သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားများ အခြေအနေ နဲ့ လွတ်မြောက်ရေး မျှော်လင့်ချက်


နိုင်ငံရေးအကျဉ်းသားများ အခြေအနေ နဲ့ လွတ်မြောက်ရေး မျှော်လင့်ချက်
နိုင်ငံရေးအကျဉ်းသားများ အခြေအနေ နဲ့ လွတ်မြောက်ရေး မျှော်လင့်ချက်

မြန်မာနိုင်ငံရဲ့အခြေအနေဆိုးဝါးလှတဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် ရှိနေဆဲဖြစ်တယ်လို့ AAPPB (Assistance Association for Political Prisoners-Burma) ခေါ် ထိုင်းအခြေစိုက် မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း က အစီရင်ခံစာတရပ် ထုတ်ပြန်ပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် နိုင်ငံရေး အကျဉ်းသား တွေကို ချွင်းချက်မရှိ၊ အမြန်ဆုံးပြန်လွှတ်ပေးဖို့လိုကြောင်း၊ နိုင်ငံတကာက တောင်းဆိုနေခဲ့ပေမဲ့ မြန်မာ စစ်အစိုးရက လိုက်နာခဲ့ခြင်းမရှိကြောင်း၊ AAPP ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

ဦးတိတ်နိုင် ။ ။ ၂၁၈၉ ယောက်ပေါ့လေ။ အဲဒါက အနိမ့်ဆုံး အဲဒီလောက်ရှိတယ်လို့ ပြောလို့ရပါတယ်။ ကျနော်တို့ လက်လှမ်းမမီတဲ့ ကိစ္စလေးတွေ ရှိနိုင်သေးပါတယ်။ ဒါက ဒီဇင်ဘာ ၃၁ နောက်ဆုံး ကျနော်တို့ရဲ့ စစ်တမ်းကောက်ယူချက်ပေါ့လေ။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ အဲဒီတော့ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေအတွက်နဲ့ ပတ်သက်ပြီးတော့ ကိုတိတ်နိုင်တို့ရဲ့ နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေး အသင်းက နေပြီးတော့ နှစ်စဉ် အစီရင်ခံစာတွေ ထုတ်တဲ့နေရာမှာ ဒီနှစ်ထုတ်တဲ့အရေအတွက်က ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် အရေအတွက်ထက်တော့ များနေတာပေါ့နော်။ အဲဒီတော့ ဒီနေရာမှာ နိုင်ငံရေးအကျဉ်းသား ဆိုပြီးတော့ အရေအတွက်သတ်မှတ်ချက်မှာ နည်းနည်းလေး အငြင်းပွားဖွယ်ရှိနေတာတွေ မဖြစ်ဘူးလားခင်ဗျ။ အထူးသဖြင့်ပေါ့နော်၊ မြန်မာနိုင်ငံအစိုးရက ဆိုလို့ရှိရင် ထောင်သွင်းအကျဉ်းချထားတဲ့ လူတွေကို တစုံတခု ရာဇဝတ်မှုတွေနဲ့ပဲ လက်ညှိုးထိုးပြီးတော့ အကျဉ်းချထားတယ်ဆိုတော့ အဲဒီလူတွေထဲက ဘယ်လို လူမျိုးတွေ ကို နိုင်ငံရေးအကျဉ်းသားအနေနဲ့ သတ်မှတ်သလဲခင်ဗျ။

ဦးတိတ်နိုင် ။ ။ အဲဒါကလည်း အရင်ကတည်းက အဲသလို ဖြစ်ခဲ့တာပါ။ သို့ပေမဲ့ ကျနော်တို့ကလည်း ကျနော် တို့ရဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီအောင်၊ နိုင်ငံတကာရဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီအောင် ကျနော်တို့ ပြန်ပြီးတော့ သုံးသပ်ပြီးလုပ်ရပါတယ်။ ဆိုတော့…အဲဒီအပေါ်မှာပဲ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားဆိုတာ ဘာလဲ-ဆိုတဲ့ ဘယ်သူတွေကို ခေါ်တာလဲဆိုတဲ့ကိစ္စမျိုး သတ်မှတ်ရတဲ့ ကိစ္စမျိုးတွေ ရှိပါတယ်။ ဥပမာ - နံပတ် ၁ အချက် အရ ကျနော်တို့ ပုဒ်မတွေအရ သတ်မှတ်ရတာရှိပါတယ်။ (၅/ည) တို့၊ (၁၇/၁) တို့၊ (၁၇/၂၀) တို့၊ 122 တို့ 1221-1224 အပြင် ပုဒ်မ ၁၅၄ အထိပေါ့လေ၊ ဆိုတော့ အဲဒါတွေ အကုန်လုံးက နိုင်ငံရေးလှုပ်ရှားမှုနဲ့ သက်ဆိုင်တဲ့ ပြစ်မှုတွေဖြစ်တယ်ဆိုတော့ အဓိက ကျနော်တို့သတ်မှတ်တာက နိုင်ငံရေးလုပ်ဆောင်နေရင်းနဲ့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ကိစ္စတွေ လှုပ်ရှားဆောင်ရွက်ရင်းနဲ့ အဖမ်းဆီးခံရတဲ့သူတွေကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကဆိုလို့ရှိရင် အန်အယ်လ်ဒီက အမတ်မင်းများကို အရင် ၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရရှိ ထားတဲ့ အမတ်မင်းများကို သူတို့က ဆိုင်ကယ်လ်တိုက်မှုတွေ၊ ကားတိုက်မှုတွေ၊ ဘိန်းပစ်တဲ့ကိစ္စတွေ၊ ဘိန်းကို အိမ်ထဲပစ်ပြီးတော့ ဖမ်းတဲ့ကိစ္စတွေ၊ နောက်တခါ ဦးကျော်မင်းတို့ဆိုလို့ရှိရင် သူတို့ ရွေးကောက်ပွဲမှာ ဘာမှ မပြောဘဲနဲ့ အခုကျမှ သူက နိုင်ငံသားမဟုတ်ဘူးလို့ ပြောတဲ့ကိစ္စတွေ၊ အဲလိုမျိုး မတရား စွပ်စွဲချက်မျိုးတွေနဲ့ ပုဒ်မတွေကလည်း ကျနော်တို့ အခုနက ပြောခဲ့သလို (၅/ည) တို့၊ (၁၇/၁) တို့၊ (1221) တို့ - ဒီထဲမှာ မပါဘဲနဲ့ တခြားပုဒ်မတွေနဲ့ ကျခံပေမဲ့လည်း ကျနော်တို့က ဒီနိုင်ငံရေး လှုပ်ရှားနေတဲ့သူတွေကို သူတို့ကို တမင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖမ်းဆီးထိန်းသိမ်းတယ်ဆိုတဲ့ ကိစ္စတွေကိုလည်း ကျနော်တို့က နိုင်ငံရေးအကျဉ်းသားလို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ အဲဒီတော့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကိုတိတ်နိုင်တို့ အဖွဲ့အစည်းတွေ၊ ပြင်ပ အဖွဲ့အစည်းတွေက နေပြီး တော့ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ထားတဲ့သူတွေ ပြန်လွတ်လာတဲ့ သူတွေကရော ဘယ်နှစ်ယောက်လောက်ရှိလဲ ခင်ဗျ။

ဦးတိတ်နိုင် ။ ။ ၂၀၁၀ အတွင်းမှာ ၆၁ ယောက်လွတ်ပါတယ်။ ဥပမာ - ဒီဇင်ဘာလမှာဆိုလို့ရှိရင် တရက်ထဲနဲ့ ၁၇ ယောက် လွတ်ခဲ့တာရှိပါတယ်။ အဲဒါကလည်း တရက်ထဲ ဘာလို့ ၁၇ ယောက်လွှတ်ရလဲဆိုတဲ့ ကိစ္စတွေ ကျနော်တို့ဆီမှာ အများကြီး ပြောစရာရှိပါတယ်။ တရက်ထဲကို ၁၇ ယောက်လွှတ်တယ်။ ၁၄ ယောက်က ၁၀ နှစ်နဲ့ ၆ လ ထောင်ကျထားတဲ့ သူတွေဖြစ်တယ်။ အဲဒီလူတွေက အဲဒီနေ့မှာ ထောင်လွတ်ရက်စေ့နေပြီ။ ကျန်တဲ့ သူတွေကကောဆိုတဲ့ အခါကျတော့ ဥပမာ- ကိုခိုင်ဝင်းအောင်တို့ ဆိုလို့ရှိရင် ၇ နှစ်ကြာတယ်။ သူတို့လွတ်တဲ့ အချိန်မှာ သူတို့ ၇ နှစ်နဲ့ ၃ လ နေခဲ့ရတာဖြစ် တယ်။ ဆိုလိုချင်တာက လွတ်လာတဲ့သူတွေက ဘယ်လို လူမျိုးတွေလဲ ဆိုတဲ့အခါကျတော့ လွတ်ရက်စေ့လို့ လွတ်လာ တာ။ မတရားသဖြင့် ဖမ်းဆီးထောင်ချထားတဲ့ ရက်တွေ၊ နှစ်တွေစေ့ပြီးတော့ လွတ်လာတဲ့လူတွေဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဥပမာ ပြင်ပ ကုလသမဂ္ဂအပါအဝင်ပေါ့နော်၊ အားလုံးက တောင်းဆိုနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးပါဆိုတဲ့ တောင်းဆိုချက်နဲ့ မသက်ဆိုင်ဘူးပေါ့။ ဒီလိုလွတ်မြောက်မှုတွေက ဘာကြောင့်လဲ ဆိုတော့ သူတို့က လွတ်ရက် စေ့လို့ လွတ်နေတာဖြစ် တယ် ဆိုတဲ့သဘောကို ပြောချင်တာလား။

ဦးတိတ်နိုင ်။ ။ ဟုတ်ကဲ့။ အဲဒီလိုပဲ မီးမောင်းထိုးပြချင်တာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ လွှတ်ပေးရေးဆိုတာကို အဓိက တောင်းဆိုချက်အနေနဲ့ပေါ့နော်။ ကုလသမဂ္ဂကရော အမေရိကန်ပြည်ထောင်စု အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးကို ဖိအားပေးတောင်းဆိုနေတဲ့ နိုင်ငံတွေအားလုံးကနေပြီးတော့ တစိုက်မတ်မတ် ထောက်ပြ နေကြပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီးတဲ့ နောက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတာကို တောင်းဆိုခဲ့ပါတယ်။ နောက်ဆုံး ကျနော်နဲ့ အင်တာဗျူးတခုမှာတောင်မှပဲ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုထောက်ပြထားသလဲဆိုတော့ မြန်မာနိုင်ငံစစ်အစိုးရနဲ့ နောက်ပိုင်းမှာ အခု လက်တွေ့ကျကျ ဆက်ဆံရေး မူဝါဒကျင့်သုံးမယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့တောင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတဲ့ တောင်းဆိုချက်ကို တောင်းဆိုချက်တခုတင်မကဘဲနဲ့ အချိန်အပိုင်းအခြားနဲ့ သတ်မှတ်ပြီးတော့ တောင်းဆိုသင့်တယ်ဆိုပြီးတော့ ထည့်သွင်းဖော်ပြထားတာကို ကျနော်တို့ ကြားခဲ့ရပါတယ်။

အချိန်သတ်မှတ်မှုမရှိဘဲနဲ့ဆိုရင် ဘယ်အချိန်မှလွှတ်ပေးမလဲ၊ နောက်ကျသွားမယ့် ကိစ္စမျိုးတွေ ရှိလာနိုင်တယ် လို့လည်း ထောက်ပြသွားတာ ကြားရတယ်လေ။ အဲဒါတွေနဲ့ပတ်သက်လို့ရော ကိုတိတ်နိုင်တို့အနေနဲ့ ဘာတွေများ ဖြည့်စွက်ပြောချင်လဲ။

ဦးတိတ်နိုင် ။ ။ ကျနော်တို့လည်း တစိုက်မတ်မတ် ပြောနေတဲ့ကိစ္စတွေ ရှိပါတယ်။ ------ ကျနော်တို့ မြန်မာနိုင်ငံအတွက်ပေါ့လေ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးက ပထမဦးဆုံးပြဿနာလို ဖြစ်နေတယ်။ ဖြေရှင်းရမယ့် ပြဿနာလို့ ထင်ပါတယ်။ ဒီ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အကောင်အထည် ဖော်ဖို့ဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမယ်၊ လွှတ်ပေးရုံတင်မကဘူး။ သူတို့က ဒီမိုကရေစီ တိုးတက်ဖြစ်ပေါ်ရေး ဖြစ်စဉ်တွေမှာ ပါဝင်နိုင်ရမယ်ဆိုတဲ့ကိစ္စက တကယ့်ကို အခြေခံကိစ္စတခုလို့မြင်တယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းက ဒီလိုမှ မသွားဘူးဆိုလို့ရှိရင် ကျနော်တို့က ရှေ့ဆက် မယ့် မြန်မာနိုင်ငံရဲ့အနာဂတ်အတွက် ဝမ်းနည်းစရာတွေ အများကြီးနဲ့ ကြုံလာရမှာဖြစ်ပါတယ်။ အဲဒါကြောင့် မို့လည်း ဒေါ်အောင်ဆန်းစုကြည်က အမြော်အမြင်ကြီးစွာနဲ့ ဒီကိစ္စလေးကို ထပ်ခါတလဲလဲ ပြောနေတယ်လို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မကြာခင်မှာ အခု လာမယ့် ၃၁ ရက်နေ့မှာပေါ့နော်၊ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး လွှတ်တော်ခေါ်ယူကျင်းပမှုတွေ လုပ်မယ်ပေါ့နော်၊ အဲဒါပြီးလို့ရှိရင် အစိုးရသစ် ဖွဲ့စည်းတာတွေ ဘာတွေလဲ ရှိလာပါလိမ့်မယ်။ အဲဒီအခါကျလို့ရှိရင် နိုင်ငံတကာထုံးစံ၊ မြင်ခဲ့ရတဲ့ အတွေ့အကြုံတွေ အရ ဆိုလို့ရှိရင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတတ်တာမျိုးတွေရှိပါတယ်။ အကျဉ်းသားတွေ တော်တော် များများ လွှတ်ပေးတာမျိုးတွေလည်း ရှိတတ်ပါလိမ့်မယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ရော မျှော်လင့်ချက် ဘယ်လိုထားသလဲခင်ဗျ။

ဦးတိတ်နိုင် ။ ။ ကျနော့်အမြင်ကတော့ ဖြစ်နိုင်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာကိုက ကောလဟလ လိုလို၊ Propaganda လိုလို၊ Campaign လိုလို နအဖ ဘက်က ထွက်လာတဲ့ကိစ္စမျိုးတွေ ရှိပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမယ်ဆိုတဲ့ ကိစ္စမျိုးတွေ ပေါ်ထွက် လာ တယ်။ ပေါ်ထွက်လာတဲ့အခါကျတော့ ကျနော်တို့အနေနဲ့ အများကြီး စဉ်းစားရပါတယ်။ အများကြီးလည်း လက်တွေ့အခြေအနေနဲ့ ချိန်ကြည့်ခဲ့ရပါတယ်။ အဲဒီကာလမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက် လာမယ်ဆိုလို့ရှိရင်လည်း အဲဒီကာလမှာဆိုရင် တကယ့်ကို Limited ပေါ့။ အရင်တုန်းက လုပ်သလိုပဲ ၊ ဒီအကျဉ်းသား တစ်သောင်းလောက် လွတ်တဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားက ၁.၅% လောက်ပဲပါတယ်။ ပွိုင့် ဖိုက် (ဝ.၅) လောက်ပဲပါတယ်၊ ဝမ်းလောက်ပဲပါတယ်ဆိုတဲ့ ရာခိုင်နှုန်းမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ကျနော်တို့က ကြိုတင်ယူဆပြီးတော့ ထုတ်ပြန်ကြေညာချက်တွေလည်း ကျနော်တို့လုပ်ခဲ့ပါတယ်။

အခုလည်း ပြည်သူ့လွှတ်တော်တွေခေါ်မယ်၊ ပါလီမန်တွေခေါ်မယ်ဆိုလို့ရှိရင်လည်း ဖြစ်လာနိုင်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်တွေ၊ ဘာတွေ ပေါ်လာနိုင်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ သူတို့ သုံးတဲ့စကား ကတော့ လွတ်ငြိမ်းချမ်းသာမဟုတ်ဘဲနဲ့ လွတ်ငြိမ်းသက်သာပေါ့ဗျာ။ လွတ်ငြိမ်းသက်သာခွင့်ဆိုတဲ့ အခါ ကျတော့ အလုံးစုံပြည့်စုံတဲ့ ကိစ္စမဟုတ်ဘူး၊ သူတို့လွှတ်ချင်တဲ့သူကို လွှတ်တယ်ဆိုတဲ့ ကိစ္စမျိုးတွေ၊ ခံဝန်ချက် အရ လွှတ်မယ်၊ စကားပြော ဆွေးနွေးချက်အရ လွှတ်မယ်ဆိုတဲ့ကိစ္စမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒါမျိုးကလည်း တကယ့်ကို အကန့်အသတ်ကြီးစွာနဲ့ အကန့်အသတ်ကြီးစွာနဲ့ လွှတ်ပေးနိုင်တယ်၊ အကန့်အသတ်ကြီးစွာနဲ့ ခေါ်နိုင်တယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ လောလောဆယ်အားဖြင့်ရော မြန်မာနိုင်ငံရဲ့ ထောင်တွေထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက အခု လူဦးရေ နှစ်ထောင်ကျော်ထဲကပေါ့နော်။ ကျန်းမာရေးအခြေအနေအရ ဆိုးဝါးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွှတ်သင့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လို လူတွေများရှိနေသေးလဲ။

ဦးတိတ်နိုင်။ ။ ဒီနှစ်ထုတ်တဲ့ အစီရင်ခံစာထဲမှာတော့ ကျန်းမာရေး မကောင်းတဲ့လူတွေ၊ ကျန်းမာရေး ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ ၁၄၂ ယောက် ရှိပါတယ်လို့ ထုတ်ပြန်ထားတယ်။ အဲဒီ ၁၄၂ ယောက်ရဲ့ အခြေအနေ တွေ၊ ရောဂါအခြေအနေတွေ၊ ဘာရောဂါတွေ ဖြစ်နေသလဲ၊ ဘယ်လို ခံစားနေရတယ်ဆိုတာတော့ ကျနော်တို့ AAPP ရဲ့ အင်တာနက်စာမျက်နှာ မှာ ရယူနိုင်ပါတယ်။ အဓိက က ၂၀၀၇ နောက်ပိုင်းကစပြီးတော့ ထောင်တွေကို မိသားစုနဲ့ ဝေးတဲ့ထောင်တွေကို ရွှေ့ခဲ့တယ်။ သူတို့ အခုလက်ရှိ သုံးနေတဲ့ ခေတ်မမီတော့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေတွေမှာ ပြဌာန်းထားတာက အကျဉ်းသားတယောက်ကို မိသားစုနဲ့ အနီးဆုံး ထောင်မှာ ချရမယ်လို့ ပြဋ္ဌာန်းထားတာပါတယ်။ သို့သော် ထောင်ပြောင်းရွှေ့တာက အကြီးအကျယ်ဖြစ်ခဲ့တယ်။ ဒီနှစ် ၂၀၁၀ အတွင်းမှာဆိုရင် ၅၂ ဦးကို ထောင်ပြောင်းရွှေ့ခဲ့တယ်။ ထောင်ပြောင်းရွှေ့ခဲ့တဲ့နေရာမှာလည်း မကျန်းမာ အသဲအသန်ဖြစ်နေတဲ့လူတွေ၊ တပတ်တခါ သွေးသွင်းနေရတဲ့လူတွေပါတယ်။ ဒီတော့ တနှစ်ခွဲ လောက် ထောင်ကျနေတဲ့ အမျိုးသမီးတွေပါတယ်။ တကယ့်ကို အကျဉ်းသားအခွင့်အရေးအတွက် တောင်းဆိုတဲ့ ပြစ်ဒဏ်အနေနဲ့ နယ်တွေကိုပြောင်းတဲ့ကိစ္စမျိုးတွေပါတယ်။ အဲဒါတွေက တော်တော်ဆိုးဝါးတဲ့ အခြေအနေတွေလို့ ပြောလို့ရတယ်။ အခု ကျန်းမာရေးဆိုးဝါးနေတဲ့ လူတွေ ၁၄၂ ယောက်ထဲမှာ အများစုက မိသားစုနဲ့ ဝေးနေတဲ့ထောင်တွေမှာ နယ်စွန်းနယ်ဖျားမှာရှိတဲ့ ထောင်တွေမှာရှိနေတဲ့ အများစုဖြစ်တယ်။ ဒီလူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကလည်း အမှန်တကယ် နည်းလွန်အားကြီးလို့ ဒီလူတွေရဲ့ ကျန်းမာရေး အသက်အန္တရာယ် စိုးရိမ်ရတယ်ဆိုတယ်လို့ ပြောချင်တယ်။ ဒီနှစ်ထဲမှာ နှစ်ဦး အကျဉ်းထောင်ထဲမှာ ဆုံးသွားတယ်။ မြင်းခြံထောင်မှ တယောက်၊ မော်လမြိုင်ထောင်မှာ ဦးပဇင်းတပါး ဆုံးသွားခဲ့တယ်။ မော်လမြိုင်ထောင်က ဦးရေဝတ ဆိုလို့ရှိရင် ယားနာပေါက်တာ။ ယားနာပေါက်ရင်က ကျန်းမာရေးစောင့်ရှောက်မှု မရ၊ ဘယ်လိုမှ ကုလို့မရ၊ ဆေးဝါးကုသမှု မရှိတဲ့အတွက် သူက တကိုယ်လုံး ယားနာပေါက်လာတယ်။ နောက်ဆုံး ခံတွင်းထဲမှာ ပါးစပ်ထဲမှာ ယားနာပေါက်လာ၊ အဖုအပိမ့်တွေ ပေါက် လာပြီး အဲဒီရောဂါနဲ့ ပျံတော်မူသွားတဲ့ကိစ္စမျိုး ဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ နောက်တချက် ကျနော် မေးချင်တဲ့ကိစ္စက ဘာလဲဆိုတော့ အထူးသဖြင့် နိုင်ငံရေးအမှုတွေနဲ့ ဖမ်းထားတဲ့လူတွေကို ထောင်ထဲမှာ သာမန်ရာဇဝတ်သားတွေနဲ့ ရောနှောပြီးထားတာလား၊ တခြား သီးသန့်ထားရှိမှုတွေ လုပ်သလား။ အဲဒီလို နေရာမျိုးမှာ တကယ်လို့များ နိုင်ငံရေးအမှုနဲ့ အစိုးရအနေနဲ့ ဖမ်းမယ်ဆိုရင်ကော နိုင်ငံရေးအကျဉ်းသားတွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးဆိုတာ ဘာတွေရှိသင့်သလဲဆိုတာကို တချက် ပြောပြပေးပါ။

ဦးတိတ်နိုင် ။ ။ အရင်တုန်းကတော့ A Class, B Class, C Class တွေ ရှိတာပေါ့။ ဒါက ဗြိတိသျှ အစိုးရ ခေတ်ကပေါ့။ နောက်ပိုင်း ဦးနေဝင်း အစိုးရတက်လာပြီးနောက်ပိုင်းမှာတော့ ဒါတွေက မရှိသလို။ အကျဉ်းသားက အကျဉ်းသားဖြစ်တယ်ဆိုတဲ့ အခြေအနေကစပြီး အကုန်လုံးက တန်တူဖြစ်သွားခဲ့တယ်။ ဒီကနေ့ နအဖလက်ထက်မှာတော့ ကျနော်တို့ သီးသန့်အကျဉ်းသားလို့ ခေါ်တယ်။ သူတို့က နိုင်ငံရေး အကျဉ်းသားလို့ မခေါ်ချင်ဘူး။ သို့ပေမဲ့ ထောင်ဝင်စာ လာတွေ့တဲ့အခါမှာ ကျနော်တို့က သီးသန့်တွေ့ရတယ်။ သာမန်အကျဉ်းသားတွေလို တွေ့ရတာ မဟုတ်ဘူး။ ထားတဲ့အခါကြတော့လည်း သီးသန့်ထားတယ်။ သို့ပေမဲ့ အင်စိန်ထောင်မှာဆိုရင် လူသိပ်များလာတဲ့အခါမှာ အဆောင်တွေမှာ ရိုးရိုးအကျဉ်းသားတွေနဲ့ အတူထားခဲ့တဲ့ ကိစ္စမျိုးတွေရှိတယ်။ သို့ပေမဲ့ နယ်ထောင်တွေမှာ တချို့ကိစ္စတွေကြတော့ တမင်ကို ြ့ပဿနာဖြစ်အောင်လို့ ရာဇဝတ်သား၊ လူမိုက်တွေနဲ့ အတူထားခဲ့တဲ့ကိစ္စမျိုးတွေ ရှိတယ်။ ဆိုလိုတာက သူတို့ တကယ်ပြဿနာ ရှာချင်တဲ့ အခြေအနေမျိုးတွေမှာဆိုရင်တော့ ရာဇဝတ်သားတွေနဲ့ အတူ ရည်ရွယ်ချက်ရှိရှိနဲ့ ထားခဲ့တဲ့ ကိစ္စ မျိုးတွေလည်း ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီမိုကရေစီစံနစ်တရပ်မှာတော့ နိုင်ငံရေးအကျဉ်းသားဆိုတာ ရှိကိုမရှိသင့်တဲ့ ကိစ္စပေါ့။

ဦးတိတ်နိုင် ။ ။ ဟုတ်ပါတယ်။ မစ္စတာ Pinheiro ပြောခဲ့တာက နိုင်ငံတခုမှာ နိုင်ငံရေးအကျဉ်းသား ရှိနေတယ် ဆိုတာကိုက ဒီနိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီနိုင်ငံရဲ့ ဒီမိုကရေစီအရေး ဒီမိုကရေစီ အခွင့်အရေးတွေ ဘယ်လောက် ဆိတ်သုဉ်းနေတယ်ဆိုတာကို ညွှန်းပြနေတာပါလို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG