သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook ပေါ်က အမုန်းစကားတွေကို စိစစ်မည်


ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုတွေအပေါ် အခြေခံပြီး အကြမ်းဖက်မှုတွေဖြစ်အောင် သွေးထိုးလှုံဆော်တဲ့ သတင်းအချက်အလက်တွေ မပျံ့နှံ့အောင် ထိန်းချုပ်ဖို့ အင်တာနက် လူမှုကွန်ရက်ဖြစ်တဲ့ Facebook နဲ့ မြန်မာအစိုးရ သဘောတူညီချက် ရရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီလိုစောင့်ကြည့်ထိန်းချုပ်မယ့် အစီအစဉ်ကြောင့် သတင်းလွတ်လပ်ခွင့် အပါအဝင် အခြေခံ အခွင့်အရေးတွေအပေါ် ကန့်သတ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ကပြောပြပေးမှာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်ထဲ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားရာမှာ သွေးထိုးလှုံ့ဆော်တဲ့ သတင်းစကားတွေ ပျံ့နှံ့ခဲ့တယ်လို့ဆိုတဲ့ Facebook အင်တာနက် စာမျက်နှာတွေကို အခုအခါ စောင့်ကြည့်ထိန်းချုပ်သွားဖို့ မြန်မာအစိုးရနဲ့ သဘောတူလိုက်တာဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီ၊ အိုင်ယာလန်နဲ့ စင်ကာပူ အခြေစိုက် Facebook တာဝန်ရှိသူတွေနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေကြား မကြာသေးခင်ကပဲ ဆွေးနွေးခဲ့ကြပြီး အခုလို သဘောတူညီချက် ရရှိခဲ့ကြတာလို့လည်း မြန်မာသမ္မတရုံး အကြီးတန်းအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

“လတ်တလော လှုံ့ဆော်မှုတွေ၊ ကောလဟာလတွေ အဲ့ဒါတွေ အမြန်ဆုံး ပျံ့နှံ့တာတွေ ကျဆင်းသွားအောင် ဘယ်လိုလုပ်မလဲ။ Facebook ရဲ့ ပေါ်လစီက ဘယ်လိုဘယ်လိုရှိတယ် အဲ့ဒါမျိုးတွေ ဆွေးနွေးပြီးတော့ လုပ်လိုက်ပါတယ်။ လုပ်လိုက်တော့ အဲ့ဒါက ချက်ချင်းပဲ အသက်ဝင်ပြီးတော့ လုပ်ပေးပါတယ်။ သူတို့ဘက်ကလည်း ဘာပြဿနာရှိလဲဆိုတော့ Facebook မှာက မြန်မာဘာသာစကားနဲ့ status တွေ တင်တဲ့အခါမှာ ဘယ်ဟာက hate speech လဲ၊ ဘယ်ဟာက သွေးထိုးသလဲ၊ ဘယ်ဟာက သတင်းမှားလဲ အဲ့ဒါကို ခွဲခြားဖို့ ခက်တယ်ပေါ့နော်။ ခက်တော့ကျတော့ Facebook မှာလည်း မြန်မာဘာသာစကား ကျွမ်းကျင်တဲ့ ဝန်ထမ်းတယောက် ခန့်ပြီးတော့ သူတို့ monitoring လုပ်တဲ့ လုပ်ငန်းကို ပေးထားပါတယ်။ ကျနော်တို့နဲ့ ပြောပြီးတော့ တပြိုင်တည်းမှာပဲ သူတို့ ၂၄ နာရီပေါ့နော် အဲ့လိုထားပြီးတော့ ဒီနိုင်ငံကဟာကို စောင့်ကြည့်ပြီးတော့ သူတို့ ဖြုတ်ဖို့ လုပ်ပေးပါတယ်။”

သဘောတူညီချက် ရရှိပြီးပြီးချင်းဆိုသလို၊ Facebook account မမှန်မကန် ဖွင့်ထားတာတွေကို စိစစ်ကန့်သတ်တာတွေ လုပ်ခဲ့တယ်လို့လည်း မြန်မာသမ္မတရုံး တာဝန်ရှိသူက ပြောဆိုခဲ့တာပါ။ သွေးထိုးလှုံ့ဆော်တဲ့ သတင်းအချက်အလက်တွေကို ကန့်သတ်ထိန်းချုပ်ရာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တွေကို ထိခိုက်တာမျိုး ဖြစ်လာမှာ စိုးရိမ်တယ်လို့လည်း မြန်မာ ICT ဖွံ့ဖြိုးရေးအဖွဲ့ (MIDO) ရဲ့ အမှုဆောင်ဒါရိုက်တာ ဘလော့ခ်ကာ နေဘုန်းလတ် က ပြောပါတယ်။

“အစိုးရရယ်၊ Facebook ရယ်ပဲ မကဘဲပေါ့ဗျာ အစိုးရလူတွေလည်းပါမယ်၊ Facebook က လူတွေလည်း ပါမယ်။ အခြား ဒီ နည်းပညာရှင်တွေ၊ အတတ်ပညာရှင်တွေလည်း ပါမယ်။ အဲ့လိုမျိုး independence ဖြစ်တဲ့ လွတ်လပ်တဲ့ body တခုကနေပြီးတော့ ဒါမျိုးကို လုပ်တယ်ဆိုရင်တော့ အဲ့ဒါ ပိုပြီး သင့်တော်မယ်ထင်တယ်။ Online ပေါ်မှာ အမုန်းတရားဖြန့်ပြီးတော့ ဒီ လှုံ့ဆော်မှုတွေ လုပ်နေတာတွေက ဆိုးရွားလွန်း အားကြီးတယ်။ အခုအချိန်မှာတော့ ကျနော်ကတော့ ဒါကို ကြိုဆိုတယ်။ နောက်ပိုင်းတွေမှာ ဒီလို စောင့်ကြည့်တဲ့ကိစ္စတွေက နိုင်ငံရေးသမားတွေကို နှိပ်ကွပ်တာမျိုး၊ Freedom of Expression ကို ထိခိုက်တာမျိုး ဖြစ်လာမယ်ဆိုရင်တော့ ဒါဆိုရင်တော့ ဒါ တမျိုး ပြန်ပြီး တုံ့ပြန်ရင် တုံ့ပြန်ရမှာပေါ့။ အခုအချိန်မှာတော့ လုပ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။”

Facebook ပေါ်မှာ သွေးထွေးလှုံ့ဆော်တဲ့ လုပ်ရပ်တွေကို ထိန်းချုပ်မယ် ဆိုပေမဲ့ နည်းပညာ ဖွံ့ဖြိုးမှုမှာ နိမ့်ကျနေဆဲ မြန်မာနိုင်ငံ အနေနဲ့ စိန်ခေါ်မှုတွေလည်း ရှိနေဆဲပါ။ ဒါကြောင့်လည်း ထိန်းချုပ် ကန့်သတ်မှုတွေမှာ အရည်အချင်း ပြည့်ဝတဲ့ ကျွမ်းကျင်သူတွေ အကူအညီနဲ့ လုပ်ဖို့လိုမယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်း (မန္တလေး)ရဲ့ နာယက ဦးရဲမြတ်သူက မြင်ပါတယ်။

“ကျနော်တို့ ကြောက်တာက Hate Speech ဖြန့်တဲ့လူတွေကို လိုက်ကာကွယ်နိုင်တယ် ဆိုရင်တော့ ကျနော်တို့က လက်ခုပ်တီး ပေးရမှာပေါ့။ Hate Speech ကို မကာကွယ်ဘဲနဲ့ Hate Speech က သူတို့ဟာသူတို့ လွှင့်ချင်တာတွေ လွှင့်ပြီးတော့၊ အဲဒီလွှင့်နေတဲ့ ဟာတွေကိုပဲ ကျနော်တို့ဘက်က လိုက်ပြီးတော့ မဟုတ်ပါဘူး ပြောတဲ့လူတွေကို လိုက်ကာတယ် ဆိုရင်တော့၊ ဒီကောင်က ဓားသွားက ပြောင်းပြန်နဲ့ ကျနော်တို့ကို လာထိမှာပဲ။ ဆိုတော့ အဲဒီဟာမျိုး ဖြစ်မယ် - မဖြစ်ဘူးဆိုတဲ့ ကိစ္စက သူတို့လက်ထဲမှာရှိတဲ့ အာဏာကို သူတို့အလွဲသုံးစား လုပ် - မလုပ် ဆိုတာနဲ့ပဲဆိုင်တယ်၊ အောင်မြင်မှု မအောင်မြင်မှု ဆိုတဲ့ကိစ္စက။ Hate Speech ကတော့ အခုရှာလို့ မရတဲ့ ကိစ္စကတော့ technology ရလာရင် ရှာလို့ရလာမှာပဲ။ ဒါပေမဲ့ အဲဒီ technology ရလို့ ရှာလို့ရရင် သူဘယ်လို ဆုံးဖြတ်မလဲ ဆိုတဲ့ကိစ္စက သူ့ကိစ္စ ဖြစ်သွားပြီ။”

မြန်မာသမ္မတရုံး အကြီးတန်းတာဝန်ရှိသူကတော့ နည်းပညာ ဖွံ့ဖြိုးမှုတွေ အားနည်းနေဆဲ မြန်မာနိုင်ငံမှာ Facebook အပါအဝင် အင်တာနက် သုံးစွဲသူတွေ အနေနဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေကို သဘောပေါက်ဖို့ ရည်ရွယ်ပြီး ဒီလထဲမှာပဲ ရန်ကုန်မြို့က MICT မှာ နှီးနှောဖလှယ်ပွဲတခု ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“သူတို့ဆီက Facebook ရဲ့ ပေါ်လစီပေါ့နော်၊ အဲဒီမှာ ကျနော်တို့က ဘယ်လိုမျိုး လိုက်နာရမလဲ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားတဲ့ အပေါ်မှာ ကျနော်တို့က ဒီဘက်က ကျယ်ကျယ်ပြန့်ပြန့် မသိကြဘူး။ နောက်တချက်က ဒီဘက်က Facebook ကို ဘယ်လိုမျိုး အကျိုးရှိရှိ အသုံးချခဲ့သလဲဆိုတဲ့ Success Story တွေပေါ့နော်၊ တခြားနိုင်ငံတွေမှာလည်းရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဒီဘက်ကို မြန်မာပြည်သူလူထု၊ အထူးသဖြင့် လူငယ်တွေပေါ့နော်၊ Facebook ကိုသုံးတဲ့ လူငယ်တွေနဲ့ ဘယ်လိုရောက်အောင် ဒီ Message ကိုပေးမလဲ၊ awareness ပေးမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးတော့၊ ကျနော်တို့ မြန်မာနိုင်ငံမှာပဲ Facebook နဲ့ Google နဲ့က လာပြီးတော့ ဒီဟာကို အသုံးပြုတဲ့ လူငယ်တွေပေါ့နော်၊ အထူးသဖြင့်ကတော့ IT အသုံးပြုတဲ့လူတွေ Facebook အသုံးပြုတဲ့ လူငယ်တွေနဲ့ တွေ့ဆုံပြီးတော့၊ အပြန်အလှန် ဆွေးနွေးတဲ့ဟာလေးတခု လုပ်မယ် ဆိုပြီးတော့ စီစဉ်ထားပါတယ်။”

မန္တလေးမြို့မှာ လူ ၂ ဦးအထိ သေဆုံးခဲ့ရတဲ့ ဆူပူအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောရာမှာတော့ သွေးထိုးလှုံ့ဆော်မှုတွေကို လက်ခံမှာ မဟုတ်တဲ့အကြောင်းနဲ့ သတင်းမီဒီယာတွေ အနေနဲ့လည်း အမုန်းစကားတွေ ပျံ့နှံ့စေမယ့် ဖော်ပြချက်တွေ မလုပ်ကြဖို့ကို သတိပေးထားပါတယ်။

XS
SM
MD
LG