သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးဒုက္ခသည်တွေ မဲပေးနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင် စီစဉ်


ရေကြီးရေလှံျတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးကြောင့် မဲဆန္ဒရှင်တွေ မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်း ပျက်စီး၊ ပျောက်ဆုံးရသူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွေမှာ မဲဆန္ဒရှင် သက်သေခံ လက်မှတ်တွေ ထုတ်ယူမဲပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။

ဒါ့အပြင် ဒီလကုန်ထုတ်ပြန်မယ့် အတည်ပြုမဲစာရင်းကို ပြင်ဆင်ဆောင်ရွက်ဖို့ လိုအပ်ရင်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်း မရှိပေမဲ့ ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

မြန်မာပြည်အန့ှံမှာ ဇွန်နဲ့ ဇူလိုင်လတွေက မိုးများပြီး နေရာဒေသအတော်များများမှာ ရေကြီးရေလျှံတာ၊ မြေပြိုတာတွေကြောင့် မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဥစ္စာပစ္စည်းတွေ ဆုံးရှုံးရသလို နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုစာရင်းတွေ ပျက်စီး၊ ပျောက်ဆုံးကြောင်း ကြားသိရတာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အခုလို ထုတ်ပြန်တာဖြစ်ပါတယ်။

ကော်မရှင်အနေနဲ့ အခြေခံမဲဆန္ဒရှင်စာရင်းတွေကို ပြုစုထားပြီး သြဂုတ်လကုန်ပိုင်းမှာတော့ အတည်ပြု မဲဆန္ဒရှင်စာရင်းကို ထုတ်ပြန်ဖို့ ရှိနေတာဖြစ်ပါတယ်။ အတည်ပြုမဲစာရင်းထုတ်ပြန်ချိန်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုစာရင်းတွေ ပျက်စီး၊ ပျောက်ဆုံးနေသူတွေအနေနဲ့ မိမိအမည်စာရင်း မပါဝင်ဘူးဆိုရင် သက်ဆိုင်ရာ ထောက်ခံချက်အရ ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသိန်းဦးက ပြောပါတယ်။

“သက်ဆိုင်ရာ ရပ်ကျေးအဖွဲ့တွေ ရှိတယ်လေ။ နောက်တခါ အုပ်ချုပ်မှု အထောက်အကူပြု အဖွဲ့တွေရှိတယ်။ သူတို့ဆီက ထောက်ခံချက်တွေနဲ့ ထည့်လိုက်ရင် ရပါတယ်။”

မဲမပေးခင်တပတ်အလိုမှာတော့ မဲဆန္ဒရှင်တွေ မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့နဲ့ မဲရုံမှာ မဲပေးရာမှာ လွယ်ကူစေဖို့ မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေ ထုတ်ပေးဖို့အတွက် ရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ အတည်ပြုမဲစာရင်းမှာ ပါဝင်တဲ့သူတွေကတော့ နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုစာရင်းတွေ ပျက်စီး၊ ပျောက်ဆုံးနေရင်လည်း မဲမပေးမီ တပတ်အလိုမှာ ထုတ်ပေးမယ့် မဲဆန္ဒရှင် သက်သေခံ လက်မှတ်ထုတ်ယူနိုင်ကြောင်း မဲပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသိန်းဦးက ပြောပါတယ်။

“သူ မဲစာရင်းမှာပါသလို မဲဆန္ဒရှင်လက်မှတ်ကို ထုတ်ပေးလိုက်မှာပဲ။ အဲတော့ သူတို့အနေနဲ့ ဒီမဲဆန္ဒရှင် သက်သေခံလက်မှတ် ရထားမယ်ဆိုရင် ဒီမှတ်ပုံတင်ကဒ်ပြားတို့၊ အိမ်ထောင်စုစာရင်းတို့ ပျောက်ပေမဲ့လည်း ဒါ ကျနော်တို့ ဒီလက်မှတ်နဲ့ ပေးလို့ရပြီပေါ့ဗျာ။”

သြဂုတ်လအကုန်မှာ ထုတ်ပြန်မယ့် အတည်ပြု မဲဆန္ဒရှင်စာရင်းဟာ နောက်ဆုံးအဆင့် ထုတ်ပြန်မှာဖြစ်တာကြောင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မိမိအမည် ပါ မပါ ကြည့်ဖို့နဲ့ လိုအပ်တာရှိရင် ပြင်ဆင်ဖို့အတွက်လည်း တိုက်တွန်းပါတယ်။ ပွင့်ဖြူမြို့က ဒေါ်တင်တင်ဝင်းကတော့ ညဘက်မှာ မထင်မှတ်ဘဲ ရေကြီးလာတာကြောင့် မှတ်ပုံတင်ကတ်ပြားနဲ့ အိမ်ထောင်စုစာရင်း ပျောက်ဆုံးခဲ့သူတွေရှိကြောင်း ပြောဆိုပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုလိုက်ပါတယ်။

“ပြောရမယ်ဆိုရင်တော့ ကောင်းတယ်လို့ပဲ မြင်တာပေါ့သားရယ်၊ ကိုယ်ပေးချင်တဲ့ မဲဆန္ဒ ပေးလို့ရတာပေ့ါ။”

ဇိုမီးဒီမိုကရေစီကွန်ဂရက်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဂင်ကမ်းလျံကတော့ ချင်းပြည်နယ်အတွင်းမှာ တံတားတွေပျက်ဆီးပြီး မြေတွေပြိုကျနေတာကြောင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ရာမှာ အခက်အခဲ ရှိနိုင်ကြောင်း ပြောပါတယ်။

“နိုင်ငံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကျနော်တို့က အခု စက်တင်ဘာ၊ အောက်တိုဘာလောက်ဆိုရင် သူတို့က မဲဆွယ်စည်းရုံးမှု ခွင့်ပြုမှာကိုး။ အဲဒီအချိန်ကျ ကျနော်တို့ ပါတီစည်းရုံးရေး လွှတ်တော်ကိုယ်စားလှယ် သွားဖို့ဆိုတာလည်း အခြေအနေမရှိဘူး။ ဒါကြောင့် တံတားတွေ၊ လမ်းတွေ အမြန်ဆုံးလုပ်ပေးမှပဲ ကျနော်တို့က အဆင်ပြေမယ့် အနေအထားရှိတယ်။ သွားဖို့လာဖို့ဆိုတာ လုံး၀ မဖြစ်နိုင်တဲ့ အနေအထားရှိတယ်လေ။ ဒါကြောင့် နိုင်ငံတော်က အမြန်ဆုံးက စီစဉ်ဆောင်ရွက်ပေးဖို့နဲ့ ဒီလိုမှမဟုတ်ရင် ရွေးကောက်ပွဲမဲထည့်မယ့်သူတောင် သွားလို့မရဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း သွားလို့မရတဲ့ အနေအထားဖြစ်နေတယ်။”

အခုလို မြန်မာပြည်တဝှမ်းမှာ ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီးက ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရက်ကို သြဂုတ်လ ၈ ရက်နေ့အစား သြဂုတ် ၁၄ ရက်ကို ပြောင်းရွှေ့ကြောင်း ဒီလ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG