ရှစ်လေးလုံး လှုပ်ရှားမှုအဖြစ် ထင်ရှားတဲ့ လူထုအုံကြွမှုဖြစ်ပွားပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ဆိုရှယ်လစ် စီးပွားရေးစနစ် တခန်းရပ်ပြီး ဈေးကွက်စီးပွားရေးအဖြစ် ကျင့်သုံးသွားမယ်လို့ အဲဒီအချိန်ကစလို့ စစ်ခေါင်းဆောင်တွေက ကြွေးကြော်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း စီးပွားရေး အခြေအနေတွေဟာ နိမ့်ကျနေဆဲဖြစ်သလို၊ သာမန်လူထုအနေနဲ့ အရင်ကထက်တောင် လုပ်ကိုင်စားသောက်၊ စီးပွားရှာရတာ ခက်ခဲနေတုန်းပဲလို့ ပြောနေကြတာပါ။ ၁၉၈၈ ခုနှစ်ကစလို့ အခုအထိ မြန်မာ့စီးပွားရေး အခြေအနေ တိုးတက်မှု မရှိပဲ ဖြစ်နေရ ဘယ်လိုအကြောင်းရင်းတွေကြောင့်လဲ ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီ တောင်းဆို အုံကြွတဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုကို သွေးထွက်သံယိုနှိမ်နင်းပြီး၊ အာဏာသိမ်း တက်လာတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေက ဆိုရှယ်လစ် စနစ်ကို အဆုံးသတ်၊ ဈေးကွက်စီးပွားရေး စနစ်ကို ပြောင်းလဲကျင့်သုံးမယ်လို့ ပြောခဲ့တာ အခုဆို နှစ်ပေါင်း ၂၃ နှစ်ရှိလာပါပြီ။ ဒါပေမဲ့လည်း အုပ်ချုပ်သူတွေသာ ပြောင်းလာခဲ့တယ်၊ မြန်မာ့စီးပွားရေးကတော့ နိုင်ငံတကာအဆင့် မပြောနဲ့ ဒေသတွင်းမှာတောင် နိမ့်ကျနေဆဲ အခြေအနေမှာပဲ ရှိနေတယ်လို့ မြန်မာနိုင်ငံသားတွေ စီးပွားရေး ကျွမ်းကျင်သူတွေက တညီတညွတ်တည်း ပြောနေကြတာပါ။
စီးပွားရေး အချက်အခြာမြို့ဖြစ်တဲ့ ရန်ကုန်မြို့က အိမ်ရှင်မ တယောက်ကတော့ ၁၉၈၈ ခုနှစ်ကာလနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဒီကနေ့ အချိန်အခါမှာ သာမာန်မိသားစုတွေ ပိုပြီးတော့တောင် ရုန်းကန် ရှာဖွေ စားသောက် နေကြရတယ်လို့ ပြောပြပါတယ်။
“ဟိုတုန်းက အိမ်မှာ တယောက်လောက် အလုပ်လုပ်ပြီ ဆိုလို့ရှိရင်၊ ၂ ယောက် ၃ ယောက်လောက်၊ မိသားစု ၃ ယောက်လောက်က ထိုင်စားလို့ရတယ်၊ အဲဒီ ၈၈ တုန်းက။ အခုဟာက မိသားစုအားလုံး ထွက်လုပ်တာတောင်မှ မပြေလည်ဘူး။ အဲဒီလိုမျိုးကို ကွာခြားပါတယ်။ ကျမတို့ မှတ်မိသလောက်ဆိုလို့ရှိရင် ကျမတို့ ၈၈ တုန်းက၊ ဆန္ဒပြခဲ့တုန်းက အော်ခဲ့တာ ‘ဆန်တပြည် ၂ ကျပ်ခွဲ၊ စိန်လွင် ခေါင်းကိုခွဲ’ ဆိုပြီးတော့ အဲလိုအော်ပြီး ဆန္ဒပြခဲ့ကြတာပါ။ အဲဒီခေတ်က ဆန်တပြည် ၂ ကျပ်ခွဲ ဆိုတာကြောင့် ဆန္ဒပြခဲ့တာ၊ အခုဟာက ဆန်တပြည်ကို ၁,၅၀၀ ဖြစ်နေတယ်။ အဆပေါင်း မြောက်များစွာ ကွာခြားနေတယ်။ အိမ်မှာ ၁၀ တန်းအောင်ပြီးသား ကလေးတွေရှိတယ်။ သူတို့ကိုပြောပြတဲ့ အခါကြတော့ အဲဒီတုန်းက ဘဲဥတလုံးကို ၅ မတ်၊ မုန့်ဟင်းခါး တပွဲကို ၁ ကျပ်၊ အဲဒီတုန်းက ကျမတို့က ဒုတိယနှစ်ပေါ့။ အခုဒီမှာ မုန့်ဟင်းခါး တပွဲကို ၄၀၀ လောက် ဖြစ်နေတယ်။ အနှစ် ၂၀-၂၃ နှစ်မှာလေ။ အဲဒီလောက်ကို ကွာခြားသွားတာ။ ကျမတို့ပြောတဲ့ ဈေးနှုန်းတွေဆို ကလေးတွေက ပုံပြင်လို့ကို ထင်နေတယ်။”
၁၉၈၈ ခုနှစ်ကစလို့ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေကို ခွင့်ပြုလာတဲ့အတွက် ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေး စတဲ့ စွမ်းအင်ကဏ္ဍမှာ တရုတ်နဲ့ ထိုင်းတို့လို အိမ်နီးချင်း တိုင်းပြည်တွေက အကြီးအကျယ် ၀င်ရောက်လုပ်ကိုင် လာကြပါတယ်။ ဒါပေမဲ့လည်း ဒီလုပ်ငန်းတွေဟာ သာမန်လူထု အများစုအတွက် ကောင်းကျိုးခံစားရတာထက်၊ မကြာခန လူ့အခွင့်အရေး ချိုးဖောက်မှုတွေလို အကျိုးဆက်တွေကိုသာ သယ်ဆောင်လာတယ်လို့ ဆန်းစစ်သူ အကဲခတ်တွေက မြင်နေကြတာပါ။
မြန်မာ့စီးပွားရေးကို စောင့်ကြည့် လေ့လာနေတဲ့ သြစတြေးလျနိုင်ငံ မက်ကွာရီ တက္ကသိုလ်က စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) ကတော့ နှစ်ပေါင်း ၂၃ နှစ်အတွင်း မြန်မာလူထုအနေနဲ့ ဆင်းရဲတွင်းက မတက်နိုင်တာဟာ တကယ်တော့ နိုင်ငံတော်အဆင့် စီးပွားရေး အစီအမံတွေ ညံ့ဖျင်းမှုရဲ့ ရလဒ်ဖြစ်တယ်လို့ ပြောပါတယ်။
“လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း စီးပွားရေးနဲ့ ပတ်သက်လို့ ဆိုးဆိုးရွားရွား ဆုံးဖြတ်ချက်တွေဟာ အခုအခါ အစိုးရသစ် တဖြစ်လဲ စစ်အစိုးရဆီက ထွက်ခဲ့တာပါ။ တကယ်တမ်း လုပ်ဖို့လိုနေတာကတော့ အခြေခံကျတဲ့ နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ကောင်းမွန်တဲ့ စီးပွားရေး မူဝါဒတွေ ချမှတ်ရမှာ ဖြစ်ပါတယ်။ ဥပဒေစိုးမိုးရေးလိုကိစ္စ မြေယာပိုင်ဆိုင်ခွင့်လို ကိစ္စတွေနဲ့ ဘဏ္ဍာရေး စနစ်မှာ တည်ငြိမ်မှုတွေ ရှိဖို့လိုပါတယ်။ အစိုးရအနေနဲ့ နိုင်ငံတော်အဆင့် စီးပွားရေး မူဝါဒတွေကို ကျင့်သုံးဖို့ လိုပါတယ်။ မြန်မာနိုင်ငံရဲ့ အရင်းအမြစ်တွေကို MiG တိုက်လေယာဉ်တွေ အတွက်ဖြစ်ဖြစ်၊ မြို့တော်သစ်အတွက်ဖြစ်ဖြစ် မသုံးသင့်ပါဘူး။ ဒီလိုလုပ်ရမယ့်အစား တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။”
ဈေးကွက်စီးပွားရေးအတွက် တံခါးတွေ ဖွင့်မယ်လို့ ပြောခဲ့ပေမဲ့၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်တခု ကြာလာတဲ့ အချိန်မှာဆိုရင်လည်း စီးပွားရေး ကျဆင်းမှုတွေ၊ ငွေကြေးဖောင်းပွမှုတွေဟာ စိုးရိမ်စရာအဆင့်မှာ ရှိနေတာကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ ဆယ်နှစ်အကြာ ၁၉၉၈ ခုနှစ်ထဲမှာ ငွေကြေးဖောင်းပွမှုနှုန်းဟာ အမြင့်ဆုံးအဖြစ် ၅၀% အထိ ရောက်ခဲ့တဲ့အတွက် စီးပွားရေး တိုးတက်မှုတွေကို အကြီးအကျယ် ထိခိုက်နေတယ်လို့ အစီရင်ခံစာက သတိပေးခဲ့တာပါ။ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှုတွေဟာ စီးပွားရေး လုပ်ငန်းတွေအပေါ် ဒီကနေ့ အချိန်အထိလည်း ရိုက်ခတ်နေဆဲ ဖြစ်ပါတယ်။
မကြာသေးခင် နှစ်တွေကစလို့ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် အရောင်းအ၀ယ်တွေ သိသိသာသာ ထိုင်းမှိုင်းနေတယ်လို့ မန္တလေးမြို့က ပွဲရုံလုပ်ငန်းရှင် တဦးက ပြောပြပါတယ်။
"အဲဒီတုန်းက ကုန်ဈေးနှုန်းတွေကအစ ဒီအချိန်လောက် တအားကြီး မတက်သေးဘူး။ အခုနှစ်ပိုင်းတွေမှာ ကုန်ဈေးနှုန်းတွေလည်း တအားတက်ပြီးတော့မှ၊ ငွေက တန်ဘိုးမရှိဘူးပေါ့။ ငွေအသုံးမခံဘူး။ ရွှေဈေးဆို ၈၈ လောက်က ၂ သောင်းကျော်လောက်ပဲရှိတာ။ အခုကတော့ ၆ သိန်းကျော်ကနေ လုံးဝမဆင်းနိုင်တော့ဘူး။ အခုအခြေအနေကလေ တောင်သူတွေ၊ အောက်ခြေ လက်လုပ်လက်စားတွေ လက်ထဲမှာ ငွေတအားရှားတဲ့အတွက် ကျမတို့လို ရောင်းဝယ်နေတဲ့ သူတွေအနေနဲ့ တအား အရောင်းအ၀ယ် ကျသွားတာလေ။ တော်တော်ကြီးကို ပါးကျသွားတာ ဒီနှစ်ပိုဆိုးလာတယ်။"
စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အပြည့်အ၀ မကောင်အထည် မဖော်နိုင်တာ၊ သက်တမ်းကြာကြာ မခံတာ၊ စီးပွားရေး စနစ်ရဲ့ အခြေခံတွေကို ပြောင်းလဲဖို့ ပျက်ကွက်တာတွေ ရှိခဲ့တယ်လို့ ADB ရဲ့ ၁၉၉၈ ခုနှစ်အတွက် သုံးသပ်ချက် အစီရင်ခံစာက ဖော်ပြပါတယ်။ စီးပွားရေးစနစ် လမ်းကြောင်းမှန်ပေါ် ရောက်ဖို့ဆိုရင် အစိုးရအနေနဲ့ ထိရောက်မှု မရှိတဲ့ ပြည်သူပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကလက် လွှဲပြောင်းတာတွေ မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့နဲ့ ဈေးကွက်စီးပွားရေး အခြေခံတွေ၊ ဘဏ်လုပ်ငန်းမှာ အချိန်အတိအကျ သတ်မှတ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုလိမ့်မယ်လို့လည်း အဲဒီအချိန်တုန်းက အကြံပေးခဲ့တာပါ။ ဒါပေမဲ့လည်း နှစ်ပေါင်း ၂၃ နှစ် ရှိလာတဲ့အချိန်အထိ ဒီအကြံပေးချက်တွေဟာ အကောင်အထည် ပေါ်မလာသေးပါဘူး။ ၂၀၁၁ ခုနှစ် မတ်လကုန်မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရရဲ့ခေါင်းဆောင် ဦးသိန်းစိန် ကတော့ စီးပွားရေး ပြုပြင်ပြောင်းလဲတွေ လုပ်မယ်လို့ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုစဉ်မှာ ကတိပေးခဲ့တာပါ။
ဒါပေမဲ့လည်း အတိတ်မှာတုန်းက အတွေ့အကြုံတွေအရ၊ ကတိတွေ လက်တွေ့ ဖြစ်လာပါ့မလား ဆိုတာကတော့ သံသယဖြစ်စရာ ကောင်းတယ်လို့ သြစတြေးလျနိုင်ငံ မက်ကွာရီ တက္ကသိုလ်က ပါမောက္ခ တာနဲလ် က မြင်ပါတယ်။
“အစိုးရသစ်က မှန်ကန်တဲ့ ကိစ္စကို ပြောနေတာပါ။ ဒါပေမဲ့လည်း တကယ့်ကိစ္စကတော့ ဒီစကားလုံးတွေကို အကောင်အထည် ဖော်တဲ့ကိစ္စပါ။ အကောင်အထည် ဖော်တဲ့ကိစ္စက အမြဲလိုပဲ ပြဿနာရှိပါတယ်။ သမ္မတသစ်က သေချာပေါက် မှန်ကန်တဲ့ စကားကို ပြောခဲ့တာဖြစ်ပြီး၊ စီးပွားရေး အကြံပေးအဖွဲ့ ဖွဲ့စည်းခဲ့တာ အပါအ၀င် လုပ်ခဲ့တဲ့ ကိစ္စတချို့နဲ့ ပတ်သက်လို့လည်း ကျနော်အားရပါတယ်။ ဒီလိုကိစ္စတွေက အင်မတန် ကောင်းပါတယ်။ ဒါပေမဲ့ တကယ့်ပြဿနာက ဒီကနေ တခုခုထွက်ပေါ် လာနိုင်မလာနိုင် ဆိုတာပါ။”
အစိုးရသစ်တက်လာပြီး နောက်မှာတော့ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ သမ္မတရဲ့ စီးပွားရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာ၊ တချိန်က စစ်ဗိုလ်ချုပ်တွေ ဦးဆောင် ထိန်းချုပ်ထားပြီး သြဇာကြီးမားလှတဲ့ ကုန်သွယ်ရေး မူဝါဒကောင်စီကို ဖျက်သိမ်းလိုက်တာ၊ ပြည်ပကုန်ပစ္စည်း တင်ပို့မှုတွေအပေါ် အခွန်အဖြစ်နဲ့ အရင်တုန်းက ၁၀% ပေးဆောင်နေရတာကို ၇% လျှော့ချပေးလိုက်တာလို အပြောင်းအလဲ တချို့ကိုတွေ့ရပါတယ်။ ကုန်သွယ်မှုတွေမှာ အဓိက အဟန့်အတားတခုအဖြစ် စီးပွားရေး ကျွမ်းကျင်သူတွေက ထောက်ပြနေကြတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း တရားဝင်နဲ့ မှောင်ခိုဈေးရယ်လို့ ၂ မျိုးဖြစ်နေတာကို ပြောင်းလဲဖို့ ကြိုးပမ်းနေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။
ဒါပေမဲ့လည်း နှစ်ပေါင်းများစွာ ယိုယွင်းနေခဲ့တဲ့ တိုင်းပြည်စီးပွားရေးနဲ့ အခြေခံ အဆောက်အအုံတွေမှာ အားနည်းချက်တွေ ရှိနေတာ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှုလို ပြဿနာတွေရဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့် ပြုပြင်ပြောင်းလဲမှုတွေကို သွက်သွက်လက်လက်နဲ့ ထိထိရောက်ရောက် မလုပ်နိုင်ရင်တော့ အစိုးရ အဆက်ဆက် ပေးထားတဲ့ ကတိတွေ အကောင်အထည်ဖော်ရေး အလှမ်းဝေးနေလိမ့်မယ်လို့လည်း ကျွမ်းကျင်သူတွေ၊ နိုင်ငံတကာနဲ့ ဒေသတွင်းက စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေက သတိပေးနေကြတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။