သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ လေ့လာရေးခွင့်ပြုမှု Carter Center ကြိုဆို


၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့အတွက် မြန်မာ အာဏာပိုင်တွေရဲ့ ဖိတ်ကြားချက်ကို အမေရိကန်အခြေစိုက် Carter Center က ကြိုဆိုလိုက်ပါတယ်။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် မြန်မာအစိုးရနဲ့ အရပ်သားအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေကို ကူညီသွားမယ်လို့ ဆိုပါတယ်။

Carter Center ဒီမိုကရေစီရေးရာဌာနရဲ့ တွဲဘက်အတွင်းရေးမှူး Jonathan Stonestreet ကို ဦးကျော်ဇံသာက အဲ့ဒီကိစ္စအတွက် ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖိတ်ကြားတာဟာ အပြုသဘောဆောင်တယ်လို့ မစ္စတာ Stonestreet က အခုလို စဖြေခဲ့ပါတယ်။

ဖြေ။ ။ “ဒီသတင်းကြားရတာ သိပ်ဝမ်းသာပါတယ်။ တရားဝင်ဖိတ်စာကိုတော့ လက်ဝယ်ရရှိဖို့ စောင့်နေဆဲပါ။ တကယ်တော့ ကျနော်တို့ Carter Center ဟာ ၂၀၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ရုံးတရုံးဖွင့်လှစ်ဖို့ ဖိတ်ကြားခံခဲ့ရတာပါ။ ၂၀၁၄ ခု ဒီဇင်ဘာကစပြီးတော့ ကျနော်တို့ရဲ့ အဖွဲ့တဖွဲ့ဟာ မြန်မာပြည်ဒေသတချို့၊ ပြည်နယ်တချို့ကို သွားရောက်နိုင်ခဲ့ပါတယ်။ အခုအခါမှာ ရွေးကောက်ပွဲ စောင့်ကြည့်ခွင့်ရဖို့အတွက် ဖိတ်ကြားခံရတာကို အထူးဝမ်းသာနေပါတယ်။”

မေး။ ။ Carter Center ကို နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့အဖြစ်နဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် ဖိတ်လိုက်တဲ့အတွက် ဒီ ၂၀၁၅ မြန်မာ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အခိုင်အမာ ပြောနိုင်မယ် ထင်ပါသလားခင်ဗျ။

ဖြေ။ ။ “နိုင်ငံတကာစောင့်ကြည့်မှု အဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲရဲ့ အရည်အသွေးကို အာမမခံနိုင်ပါဘူး။ ဒီကိစ္စဟာ နိုင်ငံအာဏာပိုင်တွေ၊ အရပ်သားအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ မဲဆန္ဒရှင်တွေအပေါ်မှာသာ မူတည်ပါတယ်။ စောင့်ကြည့်မှုအဖွဲ့တွေအနေနဲ့ကတော့ အစီရင်ခံစာတွေကိုကြည့်မယ်။ ပြည်တွင်းဥပဒေတွေ နိုင်ငံတကာ စံချိန်စံနှုန်းတွေကိုကြည့်မယ်။ ဖြစ်နေတာတွေကို ထုတ်ပြန်မယ်။ တိုးတက်ကောင်းမွန်ဖို့အတွက် ထောက်ခံတင်ပြသင့်တာကို တင်ပြမယ်။ Carter Center အနေနဲ့ မကြာခင်မှာပဲ အခုချိန်ထိ လေ့လာတွေ့ရှိနေတာကို အစီရင်ခံစာတစောင် ထုတ်ပြန်ဖို့ရှိပါတယ်။”

မေး။ ။ Carter Center အပါအဝင် ဥရောပသမဂ္ဂတို့၊ အာဆီယံတို့ကို စောင့်ကြည့်လေ့လာဖို့ မြန်မာနိုင်ငံ အစိုးရက ဖိတ်ခေါ်တဲ့ကိစ္စကို မြန်မာအာဏာပိုင်တွေကတော့ကာ နိုင်ငံတကာမှာ မျက်နှာပန်းလှအောင်လုပ်မှာ သေချာပါတယ် ဒီကိစ္စကို အသုံးပြုပြီးတော့။ ကျုပ်တို့က နိုင်ငံတကာရှေ့မှာ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်နေတာဖြစ်တယ်၊ ဟောဒီမှာလာကြည့် ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။ အဓိက ဒါကိုပြောမှာပဲ။ ဒါပေမဲ့ တကယ်တမ်း ပွင့်လင်းမြင်သာမှု ရှိတယ်လို့ ခင်ဗျားတို့ အာမခံပြီး ပြောနိုင်မလား။ ဆိုလိုတဲ့သဘောက ဒီအစိုးရရဲ့ ရည်ရွယ်ချက်ကို ခင်ဗျားတို့က ပံ့ပိုးပေးရာများ ရောက်နေမလား။ တကယ်တမ်း ပွင့်လင်းမြင်သာမှုရှိအောင် မလုပ်နိုင်ဘူးဆိုရင်။

ဖြေ။ ။ “ဒါဟာ အပေါ်ယံ မျက်နှာပန်းလှရုံလောက်ပဲ လုပ်တယ်လို့ ကျနော်ကတော့ မထင်ပါဘူး။ နှစ်ပေါင်းများစွာအကြာမှာ ဒီလို နိုင်ငံတကာ အဖွဲ့အစည်းတွေကို လေ့လာစောင့်ကြည့်ဖို့ ဖိတ်ကြားလာတယ်ဆိုတာ ခင်ဗျားတို့ သိတဲ့အတိုင်းပါပဲ။ Carter Center တို့၊ EU တို့မှာ ခိုင်မာတဲ့နည်းစနစ်တွေ ရှိပါတယ်။ ရွေးကောက်ပွဲနေ့လောက်သာမက၊ ရွေးကောက်ပွဲအကြိုကာလက စပြီးတော့ ရေရှည်စောင့်ကြည့်အကဲခတ်မှာ ဖြစ်ပါတယ်။ မြန်မာရွေးကောက်ပွဲကော်မရှင်ကလည်း ကျနော်တို့ကို စောင့်ကြည့်မှုအဖွဲ့တွေ၊ လိုက်နာရမယ့် ကျင့်ထုံးကျင့်ဝတ်တွေ မကြာခင်က ထုတ်ပြန်ထားပါတယ်။ ဒီကိစ္စအတွက် မြန်မာအရပ်သား အဖွဲ့အစည်းတွေကိုလည်း ဆွေးနွေးနေပါတယ်။ ဒါတွေအားလုံးက အပြုသဘောဆောင်တဲ့ အချက်တွေပါ။ ဆိုတော့ အရည်အချင်းပြည့်ဝတဲ့ ရွေးကောက်ပွဲရယ်လို့ အပြည့်အ၀ အာမ မခံနိုင်ပေမဲ့ အကောင်းဘက်ကိုတော့ ပြနေပါတယ်။”

မေး။ ။ အဲ့ဒီလို လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေထဲမှာ တခုဘာပါသလဲဆိုတော့ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေဟာ political bias နိုင်ငံရေးအရ တဘက်ဘက်ကို တိမ်းညွတ်မှုမရှိစေရဘူးလို့ ဆိုထားတာလည်း တွေ့ရပါတယ်။ ဒီနေရာမှာ စစ်တပ်တပိုင်း ကြီးစိုးထားတဲ့ အာဏာပြအစိုးရနဲ့ လူထုကို အမှန်တကယ် ကိုယ်စားပြုတဲ့ ဒီမိုကရေစီ အင်အားစုတွေကြားမှာ နိုင်ငံရေးတိမ်းညွတ်မှု မရှိစေရဘူးဆိုတဲ့ စည်းမျဉ်း ဒါကို ခင်ဗျားတို့ ဘယ်လိုမြင်ပါသလဲ။ ဒါဟာ ထိန်းချုပ်ကန့်သတ်ထားတဲ့ ကိစ္စတရပ်လိုများ ဖြစ်မနေဘူးလားခင်ဗျ။

ဖြေ။ ။ “ဒါဟာ ထိန်းချုပ်ကန့်သတ်မှုတရပ်လို့ ကျနော်ကတော့ မထင်ပါဘူး။ ကျနော်တို့ Carter Center အနေနဲ့ ရွေးကောက်ပွဲတရပ်ကို စောင့်ကြည့်တဲ့နေရာမှာ ကျနော်တို့ဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို ကြည့်ရပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ လုပ်ဆောင်ချက်တွေကို ဒီစံတွေနဲ့ ကိုက် မကိုက် ကြည့်ပါတယ်။ ဘယ်ပါတီ အမတ်နေရာ အများစုရတယ်ဆိုတာ ကျနော်တို့အတွက် အရေးမကြီးပါဘူး။ အရည်အသွေးကို ကြည့်ပါတယ်။ ရွေးကောက်ပွဲ ဘယ်လောက် အရည်အသွေးကောင်းသလဲဆိုတာကို ဖြစ်စဉ်နဲ့တကွ ကြည့်ပါတယ်။ ပြဿနာတွေ ရှိလာမယ်ဆိုတာကတော့ သေချာပါတယ်။ အရေးကြီးတာက အစိုးရဟာ ဒီပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ်ဟာ ရှည်လျားတဲ့ဖြစ်စဉ်ပါ။ ပြုပြင်ပြောင်းလဲရေးဆိုတာကလည်း ရှည်လျားတဲ့ဖြစ်စဉ်ပါ။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ဒီဖြစ်စဉ်တွေ အောင်မြင်ရေးအတွက် အာဏာပိုင်တွေနဲ့ နိုင်ငံရေးပါတီတွေကို ကူညီဖို့ ဖြစ်ပါတယ်။”

XS
SM
MD
LG