သုံးရလွယ်ကူစေသည့် Link များ

ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေး မြန်မာ အစိုးရကို ကုလ တိုက်တွန်း


လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့ အရေးယူ လုပ်ဆောင်မှုမျိုးတွေလုပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ အထူးအကြံပေးတွေက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လူမျိုးတုံး သတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာ အထူးအကြံပေး မစ္စတာ Adama Dieng နဲ့ အကာကွယ်ပေးရေး တာဝန်ခံမှုဆိုင်ရာ အထူးအကြံပေး မစ္စ Jennifer Welsh တို့က လွတ်လပ်ပြီး အပြန်အလှန် လေးစားမှုနဲ့ ငြိမ်းချမ်းတဲ့ ဝန်းကျင်မှာ ရွေးကောက်ပွဲကျင်းပပေးဖို့ မြန်မာအစိုးရကို တောင်းဆိုလိုက်တာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲကို မျှတ၊ သန့်ရှင်းပြီး လွတ်လပ်မှုရှိစေဖို့ အားလုံးက လိုလားနေချိန်မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်တွေက ဒီရွေးကောက်ပွဲကို ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်မှာ အဆင်ပြေပြေ ကျင်းပနိုင်ရေးအတွက် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က နိုဝင်ဘာလ ၄ ရက် ဗုဒ္ဓဟူးနေ့မှာ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်တွေဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာနဲ့ အကာကွယ်ပေးရေး တာဝန်ခံမှုဆိုင်ရာ အထူးအကြံပေးတွေက လာမယ့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ရေးအတွက် မြန်မာအစိုးရအနေနဲ့ လိုအပ်တဲ့ အချက်တွေအားလုံးကို လုပ်ဆောင်ဖို့ ဒီကနေ့ပဲ တောင်းဆိုလိုက်တာပါ။”

ရွေးကောက်ပွဲမတိုင်ခင် တွေ့နေရတဲ့ လုပ်ဆောင်မှုတချို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တဲ့ ဘာသာရေးကို နိုင်ငံရေးမဲဆွယ်မှုတွေမှာ သုံးနေတဲ့ ပုံစံတွေ တွေ့ရကြောင်း အထူးအကြံပေး ၂ ယောက်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ခေါင်းဆောင်တွေသာမက နိုင်ငံရေးပါတီတွေကပါ လူနဲစု မူဆလင်တွေကို အမုန်းပွားစေတဲ့ အမုန်းစကားတွေနဲ့ ဟောပြောမှုတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ရနေတာမို့ အထူးကိုယ်စားလှယ်တွေက စိုးရိမ်စိတ်ပူကြောင်း ပြောဆိုတယ်လို့လည်း မစ္စတာ Dujarric က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်ကာလအတွင်း လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ နိုင်ငံရေးသဘောသက်ရောက်တဲ့ လုပ်ဆောင်မှုတွေ တွေ့ရတာမို့ စိုးရိမ်စိတ်ပူကြောင်းနဲ့ ဒီလိုလုပ်ဆောင်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်နေတယ်လို့လည်း မစ္စတာ Adama Dieng နဲ့ မစ္စ Jennifer Welsh တို့က ပြောပါတယ်။”

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းရာမှာ ရွေးကောက်ပွဲဟာ အရေးပါတဲ့ကဏ္ဍမှာ ရှိနေတာမို့ မြန်မာနိုင်ငံထဲမှာ နေထိုင်တဲ့လူမျိုးတစု အထူးသဖြင့် မူဆလင်ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံတာမျိုး တွေ့နေရသလို လွတ်လပ်စွာပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ နိုင်ငံရေးမှာ ပါဝင်ခွင့် မပြုတာတွေရှိနေပြီး လွှတ်တော်မှာ အမတ်အဖြစ် တာဝန်ထမ်းဆောင် နေသူမျိုးကိုပါ အခုရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးတာလိုမျိုးတွေ ရှိနေတယ်လို့ အထူးအကြံပေးတွေက ဆိုပါတယ်။ ဒီလိုခွဲခြားဆက်ဆံမှုမျိုးဟာ မြန်မာနိုင်ငံလို လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံအတွက် အန္တရာယ်ကြီးတယ်လို့ မြင်ကြောင်းလည်း ပြောပါတယ်။

“နိုင်ငံရေးမဲဆွယ်မှုတွေကို ကြည့်တဲ့အခါ လူမျိုးစုတစု ဒါမှမဟုတ် ဘာသာ တဘာသာကို အကာအကွယ်ပေးရမယ် ဆိုတဲ့အချက်ပေါ် အဓိက အခြေခံတဲ့ မဲဆွယ် အသိပေးတာမျိုးတွေ လုပ်နေတာမို့၊ မြန်မာနိုင်ငံလို လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံတနိုင်ငံအတွက် ဒါဟာသိပ်ကို အန္တရာယ်ကြီးကြောင်းလည်း သူတို့က ပြောပါတယ်။”

မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ မျိုးစောင့်ဥပဒေ ၄ ခုကနေ မြန်မာနိုင်ငံမှာ အခြေခံလူသားတွေရဲ့ ရပိုင်ခွင့်တွေ အထူးသဖြင့် ဘာသာရေးယုံကြည်မှု ကိုးကွယ်မှုနဲ့ အမျိုးသမီး အခွင့်ရေးတွေကို ထိခိုက်စေတာမို့ နောက်ပြန်ဆုတ်တဲ့ အနေအထားဖြစ်နေတယ်လို့ အထူးအကြံပေးတွေက ယုံကြည်ကြတာပါ။

ဒါ့ကြောင့် မြန်မာအစိုးရအနေနဲ့ အကြမ်းဖက်မှု အခြေခံတဲ့ လူမျိုးရေး၊ ဘာသာရေး၊ ခွဲခြားမှုတွေကို အရေးယူ တားမြစ်မှုတွေနဲ့ အခုကျင်းပမယ့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး၊ အပြန်အလှန် လေးစားမှုနဲ့ ငြိမ်းချမ်းတဲ့ ဝန်းကျင်မှာ ကျင်းပနိုင်အောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုလိုက်တာပါ။ မြန်မာပြည်သူတွေ အားလုံးကိုလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သည်းခံ ခွင့်လွှတ်နိုင်စွမ်းရှိတဲ့ နိုင်ငံတနိုင်ငံ ဆိုတာ ဒီရွေးကောက်ပွဲကနေတဆင့် ပြသဖို့ တိုက်တွန်းလိုက်သလို နောင်တက်လာမယ့် အစိုးရကိုလည်း ရခိုင်ပြည်နယ်အတွက် ရေရှည်ငြိမ်းချမ်းမှုနဲ့ တိုးတက်စေမယ့် လုပ်ဆောင်မှု အပါအဝင် တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကောင်းမွန် တိုးတက်အောင်လုပ်ဖို့ပါ အထူးကိုယ်စားလှယ်တွေက ပန်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူမှုအသိုင်းအဝိုင်းတွေကြား မပြေမလည်ဖြစ်စေမယ့် အမုန်းစကား ပြောဆိုမှုတွေ ဆက်လုပ်နေတာနဲ့ လူအများစု အသိုင်းဝိုင်းကြားက အစွန်းရောက်တွေက ဘာသာရေးကို နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အသုံးချနေတာတွေ တွေ့နေရတာမို့ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချူပ် ဘန်ကီမွန်းက နိုဝင်ဘာလ ၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG