သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ၈၀ ကျော် ပယ်ခံရ


ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး

လာမယ့်ရွေးကောက်ပွဲအတွက် တနိုင်ငံလုံးအတိုင်းတာနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း လျှောက်ထားသူတွေထဲက အယောက် ၈၀ ကျော် ပယ်ချခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး က ပြောပါတယ်။

မြန်မာနိုင်ငံ ဒေသအချို့မှာ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ရင်ဆိုင်နေရပေမဲ့ လိုအပ်မှပဲ အဲဒီဒေသတွေမှာ ရွေးကောက်ပွဲကျင်းပမှုကို ရက်ရွှေ့ဆိုင်းသွားမယ်လို့ ကော်မရှင်ဥက္ကဌက ပြောခဲ့ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားယူထားတဲ့ မမေခ က သတင်းပေးပို့ထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်ထားသူ ၇ ထောင်နီးပါးထဲကနေ ၈၀ ကျော်ကို ပယ်ချထားတယ်လို့ ကော်မရှင်က ကြေညာပေမဲ့ ဘယ်ပါတီက ဘယ်နှစ်ဦးဆိုတာကိုတော့ အတိအကျ ထုတ်ပြန်သွားတာ မရှိပါဘူး။ ပယ်ချခံရသူတွေ အယူခံဝင်နိုင်တဲ့ အခြေအနေနဲ့ ပတ်သက်လို့တော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်ဥက္ကဌ ဦးတင်အေးက အခုလို ပြောပါတယ်။

“ဆုံးဖြတ်တာ ခရိုင်ပဲ.. နော်။ အယူခံလွှာ တင်တဲ့အခါကျတော့ တိုင်းနဲ့ပြည်နယ်ကို တင်ရတယ်။ တိုင်းနဲ့ပြည်နယ် အဆုံးအဖြတ်က ဖိုင်နယ်လေ။ ထို့အတူပဲ နော် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်ကျတော့ တိုင်းနဲ့ပြည်နယ်မှာ တင်ရတယ်။ အယူခံတာကျတော့ တို့ ကော်မရှင်ကို အယူခံတယ်။ တို့က အဖွဲ့လေးဖွဲ့ပြီး စစ်ပါတယ်။ ဆုံးဖြတ်ထားတာက ပြည်ထဲရေးတို့ လဝကတို့ကနဲ့ လာတဲ့ဟာနဲ့ တို့က ဘာမှ စဉ်းစားစရာ မလိုပါဘူး။ အယူခံတာက ခုနကပြောသလိုပါပဲ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေပဲ တို့ဆီမှာ အယူခံလို့ရပါတယ်။ ခင်ဗျားသိတဲ့အတိုင်းပဲ လေးယောက်ပဲရှိတယ်နော်။ ကျန်တဲ့ ၈၈ ယောက်က အောက်ကဟာချည်းပဲ နော်။”

လက်ရှိတွင် မွေးဖွားချိန်မှာ မိဘနိုင်ငံသား မဟုတ်ခြင်းကြောင့် ပယ်ချခံရသူများမှာ အများဆုံး ဖြစ်နေပါတယ်။ ဒီအပြင် ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကနေ အမတ်ဖြစ်လာသူ ဦးရွှေမောင်ဟာ ခုရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်လွှာ တင်သွင်းထားတာမှာ၊ မွေးဖွားချိန် မိဘနိုင်ငံသား မဟုတ်တာကြောင့် ပယ်ချခံခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ဦးတင်အေးက အခုလို ပြောပါတယ်။

“ဟိုတုန်းကတော့ မစစ်မိလို့ဖြစ်ချင်ဖြစ်မယ်၊ မတွေ့မိလို့ ဖြစ်ချင်ဖြစ်မယ်။ ကန့်ကွက်သူ မရှိလို့ ဖြစ်ချင်လည်းဖြစ်မယ်။ အဲဒါကြောင့် သူက အရွေးခံရခြင်း ဖြစ်ပါတယ်။ ကျနော်တို့ အဲဒီ case မျိုးပဲ လွှတ်တော်ထဲကို ရောက်ပြီးမှ လွှတ်တော်ထဲ တက်နေမှ မိဘနှစ်ပါးကနေ တိုင်းရင်းသားမဖြစ်လို့ လွှတ်တော်ထဲကနေ ၄ ယောက် ပြန်လွှတ်လိုက်ရပါတယ်။ ဒီကော်မရှင်က စစ်ဆေးတာ အကုန်မှန်ပါတယ်။ ဒီကော်မရှင်က မတွေ့လို့ပဲ ဖြစ်ပါမယ်။ လဝက ကနေပြီးတော့ သူဟာ မွေးဖွားစဉ်က မိဘနှစ်ပါးက နိုင်ငံသားမဟုတ်ဘူးဆိုရင် ပယ်ကိုပယ်ရပါမယ်။”

လက်ရှိမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇ ဦး ပယ်ချခံရတယ်လို့ NLD ပါတီက ဦးဉာဏ်ဝင်း က ပြောပါတယ်။ ဒါပေမဲ့ လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုးပါတီက ဗဟိုအလုပ်အမှုဆောင် ဦးသာဝင်း ကတော့ ပြည်ခိုင်ဖြိုးပါတီကနေ ကိုယ်စားလှယ်လောင်း ပယ်ချခံထားရခြင်း မရှိသေးဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုထားပါတယ်။ ကော်မရှင်အနေနဲ့ကတော့ ဘယ်ပါတီက ဘယ်နှစ်ယောက် ဆိုတာကို ရက်ပိုင်းတွင်းမှပဲ ကြေညာမယ်လို့ ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ သတင်းသမားများအနေနဲ့ မည်သည့်မဲရုံမဆို သတင်းယူခွင့်ရမှာ ဖြစ်ပါတယ်။ တပ်မတော်သားတွေရဲ့ မဲရုံပရဝုဏ်အတွင်းမှာပါ သတင်းယူခွင့် ပြုသွားမယ်လို့ ကော်မရှင်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးသူတွေအနေနဲ့ မှတ်ပုံတင်မရှိပေမဲ့ အသက် ၁၈ နှစ် ပြည့်ပါက မဲပေးနိုင်သလို ပျက်စီး ပျောက်ဆုံးပါကလည်း မဲပေးနိုင်ကြောင်း၊ မှတ်ပုံတင်ပျက်စီးပါက ယာဉ်မောင်းလိုင်စင်၊ အလုပ်ကဒ်ပြားတို့နဲ့ မဲပေးနိုင်ကြောင်း၊ မဲစာရင်းတွင် နာမည်ပါရန်သာလိုကြောင်း ဦးတင်အေးက ပြောပါတယ်။ ဒီပြင် မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးတာမှာ သက်သေခံလက်မှတ်နဲ့ မဲပေးရမှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင်တွေရဲ့ နောက်ဆုံးမဲစာရင်းတွေကို လာမယ့် စက်တင်ဘာ ၁၄ မှာ ထုတ်ပြန် ကြေညာမှာဖြစ်ပြီး ဒီမဲစာရင်းတွေမှာ အမှားအယွင်း တစုံတရာရှိပါက စက်တင်ဘာ ၂၇ ရက်အထိ အမှား ပြန်လည် ပြင်ဆင်ပေးမှာပါ။ သဘာဝဘေးအန္တရာယ် ဖြစ်နေသောနေရာတွေမှာ လိုအပ်ပါက ပြင်ဆင်တဲ့ရက်ကို ထပ်မံ တိုးပေးသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။ ကြိုတင်မဲတွေကိုတော့ လာမယ့် နိုဝင်ဘာလ ၆ ရက်နေ့မှာ ပေးရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကိုတော့ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ တနိုင်ငံလုံး ကျင်းပသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG