သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဥပဒေ ကျောင်းသားသမဂ္ဂများ ဆွေးနွေးမည်


ရန်ကုန်တက္ကသိုလ်
ရန်ကုန်တက္ကသိုလ်

အငြင်းပွားဖွယ်ရာ အမျိုးသား ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး တနိုင်ငံလုံးက ဗကသ-တကသ ကျောင်းသားသမဂ္ဂက ကျောင်းသားတွေဟာ အာဏာပိုင်တွေ တားဆီးပိတ်ပင်နေတဲ့ကြားကပဲ အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့အတွက် ပြင်ဆင်နေပါတယ်။ အားလုံး စုဝေးပြီး နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး ကျင်းပ ဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။

အငြင်းပွားဖွယ် အမျိုးသား ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး မနက်ဖြန် နိုဝင်ဘာလ ၁၂ ရက်နေ့ကစလို့ ၂ ရက်ကြာ ရန်ကုန်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ အပြည့်အစုံ မဆုမွန် တင်ပြထားပါတယ်။

အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုပြီး သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသား ပညာရေးဥပဒေဟာ ကျောင်းသားထုရဲ့ဆန္ဒ၊ ပညာရှင်တွေရဲ့ အကြံပြုချက်ကို လက်မခံဘဲ ပြဋ္ဌာန်းခဲ့တယ်ဆိုပြီး ကျောင်းသားတွေဘက်က ဆန္ဒပြ ကန့်ကွက်မှုတွေ လုပ်ခဲ့တာပါ။

အဲဒီနောက်မှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) နဲ့ တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) အဖွဲ့ဝင် ကျောင်းသားတွေက ဦးဆောင်ပြီး တနိုင်ငံလုံးက ကျောင်းသားတွေ ရန်ကုန်မှာ စုဝေးပြီး ပညာရေးဥပဒေနဲ့ ပတ်သက်တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး ကျင်းပဖို့ စီစဉ်နေကြတာပါ။

ဒီအစည်းအဝေးတွင်း ကျောင်းသားထုကြား အမြင်ချင်း ဖလှယ်ဆွေးနွေးကြမယ့် အဓိက အကြောင်းအချက်တွေနဲ့ ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောပြပါတယ်။

“နိုဝင်ဘာ ၁၂၊ ၁၃ မှာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးဆိုတဲ့ ခေါင်းစဉ်နဲ့ပေါ့ အဓိကကတော့ လက်ရှိ အတည်ပြုထားတဲ့ ပညာရေးဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ဒီပညာရေးဥပဒေအပေါ်မှာ ကျမတို့ ကျောင်းသားထုအနေနဲ့ ဘယ်လိုအချက်တွေကို မကျေနပ်ဘူး။ ဘယ်လိုအချက်တွေကိုတော့ ကျမတို့ သဘောမကျဘူးဆိုတာကို ဝိုင်းပြီးတော့ ဆွေးနွေးကြမယ်။ ကျမတို့ အဲ့ဒီမှာ အတည်ပြု ဆုံးဖြတ်ချက် ချကြမယ်။ ပြီးရင် ဒုတိယနေ့မှာ ကျမတို့ အဲ့ဒီကျမတို့ရဲ့ ဆုံးဖြတ်ချက်တွေ ရလာဖို့အတွက် ဘယ်လိုနည်းလမ်းမျိုးတွေ သုံးပြီးတော့ ကျမတို့ ဆက်ပြီး ကြိုးစားသွားကြမလဲဆိုတာကို ကျမတို့ ဆုံးဖြတ်မယ်။ ပထမနေ့နဲ့ ဒုတိယနေ့ ဆုံးဖြတ်ချက်ကို ကျမတို့ အဲ့ဒီ တတိယ ၁၃ ရက်၊ ၁၄ ရက် စသဖြင့်ပေါ့နော် အဲ့ဒီနောက်ရက်တွေကစပြီးတော့ ကျမတို့ ဒေသအသီးသီးမှာပဲ ဖြစ်ဖြစ်ပေါ့၊ ဒါမှမဟုတ် အဲ့ဒီမှာကျလာတဲ့ ပုံစံအမျိုးမျိုးအရ ကျမတို့ ဆက်ပြီးတော့ အကောင်အထည်ဖော်သွားမှာပါ။”

ကျောင်းသားတွေ အနာဂတ်အတွက် သိပ်ကိုအရေးကြီးတဲ့ ပညာရေးဥပဒေတခု ပြဋ္ဌာန်းရေး ပညာရေးမူဝါဒတွေ ချမှတ်နိုင်ရေးမှာ ကျောင်းသားထုကိုယ်တိုင် ပါဝင်ဆုံးဖြတ်နိုင်ဖို့ အခုလို အရေးပေါ် အစည်းအဝေး ကျင်းပရတာ ဖြစ်တယ်လို့ တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) အဖွဲ့ဝင် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုပိုင်ရဲသူကလည်း ဆိုပါတယ်။

“ကျနော်တို့ကတော့ တကသ-ဗကသ ပေါင်းပြီးတော့ အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားထုရဲ့ သဘောထား အတတ်နိုင်ဆုံး ထွက်လာအောင် ကြိုးစားပြီးတော့ အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားထုရဲ့ သဘောထားက ဒီလိုဆိုပြီးတော့ ထောက်ပြသွားမယ်။ အစိုးရနဲ့ လွှတ်တော်ကနေပြီးတော့ ဒီပညာရေးဥပဒေကို ကျနော်တို့ ကျောင်းသားတွေနဲ့ ပြည်သူတွေရဲ့အသံကို လုံး၀ နားမထောင်ဘဲနဲ့ မပါဘဲနဲ့ သူတို့က ရေးဆွဲခဲ့တယ်။ ရေးဆွဲပြီးတော့ ကျနော်တို့တွေ စာမေးပွဲဖြေနေတဲ့အချိန်မှာ အတည်ပြုခဲ့ကြတယ်ပေါ့။ အဲ့ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကျောင်းသားသမဂ္ဂတွေ၊ ဒီ တကသ-ဗကသ တွေက ဆန္ဒတွေပြကြတာ။”

နိုဝင်ဘာ ၁၂ နဲ့ ၁၃ ရက်နေ့ ၂ ရက်ဆက်တိုက် ရန်ကုန်မှာ ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို အာဏာပိုင်တွေက တောက်လျှောက်ဆိုသလို တားဆီးပိတ်ပင်မှုတွေ လုပ်နေပေမဲ့ မဖြစ်ဖြစ်အောင် ကျင်းပသွားမှာ ဖြစ်တယ်လို့ ဗကသက မဖြိုးဖြိုးအောင်က ဆိုပါတယ်။

“ဒီနေ့ နယ်က ကျောင်းသားတွေ ရောက်တယ်။ ပထမဦးဆုံး ဖိတ်စာတွေ၊ pamphlet တွေမှာ ကျမတို့ ဦးဆုံးစပြီးတော့ ရေးထားတာက ခဝဲခြံ မျက်မမြင်ကျောင်းပေါ့နော် ခဝဲခြံမျက်မမြင်ကျောင်းကလည်း ကျမတို့ကို လက်ခံတယ်။ ကျမတို့ ဒီမှာလည်း ညှိနှိုင်းရတာ အဆင်ပြေတဲ့အတွက် ခဝဲခြံမျက်မမြင်ကျောင်းမှာ လုပ်ဖို့ ကျမတို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီနေရာမှာလည်း အုပ်ချုပ်ရေး အာဏာပိုင်တွေက လာပြီးတော့ပေါ့နော် အဲ့ဒီအခါကျတော့ ခဝဲခြံမျက်မမြင်ကျောင်းမှာလည်း သူတို့မှာ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရတယ်။ အဲတော့ ကျမတို့ နေရာပြောင်းရတဲ့ အနေအထား ဖြစ်လာတာပေါ့နော်။ ဒီနာရေးကူညီမှုအသင်း မတိုင်ခင်မှာလည်း ကျမတို့ တခြားနေရာတွေမှာ လိုက်ပြီးတော့ စုံစမ်းတာတွေ၊ ချိတ်ဆက်တာမျိုးတွေရှိတယ်။ ဒါပေမဲ့ အလားတူပဲ အဲ့ဒီနေရာတွေကိုလည်း လိုက်ပြီးတော့ ဖိအားပေးထားတာမျိုးတွေ ရှိတယ်ပေါ့နော်။ လောလောဆယ်တော့ နာရေးကူညီမှုအသင်းကို ကျမတို့ ဖိတ်စာထပ်ပြီးတော့ ထုတ်ပြီးတော့ အဖွဲ့အစည်း အသီးသီးကိုလည်း ဖိတ်ပြီးပြီ။ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ကျောင်းသား အဖွဲ့အစည်းတွေကိုလည်း ကျမတို့ ဖိတ်ပြီးပါပြီ။ ဆိုတော့ အခု လုပ်ခါနီးကျမှ မနက်ဖြန်လုပ်မယ်ဆို၊ ဒီကနေ့ညနေမှာ နာရေးကူညီမှုအသင်းကို ထပ်ပြီးတော့ တားမြစ်မှုက ဖြစ်လာတယ်။ အဲတော့ ဦးဆောင်နေတဲ့ ကျောင်းသားတွေ၊ ဦးဆောင်နေတဲ့ လူတွေကို ထပ်မံ တားမြစ်ပိတ်ပင်တာမျိုး၊ ဖမ်းဆီးတာမျိုးတွေလည်း ရှိလာကောင်းရှိလာနိုင်တယ်။ ကျမတို့ကတော့ မဖြစ်မနေ ကျမတို့ကတော့ ရည်ရွယ်ထားတဲ့ လမ်းကြောင်းအတိုင်း ကျမတို့က ဆက်ပြီးတော့ သွားမှာ။ ဒီအစည်းအဝေးကို မဖြစ်မနေ ကျင်းပမယ်။ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ကျလာတဲ့၊ လုပ်စရာရှိတဲ့ အလုပ်တွေကိုလည်း ကျမတို့က မမှိတ်မသုံ ဆက်ပြီးတော့ ကြိုးစားသွားကြဦးမှာပါ။”

အမျိုးသား ပညာရေး ဥပဒေ ( မူကြမ်း) အပေါ် ရန်ကုန်၊မန္တလေး စတဲ့ မြို့ကြီးတွေနဲ့ မြို့တော်တော်များများမှာ ဗကသ-တကသ ကျောင်းသားသမဂ္ဂများက ဆန့်ကျင် ကန့်ကွက် ဆန္ဒပြခဲ့ကြသလို မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကလည်း ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

အခုလို အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ ကျောင်းသားထုတွေ အားလုံး မျက်နှာစုံညီ စည်းဝေးကြမယ့် ဒီအစည်းအဝေး ဖြစ်မြောက်ရေး မြန်မာနိုင်ငံ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(National Network for Education Reform – NNER)နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေး အင်အားစုတွေဘက်ကလည်း ဝိုင်းဝန်း ဆွေးနွေး အကြံပြုကြပါတယ်။

XS
SM
MD
LG