သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂ္ဂလိကပိုင် ပြုလုပ်မှုကြောင့် မြန်မာ့စီးပွားရေး စစ်တပ်ထိန်းချုပ်မှု ခိုင်မြဲ


ပုဂ္ဂလိကပိုင် ပြုလုပ်မှုကြောင့် မြန်မာ့စီးပွားရေး စစ်တပ်ထိန်းချုပ်မှု ခိုင်မြဲ
ပုဂ္ဂလိကပိုင် ပြုလုပ်မှုကြောင့် မြန်မာ့စီးပွားရေး စစ်တပ်ထိန်းချုပ်မှု ခိုင်မြဲ

မြန်မာနိုင်ငံမှာ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေရဲ့ တစိတ်တပိုင်းအဖြစ် စစ်အစိုးရက နိုင်ငံပိုင်ပစ္စည်း အတော်များများကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်း ရောင်းချပေးနေတယ်လို့ သိရပါတယ်။ ဒီရောင်းချမှုဟာ နိုင်ငံပိုင် ပစ္စည်းတွေကို စစ်အစိုးရနောက်လိုက် စီးပွားရေးသမားတွေ လက်ထဲ ပြောင်းပေးလိုက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးကို ထိန်းချုပ်ထားတာထက် မပိုဘူးလို့ ဝေဖန်သူတွေက မှတ်ချက်ချပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ရွန်ကော်ဘန် (Ron Corben) သတင်းနောက်ခံ ဆောင်းပါး ပေးပို့ထားတာကို မမိုးဖြူက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဟာ စစ်အစိုးရရဲ့ စီးပွားရေး လက်ဝါးကြီးအုပ် ချယ်လှယ်ခံထားရတဲ့ နိုင်ငံဖြစ်ပြီး အာရှမှာ အဆင်းရဲဆုံး တိုင်းပြည်တွေထဲက တခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်အစိုးရကတော့ တိုင်းပြည်ပိုင်ဆိုင်မှုရဲ့ ၉၀% လောက်ကို ရောင်းစားတာမျိုး အပါအဝင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ မကြာသေးခင်က တိုင်းပြည်က ပိုင်ဆိုင်တဲ့ လေဆိပ်တွေ၊ အဆောက်အဦးတွေ၊ ဓာတ်ဆီဆိုင်နဲ့ သင်္ဘောဆိပ်နဲ့နီးတဲ့ မြေကွက်ကြီးတွေ အပါအဝင် စီးပွားရေး ပိုင်ဆိုင်မှုပေါင်း ၄၀၀ ကျော်ကို အစိုးရက ထုတ်ရောင်းလိုက်ပြီလို့ ရန်ကုန်က သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

ကမ္ဘောဒီးယား အခြေစိုက် Leopard Capital ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်ဂလပ်စ် ကလေတန် (Douglas Clayton) က ပြည်သူပိုင် အခန်းကဏ္ဍကနေ ပုဂ္ဂလိကပိုင် လုပ်တာဟာ စီးပွားရေးအရ ပိုပြီး ထိရောက်မှုရှိတဲ့ ခြေလှမ်းတခု လှမ်းလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီလို စီးပွားရေး ပြုပြင်ပြောင်းလဲမှုကနေ နောက်ထပ် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ အရှိန် ပိုရလာပါလိမ့်မယ်။”

ဒါပေမဲ့ တချို့ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူတွေကတော့ အခုလို ပုဂ္ဂလိကပိုင် လုပ်တာဟာ လက်ရှိ စစ်အစိုးရရဲ့ အာဏာကို ထိန်းချုပ်ထားဖို့ ကြိုးပမ်းချက် တစိတ်တပိုင်းသာ ဖြစ်တယ်လို့ ယူဆပါတယ်။ သူတို့ရဲ့ အမြင်အရ အခု ပုဂ္ဂလိကပိုင် ပေးလိုက်တဲ့ တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုတွေဟာ စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လက်ထဲကို ရောက်သွားတာသာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

သြစတြေးလျ မက်ကွာရီ တက္ကသိုလ် (Macquarie University) က စီးပွားရေး ပညာရှင် အဲလစ်စန် ဗစ်ကရီ (Alison Vicary) ကတော့ အခုလို ဝေဖန် သုံးသပ်ပါတယ်။

“နိုင်ငံပိုင် ပစ္စည်းတွေ ပုဂ္ဂလိက ကဏ္ဍကို အကြီးအကျယ် ရောင်းချပေးနေတာဟာ ရွေးကောက်ပွဲ မတိုင်ခင်က စစ်အစိုးရကို ထောက်ခံ အားပေးခဲ့တဲ့ စီးပွားရေးသမားတွေကို အစိုးရက ပြန်ကြည့်တဲ့ သဘောပါပဲ။ ဥပမာ နိုင်ငံပိုင် လေယာဉ်ကွင်းကို ရောင်းပေးလိုက်တာဟာ စစ်အစိုးရနဲ့ နှစ်ပေါင်းများစွာ တကြိတ်တည်း တဉာဏ်တည်း လုပ်ခဲ့တဲ့ စီးပွားရေးသမားတွေကိုပါပဲ။ ဒါကြောင့် စစ်အစိုးရ အနေနဲ့ ဒီစီးပွားရေးသမားတွေကို အိတ်ထဲထည့် စည်းရုံးထားဖို့ လုပ်တယ် ဆိုတာကတော့ ထင်ရှားပါတယ်။ နောင်အနာဂတ်မှာ စီးပွားရေး စီမံခန့်ခွဲဖို့ ဆိုတာက နောက်ကိစ္စတခုပါ။”

အခုလို ရောင်းလိုက်တဲ့ နိုင်ငံပိုင် ပစ္စည်းတွေကို ဝယ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေထဲမှာ စစ်တပ်ရဲ့ အငြိမ်းစားလစာ ရန်ပုံငွေတွေကို ချုပ်ကိုင်ထားတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းလို၊ နိုင်ငံပိုင်ပစ္စည်း ရောင်းလို့ရတဲ့ ရန်ပုံငွေတွေကို ကြီးကြပ်ရတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်လို စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းကြီးတွေပါ ပါနေတယ်လို့ တချို့ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူတွေက ထောက်ပြ ဝေဖန်ကြပါတယ်။

“အခုလုပ်တဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်မှုတွေက ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုကို စစ်အစိုးရနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေ အပါအဝင် စစ်အစိုးရနောက်လိုက် စီးပွားရေးသမားတွေရဲ့ ပိုင်ဆိုင်မှု ဖြစ်လာအောင် ပြောင်းလိုက်တာပါပဲ။”

မြန်မာနိုင်ငံအကြောင်း ရေးသားနေတဲ့ ဘာတေးလ် လင့်တနာ (Bertil Lintner) ကလည်း ဒီပုဂ္ဂလိကပိုင် လုပ်မှုတွေဟာ စစ်ခေါင်းဆောင်တွေနဲ့ နောက်လိုက်တွေ အတွက်ပဲ ဆိုတာ ထောက်ခံပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်က ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ လမ်းဖွင့်ပေးလိုက်တယ်လို့တော့ ယူဆပါတယ်။

“စီးပွားရေး အခွင့်အလမ်းသစ်တွေ ပေါ်လာပြီလို့ လူတွေက ပြောနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ စီးပွားရေး အခြေအနေက သိပ်ကို ဆိုးနေတာကြောင့် ပြုပြင် ပြောင်းလဲမှုတွေတော့ လုပ်ဖို့ လိုပါလိမ့်ဦးမယ်။”

ဟောင်ကောင်မှာရှိတဲ့ တရားမဝင် ငွေလွှဲပြောင်းမှု နှိမ်နင်းရေး အကြံပေးအဖွဲ့က ပီတာ ဂယ်လို (Peter Gallo) ကတော့ အခုလို ပုဂ္ဂလိကပိုင် လုပ်ပေမဲ့လည်း နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်မယ်ဆိုရင် သတိကြီးကြီးထားဖို့ လိုမယ်လို့ သတိပေးလိုက်ပါတယ်။

“လက်တွေ့ပြဿနာကတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုနဲ့ လူ့အခွင့်အရေး အခြေအနေတွေပါပဲ။ ဒီမိုကရေစီနည်းကျ တင်မြှောက်တဲ့ အစိုးရ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်လို့ကတော့ နိုင်ငံတကာ ပြစ်တင်ရှုတ်ချတာကို ခံရမှာပါ။”

လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူ ဒက်ဘီ စတော့တ်ဟာ့တ် (Debbie Stothard) ကတော့ ဒီပြောင်းလဲမှုတွေဟာ မြန်မာပြည်သူ အများစုရဲ့ ဘဝတိုးတက်ဖို့ ဘာမှ လုပ်မပေးနိုင်ပါဘူးလို့ ရှင်းရှင်းလင်းလင်း အခုလို မှတ်ချက်ချပါတယ်။

“မြန်မာပြည်က ပြည်သူ အများစုဟာ လျှပ်စစ်မီး၊ သန့်ရှင်းတဲ့ သောက်ရေ၊ အခြေခံ ကျန်းမာရေးနဲ့ ပညာရေး ခံစားခွင့်တွေ ဘာမှ မရှိကြပါဘူး။ အခုလို ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့နောက်လိုက်တွေရဲ့ ပိုင်ဆိုင်မှုအဖြစ် ပြောင်းလိုက်တာဟာ ခုနပြောတဲ့ အခြေခံအခွင့်အရေး မရတဲ့ ပြည်သူအများစုအတွက် ဘာအကျိုးမှ မရှိပါဘူး။”

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးတာနဲ့ ရွေးကောက်ပွဲ ကျင်းပတာတွေဟာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု တချို့ကို လုပ်တာဖြစ်တယ်လို့ အာဆီယံ ခေါင်းဆောင်တွေက ယူဆပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော် အကျဉ်းထောင်တွေထဲမှာ ဆက်ရှိနေတဲ့ အချက်နဲ့ စစ်အစိုးရက စီးပွားရေးကို ဆက်ပြီး လက်ဝါးကြီး အုပ်ထားတဲ့ အချက်တွေကြောင့် အာဆီယံက ပြောတဲ့ ပြုပြင်ပြောင်းလဲမှု တချို့ ဆိုတာဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်ဖို့ တကယ့်လက်တွေ့မှာ အများကြီး လိုနေပါသေးတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြ သုံးသပ်ကြပါတယ်။

XS
SM
MD
LG