သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနှစ် ၈% တိုးတက်မှ မြန်မာလူနေမှု ဆယ်နှစ်မှာ နှစ်ဆ တက်မယ်


ရန်ကုန်မြစ်ဆိပ်တွင် လှေပေါ်သို့ ကျောက်စရစ်ခဲများ တင်နေသည့် အလုပ်သမားများ။ နိုဝင်ဘာ ၂၃၊ ၂၀၁၂။
ရန်ကုန်မြစ်ဆိပ်တွင် လှေပေါ်သို့ ကျောက်စရစ်ခဲများ တင်နေသည့် အလုပ်သမားများ။ နိုဝင်ဘာ ၂၃၊ ၂၀၁၂။
မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ၂၀၁၂ ခုနှစ်မှာ ၆.၂၅% ထိ ဖြစ်လာနိုင် တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်း ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း ခရီးရှည်ကြီး ဆက်သွားဖို့ရှိနေသေးပြီး စိန်ခေါ်မှု အများအပြားကို ရင်ဆိုင်ရလိမ့်မယ်လို့တော့ IMF က သတိပေးထားပါတယ်။ ဒီတိုးတက်မှုနှုန်းဟာ အကောင်းမြင်လွန်းတယ်လို့ ဆိုနိုင်ပေမဲ့ တိုင်းပြည် လူထုရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာဖို့ဆိုရင် ဒီ့ထက်မကတောင်မှ တိုးတက်ဖို့ လိုအပ် တယ်ဆိုတဲ့ အမြင်မျိုးလည်းရှိပါတယ်။ အခွင့်အလန်းကောင်းတွေနဲ့အတူ လိုအပ်ချက်တွေနဲ့ စိန်ခေါ်အကဲစမ်းမှုတွေ ပြည့်နှက်နေတဲ့ မြန်မာ့ စီးပွားရေး အနာဂတ်အလားအလာကို ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နိုင်ငံရဲ့စီးပွားရေးကို ဖွင့်ပေးဖို့ သမိုင်းဝင် အပြောင်း အလဲတွေကို ဖော်ဆောင်ခဲ့ပြီ လို့ IMF အဖွဲ့က ချီးကျူးလိုက်ပါတယ်။ စနစ်တကျသာ စီမံခန့််ခွဲ မယ်ဆိုရင် အဲဒီအပြောင်းအလဲတွေဟာ ဆင်းရဲမွဲတေမှုကို လျှော့ချ နိုင်မယ့် အားကောင်းခိုင်မာပြီး အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်လိမ့်မယ်လို့လည်း IMF ကဆိုပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ IMF လေ့လာရေးအဖွဲ့တဖွဲ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း နိုဝင်ဘာလ ၂၁ ရက်နေ့ ကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ လေ့လာရေးအဖွဲ့ရဲ့ခေါင်းဆောင် မီရားလ် ကာရာဆူလို (Meral Karasulu) က အဲဒီလို ပြောထားတာပါ။

လွန်ခဲ့တဲ့နှစ်နှစ်အတွင်း မြန်မာအစိုးရ ဖော်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို IMF က အသေးစိတ် ညွှန်းဆိုပြီး လျင်မြန်တဲ့ တိုးတက်မှုနှုန်းရအောင် လုပ်ခဲ့တယ်လို့ ချီးကျူးထားပါတယ်။

နိုင်ငံခြားငွေ လဲလှယ်တဲ့စနစ်ကို အပြောင်းအလဲလုပ်ခဲ့တာ၊ ဘဏ္ဍာ ငွေကြေးကဏ္ဍကို တဖြည်းဖြည်းချင်း ခေတ်မီအောင်လုပ်လာတာ၊ အခုဘဏ္ဍာရေးနှစ်အတွက် ဝင်ငွေထွက်ငွေ လျာထားချက်ကို ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်မှာ အခြေအတင်ဆွေးနွေးခဲ့ကြပြီး ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးတွေလို အထူးအရေးကြီးတဲ့ကဏ္ဍတွေမှာ အသုံးစရိတ် မြှင့်တင်ခဲ့တာ၊ မြေယာပြုပြင်ပြောင်းလဲရေး၊ မိုက်ခရို စီးပွားရေး နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတွေအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရရဲ့ရည်မှန်းချက်တွေကို အထောက်အကူဖြစ်စေမယ့် ဥပဒေတွေကို ပြဌာန်းခဲ့တာကိုလည်း IMF က ထောက်ပြထား ပါတယ်။ ပြင်ပ ကြွေးမြီတွေ ပြန်ဆပ်ဖို့ ဆွေးနွေး နေတဲ့ကိစ္စတွေဟာလည်း တိုးတက်မှုရနေတယ်လို့ IMF ကဆိုပါတယ်။

အဲဒီပြုပြင်ပြောင်းလဲမှုတွေကနေ အခုဆိုရင် အသီးအပွင့်တွေ ပေါ်ထွက်လာနေပြီဖြစ်ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ တိုးတက် မှုနှုန်း ၆.၂၅% ထိ တိုးတက်ရရှိမယ်လို့ IMF က ခန့်မှန်းလိုက်တာပါပဲ။
IMF ရဲ့ ဒီသုံးသပ်ချက်တွေနဲ့ ခန့်မှန်းချက်တွေကို ကြည့်မယ်ဆိုရင် သိပ်များ အကောင်းမြင်လွန်းရာ ကျနေသလားလို့ ထင်စရာပါ။

“အကောင်းမြင်ရာကျသလားဆိုတော့ အကောင်းတော့မြင်ရာကျတယ်။ ဒါပေမဲ့ ကျနော်တို့ လည်းပဲ အကောင်းပဲမြင်တယ်။ ဘယ်တုန်းကနဲ့မှမတူအောင် ကျနော်တို့မှာ Opportunity ပေ့ါ၊ အခွင့်အလန်းတွေက အရမ်းတက်လာပြီးတော့ ဒီဟာကို ကျနော်တို့က အမိအရသာ ယူနိုင်ရင် ကျနော်ထင်တယ် ဒီ့ထက်မက တက်နိုင်တယ်။ ဆိုတော့ ဒါက Question ပေါ့။ ယူနိုင်မလား။ မယူနိုင်ရင်တောင် ကျနော်ထင်ပါတယ်။ မယူနိုင်ရင်တောင် ကျနော်ထင်ပါတယ်၊ ၆.၂၅ ကတော့ အသာလေးရနိုင်တယ်လို့ ကျနော်မြင်ပါတယ်။

“အကောင်းမြင်တာကိုတော့ ကျနော်တို့က လက်ခံတယ်။ ဘာဖြစ်လို့လည်းဆို Positive Thinking ပေါ့။ ကျနော်တို့ရဲ့ပြည်တွင်းက မြန်မာပြည်သူရော၊ ကျနော် မြန်မာပြည်သူ ပြည်သား တယောက်အနေနဲ့ရော ကျနော်တို့လည်း အကောင်းမြင်ပါတယ်။”

ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးကျော်မင်းထွန်းပါ။

မင်္ဂလာဒုံမြို့နယ်ရှိ လယ်ကွင်းထဲတွင် ထွန်နွားနှင့်အတူတွေ့ရသည့် လယ်သူမကြီးတဦး။ စက်တင်ဘာ ၁၅၊ ၂၀၁၂။
မင်္ဂလာဒုံမြို့နယ်ရှိ လယ်ကွင်းထဲတွင် ထွန်နွားနှင့်အတူတွေ့ရသည့် လယ်သူမကြီးတဦး။ စက်တင်ဘာ ၁၅၊ ၂၀၁၂။

တကယ်ကတော့ ၆.၂၅ ဖွံ့ဖြိုးတိုးတက်မှုနှုန်းနဲ့ ဆိုရင်တောင် ၁၂ နှစ်လောက် အပြင်းအထန်ကြိုးစားမှ လူတဦးချင်းဝင်ငွေဟာ အခု လက်ရှိထက် နှစ်ဆ တိုးလာနိုင်မှာဖြစ်တယ်လို့ ဦးကျော်မင်းထွန်း က ထောက်ပြပါတယ်။ ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေး အင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာ တဲ့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာဆိုရင် တိုးတက်မှုနှုန်းက ၇% ၈% လောက်ထိ ရှိခဲ့တာ ပါ။ မြန်မာနိုင်ငံအနေနဲ့ဆိုရင် ၈%၊ ၉% လောက်ကို ရအောင်လုပ်နိုင်ဖို့လိုပြီး ရဖို့အတွက်ကိုလည်း ကြိုးစားနေကြပေမဲ့ အဲဒီလောက် ရအောင် လုပ်နိုင်မလားဆိုတာကတော့ မေးခွန်းအဖြစ် ရှိနေသေးတယ်လို့ ဦးကျော်မင်းထွန်းက ပြောပါတယ်။ သို့သော် ဒီ ၆.၂၅% ဖွံ့ဖြိုး တိုးတက်မှုဟာ အစပဲဖြစ်ပြီး ဒါကို အခြေခံပြီးတော့ ဆက်ပြီး ကြိုးစားသွားရမယ်လို့ သူကပြောပါတယ်။

“ကျနော်တို့ရဲ့ အတွေ့အကြုံတွေပေါ်မှာ အခြေခံပြီးတော့ ဆက်ပြီးတော့ ကြိုးစားရင်တော့ ရေရှည်မှာ ကျနော်တို့က ၇% ၈% လောက် ရောက်မှ၊ ၇% ၈% တောင်မှ အမှန်တကယ် ဆိုလို့ရှိရင် လူဦးရေက ၁% ကျော်ကျော်ရှိတယ်ဆိုတော့ ၈% ဆိုမှ ကျနော်တို့က တစ်ဦး ချင်းဝင်ငွေမှာကျတော့ Rule of 70 ဆိုတာရှိတာပေ့ါ၊ အကြမ်းဖျဉ်းနဲ့တွက်ရင် ကျနော်တို့က ၁၀ နှစ်လောက်မှာ နှစ်ဆတက်မှာ။ အဲဒီတိုင်းသာ ကျနော်တို့က ရေရှည်သွားရင် အဲဒီ ၈ ၉ % လောက်နဲ့ ကျနော်တို့ နှစ် ၂၀ လောက်သွားရင်တော့ လေးဆလောက် တက်သွားမှာပေါ့။ အဲဒီတော့မှလည်း ကျနော်တို့ရဲ့ နေထိုင်မှုအဆင့်အတန်းကော ဘာကောက တကယ်တော့ အဲလောက်ရောက်ဖို့ နှစ် ၂၀၊ ၃၀ ဆိုရင် ၈ ဆလောက် တက်သွားမှာ။”

အစိုးရကလည်း ခရီးရှည်ကြီးသွားရဦးမယ်ဆိုတာကို အသိအမှတ်ပြု လက်ခံထားတယ်လို့ IMF က ပြောပါတယ်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အတားအဆီး အခက်အခဲတွေ အများအပြား ရှိနေတာနဲ့အတူ မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ အဆင်းရဲဆုံး နိုင်ငံတခုအဖြစ် ဆက်ရှိနေဆဲပါ။

ဆယ်စုနှစ် ငါးခုနီးပါးကာလအတွင်း ကိုယ့်ဖာသာ ပိတ်ထားခဲ့တာရော၊ လူ့အခွင့်အရေး ချိုးဖောက် မှုတွေကြောင့် ဒဏ်ခတ်တဲ့ အနေနဲ့ သူများက ပိတ်ထားခဲ့တာတွေရောကြောင့် မြန်မာနိုင်ငံရဲ့ ကဏ္ဍ အသီးသီးမှာ ဖွံ့ဖြိုးတိုးတက်မှု မရှိသလောက်ဖြစ်ခဲ့ပြီး ကမ္ဘာကြီးရဲ့နောက်မှာ ပြတ်ကျန်နေခဲ့တာပါ။

အစိုးရရဲ့ အဓိကကျတဲ့ ပြုပြင်ပြောင်းလဲရေးမူဝါဒတွေမှာ ကဏ္ဍနှစ်ရပ်ပါဝင်တယ်လို့ IMF ကပြောပါတယ်။ တစ်ခုက အသွင် ကူး ပြောင်းရေးလုပ်ငန်းစဉ်အတွင်း တည်ငြိမ်မှုကို ထိန်းသိမ်း ထားနိုင်ဖို့နဲ့ နောက်တခုကတော့ အလျင်အမြန်ပြောင်းလဲနေတဲ့ စီးပွားရေးကို စီမံခန့်ခွဲဖို့ လိုအပ် တဲ့ ခေတ်မီ နည်းလမ်းတွေ ပစ္စည်းကိရိယာတွေနဲ့ အဖွဲ့အစည်းတွေကို တည်ဆောက်ဖို့ဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြင့်မားဖို့နဲ့ အဲဒီမြင့်မားတဲ့နှုန်းကို ဆက် ထိန်းထားပြီးတော့ ပိုပိုပြီး တိုးတက် သွားနိုင်ဖို့အတွက်က လူသား အရင်းအမြစ် မပြည့်ဝတာလို အားနည်းချက်တွေကို ပျောက်အောင် လုပ်နိုင်ဖို့က အရေးကြီးတယ်လို့ ဦးကျော်မင်းထွန်းက ထောက် ပြပါတယ်။

လိုအပ်ချက်တွေရှိနေပေမဲ့လည်း အခုအခါမှာ အကူအညီ အထောက်အပံ့တွေကို ရလာနေပြီမို့ ဖြစ်အောင် လုပ်နိုင်လိမ့်မယ်လို့ ဦးကျော်မင်းထွန်းက မျှော်လင့်ထားပါတယ်။

“IMF တို့၊ World Bank တို့ International Organization တွေရဲ့ Technical Assistance တွေတော့ ယူနေပြီ။ ယူနေပြီ ဆိုတဲ့အခါကျတော့ အဲဒါတွေကလည်း အခု လောလောဆယ်မှာတော့ ကျနော်တို့ က အခုမှ ယူနေတာကိုး … အဲဒီဟာတွေက ကျနော်ထင်ပါတယ်၊ ကျနော် တို့ရဲ့ ပေါ်လစီက Open Economy ပေါ့၊ ဖွင့်ပြီးတော့ Technical Assistance ရော၊ Financial Assistance ရော၊ အကူအညီ အထောက်အပံ့တွေ ကျနော်တို့ ယူပြီးတော့ ကြိုးစားမယ်ဆိုရင်တော့ ၁၀ နှစ်၊ ၁၀ နှစ်၊ ၁၀ နှစ်လောက် နှစ်ဆ နှစ်ဆ တိုးသွားရင် နှစ် ၃၀ ကြာရင် လက်ရှိအခြေအနေရဲ့ ၈ ဆလောက် တက်သွားနိုင်တယ်။”

ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးကျော်မင်းထွန်းပါ။

မြန်မာအစိုးရအတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့တွေ ဆက်ပြီး ပေးသွားမယ်လို့ IMF ကပြောပါတယ်။ မြန်မာအစိုးရရဲ့ ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို တခြား အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ နှစ်နိုင်ငံကြား ကူညီတဲ့ အလှူရှင်တွေကလည်း ကူညီနေ ပါတယ်။

အားကောင်းတဲ့ ပြုပြင်ပြောင်းလဲရေးတွေအပေါ် သန္နိဋ္ဌာန်ခိုင်မာမှုနဲ့အတူ မြန်မာနိုင်ငံဟာ လူထုရဲ့ လူနေမှုအဆင့်အတန်းကို အကြီးအကျယ် တိုးတက်လာအောင်လုပ်ဖို့ အလားအလာရှိနေသလို အာရှတိုက်ရဲ့ ထွန်းတောက်လာနေတဲ့ နောက်ထပ် ကြယ်တပွင့်အဖြစ် ပေါ်ထွက်လာဖို့အလားအလာ ရှိနေပါတယ်လို့ IMF က ပြောပါတယ်ဆိုတာကိုတင်ပြရင်း ဒီကနေ့အစီအစဉ်ကို ဒီမှာပဲ နိဂုံးချုပ် လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG