သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလမှာ အဆိုပြုချက်တင်ဖို့ လူ့အခွင့်အရေး ၃ ဖွဲ့ EU ကို တိုက်တွန်း


မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို နိုင်ငံတကာက ဆက်ပြီး စောင့်ကြည့်နေတယ်ဆိုတာကို ပြသဖို့အတွက် ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကျရင် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်မူကြမ်းတင်ဖို့ EU ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

Amnesty International အဖွဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် FIDH နဲ့ မြန်မာနိုင်ငံဆိုင်ရာ Altsean အဖွဲ့ ၃ ဖွဲ့ပေါင်းပြီး EU နဲ့ EU အဖွဲ့ဝင်နိုင်ငံတွေကို အိတ်ဖွင့်ပေးစာ ပေးခဲ့တဲ့ထဲမှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တခုခု မချနိုင်ရင် မြန်မာ့လူ့အခွင့်အရေး အခြေအနေတွေ ပိုပြီး ဆိုးလာလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၃ နှစ်လုံး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတိုးတက်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အားပေးပံ့ပိုးတဲ့နေရာမှာ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်တွေဟာ အရေးပါခဲ့တယ်ဆိုတာကိုလည်း အိတ်ဖွင့်ပေးစာထဲမှာ ထောက်ပြထားပါတယ်။ အထွေထွေရွေးကောက်ပွဲလုပ်ဖို့ ၁ နှစ်ကျော်ပဲ လိုတော့ချိန်မှာ မြန်မာနိုင်ငံက အရေးကြီးတဲ့ ကဏ္ဍတော်တော်များများမှာ တိုးတက်မှု ရှိမလာတဲ့အပြင် တချို့ကဏ္ဍတွေမှာ ပိုတောင် ဆိုးလာတယ်လို့လည်း ပြောထားပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှု၊ အသင်းအပင်းဖွဲ့မှု၊ စုဝေးမှုတွေမှာ အကြီးအကျယ် ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်တာ၊ ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာ၊ ရိုဟင်ဂျာတွေအပေါ် ဥပဒေတွေ၊ မူဝါဒတွေနဲ့ ခွဲခြားဆက်ဆံနေတာတွေကို စိုးရိမ်စရာတွေအဖြစ် ထောက်ပြထားပါ တယ်။ ၂၀၁၃ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မှာ အကြံပြုထားချက်တွေကို မြန်မာအစိုးရက တခုမှ အပြည့်အဝ အကောင်အထည်ဖော်ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။

အထူးသဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး မြန်မာနိုင်ငံမှာ ထားရှိဖို့ သဘောတူ လက်မှတ်ထိုးခြင်း မရှိသေးဘူးလို့ ပြောပါတယ်။ အခုလို စိုးရိမ်စရာ လူ့အခွင့်အရေး အခြေအနေတွေ ဆက်ရှိနေတဲ့ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တဆင့်အပါအဝင် EU ရဲ့ ထိတွေ့ဆက်ဆံမှုက အရေးကြီးတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အထွေထွေညီလာခံမှာ အောက်တိုဘာလကျရင် မြန်မာနိုင်ငံ ဆိုင်ရာ ဆွေးနွေးကြတဲ့အခါ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေ အမှန်တကယ် တိုးတက်စေမယ့် ဆုံးဖြတ်ချက် ချနိုင်ဖို့ အရေးကြီးတယ်လို့ Amnesty International အဖွဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် FIDH နဲ့ မြန်မာနိုင်ငံဆိုင်ရာ Altsean အဖွဲ့တို့က တိုက်တွန်းထားပါတယ်။ အခုလို EU ကို မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေအတွက် လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းနေချိန်မှာပဲ သမ္မတ ဦးသိန်းစိန်ဟာ ဂျာမနီနိုင်ငံမှာ ရောက်ရှိနေပါတယ်။

ဂျာမနီ မြန်မာသံတမန် ဆက်ဆံရေး အနှစ် ၆၀ ပြည့် အထိမ်းအမှတ် ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်ဟာ အင်္ဂါနေ့တုန်းက Fankfurt မြို့ကနေ Berlin မြို့ဆီကို သွားခဲ့ပါတယ်။ ဘာလင်မြို့တော်မှာ ဝန်ကြီးချုပ် Angela Merkel နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဖို့ရှိပြီး ကြာသပတေးနေ့ကျရင်တော့ ဂျာမနီသမ္မတ Joachim Gauk နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

XS
SM
MD
LG