သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲရက် ကြေညာ လွတ်လပ်တဲ့ နိုင်ငံရေးအခင်းအကျင်းမရှိသေး


မြန်မာစစ်အစိုးရက ဒီနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ်လို့ မနေ့က သောကြာနေ့မှာ ကြေညာ လိုက်ချိန်မှာ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အတိုက်အခံတွေ လှုပ်ရှားနိုင်ဖို့ နိုင်ငံရေး အခင်းအကျင်း လစ်ဟင်းနေတာနဲ့ နိုင်ငံရေးအရ နှိပ်ကွပ်မှုတွေ ရှိနေတဲ့အပေါ် စိုးရိမ်မှုတွေ ဖြစ်နေရတယ်လို့ ပြောလိုက်ပါတယ်။ ဒီအကြောင်း ဒေါ်ခင်စိုးဝင်းက အပြည့်စုံ တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးမှာ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး ပါဝင်နိုင်မှာ မဟုတ်သလို ယုံကြည်ကိုးစားလောက်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်လာမှာမဟုတ်တဲ့အတွက် စိုးရိမ်မကင်း ဖြစ်ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်တယောက်က ဗွီအိုအေ မြန်မာပိုင်းဌာနကို အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေး အတိုက်အခံပါတီတွေ လှုပ်ရှားနိုင်မယ့် နိုင်ငံရေး အခင်းအကျင်း လစ်ဟင်းနေတာနဲ့ နိုင်ငံရေးအရ နှိပ်ကွပ်မှုတွေ ရှိနေတဲ့အပေါ်မှာ အမေရိကန် ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်နေဆဲပါ။ လာမယ့်ရွေးကောက်ပွဲဟာလည်း အခု လတ်တလော အခြေအနေတွေအရ ဘယ်လိုနည်းနဲ့မှ သက်ဆိုင်သူတွေအားလုံး ပါဝင်ယှဉ်ပြိုင်လို့ မဖြစ်နိုင်သလို ယုံကြည်ကိုးစားလောက်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက် ထိန်းသိမ်းထားဆဲပါ။ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကိုလည်း ကန့်သတ်ပိတ်ပင်နေဆဲ ဖြစ်ပါတယ်။”

မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ဒီမိုကရေစီ လိုလားသူ အင်အားစုတွေ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဖို့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ထပ်ခါတလဲလဲ တိုက်တွန်းနေတာကို လစ်လျူရှုနေဆဲလည်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် အမေရိကန် ပြည်ထောင်စုက ထပ်လောင်း တောင်းဆိုလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်က အခုလို ဆက်ပြောပါတယ်။

“မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ပထမ ခြေလှမ်းအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ မဖြစ်မနေ ပါဝင်ကြရမယ့် သူတွေအားလုံးနဲ့ စစ်မှန်တဲ့ အနှစ်သာရပြည့်ဝတဲ့ ဆွေးနွေးမှုတွေ စတင်ပါလို့ အမေရိကန် ပြည်ထောင်စုက ထပ်လောင်း တိုက်တွန်းလိုက်ပါတယ်။”

တချိန်တည်းမှာပဲ အထက်လွှတ်တော်ရဲ့ ရီပါပလစ်ကန် လူနည်းစုခေါင်းဆောင် ကန်တက်ကီပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော် အမတ် မစ်ချ် မက်ကောနဲလ် ကလည်း နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ ဟန်ဆောင်ပန်ဟောင် မည်ကာမတ္တ ရွေးကောက်ပွဲ ဖြစ်မှာမိုလို့ အမေရိကန် ပြည်ထောင်စုနဲ့အတူ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ အသိအမှတ်မပြုဘဲ နေကြမှဖြစ်မယ် လို့လည်း ပြောဆိုလိုက်ပါတယ်။

ဒီရွေးကောက်ပွဲ ကျင်းပမယ့်နေ့ဟာ မြန်မာနိုင်ငံအတွက်တော့ ဖြစ်ရိုးဖြစ်စဉ် နေ့တနေ့ပဲ ဖြစ်ပြီး စစ်အစိုးရက ဖိနှိပ်တာတွေကို ဆက်လုပ်နေမှာဖြစ်သလို လူထုအနေနဲ့ကလည်း လူ့အခွင့်အရေးတွေ ဆုံးရှုံးနေကြဆဲ ဖြစ်မှာပါလို့ အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ်က ပြောပါတယ်။ သမ္မတ အိုဘားမား အနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေတာကို အားသစ်လောင်းသင့်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ အလားတူပါပဲ။ Human Rights Watch လို့ခေါ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်တဲ့အဖွဲ့ကြီးကလည်း စစ်အစိုးရရဲ့ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့အတွက် ဖိအားတွေ တိုးပြီးပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ယာယီ ညွှန်ကြားရေးမှူး အီလိန်း ပီယာဆင်န် ကတော့ စစ်အစိုးရ သက်ဆိုးရှည်အောင် ပိုပြီးတရားဝင်ဖြစ်အောင် အကွက်ကျကျ အကောင်အထည် ဖော်နေတာ ဖြစ်တယ်လို့ အခုလို သုံးသပ်လိုက်ပါတယ်။

“ရွေးကောက်ပွဲအကြိုကာလမှာ နှိပ်ကွပ်တာတွေ တိုးပြီး လုပ်လာနိုင်သလို ခြိမ်းခြောက် အကျပ်ကိုင်တာတွေလည်း ရှိနိုင်တာကြောင့် ကျမတို့ စိုးရိမ်မကင်း ဖြစ်မိပါတယ်။ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ထဲမှာလည်း အကျပ်ကိုင်တဲ့ပုံစံ အကွက်ကျကျ ရေးဆွဲထားတာ တွေ့ရပါတယ်။ အဲဒီဥပဒေတွေထဲမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ အသင်းအပင်း ဖွဲ့စည်းခွင့်တွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပိုပြီး ကန့်သတ်တာတွေ ရှိလာနိုင်ပြီး လူထုအနေနဲ့ စစ်အစိုးရ လိုလားတဲ့ပါတီကိုပဲ မဲပေးကြဖို့ ခြိမ်းခြောက် အကျပ်ကိုင်တာတွေနဲ့ ရင်ဆိုင်ကြရနိုင်တာကြောင့် ကျမတို့က စိုးရိမ်မကင်း ဖြစ်နေတာပါ။”

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုနိုင်ရေးအတွက် လူထုဆန္ဒပြပွဲ ကျင်းပစဉ်ကလည်း မဲလိမ်မဲခိုးတာတွေ ခြိမ်းခြောက် အကျပ်ကိုင်တာတွေ၊ နှိပ်ကွပ်တာတွေ ရှိခဲ့တာကြောင့် အခုလာမယ့် ရွေးကောက်ပွဲမှာလည်း အလားတူ အဖြစ်မျိုးတွေနဲ့ လူထု ရင်ဆိုင်ရနိုင်တာကြောင့် လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့ကြီးက စိုးရိမ်မကင်း ဖြစ်နေရတာလို့ ပြောပါတယ်။

XS
SM
MD
LG