သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ဆက်တွဲ ငလျင်ဒဏ် စိုးရိမ်ရ


အင်အားပြင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ရွှေဘိုမြို့က တည်ဆောက်ဆဲ ဧရာဝတီ မြစ်ကူးတံတားတခု။ (နိုဝင်ဘာလ ၁၁၊ ၂၀၁၂)။
အင်အားပြင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ရွှေဘိုမြို့က တည်ဆောက်ဆဲ ဧရာဝတီ မြစ်ကူးတံတားတခု။ (နိုဝင်ဘာလ ၁၁၊ ၂၀၁၂)။
တနင်္ဂနွေနေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီး ဗဟိုပြုတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ အတွက် သေဆုံးမှုတွေ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေသလို နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတွေ ရှိလာနိုင်တာမို့ သတိရှိကြဖို့ ပညာရှင်တွေက သတိပေးနေပါတယ်။ မြန်မာနိုင်ငံတွင်း ကူညီကယ်ဆယ်ရေးတွေ လုပ်နေတဲ့ Save the Children အဖွဲ့က ငလျင်ကြောင့် သေဆုံးသူ ၁၁ ဦး ရှိပြီလို့ ပြောကြားသလို အစိုးရ ထုတ်ပြန်တဲ့ သတင်းမှာတော့ အခုချိန်အထိ ၄ ဦး ရှိပြီလို့ အတည်ပြုထားပါတယ်။ ဒီငလျင်ဒဏ် ခံခဲ့ရတာနဲ့ ပတ်သက်ပြီး နောက်ဆုံး အခြေအနေတွေကို တော့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သပိတ်ကျင်းမှာ အိမ်ပြိုပြီး သေဆုံးသူ တဦး၊ ကျောက်မြောင်းမှာ အမျိုးသမီးတဦးနဲ့ နွယ်ရုံမှာ အမျိုးသားတဦးအပြင် ဧရာဝတီမြစ်ကူး တံတားသံဘောင် ကျိုးကျတာကြောင့် သေဆုံးရသူ တဦးရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံထဲမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်နေတဲ့ ဗြိတိန်အခြေစိုက် Save the Children အဖွဲ့က ဌာနေ ကိုယ်စားလှယ် Denis De Poerk ကတော့ ငလျင်ကြောင့်သေဆုံးသူ ၁၁ ဦး ရှိကြောင်း ဗွီအိုအေ ကို အတည်ပြုပြောဆိုပါတယ်။

“ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသထဲမှာနေတဲ့ လူတွေကိုရော၊ ဒေသအာဏာပိုင်တွေအပြင် ဒေသထဲမှာ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ကျနော်တို့လို အဖွဲ့တွေကိုပါ ဆက်သွယ် စုံစမ်းကြည့်တဲ့အခါမှာ သေဆုံးခဲ့သူက အခုထိ စုစုပေါင်း ၁၁ ဦးရှိနေပြီး အယောက် ၄၀ လောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒါ့ထက်လည်း ပိုလာနိုင်ပါသေးတယ်။ ကျနော်တို့ မန္တလေး ဆေးရုံကြီးကို ပါသွားပြီးမေးပါတယ်။ အဲဒီမှာ ငလျင်ကြောင့် ရောက်လာတဲ့ လူနာ ၁၀ ဦးလောက် ဆေးရုံတင်ထားတယ်လို့ ဆိုပါတယ်။”

ဒီသေဆုံးသူတွေထဲမှာ စဉ့်ကူက ရွှေတွင်းတွေ ရှိရာဒေသမှာ တွင်းပြိုပြီး သေဆုံးရသူတွေ ရှိနေတယ်လို့ လည်း ပြောပါတယ်။

“ ဒီနေ့ ကျနော်တို့ ရတဲ့ သတင်းအရဆိုရင် ငလျင် ဗဟိုချက်နဲ့ နီးတဲ့ မြို့နယ်တွေထဲက တခုမှာ ၆ ယောက် သေဆုံးပြီး အဲဒီထဲမှာ ရွှေတွင်းပြိုလို့ သေဆုံးရတဲ့သူက ၂ ဦး ပါနေပါတယ်။”

မြန်မာနိုင်ငံဟာ ငလျင်ရပ်ဝန်းထဲမှာ ကျရောက်နေပြီး အခုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ စစ်ကိုင်း ပြတ်ရွေ့ကြောမှာ လှုပ်ခတ်ခဲ့တာပါ။ မြေလွှာပြတ်ရွေ့မှုကြောင့် တနှစ်ကို ၂ စင်တီမီတာလောက် ရွေ့လျားနေတဲ့ စစ်ကိုင်းပြတ်ရွေ့မှာ ပုံမှန် ငလျင် လှုပ်ခတ်လေ့ရှိတယ်လို့ မြန်မာနိုင်ငံ မြေငလျင် ကော်မတီ အတွင်းရေးမှုး ဦးစိုးသူရထွန်းက ပြောပါတယ်။

“ငလျင်က မန္တလေးမြို့ရဲ့ မြောက်ဘက် ရွှေဘိုမြို့ရဲ့ အရှေ့မြောက်ဘက်မှာ သူက စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ လှုပ်ခဲ့တယ်ဆိုတာ သိရတယ်။ စစ်ကိုင်းပြတ်ရွေ့က အလျားလိုက်ပြတ်ရွေ့ဆိုတော့ သူက ဖြစ်လေ့ဖြစ်ထရှိတဲ့ အတိုင်းပဲ။ အကြမ်းဖျင်းဆိုရင် သူက အနက် ဆယ်ကီလိုမီတာ တနည်းပြောရရင် ၆ မိုင်လောက်ပဲ ရှိတယ်ဆိုတော့ တိမ်တဲ့အထဲမှာ ပါပါတယ်။”

တိမ်တဲ့ငလျင် လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေပါလဲ။ -

“ငလျင်တိမ်ရင် လူတွေမှာ အရမ်းကို ခံစားရပါတယ်။ တော်လဲ သံကြားရတာတို့ သဲတွေ ပန်းထွက်တာတို့ ဖြစ်တတ်ပါတယ်။ ပမာဏမကြီးပေမဲ့ လူတွေအတွက် အတော်သိသာပါတယ်။”

ဒီငလျင်ကြောင့် ဖြစ်ခဲ့ရတဲ့ အပျက်အစီးတွေကိုလည်း အခုလို ပြောပြပါတယ်။

“အပျက်အစီးတွေထဲမှာ သိရသလောက် အကြီးဆုံးကတော့ ဧရာဝတီမြစ်ကို ဖြတ်ဖို့လုပ်နေတဲ့ တံတား ဆောက်လုပ်ဆဲမှာ ပြိုကျသွားခဲ့တာပါ။ ကျန်တာကတော့ ငလျင်နဲ့ အနီးဆုံးဖြစ်တဲ့ ကျောက်မြောင်း တို့ မလယ်တို့ ဆိုတဲ့ ရွာတွေ မြို့လေးတွေမှာ အပြိုအပျက်တွေ ရှိတယ်။ အိမ်တွေလည်း ပြိုတယ်။ တော်တော်လေး ရှေးဟောင်းဖြစ်နေတဲ့ အဆောက်အအုံတွေ ဘုရားတွေ ပြိုတာလည်း များပါတယ်။”

နောက်ဆက်တွဲ ငလျင်တွေ လှုပ်တဲ့ အနေအထားကို ရှင်းပြပေးပါလား။ -

“နောက်ဆက်တွဲ ငလျင်တွေက ပထမဦးဆုံး အကြီးဆုံးငလျင် ဗဟိုချက်ရဲ့ တောင်ဘက် ကို ရောက်နေတာ တွေ့တယ်ပေါ့။ ကျနော်တို့ ရှုထောင့်ကတော့ ငလျင်ဗဟိုချက်တွေ၊ ဒီလို နောက်ဆက်တွဲ ငလျင်တွေကို ကြည့်ပြီးတော့ ဘယ်လောက်ထိ ရွေ့ ပြတ်သွားတဲ့ မြေသား ပမာဏ ရှိတယ် ဆိုတာကို ခန့်မှန်းတာပေါ့လေ။ မနက်ပိုင်း ငလျင်ကြီး လှုပ်ပြီးတဲ့အချိန်မှာ နောက်ထပ် နှစ်ကြိမ်လောက်ကို ဆက်တိုက်လှုပ်တယ်။ နောက် ညနေပိုင်းလောက်မှာ တကြိမ် နည်းနည်း ပိုအားကြီးတဲ့ ပမာဏ ၅.၈ လောက်ရှိတဲ့ ငလျင် လှုပ်တာ တွေ့ရပါတယ်။ ဆိုတော့ နောက်ထပ် နှစ်ရက် သုံးရက်၊ ဒါမှမဟုတ် တပတ်လောက် အထိလည်း ရှိနေတတ်တဲ့ သဘောတော့ ရှိပါတယ်။”

ဘယ်ဒေသတွေမှာ နေထိုင်တဲ့သူတွေ အတွက် နောက်ထပ် လှုပ်တဲ့ ငလျင်တွေကို သတိထားဖို့ လိုပါလဲ။ ဒေသလေး နည်းနည်း ပိုင်းပြီးတော့ ပြောပြပေးပါလား။ -

“ဟုတ်ကဲ့။ ဒေသအနေနဲ့ကတော့ အလွယ်ဆုံး ပြောရင်တော့ ပထမဆုံး ငလျင်ကြီးကို ခံစားရတဲ့ လူတွေ အားလုံးနဲ့ ဆိုင်တယ်လို့ ပြောရမှာပေါ့။ အခု ကျနော် သိရသလောက်ကတော့ မန္တလေး၊ စစ်ကိုင်း၊ မုံရွာပေါ့ ဝန်းကျင်ဒေသတွေမှာ ခံစားရတယ်။ နောက်ပြီးတော့ နည်းနည်း အလှမ်း ဝေးပေမဲ့ သိသာခံစားရတာက တောင်ကြီးနဲ့ အင်းလေး ဒေသတို့၊ နောက်တခါ အပေါ်က မူဆည်၊ ရွှေလီ၊ နန်းခမ်း ဒေသတို့ အဲဒီလောက်အထိတောင်မှ ခံရတာတွေ ရှိတယ်ပေါ့။ ဆိုတော့ သူတို့ ဒေသတွေ အားလုံးမှာလည်း နောက်ဆက်တွဲ ငလျင်ကို သတိထားသင့်ပါတယ်။ ကနဦးငလျင်ကြောင့် အက်ကြောင်းတွေ ရှိခဲ့ရင် ပြိုပျက်ဖို့အတွက် လမ်းကြောင်းတွေ ရှိခဲ့ရင် နောက်ဆက်တွဲ ငလျင်ငယ်တွေ ကနေပြီးတော့ ဖြိုဖျက်နိုင်တဲ့ အားမျိုး ဖြစ်သွားစေတယ်ပေါ့။ ဆိုတော့ အန္တရာယ် ရှိနေတယ်လို့ ပြောရမှာပေါ့။ အဓိက ကတော့ အဆောက်အဦး ပြိုပျက်တဲ့ အန္တရာယ်ပေါ့။ ကိုယ်နေတဲ့ အဆောက်အဦးတွေ ပြိုပျက်နေတဲ့ အခြေအနေတွေ ရှိ မရှိကို အရင်ဆုံး လေ့လာသင့်ပါတယ်။”

အခု အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့နောက်ပိုင်းမှာ နောက်ဆက်တွဲ ငလျင်တွေရဲ့ အန္တရာယ်ကို သတိထားဖို့ လိုအပ်တယ်လို့လည်း ဦးစိုးသူရထွန်းက ပြောပါတယ်။
XS
SM
MD
LG