အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို နောက်ထပ် သက်တမ်း တိုးလိုက်ပေမဲ့လို့ အစိုးရအဖွဲ့ထဲက အရပ်သား ဝန်ကြီးတွေကိုတော့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားတာတွေ တနှစ်တာကာလ ပြန်လည် ရုပ်သိမ်းပေးခဲ့ပါတယ်။ အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုတွေ ဆက်ရှိနေဦးမှာ ဖြစ်သလို တဘက်မှာ အဆင့်မြင့် တာဝန်ရှိသူချင်း သံတမန်ရေး ဆက်ဆံနိုင်ဖို့ လမ်းဖွင့်လိုက်တာလို့ လေ့လာသူတွေက ယူဆပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
မနေ့ကလုပ်တဲ့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်ထဲမှာတော့ အီးယူရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို နောက်တနှစ် သက်တမ်း တိုးလိုက်ပေမဲ့လို့ တဖက်မှာ မြန်မာအစိုးရသစ်အနေနဲ့
အရပ်ဘက် အစိုးရတရပ်လို အားကောင်းလာပြီး အပြောင်းအလဲတွေအတွက် မူဝါဒသစ်တွေ ချမှတ်နိုင်ရေးကို အားပေးသွားလိုတယ်လို့ ဖော်ပြပါတယ်။ ဒါကြောင့်လည်း သံတမန်ဆက်ဆံမှုမှာ အဓိက ကြားခံဖြစ်မယ့် မြန်မာနိုင်ငံခြားရေးဝန်ကြီး အပါအဝင် အစိုးရအဖွဲ့အတွင်း အရပ်ဖက်ဝန်ကြီးတွေ အပေါ် အီးယူက ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်မှု တနှစ် ရပ်စဲသလို ဒီလူတွေရဲ့ ပိုင်ဆိုင်မှုထိန်းချုပ်ဖို့ ဆိုတဲ့ အရေးယူမှုကို တနှစ်တာ ဆိုင်းငံ့ထားဖို့ အီးယူ ဥရောပသမဂ္ဂက ဆုံးဖြတ်ခဲ့ပါတယ်။
အီးယူအနေနဲ့ မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုအချို့ လျှော့ပေးလိုက်ပြီ ဆိုပေမဲ့လည်း အဓိကကျတဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုတွေ၊ လက်နက် ရောင်းချမှုပိတ်ဆို့တာတွေနဲ့ အစိုးရကို ဖွံ့ဖြိုးရေး အကူအညီ တိုက်ရိုက် ထောက်ပံ့တာတွေ ပိတ်ပင်ထားတာတွေ၊ အစိုးရအတွင်း ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ သူတို့နဲ့ ပတ်သက်သူတွေကို ဗီဇာပိတ်တာ၊ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ အစိုးရပိုင်နဲ့ အစိုးရနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ ပိတ်ပင်တာ အစရှိတာတွေကိုတော့ နောက်တနှစ် သက်တမ်း တိုးလိုက် ပါတယ်။ အခုလို အရေးယူမှုတွေကို နောက်တနှစ် သက်တမ်းတိုးလိုက်တာ ဟာ အချိန်နဲ့အညီ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟေ့ဂ် (William Hague) က ပြောပါတယ်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွားရှိနေတဲ့ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုကို သက်တမ်းတိုးဖို့ သဘောတူခဲ့ကြပါတယ်။ ဒါကြောင့် အီးယူ ဥရောပသမဂ္ဂအနေနဲ့ ကျနော်တို့ရဲ့ ဆွေးနွေး တင်ပြချက်တွေကို အရေးယူ အသိအမှတ်ပြုတဲ့အတွက် ကျေနပ်အားရမိပါတယ်။”
အီးယူအနေနဲ့ မြန်မာအစိုးရသစ်ရဲ့ ဆောင်ရွက်မှုတွေကို အဆက်မပြတ် စောင့်ကြည့်သွားမှာ ဖြစ်သလို အီးယူရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကိုလည်း အဆက်မပြတ် သုံးသပ်သွားမှာ ဖြစ်တယ်လို့လည်း ဥရောပ သမဂ္ဂက ထုတ်ပြန်ပါတယ်။
မြန်မာ့အရေးဆောင်ရွက်နေတဲ့ လန်ဒန်အခြေစိုက် Burma Campaign UK ညွန်ကြားရေးမှူး မာ့က်ဖာမနာ (Mark Farmaner) ကတော့ ဒီဆုံးဖြတ်ချက်တွေကို ကြည့်ရင် မြန်မာနိုင်ငံမှာ အပြောင်းလဲတွေ မဖြစ်မချင်း အရေးယူမှုတွေကို ရုတ်သိမ်းမှာ မဟုတ်ဘူးဆိုတဲ့ ဥရောပသမဂ္ဂရဲ့ ရှင်းလင်းတဲ့ သဘောထားဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။
“မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ ဆက်ထားဖို့ အီးယူ ဥရောပသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို Burma Campaign UK အဖွဲ့ကြီးအနေနဲ့ ကျေနပ် အားရမိပါတယ်။ မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲတွေ မဖြစ်မချင်း စီးပွားရေးအရ ဒဏ်ခတ်မှုတွေကို ဆက်လုပ်သွားဦးမယ် ဆိုတဲ့ ရှင်းလင်းတဲ့
သဘောထား ဖြစ်ပါတယ်။ ဒါ့အပြင့် အီးယူရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ ကြိုးပမ်းမယ် ဆိုတာလည်း တွေ့ရပါတယ်။ ဒါဟာ ကျနော်တို့ ဟိုတုန်းကလည်း လိုလားတဲ့အချက်ပါ။”
ဥရောပသမဂ္ဂအနေနဲ့ အဆင့်မြင့် တာဝန်ရှိသူတွေ မြန်မာနိုင်ငံကို စေလွှတ်တာကို အရင်က ပိတ်ပင်ထားခဲ့ ပေမဲ့၊ အခုလို အဲဒါကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ ဒါကြောင့်လည်း အီးယူအနေနဲ့ မြန်မာအစိုးရသစ်နဲ့ တိုက်ရိုက်ထိစပ် ဆွေးနွေးသွားမယ်ဆိုတဲ့ လက္ခဏာကို မြင်ရပါတယ်။ မာ့က်ဖာမနာ ကတော့ ဒီအချက်ကို ကြည့်ပြီး အီးယူဘက်က သဘောထား ပျော့ပြောင်းလာတာလို့ မယူဆပါဘူး။ တကယ် အပြောင်းအလဲတွေ လုပ်မယ်ဆိုရင် အီးယူဘက်ကလည်း ပြောင်းလဲမယ်ဆိုတဲ့ လက္ခဏာ ပြချက်ဖြစ်တယ်လို့ ပြောပါတယ်။
“ဒီအချက်က အရေးယူမှုတွေကို လျှော့ပေးလိုက်တာ မဟုတ်ပါဘူး။ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ အားလုံးကို ဆက်ထားဖို့ ဆုံးဖြတ် လိုက်ပါတယ်။ အချို့ကိုပဲ ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်တာ ဆိုင်းငံ့တာပါ။ ဒီအချက်ကလည်း သိပ်အရေးပါတဲ့အချက် မဟုတ်ပါဘူး။”
အီးယူရဲ့ ဆုံးဖြတ်ချက်ထဲမှာ အရပ်သားဝန်ကြီးတွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှု တနှစ်သက်တမ်း ရုပ်သိမ်း ပေးတယ် ဆိုတဲ့နေရာမှာ နိုင်ငံခြားရေးဝန်ကြီးက လွဲလို့ အခြားဘယ်သူတွေ ပါဝင်သလဲ ဆိုတာတော့ အတိအကျ မဖော်ပြထားပါဘူး။ ဒါ့ပေမဲ့ အစိုးရအဖွဲ့ထဲမှာ အရပ်သားဝန်ကြီး ဆိုလို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်၊ ပညာရေးဝန်ကြီး ဒေါက်တာမြအေး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်နဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီး ဦးတင့်ဆန်းတို့ပဲ ရှိတယ်လို့ ပြောနိုင်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကိုယ်တိုင်က အရင် စစ်တပ်က ဖြစ်ပေမဲ့ အရပ်ဘက်ဝန်ထမ်း အဖြစ် အတော်ကြာကြာ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ကျန်ဝန်ကြီးအတော်များများက လက်ရှိ အရပ်ဝတ်ဆိုပေမဲ့ စစ်ဘက်က လာသူတွေဖြစ်ပါတယ်။