သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေ ဌာနမှူး မြန်မာပြည်ခရီး အတွေ့အကြုံ


ဗွီအိုအေ ဌာနမှူး မြန်မာပြည်ခရီး အတွေ့အကြုံ
ဗွီအိုအေ ဌာနမှူး မြန်မာပြည်ခရီး အတွေ့အကြုံ

မြန်မာပြည်မှ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း ကို ဦးကျော်ဇံသာ က လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ မြန်မာပြည်အခြေအနေ၊ သူမြင်တွေ့ခဲ့ရတဲ့ အခြေအနေများကို မေးမြန်းဆွေးနွေး တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမ ဦးဆုံးမေးချင်တာကတော့ မြန်မာနိုင်ငံက ထွက်လာတာ နှစ်ပေါင်း (၂၀) လောက်ကြာပြီးမှ ပထမဦးဆုံး ပြန်ရောက်ခဲ့တယ်။ အခုတော့ နှစ်ကြိမ်ရှိသွားပြီ။ တိုင်းပြည်ရဲ့ အပြောင်းအလဲကို နည်းနည်းပြောပြပါလား။ ဘယ်လောက်အထိ ပြောင်းလဲသွားလဲ … ဟိုတုန်းကထက်။

ဦးသန်းလွင်ထွန်း ။ ။ ပထမ တခေါက်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ လဆန်းပိုင်းလောက်က သွားပါတယ်။ သွားတာကတော့ ရန်ကုန် နဲ့ နေပြည်တော် ကို ရောက်ခဲ့ပါတယ်။ ဒုတိယတခေါက်ကတော့ ဇန်နဝါရီလ လကုန်ပိုင်းကနေ ဖေဖေါ်ဝါရီလ ၉ ရက်နေ့အထိ နေခဲ့ပါတယ်။ အဲဒီတော့ ဒီ နှစ်ခေါက်မှာ ယှဉ်ပြီးပြောရရင်တော့ ပထမတခေါက်မှာတုန်းက မရောက်တာ ကြာတဲ့အတွက် နှစ်ပေါင်း ၂၃ နှစ်အတွင်း ပထမဦးဆုံး ရောက်သွားတာဆိုတော့ အမြင်တော့ နည်းနည်းဆန်းပါတယ်။ ဗမာပြည်မှာ တွေ့ရတဲ့မြင်ကွင်းတွေက အကုန်ပြောင်းလဲသွားပြီးတော့ စိတ်ထဲမှာ တော်တော်လေး၊ မျက်စိထဲမှာ ရှုပ်ရှုပ်ထွေးထွေး ဖြစ်ပါတယ်။ ဗမာပြည်မှာရှိနေတဲ့ မြင်ကွင်းဆိုတဲ့ နေရာမှာ တိုက်တွေတာတွေ အများကြီးဖြစ်နေတယ်ဆိုပေမယ့် အဲဒီ တိုက်တွေတာတွေက သစ်သစ်လွင်လွင် မရှိဘဲနဲ့ ရှုပ်ပွညစ်ပတ်နေတဲ့ အခြေအနေမျိုးကို မြင်ရတယ်ဆိုတော့ စိတ်ထဲမှာတော့ တမျိုးတော့ တမျိုးပေါ့။ နည်းနည်း သိပ်ရှုပ်နေသလို ခံစားရပါတယ်။ ဒုတိယတခေါက်ကြတော့ နည်းနည်းလေး မျက်စိယဉ်သွားသလား မသိဘူး သိပ်ပြီးတော့ ရှုပ်သလို မခံစားရသလို။ တဖတ်က ပြန်ကြည့်ရင် လက်တွေ့အားဖြင့် တလတာ ကာလအတွင်းမှာ ရန်ကုန်မြို့မှာ ပြင်ဆင်ပြောင်းလဲမှုလေး နည်းနည်းရှိလာတာကို ကျနော် တွေ့ရတယ်။

ဦးကျော်ဇံသာ ။ ။ လူတွေရဲ့ နေထိုင်မှုကရော ပိုပြီးပျော်ရွှင်လာတယ် ထင်ပါသလား။ ဟိုတုန်းက နှစ် ၂၀ ကျော်နဲ့ ပထမအကြိမ် သွားခဲ့တဲ့အခေါက်။ ပထမအကြိမ် သွားတဲ့တကြိမ်နဲ့ ဒုတိယတကြိမ်အခေါက်တွေမှာ လူတွေက လွတ်လပ်ပျော်ရွှင်လာတယ်လို့ မြင်မိပါသလား။

ဦးသန်းလွင်ထွန်း ။ ။ ရန်ကုန်မြို့ကြီး ပိုပြီး စည်းကားလာတာတော့ အမှန်ပဲ။ နောက် သေသေချာချာ သတိပြုမိတဲ့အချက်ကတော့ ဆင်းရဲချမ်းသာ အတော်ကွာခြားနေတယ်ဆိုတာတော့ မြင်ရတယ်။ ဥပမာအားဖြင့် ညဖက်တွေ၊ ညနေပိုင်းတွေမှာ စားသောက်ဆိုင်တွေမှာ လူတွေကြိတ်ကြိတ်တိုး စားနေတာ။ အစားအသောက်ဈေးနှုန်း ဒီဆိုင်ကြီးတွေမှာဆိုရင် အတော်လေးကို ကြီးပါတယ်။ တဖတ်မှာ ကြည့်ပြန်ရင်လည်း လက်လုပ်လက်စား အသိုင်းအဝိုင်းနဲ့ တော်တော်လေးကို ခက်ခက်ခဲခဲ တိုးကြိတ်ရှာဖွေနေရတဲ့ အများစုကိုလည်း မြင်ရတယ်ဆိုတော့ သေချာတာကတော့ ဗမာပြည်မှာ ချမ်းသာတဲ့လူတွေ ချမ်းသာပြီး၊ ဆင်းရဲတဲ့လူ တော်တော်များများ ဆင်းရဲနေကြတာတော့ အမှန်ပါ။ အသိထဲကတယောက်က ဘာများပြောသလဲဆိုရင် ဒီတယောက်က တော်တော်လေး ချမ်းသာနေတော့ သူ နိုင်ငံခြားတွေ ခရီးထွက်တယ်။ ခရီးထွက်တဲ့အခါမှာ သူတို့အနေအထားအရတော့ တော်တော်လေး သုံးနိုင်ဖြုန်းနိုင်ရှိတော့ နိုင်ငံခြားနဲ့ အိမ်နီးချင်းနိုင်ငံက လူတွေကမေးတယ် ခင်များတို့ ဗမာနိုင်ငံကလူတွေ ဆင်းရဲတယ် ကြားပါတယ်လို့ ပြောတော့ - သူက ဟုတ်တယ် ငါတို့က တိုင်းပြည်က ဆင်းရဲတယ်၊ လူက ချမ်းသာတယ်လို့ ပြောခဲ့တယ်လို့ ပြန်ပြောတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါ သူက ချမ်းသာတဲ့ လူဆိုတော့ ပြောတာပေါ့။ ဆိုတော့ အခုလို ပြုပြင်ပြောင်းလဲရေး လုပ်နေပြီ၊ ပွင့်လင်းလာပြီဆိုပြီး နိုင်ငံတကာကလည်း လက်ခုပ်တီးနေကြတာ အများကြီးပါ။ အဲဒီ လမ်းကြောင်းအတိုင်း သွားမယ်ဆိုရင် ဆင်းရဲချမ်းသာ ကွာဟမှုက ပိုပြီးတော့ အလှမ်းဝေးသွားမလား။ ချမ်းသာတဲ့လူတွေသာ ချမ်းသာလာပြီးတော့ ဆင်းရဲတဲ့လူတွေ ကျန်ရစ်ခဲ့မယ့် အနေအထားမျိုး ရှိပါသလား။ အခု ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ အခြေအနေ ကြားလာရတော့။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်ကတော့ စီးပွားရေးပညာရှင် မဟုတ်တော့ ဒီ မေးခွန်းကို ဖြေဖို့တော့ အတော်ခက်တယ်။ ဒါပေမဲ့လည်း သာမန်ရိုးရိုး journalist တယောက်နဲ့ ကြည့်ရမယ်ဆိုရင်တော့ ဗမာပြည်ထဲမှာဖြစ်နေတဲ့ ဆင်းရဲချမ်းသာအပြင် လုပ်ပိုင်ခွင့် အနေအထားပေါ့။ အဲဒါက လူတဦးနဲ့တဦး၊ အသိုင်းအဝိုင်းတခုနဲ့တခု တော်တော်လေးမတူ ကွဲပြားတာကို တွေ့ရတယ်။ အဲဒီတော့ တကယ်လိုများ အခု ပွင့်လင်းမှုတွေ ဖြစ်လာပြီး၊ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ ရပ်သွားတယ်။ နိုင်ငံတကာက ရင်းနှီးမြုပ်နှံမှုတွေ ပိုဝင်လာတယ်ဆိုလိုရှိရင် ဒါတွေအတွက် အကျိုးခံစားခွင့်က ဘယ်သူတွေဆီမှာ ပိုရှိမလဲဆိုတာကို ကျနော်တို့ မေးစရာ ရှိလာပါလိမ့်မယ်။ အထူးသဖြင့် ချမ်းသာတဲ့လူတွေ လုပ်ပိုင်ခွင့် ရှိနေတဲ့ လူတွေအနေနဲ့ လုပ်ပိုင်ခွင့်တွေကို ပိုရသွားမလားဆိုတဲ့ - အဲဒီအခါကြရင် ဆင်းရဲချမ်းသာက ပိုပြီး ကွာခြားလာမလား။ အင်္ဂလိပ်လို ပြောလို့ရှိရင် trickle-down effect ခေါ်တဲ့ ချမ်းသာတဲ့လူတွေရှိက စည်းစိမ်ဥစ္စာတွေက အောက်ဖက်ကို တဖြည်းဖြည်း ရွေလျှော့ပြီးတော့ ဆင်းရဲချမ်းသာမှုကို ညှိပေးလာမယ့် အလားအလာ ဘယ်လောက်ကြာမှ ရောက်မလဲဆိုတာတော့ ကျနော်လည်း မခန့်မှန်းတတ်ဘူး။

ဦးကျော်ဇံသာ ။ ။ ဟိုတုန်းက မြန်မာနိုင်ငံဆိုရင် သူတို့နဲ့ နီးကပ်တဲ့လူတွေ cronies တွေမှ ကြီးပွါးနိုင်မယ့် အခြေအနေရှိတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ စွမ်းအင်အတိုင်း ကြိုးစားနိုင်တယ့်၊ တိုးတက်နိုင်တယ့် အခြေအနေမျိုး၊ ဥပဒေမျိုး လွတ်လပ်တဲ့အဖွဲ့အစည်း အတော်များများမှာ ဖန်တီးထားတာ တွေ့ရတယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အလားအလာကို ဘယ်လို မြင်ခဲ့ပါသလဲ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်လို့ တစုံတရာ ဥပဒေထုတ်တယ်၊ ညွှန်းကြားချက် စည်းကမ်းတွေ ထုတ်တယ်ဆိုတာတော့ ကျနော်လည်း မကြားမိသေးပါဘူး။ သေချာတာ တခုကတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း သြဇာအာဏာ ရှိသူတွေနဲ့ နီးစပ်တဲ့လူတွေ အသိုင်းအဝိုင်းတွေက ပြည်တွင်းမှာ လုပ်ကိုင်နိုင်မယ့် ခွင် (ဂွင်) မှန်သမျှကို အကုန်သိမ်းကျုံးပြီးတော့ ထိန်းချုပ်ထားပြီးသာ ဖြစ်နေတယ်ဆိုတာတော့ အသေအချာကို မြင်ရတယ်။ အလုပ်တွေ မပြောနဲ့ ကျနော်တို့ ရန်ကုန်ကထွက်ပြီး နယ်ဖက်ကို ကြည့်လိုက်ရင် ရှိရှိသမျှ မြေယာမှန်သမျှကို လက်ညိုးထိုးလိုက် ဘယ်သူပိုင်တဲ့ မြေဆိုတာကို မေးစရာမလိုပါဘူး။

ဦးကျော်ဇံသာ ။ ။ အဓိကလည်း အဲဒါပါပဲ။ လူတွေက ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်။ ဒီမိုကရေစီ ရလာမယ်ဆိုတာ နံမည်တာ ရပြီးတော့ တကယ့် တန်တူပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဆိုတာ လူတိုင်းဟာ တိုးတက်ပိုင်ခွင့်၊ တန်တူ အခွင့်အလမ်းတွေ ရှိမှသာ ဖြစ်မယ်။ အခုဆိုရင် အဲဒီ အလားအလာ မတွေ့ရသေးဘူးဆိုတဲ့ သဘောပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ ဒီလိုပဲ ပြောရမှာပါ။ ဒါပေမဲ့လည်း ကျနော်အနေနဲ့ သိပ်ပြီးတော့ အဆိုးမြင်ကြီးသဘောမျိုးတော့ မဖြစ်ချင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အခုလည်း ဒီကိစ္စကို ပြုပြင်ဖို့ လမ်းရှာတဲ့ လူတွေက လမ်းရှာနေကြပြီ၊ စဉ်းစားနေကြပြီဆိုတော့။ အထူးသဖြင့် ဗမာပြည်မှာ အာဂတိလိုက်စားမှု ပပျောက်ရေး၊ နောက်ပြီး ဆင်းရဲချမ်းသာ ကွာခြားမှု နည်းပါးလာစေရေး။ အဲဒါအပြင်ကို ချမ်းသာကြွယ်ဝမှုတွေကို ပြန်ပြီးမျှလာစေရေး income redistribution ဆိုတဲ့ ကြွယ်ဝမှုတွေအားလုံး မျှမျှတတ ဖြစ်လာစေရေး ဒါမျိုးတွေကို ကြံစည်းနေသူတွေ ရှိနေတယ်။ စဉ်းစားနေတယ့် လူတွေ ရှိနေပြီဆိုတော့ အချိန်တော့ နည်းနည်းယူရမယ်။ ဒါပေမယ့် ဖြစ်လာစရာတွေတော့ ရှိပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် အချိန်တိုတိုအတွင်းမှာ မေးချင်တဲ့ မေးခွန်း နှစ်ခု ကျန်နေပါသေးတယ်။ တခုက မီဒီယာအကြောင်းနဲ့ တခုက နိုင်ငံရေးကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့ မီဒီယာအကြောင်း အရင်နည်းနည်း မေးရင်ကောင်းမယ်။ အခု မီဒီယာ ပွင့်လင်းမယ်၊ မီဒီယာ ဥပဒေတွေလုပ်မယ်။ လွတ်လွတ်လပ်လပ် ရေးခွင့်ရလာမယ်။ နည်းနည်းပါးပါး ရေးခွင့်ရလာပြီလို့ အပြင်ကနေ ကျနော်တို့ ကြားရပါတယ်။ မီဒီယာသမားတယောက်အနေနဲ့ တိုင်းပြည်အတွင်းကို ထဲထဲဝင်ဝင် ရောက်ခဲ့တယ်။ မီဒီယာနဲ့ ပတ်သက်ပြီး တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ခဲ့တယ်။ စာတမ်းဖတ်တာ၊ ဆွေးနွေးတာတွေလည်း လုပ်ခဲ့တယ်ဆိုတော့ မီဒီယာ လွတ်လပ်မှုအလားအလာကို ဘယ်လိုထိတွေ့မိပါသလဲ။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်ကတော့ ကျနော်တို့လို ပြင်ပမှာရှိနေတဲ့ မီဒီယာအဖွဲ့အစည်းတွေ - ကျနော်တင်မကပါဘူး ဘီဘီစီ၊ အခုနောက်ပိုင်းဆိုရင် အာရ်ဖက်အေ၊ မဇ္ဈိမ၊ ဧရာဝတီ အစရှိတဲ့ ပြည်ပက မီဒီယာသမားတွေကို မြန်မာပြည်တွင်းကို ဝင်ခွင့်ပြုတယ်။ သက်ဆိုင်ရာတွေနဲ့ စကားပြောခွင့်ပြုတယ်ဆိုတော့ တနည်းအားဖြင့်တော့ လွတ်လပ်ခွင့် ဖြစ်လာသလို။ ဒါပေမဲ့ မီဒီယာ ပတ်သက်လို့ တကယ့် လုပ်ငန်းတွေကတော့ အကောင်အထည်တော့ ပေါ်မလာသေးပါဘူး။ ကျနော်တို့အနေနဲ့ ဘယ်လောက်အထိ လုပ်ပိုင်ခွင့်တွေ ရှိလာမယ်၊ ဘာတွေ လုပ်ရမလဲဆိုတာတွေ။ အထူးသဖြင့် ဗွီအိုအေ ကဆိုရင် အကြောင်းအရာတခုပေါ်လာလို့ သတင်းထောက်တယောက်ကို သွားပြီးတော့ သတင်းယူခွင့်ပေးပါ တောင်းဆိုလိုရှိရင် သတင်းယူခွင့်ပေးနေတဲ့ ဘီဘီစီ ကိုလည်း အခုယူခွင့်ပေးနေတယ်။ ဒါမျိုးလေးတွေကတော့ တိုးတက်တယ်လို့ ခေါ်ရမှာပေါ့။ နောက်ပြီးတော့ ပြည်တွင်းမီဒီယာနဲ့ ပတ်သက်ရင်လည်း ပြည်တွင်းဂျာနယ်တွေမှာ အတိုက်အခံတွေရဲ့ လှုပ်ရှားမှုတွေ၊ တချို့ အာဂတိလိုက်စားမှု၊ ခြစားမှုအကြောင်းလေးတွေကို ပွင့်ပွင့်လင်းလင်း ရေးလာတာ၊ တင်ပြလာတာကို တွေ့ရတယ်။ ဒါပေမဲ့ ဒါတွေကို ဆင်ဆာတည်ဖြတ်မှု မရှိဘူးလားဆိုတာတော့ မဟုတ်ဘူး။ ကျနော်လက်တွေ့ မြင်ခဲ့ရတာတွေ ရှိတယ်။ ဆင်ဆာဘုတ်အဖွဲ့အနေနဲ့ အရေးကြီးတဲ့ နိုင်ငံရေးကိစ္စ၊ ဒီလိုမျိုး သတင်းကိစ္စမျိုးဆိုရင် သူတို့အခေါ် တင်ထုတ်အဆင့်မှာပဲ ရှိသေးတယ်။ တင်ပြပြီးမှ ထုတ်ရတာ။ အဲဒီတော့ ဆင်ဆာဖြတ်တာတွေကတော့ နေစဉ်နဲ့အမျှ ရှိနေသေးတယ်။ ဂျာနယ်အယ်ဒီတာတချို့နဲ့ စကားပြောခဲ့တယ်။ သူတို့တင်ပြတဲ့ သတင်းတချို့ကို ဖြတ်တောက်ပယ်ချလိုက်တဲ့ဟာတွေကိုလည်း ကျနော်မျက်စိနဲ့ မြင်ခဲ့ရတာတွေလည်း ရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဒါက အချက်အလက်ပိုင်း ဖြစ်ရပ်ကို အမှန်အတိုင်း ရေးတဲ့အပိုင်းပဲ ရှိသေးတယ်။ နိုင်ငံရေး ပတ်သက်ပြီး ဝေဖန်သုံးသပ်တာ၊ သူတို့ရဲ့ လုပ်ရပ်ကို ကိုယ့်အမြင်နဲ့ နှိုင်းယှဉ်ပြီးတော့ ဝေဖန်တာ အဲဒါမျိုးကြာတော့ လွတ်လပ်မှုအတွက် ပိုပြီးတော့ ခက်ခဲမှာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ပိုခက်တာပေါ့။ သေချာပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ မြင်နေရတဲ့ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရတယ့် ရန်ကုန်မျိုးက ကိစ္စ။ အထူးသဖြင့် လွှတ်တော်အမတ်လည်း ဖြစ်တဲ့ မြန်မာပြည်မှာ သူဌေးကြီးတဦးဖြစ်တဲ့ ဦးခင်ရွှေ နဲ့ တောင်သူလယ်သမားတွေကိစ္စ။ အဲဒီကိစ္စမျိုးကို တင်ပြဖို့ ဂျာနယ်တခုက ရေးထားတာတွေကို ခွင့်မပြုဘူးဆိုတဲ့ဟာတွေ ကျနော် တွေ့ခဲ့ရတယ်။ ဆိုတော့ ကျနော့်စိတ်ထဲမှာ ကိုယ့်ဘာသာ မေးခွန်းလည်း မေးကြည့်တယ်။ ဒါတွေက တကယ် ဖြစ်နေတဲ့ကိစ္စ ဘာကြောင့်များ စီစစ်ဖြတ်တောက်စရာ လိုသလဲဆိုတာမျိုး။ စာပေစီစစ်ရေးက တာဝန်ရှိသူတွေနဲ့လည်း တွေ့ခဲ့ပါတယ်။ ဦးတင့်ဆွေနဲ့ တွေ့ခဲ့တဲ့အခါကြတော့လည်း ဒါတွေက တဖြည်းဖြည်းနဲ့ တင်ထုတ်စနစ်ဆိုတာလည်း ပျောက်ကွယ်သွားမှာပါ။ ဆင်ဆာအဖွဲ့ဆိုတာ နောက်ပိုင်းမှာ ရှိဖို့တောင် မလိုတော့ပါဘူး။ နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ media law တခု ပေါ်ပေါက်လာခဲ့ရင် ဒီလို ကန့်သတ်မှုတွေ မရှိတော့ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ media law ဆိုတဲ့ နေရာမှာလည်း ပြဿနာက media law ကို စာပေစီစစ်ရေး ပတ်သက်လို့ သူတို့ရေးသာတင်ပြထားတာ ရှိတယ်။ လွှတ်တော်မှာ ဆွေးနွေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒီတပတ် လွှတ်တော်မှာတော့ မတင်ဖြစ်ဘူးလို့ ပြောတယ်။ ကြားသိခဲ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံး နိုင်ငံရေး ပတ်သက်ပြီး မေးခွန်း နှစ်ခု မေးပါမယ်။ ပထမတခုက အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြန်မာနိုင်ငံ အစိုးရက ချမှတ်ထားတဲ့ ဘောင်အတွင်းမှာ အဲဒီ ရေစီးအထဲမှာ ဒေါ်အောင်ဆန်းစုကြည် က ဝင်ရောက်ပြီး လိုက်ပါမျောမယ့်သဘောရှိတော့ အစတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်က ပုံစံအမျိုးမျိုးနဲ့ ဝေဖန်နေခဲ့တယ်။ ဖွဲ့စည်းပုံကိုရော စနစ်ကိုရော။ အခုအခါမှာ အဲဒီဘောင်အတွင်းမှာ ဝင်ပေါင်းသွားတယ်ဆိုတော့ ဒီလမ်းကြောင်းဟာ လိုက်လျောညီထွေဆက်ပြီး သွားမယ်ထင်ပါသလား။ ပဋိပက္ခတခုခုနဲ့ ကွဲသွားနိုင်မယ်လို့ ထင်ပါသလား။ ဘယ်လိုတွေးမိပါသလဲ။

ဦးသန်းလွင်ထွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အများပြည်သူတွေကတော့ အတော်လေးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်ဆိုတာကတော့ လက်တွေ့အမြင်ပါ။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလွန်အားကြီးလို့၊ သိပ်ပြီးတက်ကြွလွန်အားကြီးလိုတောင် ပြဿနာတစုံတရာ ဖြစ်မလား စိုးရိမ်ရပါတယ်။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည် သွားတဲ့နေရာတွေမှာ လူထုက တော်တော်လေးကို အားတက်သရော ကြိုဆိုကြတယ်။ လုံခြုံရေးအရ ထိန်းရသိမ်းရ အတော်လေးခက်ရတဲ့ အခြေအနေမျိုးတွေ ရှိနေတော့ တဖက်ကကြည့်မယ်ဆိုလို့ရှိရင် ဒီကိစ္စတွေကို စိုးရိမ်လွန်လို့ ထိန်းရင်သိမ်းရင်နဲ့ ပြဿနာတစုံတရာ ဖြစ်သွားနိုင်မလားဆိုတဲ့ စဉ်းစားတွေးတောစရာတွေလည်း ရှိတယ်။ အဲဒီတော့ ဒီကိစ္စတွေကိုပါ နက်နက်နဲနဲ့ စဉ်းစားပြီးတော့ မျှမျှတတ လုပ်ကြရင်တော့ ပိုပြီးကောင်းမယ်လို့ မြင်ခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာကတော့ ကိုသန်းလွင်ထွန်း ကိုယ်တိုင်ပါဝင်လှုပ်ရှားခဲ့တဲ့ ၈၈ မျိုးဆက် ဒီပုဂ္ဂိုလ်တွေဟာ အဓိကကြတဲ့ ပုဂ္ဂိုလ်တွေပါ။ နိုင်ငံရေး၊ မြန်မာနိုင်ငံရေးမှာ ဒီလမ်းကြောင်း သူတို့ စထွင်ခဲ့တာပါ။ ဒီလူတွေရဲ့ အနာဂတ် အခန်းကဏ္ဍကို ဘယ်လိုမြင်ပါသလဲ။ သူတို့လည်း ထိန်းသိမ်းခံရကနေ နှစ်ရှည်အကျဉ်းထောင်က လွတ်လာခဲ့ပြီဆိုတော့ သူတို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လမ်းကြောင်းနဲ့ တပေါင်းတစည်းတည်း သွားနိုင်သလား။ သို့တည်းမဟုတ် သူတို့ရဲ့ လမ်းကြောင်းသီးသန့် ပေါ်ထွက်လာနိုင်မလား။

ဦးသန်းလွင်ထွန်း ။ ။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုဂျင်မီ အစရှိတဲ့ လူတွေနဲ့ ကျနော်တွေ့ခဲ့ပါတယ်။ သူတို့လည်း သူတို့ ကတိပြုထားတဲ့အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည် ရွေးတဲ့လမ်းကြောင်းကို ဝိုင်းရံပေးမယ့်ဆိုတဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကူညီပေးမယ်ဆိုတဲ့ ကတိပြုချက်အတိုင်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း သူတို့မှာ အခက်အခဲလေးတွေတော့ ရှိတာပေ့ါ။ ဥပမာအားဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စတွေမှာ ဘယ်လောက်အထိ ထဲထဲဝင်ဝင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်မလဲဆိုတဲ့ ပြဿနာလေးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီပြဿနာလည်း ပြေလည်သွားမှာပါ။ လာမယ့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ပြီးသွားလို့ရှိရင် သူတို့ကိုယ်တိုင်အနေနဲ့လည်း သူတို့ နိုင်ငံရေးအနာဂတ်ကို ဆုံးဖြတ်ရတော့မယ့် အနေအထား ရောက်လာပြီလို့ သူတို့ သိကြပါတယ်။ သဘောကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ လက်တွဲပြီးတော့ ဆက်လုပ်သွားမလား။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ဘယ်လိုဆက်လုပ်သွားမလဲ။ လူမှုရေးလုပ်ငန်းတွေ လုပ်မလား။ နိုင်ငံရေးကို ထဲထဲဝင်ဝင် နိုင်ငံရေးသမားတွေအနေနဲ့ လုပ်မလားဆိုတာကို ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းမှာ သူတို့ ရွေးချယ်ရတော့မှာဖြစ်ပါတယ်။

XS
SM
MD
LG