သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဥပဒေကိစ္စ ၄ ပွင့်ဆိုင်တွေ့မည်


အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ NNER ကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံစဉ် (ဓာတ်ပုံ - MOI Webportal Myanmar)
အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ NNER ကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံစဉ် (ဓာတ်ပုံ - MOI Webportal Myanmar)

အငြင်းပွားစရာတွေ ဖြစ်နေတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး အစိုးရ၊ ကျောင်းသား၊ လွှတ်တော်နဲ့ NNER တို့ လေးပွင့်ဆိုင်တွေ့ဆုံပြီး ပညာရေးဥပဒေကြမ်းတရပ် အကောင်အထည် ပြန်ဖော်ဖို့ ညှိနှိုင်းမယ်လို့ သပိတ်ဦးဆောင်ကျောင်းသားတွေနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ တွေ့ဆုံအပြီး သဘောတူညီခဲ့ကြပါတယ်။

အစိုးရဘက်တော့ အခုလို ကျောင်းသားတွေနဲ့ သဘောတူညီမှု ရခဲ့တဲ့အပေါ် ကျေနပ် မှုရှိသလို ဆက်လက် တွေ့ဆုံညှိနှိုင်းရမယ့် ဆွေးနွေးပွဲတွေမှာ ကျောင်းသားတွေ ဘက်က တောင်းဆိုနေတဲ့ အဓိကအချက်တွေ ပြင်ဆင်ဖို့ အားစိုက်သွားမယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ခေါင်းဆောင်တဦးက ပြော ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး လတ်တလော အငြင်းပွားစရာတွေ ရှိနေတာတွေကို တွေ့ဆုံညှိနှိုင်းပြီး သဘောတူညီမှုအချို့ ရရှိခဲ့တယ်လို့ ပြောရမှာပါ။ ဒီကနေ့ နေပြည်တော်မှာ အစိုးရ၊ လွှတ်တော်က ကိုယ်စားလှယ်တချို့နဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ခေါင်းဆောင်ပိုင်း ကျောင်းသား တချို့နဲ့ တွေ့ဆုံအပြီးမှာ ဒီဥပဒေပြင်ဆင်ရေးအတွက် တွေ့ဆုံညှိနှိုင်းရေးတွေ ဆက်လုပ်ဖို့ နှစ်ဘက်သဘောတူညီမှု ရခဲ့တာပါ။

ဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့ ခေါင်းဆောင်တဦးလည်းဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသာများသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်တဲ့ မဖြိုးဖြိုးအောင် က အခုလို ပြောပါတယ်။

“ကျမတို့ တောင်းဆိုခဲ့တယ်ပေါ့နော်။ ကျမတို့ တောင်းဆိုခဲ့တယ်။ ၄ ပွင့်ဆိုင်ကိစ္စ ဆွေးနွေးတယ်။ လွှတ်တော်ရယ်၊ အစိုးရရယ်၊ NNER ရယ်၊ နောက်ပြီးတော့ ကျမတို့ သပိတ်ကော်မတီရယ်၊ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ အဲဒါကို လက်ခံသဘောတူတယ်၊ အဲဒီ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ကျမတို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ပေါ့နော်၊ တနင်္ဂနွေနေ့မှာ စပြီးတော့ ကျမတို့ ရန်ကုန်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်ရှင့်။”

ကျောင်းသားတွေဘက်ကတော့ ပြဌာန်းအတည်ပြုပြီးဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေကြမ်းထဲက အဓိက တောင်းဆိုထားတဲ့ အချက် ၁၁ ချက် ကို ၄ ပွင့် တွေ့ဆုံကြတဲ့အခါ ပြင်ဆင်နိုင်ဖို့အတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့ တွေ့ဆုံပွဲတွေမှာ တောင်းဆိုမယ်လို့ သူက ဆက်ပြောပါတယ်။

“ဒုတိယအချက်ကတော့ အဲဒီ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ၊ ကျမတို့ အဓိက တောင်းဆိုခဲ့တဲ့ အချက် ၁၁ ချက်ပေါ့နော်။ အဲဒီ ၁၁ ချက်ကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ အဲဒီ ၁၁ ချက်ကို ဒီဥပဒေထဲမှာ ဘယ်လိုမျိုးပြင်ဆင်မလဲ။ တချို့အချက်တွေကို ဘယ်လိုမျိုးထည့်သွင်းမလဲ ဆိုတာကို အဲဒါတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။”

နေပြည်တော်တွေ့ဆုံပွဲအပြီး တက်ရောက်ခဲ့တဲ့သူတွေထဲက အချက် ၄ ချက်ပါတဲ့ နှစ်ဘက် သဘောတူညီချက်ကိုလည်း ပူးတွဲကြေညာချက် ထုတ်ခဲ့တာပါ။ ညှိနှိုင်းမှုတွေ လုပ်နေတဲ့ နေ့ကစပြီး မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားတွေ အနေနဲ့ သပိတ်တွေ ရပ်နားထားရမယ်လို့လည်း ဒီကြေညာချက်မှာ ပါရှိပါတယ်။ အစိုးရဘက်ကတော့ အငြင်းပွားစရာတွေ အမျိုးသား ပညာရေး ဥပဒေကြောင့် သပိတ်မှောက်နေတဲ့ ကျောင်းသားတွေနဲ့ အခုလို တွေ့ဆုံညှိနှိုင်းပြီး ရှေ့ဆက်သွားရမယ့် အချက်တွေကို ပြေပြေလည်လည် ဆွေးနွေးနိုင်ခဲ့တဲ့အတွက် အားရကျေနပ်တဲ့အကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ပြောခွင့်ရှိသူလည်းဖြစ်၊ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ် က အခုလို ပြောပါတယ်။

“ကျနော်တို့တော့ဗျာ ဒီအမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ အရင်ထဲက တွေ့ဆုံတဲ့ကိစ္စတွေကို လုပ်ခဲ့တာရှိပါတယ်။ သို့သော် အကြောင်းကြောင်းကြောင့် ဟိုဘက်က ကျောင်းသားတွေက လက်မခံတာရှိတယ်၊ ကျနော်တို့လည်း လွှတ်တော်မစသေးတဲ့အခါကျတော့ လွှတ်တော်ကို သဝဏ်လွှာပို့ဖို့ စောင့်ရတာတွေလည်း ရှိတယ်။ အခုတော့ လွှတ်တော်ရဲ့ ပြန်ကြားချက်လည်း ရပြီဆိုတဲ့အခါကျတော့ ကျနော်တို့က ကျောင်းသားတွေကို တွေ့ဆုံဖို့ ဖိတ်ခေါ်တယ်။ သူတို့ လာပြီး ဆွေးနွေးတဲ့အတွက်ကြောင့်မို့ အောင်မြင်တဲ့ သဘောတူညီမှု ရတဲ့အတွက် ကျနော်တို့ ဝမ်းသားပါတယ်။”

မေး။ ။ သမ္မတကရော လတ်တလော ဖြစ်နေတဲ့ ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ သပိတ်တွေနဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထား ရှိတာကို တွေ့ရလဲခင်ဗျ။

ဖြေ။ ။ “သမ္မတကြီးက သူ့သဝဏ်လွှာထဲမှာလည်း ဖော်ပြခဲ့ပြီးပြီလေ၊ ကျနော်တို့ စပြီး ဒီဥပဒေကို ပြုစုထဲကိုက တတ်နိုင်သမျှ အကြံဉာဏ်တွေ ရယူပြီးတော့ လုပ်ခဲ့တယ်။ ဥပဒေတင်တဲ့အခါ ကျနော်ဘက်က တင်လိုက်တာနဲ့ လွှတ်တော်ဘက်က ပြန်ပြင်တာတွေ ရှိတယ်။ သို့သော် ဒါကို ကျောင်းသားတွေ လက်မခံနိုင်ဘူး ဆိုတဲ့အခါမှာ ပြင်သင့်ပြင်အပ်တာတွေ ပြန်ပြင်နိုင်ဖို့အတွက် လွှတ်တော်နဲ့ ညှိတဲ့အခါ နှစ်ဘက်သဘောတူတဲ့အတွက် သမ္မတကြီးကပဲ ဒီအစီအစဉ်ကို အကောင်အထည် ဖော်ခိုင်းတာ ဖြစ်ပါတယ်။”

ဇန်နဝါရီ ၁၉ ရက်နေ့တုန်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေ ပြန်စတဲ့အချိန်မှာ အငြင်းပွားစရာတွေ ဖြစ်နေတဲ့ ဒီပညာရေး ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတွေ လုပ်နိုင်အောင် လွှတ်တော်ဘက်က ပြင်ဆင်ပေးဖို့ သဝဏ်လွှာတစောင် ပေးဖို့ခဲ့ပါတယ်။ ဒါပေမဲ့ လွှတ်တော်ဘက်ကတော့ ဒီဥပဒေကို ပြန်ပြင်ဖို့အတွက် အစိုးရ ပညာရေး ဝန်ကြီးဌာနဘက်က လွှတ်တော်ကို ပြန်တင်ဖို့ လိုတယ်ဆိုပြီးတော့ သမ္မတက ပြန်အကြောင်းပြန်ခဲ့ပါတယ်။ ကျောင်းသားတွေဘက်ကတော့ ဒီဥပဒေ ပြန်ပြင်ဆင်ရေးအတွက် အစိုးရနဲ့ သဘောတူထားတဲ့ ရက်ပေါင်း ၆၀ အတွင်း ဘာမှအကြောင်းမပြန်တဲ့အတွက် ဒီမိုကရေစီ ပညာရေးနဲ့ မကိုက်ညီတဲ့ အချက်တွေ ပြင်ဆင်ရေး တောင်းဆိုမှုတွေနဲ့အတူ မန္တလေးမြို့ကနေ သပိတ်စစ်ကြောင်းတွေနဲ့ နေ့စဉ် သပိတ်မှောက်ပြီး ရန်ကုန်ကို ချီတက်နေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG