သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ စည်းမျဉ်းတချို့ပြင်ရေး တောင်းဆို


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်းဆိုရင် ရွေးကောက်ပွဲကို လွတ်လပ်စွာ စောင့်ကြည့်ခွင့် နဲ့ ရွေးကောက်ပွဲ မသမာမှုတွေကို သက်သေ အထောက်အထားရဖို့ ခက်ခဲတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက ပြောဆိုလိုက်ပါတယ်။

ဒါကြောင့် လွတ်လပ်မျှတဲ့ ရွေးကောက်ပွဲတခု ဖြစ်လာနိုင်ရေးအတွက် ရွေးကောက် ပွဲ စောင့်ကြည့်ရေးဆိုင်ရာ စည်းမျဉ်းတချို့ကို ပြန်လည် ပြင်ဆင်ပေးဖို့ကို လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံကို တောင်းဆိုထားပါတယ်။ အသေးစိတ်ကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

နိုဝင်ဘာလအစောပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ လွှတ်တော်အမတ် ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေ မဲထည့်ရတဲ့ အခြေအနေ၊ မဲရေတွက်မှုတွေနဲ့ မဲရုံတွင်း အခြေအနေတွေကို မှတ်တမ်း ရိုက်ကူး ရယူခွင့် ပိတ်ပင်ထားတာကို ပြန်လည် ပြင်ဆင်ပေးဖို့ ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုလိုက်ပါတယ်။ ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်တဲ့အဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ပညာပေးရေးနှင့် လေ့လာစောင့်ကြည့်ရေး မိတ်ဘက်များ (မြန်မာပြည်) အဖွဲ့က မမြနန္ဒာသင်းက တောင်းဆိုခဲ့တဲ့ အချက်ကို အခုလို ပြောပါတယ်။

“မဲရုံထဲမှာ ဓာတ်ပုံတွေ ဘာတွေ ရိုက်ခွင့်မရှိဘူး။ မှတ်တမ်းယူခွင့် မရှိဘူးပေ့ါနော်။ နောက်ပြီးတော့ နောက်တချက်က ကျတော့လည်း နောက်ထပ် အပိုဒ် ၄ ချက်မှာ ပါတာက၊ နောက်ထပ်တခုမှာ ပါနေတာက သက်သေအထောက်အထားနဲ့တကွ တင်ပြမှပဲ အစီရင်ခံစာ ရေးလို့ရမယ်ပေါ့နော်။ သက်သေ အထောက်အထားနဲ့တကွ တင်ပြသင့်တယ်ဆိုတော့ ကျမတို့က သက်သေ ဘယ်လိုယူမလဲပေ့ါ။ ဥပမာ - ဒီမဲရေတွက်တဲ့ကိစ္စကို ကျမတို့က လေ့လာတယ်ဆိုရင် အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျမတို့က သက်သေ ဘယ်လိုရှိမလဲပေ့ါ။ အဲဒါ ကျမတို့ စိုးရိမ်တယ်လေ။ စိုးရိမ်တဲ့အခါကျတော့ မဲပေးမှုကို မထိခိုက်ဘူးဆိုရင် အားလုံး မဲပေးပြီးသွားတဲ့ အချိန်ပေါ့ ၄ နာရီပေါ့ ညနေ ၄ နာရီ မဲရေတွက်တဲ့အချိန်မှာ ကျမတို့ကို မှတ်တမ်းယူခွင့် ဘာညာ ပြုဖို့ပေ့ါလေ။ အဲဒီဟာတွေ နောက် ကျမတို့ မရှင်းတဲ့ဟာတွေ ကျမတို့ မေးတယ်။ ဥပမာ - မဲရုံပေါ့၊ မဲရုံဆိုတာ ဘယ်လိုလဲ။ ဘယ်လောက်လောက်အထိ အတိုင်းအတာကို မဲရုံလို့ သတ်မှတ်ထားသလဲပေါ့။ ဥပမာ - ဒီ မဲပေးတဲ့နေရာ မဟုတ်ဘဲနဲ့ မဲရုံတွေရဲ့ ပြင်ပ ဒီ ကျောင်းဝင်းကြီးရှိတယ်။ အဲဒီမှာကျတော့ မဲဆန္ဒရှင်တွေကလည်း တန်းစီပြီးတော့ စောင့်နေတယ်။ အဲဒါမျိုးဆိုလို့ရှိရင် ကျမတို့က မှတ်တမ်းယူခွင့် ရှိသလားပေါ့။ ဘယ်လိုဟာမျိုးဟာ ကျမတို့ရဲ့ ဒီဥပဒေကို ချိုးဖောက်တာ ဖြစ်မလဲပေါ့။ အဲဒါမျိုးတွေနဲ့ ကျမတို့က သိချင်တာလေ။ ကျမတို့ဘက်က မှားယွင်းသွားလို့ရှိရင်လည်း ဒီအပေါ်မှာ ကျမတို့ဘက်က ပြဿနာတွေ မဖြစ်ချင်ဘူးပေါ့။”

ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ပြင်ဆင်ပေးဖို့ ကတိမပေးခဲ့ဘဲ စဉ်းစား အကြောင်းပြန်မယ့်အကြောင်း တုံ့ပြန်ခဲ့တယ်လို့လည်း မမြနန္ဒာသင်းက ပြောပါတယ်။

“ဥပမာဆိုလို့ရှိရင် မဲရုံထဲတော့ ရိုက်ခွင့်မရှိပေမဲ့ အပြင်ကနေပြီးတော့မှ zoom စွဲပြီးတော့မှ ရိုက်ပေါ့။ အဲလိုသဘောမျိုးနဲ့လည်း သူတို့ ပြောပါတယ်။ ဒါပေမဲ့ တိကျတဲ့ဟာမျိုးတခုကိုတော့ ကျမတို့က တနိုင်ငံလုံးအတိုင်းအတာနဲ့ တခြားအဖွဲ့တွေကိုပါ ကျမတို့က စုပေါင်းပြီးတော့မှ အကြံပြုချက်တွေ ထပ်ပြီးတော့ ပေးပို့ရမယ်လို့ ထင်ပါတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးဆိုင်ရာ သတ်မှတ်ချက်တွေအရ ရွေးကောက်ပွဲ စောင့်ကြည့်လိုသူတွေဟာ ရွေးကောက်ပွဲ ကော်မရှင်ထံကို လျှောက်ထားရမယ် ဆိုတာဟာလည်း နိုင်ငံသားတယောက်ရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်နိုင်ခွင့် အခွင့်အရေးကို ပိတ်ပင်ရာ ရောက်တယ်လို့လည်း ရွေးကောက်ပွဲ စောင့်ကြည့်သူများက ထောက်ပြကြပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ၂ ခုတို့ရဲ့ အတွေ့အကြုံအရလည်း မဲဆန္ဒရှင်တွေ လက်လှမ်းမီတဲ့ နေရာမှာ မဲပေးနိုင်တဲ့ မဲရုံတွေမရှိတာ၊ နောက် မဲဆန္ဒရှင်စာရင်းတွေ မှားယွင်းနေတာကြောင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ မမြနန္ဒာသင်းက ပြောပါတယ်။

“လွတ်လွတ်လပ်လပ်လို့ ပြောလို့ရှိရင် ကျမတို့က ဘာအခက်အခဲတွေ ရှိသလဲဆိုတော့ ဥပမာ - လွတ်လွတ်လပ်လပ်ကတော့ ပေးမှာပဲ ဆရာမရယ်၊ ဒါပေမဲ့ မျှတမှု ရှိမယ်၊ မရှိဘူးဆိုတာ ကျမတို့ မသေချာဘူး။ ဥပမာ - ဘယ်လိုလဲဆိုတော့ ဒီမဲပေးဖို့အတွက်ကို လူ ၂၀၀၊ ၃၀၀ လောက်က ဟုတ်လား တခြားရွာကနေပြီးတော့ လာရမယ်။ ဘာလို့လဲဆိုတော့ မဲရုံတွေက ကျေးရွာအုပ်စုတွေမှာပဲ ရှိတာလေ။ အဲလိုမျိုးဆိုတဲ့အခါကျတော့ အဲ့လိုမျိုး လာဖို့ဆိုရင် လူတွေက မလာချင်ကြတော့ဘူး။ ကျမတို့ ၂၀၁၀ အတွေ့အကြုံတုန်းက ဘာပြောလဲဆိုရင် ကျမတို့ကို ရွာတရွာကနေပြီးတော့ ကျမတို့ကို ပြောတယ်။ ရန်ကုန်တိုင်းထဲမှာပဲနော်။ သူက ဘာပြောလဲဆိုရင် ကျမတို့က ပေးစရာမလိုဘူး။ ကျမတို့ရဲ့ အုပ်ချုပ်ရေးမှူးက အရမ်းကောင်းပါတယ်တဲ့။ ဘယ်လိုကောင်းတာလဲလို့ မေးတဲ့အခါကျတော့ သူက ကျမတို့ကိုယ်စား သူတယောက်တည်းကနေ မဲထည့်ပေးတာတဲ့။ အဆင်ပြေတယ်ပေါ့နော်။ ဆိုတော့ အဲဒါမျိုးအထိကို ကျမတို့ ကြုံခဲ့ရတယ်။ ဆိုလိုချင်တာကတော့ လွတ်လွတ်လပ်လပ်လို့ ပြောရင်တော့ လွတ်လပ်မှာပါ။ လွတ်လွတ်လပ်လပ်လည်း ပေးလို့ရမှာပါ။ ဒါပေမဲ့ ဒီလွတ်လပ်မှုသည် ဆိုလိုတာက လူထုက အဆင်မပြေနိုင်ဘူးပေါ့။ လူထုအဆင်ပြေနိုင်တဲ့ နေရာမျိုးမှာ မဲရုံတွေ မရှိဘူး။ မဲစာရင်းတွေမှာ ကျန်ခဲ့မယ်ဆိုရင်တော့ ဒီလူထုအတွက်တော့ မျှတမှုတော့ မရှိနိုင်ပါဘူး။”

ရွေးကောက်ပွဲစောင့်ကြည့်ရေး စည်းမျဉ်း သတ်မှတ်ချက်တွေအရ ရွေးကောက်ပွဲ စောင့်ကြည့်လိုသူတွေဟာ ရွေးကောက်ပွဲကော်မရှင်ထံကို တရားဝင် လျှောက်ထားပြီး ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ပေးတဲ့ နယ်မြေတွေမှာသာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အပြီးမှာလည်း ရွေးကောက်ပွဲဆိုင်ရာ အစီရင်ခံစာကို သက်သေနဲ့တကွ ရွေးကောက်ပွဲ ကော်မရှင်ထံကို တင်ပြရမယ်လို့ သတ်မှတ်ထားတာကြောင့် မဲရုံတွင်း မှတ်တမ်းရယူခွင့်ကိုလည်း တဘက်က ပိတ်ပင်ထားတာကြောင့် သက်သေရရေး အခက်တွေ့မယ့် အရေးအပေါ်မှာ စိုးရိမ် မကင်းဖြစ်နေကြပါတယ်။

XS
SM
MD
LG