ရခဲ့ပါလဲ။ ရတနာပြပွဲအပြင် အမေရိကန်တဝှမ်း ပြည်နယ်တချို့မှာ လှည့်လည်ရောက်ချခဲ့တဲ့ အတွေ့အကြုံတွေကို ကျောက်မျက်ရတနာကုန်သည် ဒေါ်စီစီ ကို မအင်ကြင်းနိုင် VOA Washington DC Studio မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ မစီစီတို့ မြန်မာပြည်က ရတနာကုန်သည်တွေအနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ခရီးစဉ်ကို ကျမ ပထမဦးဆုံး မေးချင်ပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်စို့ထားတာတွေကို သမ္မတ Obama သမ္မတရာထူး သက်တမ်းမကုန်ခင် ရုတ်သိမ်းပေးလိုက်တယ်။ အဲဒီနောက်ပိုင်းမှာ အမတို့လို့ ရတနာကုန်သည်တွေ ပထမဦးဆုံးအကြိမ် ရတနာတွေကို ဒီမှာရောင်းချခွင့်၊ လာရောက်ပြသခွင့်၊ တရားဝင်လာတဲ့ ခရီးစဉ်ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ အမတို့ အမေရိကန်ကို လာရောက်တဲ့အခါ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြပါရှင့်။

မစီစီ ။ ။ ကျမတို့ကြတော့ JCK ကုမ္ပဏီက ဖိတ်လိုက်တာ။ ဖိတ်လိုက်တော့ ကျမတို့ကို အဲဒီမှာ သွားပြခွင့်ကို သူတို့က ခေါ်စာ ပို့ပေးတယ်။ အဲဒီလို ခေါ်စာပို့ပေးတာနဲ့ သံရုံကို သွားလျှောက်တော့ လွယ်လင့်တကူပဲ လုပ်ပေးပါတယ်။ အကုန်လုံး ကူညီပေးပါတယ်။

မအင်ကြင်းနိုင် ။ ။ ဒီကခေါ်တဲ့ ကုမ္ပဏီက …

မစီစီ ။ ။ JCK ပါ။

မအင်ကြင်းနိုင် ။ ။ JCK က မြန်မာနိုင်ငံမှာကော ရှိလား။

မစီစီ ။ ။ သူက နိုင်ငံတိုင်းမှာ အဲဒီလိုမျိုး Show ပွဲ အများကြီးလုပ်တာတော့ သိရပါတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ သူတို့က အမတို့လို မြန်မာပြည်ကိုလာပြီးတော့၊ ရတနာကုန်သည်တွေကိုလာပြီး ဆက်သွယ်တာလား။

မစီစီ ။ ။ ကျမတို့က ဆက်သွယ်လိုက်တာပါ။ ဆက်သွယ်လိုက်တော့ အဲဒီအဖွဲ့တွေကလည်း ကူညီပေးတယ်။ အားလုံးအဆင်ပြေဖို့၊ ထွက်ဖို့ရအောင်

မအင်ကြင်းနိုင် ။ ။ ဒီမြန်မာပြည်က ဒီလိုရတနာ ပစ္စည်းတွေ - အဲဒါတွေကို လာရောက်ကြည့်တဲ့သူတွေက ဘယ်အရာကို ပိုအကြိုက်များတယ် တွေ့ရမလား။

မစီစီ ။ ။ သူတို့က ကျောက်စိမ်း၊ ပတ္တမြား၊ နီလာတွေကို ကြိုက်ကြတယ်။ အများအားဖြင့် S… ဝင်ကြးနီဆက်တာပဲ။

မအင်ကြင်းနိုင် ။ ။ ပစ္စည်းတွေ ဒီမှာ ရတနာပစ္စည်းတွေ လာပြီး ရောင်းဖို့ဆိုတော့ ပစ္စည်း အရည်အသွေးကြတော့ကော ဘယ်လို ရွေးချယ်ကြတယ်။

မစီစီ ။ ။ ကျမတို့က ဒီဘက်ကို လာရောင်းဖို့ အကောင်းဆုံးပစ္စည်းတွေပဲ ရွေးပြီးလုပ်ခဲ့ရတာပေါ့။ Quality ကောင်းကောင်း၊ ရွှေဆိုလဲ ရွှေရေးအပြည့် အဲဒီလိုမျိုးတွေ ရွေးပြီးတော့ သေချာလုပ်ခဲ့ရတာ။

မအင်ကြင်းနိုင် ။ ။ တခါတလေကျရင် ရတနာပစ္စည်းရဲ့ ဒီဇိုင်း ပုံစံကကြတော့ အနောက်နိုင်ငံတွေရဲ့ အမြင်နဲ့ သူတို့ကြိုက်တဲ့ပုံစံ။ နောက် ဗမာပြည်တို့ ဘာတို့ အဲဒီဘက်က ကြိုက်တဲ့အချိုးတွေ မတူတဲ့အခါကြတော့ အမတို့လို ရတနာကုန်သည်တို့အနေနဲ့ဒီမှာ ဒီဇိုင်းကို ဘယ်လို စဉ်းစားပြီးတော့ လုပ်သလဲရှင့်။

မစီစီ ။ ။ ကျမတို့က အဲဒီလိုမျိုး တခြား Cataloge တွေ ကြည့်ရတာပေါ့။ သူတို့နိုင်ငံရဲ့လှမယ့် Cataloge လေးတွေ ကြည့်ပြီးတော့မှ သူတို့နဲ့ နီးစပ်မယ့် ဒီဇိုင်းလေးတွေ ခတ်ကြတာပေါ့။ ခတ်ပြီးတော့ သူတို့ ကြိုက်နိုင်မယ်ထင်တဲ့ ပစ္စည်းတွေကို ရွေးပြီးယူခဲ့တာပေါ့။

မအင်ကြင်းနိုင် ။ ။ တခါတည်း လုပ်ပြီးသွားလား။ ဒါမှမဟုတ် တခါတလေကျရင် ပတ္တမြားရှင်လဲ။ လုံးချောပဲလား။

မစီစီ ။ ။ သွေးပြီးသားလေးတွေ နဲ့ လုံးချောလေးတွေကို ဒီဇိုင်လေးနဲ့ ခပ်ထားတဲ့ ဟာလေးတွေ။ ဒီနိုင်ငံက အများအားဖြင့် ခပ်ထည်တွေက ဈေးကြီးတယ်ဆိုတော့ ခတ်ဖို့လက်ခတွေ ဈေးကြီးတယ်ဆိုတော့ ခပ်ထည်တွေ ပိုကြိုက်တယ်။

မအင်ကြင်းနိုင် ။ ။ Arizona က အရောင်းပြပွဲမှာကြတော့ အမတို့ ပထမဦးဆုံးအကြိမ် ပြတဲ့အခါမှာ တခြားနိုင်ငံတွေကော လာကြတာရှိသလား။

မစီစီ ။ ။ လာတော့ ကြည့်ကြပါတယ်။ ပထမဦးဆုံးအခေါက်တော့ သူတို့ ကြည့်လောက်ပဲကြည့်ကြတယ်။ ကြည့်ပြီးတော့ တချို့ကတော့ နည်းနည်းပါးပါး ဝယ်ကြတယ်။ အများကြီးတော့ မဝယ်သေးဘူး။ သူတို့တတွေလဲ ဦးဆုံးလေး ဖြစ်နေတာတွေ။ နောက် ထူးဆန်းနေတာတွေ။ အဲဒီလိုမျိုးတွေနဲ့ မေးတော့မေးကြတယ်။ တော်တော်လေး စိတ်ဝင်စားကြပါတယ်။

မအင်ကြင်းနိုင် ။ ။ ထူးဆန်းတယ်ဆိုတာ ဘယ်လို ထူးဆန်းတာလဲ။

မစီစီ ။ ။ သူတို့ရဲ့ ဒီဇိုင်းနဲ့ နည်းနည်းလေး ကွာနေတာ။ နောက်ပြီးတော့ ဒီပစ္စည်းတွေကို အရမ်းကောင်းတယ်။ အရင်တုန်းက သိပ်မတွေ့ရဘူး ထင်တာပဲ။ ကျမတို့က များများလေး ပြနိုင်တဲ့အခါကြတော့ အဲဒီလိုမျိုး ထူးထူးဆန်းဆန်း ကြည့်ကြတာပေါ့။ မေးတော့ မေးကြတယ်။

မအင်ကြင်းနိုင် ။ ။ ဈေးနှုန်းကြတော့ အမတို့ ဒီမှာ ဖောက်နိုင်လား။ အမေရိကန်ဈေးကွက်မှာတော့ သူတို့ ဘယ်လိုဖြတ်လဲ။

မစီစီ ။ ။ ဈေးနှုန်းတွေလည်း သူတို့နဲ့ အဆင်ပြေမယ်။ တချို့လဲ ဝယ်တယ်။ တချို့လဲ စစ်တွေကို တအားစစ်တာပေါ့။ ရောင်းနိုင်တဲ့ဟာ ရောင်းပြီး၊ မရောင်းနိုင်တဲ့ဟာ မရောင်းဘူးပေါ့။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ အမတို့ ဒီပြပွဲ လာရင်နဲ့ တခြားပြည်နယ်က မြန်မာတွေနဲ့လည်း တွေ့ကြတယ်။ ရတနာပစ္စည်းတွေလည်း ပြဖြစ်တယ်ဆိုတော့ အဲဒီမှာကော ဒီကမြန်မာတွေရဲ့ စိတ်ဝင်စားတဲ့ဟာ ဘယ်လို တွေ့ရလဲ။

မစီစီ ။ ။ သူတို့က ဝယ်တော့ ဝယ်ပါတယ်။ ဒါပေမဲ့ နည်းနည်းပါးပါးပဲ။ ဒီမှာကြတော့ မဝတ်ကြတာများတယ်လို့ အဲဒီလိုမျိုးတွေ ပြောကြတယ်။ သိန်းထားရတယ်လို့။ တချို့လဲ ကြိုက်ကြတယ်။ တအား မြင်တာနဲ့ အားပေးကြတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ အခု အမေရိကန်နိုင်ငံကို လာပြီးတော့ မြန်မာရတနာပစ္စည်းတွေကို ရောင်းတဲ့နေရာမှာ သူတို့ပေးချေးတဲ့စနစ်အခါကြတော့ များသောအားဖြင့် ငွေနဲ့ ပေးလာရင်တော့ လွယ်တာပေါ့။ ဒါပေမဲ့ ဒီနိုင်ငံမှာကြတော့ ခရစ်ကဒ်၊ Debit ကဒ်၊ Master, Visa အဲဒီလိုမျိုး ကဒ်တွေနဲ့ သုံးတဲ့အခါကြတော့ အမတို့ အဲဒီအခါကြတော့ ဘယ်လို အရောင်းအဝယ်လုပ်ပါလဲ။

မစီစီ ။ ။ ကျမတို့က အခုလောလောဆယ်တော့ Cash Only ပဲ ပြောလိုက်တယ်။ အဲဒီအချိန်မှာ တချို့က Cash ပေးကြတယ်။ တချို့လဲ တချို့က ချက်လက်မှတ်ပေးတယ်။ တချို့က Visa ကဒ်လုပ်ဖို့အတွက်ကို ပိုက်ဆံမပါဘူးပေါ့။ အဲဒီ Visa ကဒ်ပဲ ပါတယ်ဆိုတော့ ကျမတို့မှာ လောလောဆယ် အဲဒီကဒ် မရှိတဲ့အတွက် အဲဒီဟာတွေကို မလုပ်ခဲ့ရဘူးပေါ့။ နောက်နှစ်လောက် နောက်တခါ ကိုယ်လာမယ်လို့ စိတ်ကူးရှိရင်တော့ ဒီက ကုမ္ပဏီတခုခုနဲ့ အဆက်အသွယ်လုပ်ပြီးတော့ ကဒ်လုပ်ဖို့ အကူအညီ တောင်းရမယ်လို့ အဲဒီလိုမျိုးတော့ ရှိနိုင်မယ်ထင်တယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ ဒီမှာရှိတဲ့ ကုမ္ပဏီတခုနဲ့ ချိတ်ဆက်ပြီးတော့ အမတို့လည်း Visa ကဒ် လက်ခံလိုရအောင် ဘဏ်မှာ အဲဒီလိုဟာမျိုးတွေ လုပ်ရမှာပေါ့။

မစီစီ ။ ။ အဲဒီလိုမျိုး လုပ်ရမယ်လို့ ထင်တာပေါ့။ ကျမတို့လည်း မစုံစမ်းရသေးဘူး။ အဲဒီလိုမျိုး ကြိုးစားကြည့်ရအုံးမှာပေါ့။

မအင်ကြင်းနိုင် ။ ။ ဆိုတော့ အခု DC ကို လာတဲ့အချိန်မှာလည်း မြန်မာသံအမတ်ကြီးနဲ့ အမတို့ ရတနာကုန်သည်တချို့ တွေ့ကြတယ်ဆိုတော့ သံရုံးတို့ရဲ့ ပံ့ပိုးမှု နဲ့ သံရုံးက အမတို့ ရတနာကုန်သည်တွေကို ဘယ်လိုများ ပံ့ပိုးပေးတာတွေ ရှိသလဲ။

မစီစီ ။ ။ ဒီက သံအမတ်ကြီး နဲ့ သံအမတ်ကတော်ကလည်း ကျမတို့ (၁၀) နိုင်ငံကျော်ရှိတဲ့ တခြားနိုင်ငံက ကတော်တွေနဲ့ မိတ်ဆက်ပေးပါတယ်။ မိတ်ဆက်ပြီးတော့ ကျမတို့ ရတနာတွေကို ပြသခွင့်ပေးပါတယ်။ သူတို့ အများကြီး ကူညီပေးပါတယ်။

မအင်ကြင်းနိုင် ။ ။ နောက်ပိုင်း မြန်မာပစ္စည်းတွေ ရတနာတွေကို အမေရိကန်ဈေးကွက်မှာ ပေါက်ဖို့အတွက် အမတို့ ဘယ်လိုများ စဉ်းစားထားပါလဲ။

မစီစီ ။ ။ ကျမတို့က ဒီဇိုင်းလေးတွေကို နည်းနည်းပြင်ရမှာပေါ့။ ဒီဇိုင်းက ဒီက ကြိုက်တတ်တဲ့ ဒီဇိုင်းလေးတွေက ကျမတို့ အခုယူလာတဲ့ ဒီဇိုင်းတွေနဲ့ နည်းနည်းတော့ ဟတယ်။ အဲဒီအတွက် တချို့ကလည်း ကြိုက်သလို၊ တချို့ကတော့ သိပ်မကြိုက်ဘူး။ အဲဒါတွေ ပြင်ရမယ်။ နောက် Visa ကဒ်တွေ လုပ်ရမယ်။ နောက် Certificate တွေကို အသေးလေးကအစ အကုန်လုပ်ပေး။ သူတို့က Certificate ပါတဲ့ဟာမျိုး။ ကျမတို့ဆီက ပစ္စည်းက Quality ကောင်းတယ်။ ဒါပေမဲ့ Certificate မရှိတဲ့အခါကြတော့ ဝယ်ဖို့ နည်းနည်းတွန့်ဆုတ်ကြတာပေါ့။ တချို့ကလည်း ကြည့်တာနဲ့ သိတယ်ဆိုတော့ ယုံကြည်မှုနဲ့ ဝယ်ကြတယ်။ တချို့ကလည်း သိပ်နားမလည်တော့ မဝယ်ရဲဘူး။ အဲဒီလိုမျိုးတွေ ဖြစ်တယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ အဓိက အမတို့ ဒီမှာ ပုလဲ - တွင်းထွက်ပစ္စည်းတွေ၊ ကျောက်စိမ်းတို့ကို အမေရိကန်တွေကြိုက်တာ တွေ့ရပါလား။

မစီစီ ။ ။ ကျောက်စိမ်းလည်း အခု ကြိုက်တယ်။ မထင်မှတ်ဘဲ တော်တော်များများ ကြိုက်တယ်။ Fancy ပုံစံလေးတွေ ကြိုက်တယ်။ ပုလဲလည်း ကြိုက်တယ်။ ပုလဲနက် Earrings တို့ ဘာတို့ ကြိုက်တယ်။

မအင်ကြင်းနိုင် ။ ။ အဲဒါကြတော့ မြန်မာပြည်က ပင်တိုင် ပစ္စည်းမှန်သမျှ မြန်မာပြည်က ထွက်တာလား။ တခြားနိုင်ငံက ဥပမာ စိန်ဆိုဘာတို့က တခြားနိုင်ငံက ထွက်တဲ့ပစ္စည်းတွေကို ပြသရောင်းလား။

မစီစီ ။ ။ ကျမတို့က စိန်ကိုကြတော့ အလှအနေနဲ့ ကော့ကြတာ။ ဒီအတိုင်း စိန်ကြီးပဲဆိုပြီး မရောင်းဘူး။ လှပအောင် ကျောက် ကိုယ့်ရဲ့ ပတ္တမြားကို လှပအောင် ကော့လိုက်တာပဲရှိတယ်။ ကျမတို့ဆီကထွက်တဲ့ ပစ္စည်းက မြန်မာပြည်ကဆို ပတ္တမြား၊ နီလာ၊ ပုလဲ၊ ကျောက်စိမ်းတွေ ဒါတွေပဲ ထွက်တဲ့ဟာတွေ လာရောင်းတာပါ။ အဲဒါတွေ အကုန်လုံးလည်း မြန်မာပြည်မှာ Declare လုပ်ခဲ့ပါတယ်။

မအင်ကြင်းနိုင် ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာ အဲဒီလိုမျိုး ရတနာပစ္စည်း ဒီဇိုင်းတွေကို နိုင်ငံတကာအဆင့်မီ လုပ်ဖို့ကြတော့ ရှိပြီလား။

မစီစီ ။ ။ အခုတော့ ရှိနေပါပြီ။ အရင်တုန်းကတော့ နည်းနည်းတော့ လက်ရာမလှဘူးပေါ့။ အခုနောက်ပိုင်းတော့ ပစ္စည်းတွေ ဘာတွေနဲ့ နောက်ပိုင်း အရမ်းအဆင်ပြေလာပါတယ်။ အဲဒီလိုမျိုး လုပ်တဲ့သူတွေ တော်တော်များလာပါတယ်။ ဗမာတွေပဲ သူတို့တွေ စက်တွေဝယ်ပြီးတော့ လုပ်ကြတာပေါ့။ လက်ရာတွေလည်း တော်တော် အဆင့်မီလာပါတယ်။

မအင်ကြင်းနိုင် ။ ။ အခု အစိုးရအပြောင်းအလဲ ဖြစ်လာပြီဆိုတော့ NLD အစိုးရလက်ထက်မှာ အမတို့ ရတနာလုပ်ငန်း၊ စီးပွားရေး အခြေအနေ ဘယ်လိုရှိလဲ။

မစီစီ ။ ။ မဆိုးတော့ မဆိုးပါဘူး။ ဒီအတိုင်းပါပဲ။ အများကြီးတော့ အခုတော့ အပြောင်းအလဲလေး နည်းနည်းရှိတဲ့အချိန်ဆိုတော့ နည်းနည်းနှေးသွားတာ တခုပါပဲ။ ဒါပေမဲ့ အခုတော့ ပြန်လည်ပတ်နေပါပြီ။

မအင်ကြင်းနိုင် ။ ။ ဒီကိုလာတဲ့ ခရီးစဉ်မှာ အမတို့ အခုနောက်ပိုင်း ဆက်ပြီးတော့ ဒီကရတဲ့ အတွေ့အကြုံတွေမှာ အခြေခံပြီးတော့ နောက်ပိုင်းမှာ ဆက်ပြီးတော့လုပ်မယ့် အလားအလာ အဲဒါမျိုးက ဘယ်လိုရှိလဲရှင့်။

မစီစီ ။ ။ နောက်လဲ အဲဒီလိုမျိုး ပွဲတွေရှိတဲ့အခါ ကျမတို့ ကြိုးစားကြည့်ရအုံးမှာပေါ့။ ထပ်လာတဲ့ကိစ္စတော့ ဗမာပြည်က အစိုးရက လွှတ်မှာနဲ့ ဒီကခွင့်ပြုမှာနဲ့ အဲဒါမျိုးတွေ အကုန်လုံးအဆင်ပြေတဲ့အခါမျိုး ဆိုရင်တော့ ကျမတို့ ပြန်လာဖို့ အစီအစဉ် ရှိပါတယ်။

မအင်ကြင်းနိုင် ။ ။ အဓိကကျတော့ Visa ပေါ်မှာ မူတည်တာလား။ ဘယ်မှာ အခက်အခဲ ဖြစ်မလဲ။

မစီစီ ။ ။ Visa လည်း မူတည်တာပေါ့။ Visa ရဖို့လည်း မူတည်တယ်။ နောက် ကျမတို့ဆီက ခွင့်ပြုမှ ကျမတို့က လာလို့ရတာ။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ ဒီတခေါက် ခွင်ပြုတယ်ဆိုတာက ဘယ်လိုအဆင့်ဆင့် ဆောင်ရွက်ခဲ့လဲ။

မစီစီ ။ ။ ကျမတို့က JCK ကို အဆက်အသွယ် လုပ်ပြီးတော့ ဒီပွဲမှာ လာရောင်းချင်လို့ ခေါ်စာပို့ပေးပါဆိုပြီး အဆက်အသွယ် လုပ်လိုက်တယ်။ သူတို့ကလည်း ပို့လာပေးတယ်။ ပို့လာပေးတော့ ကျမတို့က အဲဒီအချိန်မှာ သံရုံးကို သွားပြောတယ်။ ကုန်သည်ကြီးများအသင်းကို သွားပြောတော့ ကုန်သည်ကြီးများကလည်း ပစ္စည်းတွေကို Declare လုပ်ပေးဖို့အတွက်တွေ တာဝန်ယူပြီးတော့ အကုန်လုံး စီစဉ်ပေးပါတယ်။ အဲဒီလိုမျိုး အဆင့်ဆင့် စီစဉ်ပေးတယ်။ အကုန်လုံး အဆင်ပြေအောင် အစည်းအဝေးတွေ လုပ်ပြီးတော့ စီစဉ်ပေးတယ်။ ဒီလူတွေ လာဖို့အတွက်နဲ့ အကုန်လုံး ပစ္စည်းတွေကို သယ်ယူဖို့အတွက် အကုန်လုံး လုပ်ပေးတယ်။ လွယ်လွယ်ကူကူနဲ့ပဲ ထွက်လာနိုင်တယ်။ စုစုစည်းစည်းလေး ဖြစ်အောင် ကျမတို့က တရက်တည်း လေယာဉ်တစီးနဲ့ အားလုံး (၁၇) ယောက်လုံး အတူသွားတယ်။ ပြီးရင် ကားတစီးတည်းနဲ့ အတူတူ သွားကြတယ်။ ပွဲမှာအတူတူ ပြကြတယ်။ ဆိုင်လည်း မြန်မာအုပ်စုပုံစံနဲ့ ဖြစ်အောင် တစုတစည်းတည်း အကုန်လုံး ပြကြတယ်။

မအင်ကြင်းနိုင် ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုလိုမျိုး ဖြေကြားပေးတဲ့အတွက်။ အင်တာဗျူး ပေးတဲ့အတွက်။

မစီစီ ။ ။ ဟုတ်ကဲ့ပါရှင့်။ ကျေးဇူးပါပဲရှင့်။

XS
SM
MD
LG