သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD-LA နိုင်ငံရေးရှေ့ လုပ်ငန်းစဉ်အကြောင်း သိကောင်းစရာ


NLD-LA နိုင်ငံရေးရှေ့ လုပ်ငန်းစဉ်အကြောင်း သိကောင်းစရာ
NLD-LA နိုင်ငံရေးရှေ့ လုပ်ငန်းစဉ်အကြောင်း သိကောင်းစရာ

မြန်မာနိုင်ငံအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီအဖြစ် မှတ်ပုံမတင်တဲ့အတွက် တရားဝင်ရပ်တည်ချက် ပျက်ပြယ်သွားတယ့် သဘောရှိနေသလို NLD အမည်နဲ့ လူထုထောက်ခံမှု အစဉ်အလာတွေကို နိုင်ငံရေးအင်အားတရပ်အနေနဲ့ ဘယ်လိုဆက်ပြီး အသုံးချမလဲ၊ ဘယ်သူတွေက ဆက်ပြီးအသုံးချခွင့် ရှိသလဲဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ပြည်ပနဲ့ နယ်စပ်ဒေသတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်နဲ့ NLD-LA (National League for Democracy - Liberate Area) လူသိများတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဆိုတဲ့ အဖွဲ့အစည်းက ရှိနေပြီဖြစ်တာမို့ အခုဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခင်းအကျင်းဟာ NLD-LA ရဲ့ ရပ်တည်လှုပ်ရှားမှုအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကို NLD-LA ဥက္ကဌ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်သူကိုယ်စားလှယ် ဦးဘိုသောင်း ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြတားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပထမဦးဆုံးအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်အဖွဲ့ဝင်တချို့ ပါတီအသစ် ထူထောင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဦးဘိုသောင်းက အခုလို ပြောဆိုပါတယ်။

ဦးဘိုသောင်း ။ ။ ကျနော်တို့ အဖွဲ့အစည်းတရပ်မှာက ဥပမာအားဖြင့် လုပ်ငန်းအကောင်အထည်ဖော်မှုနဲ့ ပတ်သက်လို့ မတူကွဲပြားမှု အယူအဆတွေပေါ်လာလို့ရှိရင် အားလုံးနဲ့ ပါတီတွင်းမှာ အားလုံးညှိနှိုင်းတိုင်ပင်မယ်၊ ဆွေးနွေးမယ်၊ အပြန်အလှန်ငြင်းခုံမယ်။ ဒါတွေက အစဉ်အလာပဲ နိုင်ငံရေးအဖွဲ့အစည်းမှာ။ နောက်ဆုံးအဆင့် ကျနော်တို့အားလုံး ဒါကိုနောက်ဆုံးအဆင့် ပြီးခဲ့တဲ့ (၂၉) ရက်နေ့က သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်တယ်။ NLD က နိုင်ငံရေးပါတီအဖြစ် ဆက်ပြီးမှတ်ပုံတင်မလား၊ မတင်ဘူးလား ဒီအပေါ်မှာ အားလုံးသဘောထားနဲ့ ဆုံးဖြတ်ကြတယ်။ ဆုံးဖြတ်တဲ့အပေါ်မှာ ဒါက အများနဲ့ဖွဲ့ထားတဲ့ အဖွဲ့အစည်း။ အများစုဆန္ဒကို လေးစားလိုက်နာမှုလိုသလို၊ အနည်းစုဆန္ဒကိုလည်း လေးစားလိုက်နာမှုလိုတယ်။ အပြန်အလှန် ရှိတယ်။ ဒါကို ကျနော်တို့က ကန့်ကွက်သူမရှိ ထပ်မံမှတ်ပုံမတင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဆုံးဖြတ်ချက်အပေါ်မှာတော့ လေးစားလိုက်နာဖို့လိုတယ်။ ဒီနေ့ ဒါက အရှည်သဖြင့်သွားရမယ့်အခါမှာ ဒါတွေက နောင်လာနောင်သားလူငယ်တွေအတွက် စံနမှုနာပြဖြစ်တဲ့ ခေါင်းဆောင်မှုတွေဖြစ်အောင် ဒါတွေက ခေါင်းဆောင်မှုအပိုင်းက ဆက်လုပ်သွားဖို့လိုတယ်။ ငါတို့ကတော့ ဒါကို သဘောမတူဘူး၊ ဆုံးဖြတ်တာ လက်မခံဘူးကွ။ ဒါက ကျနော်တို့ လက်ခံထားတာက ဆုံးဖြတ်ချက်ကို လက်မခံဘူးရတယ်၊ နေလို့ရပါတယ်။ ဒါပေမဲ့ အများကဆုံးဖြတ်တယ်၊ သဘောတူသည်ဖြစ်စေ သဘောမတူဘူးဖြစ်စေ လက်ခံသည် လက်မခံသည်ဖြစ်စေ အများရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရဖို့က ပါတီဝင်တိုင်ရဲ့ လိုက်နာရဲ့ ဝတ္တရားလို့ ကျနော်တို့ ယုံကြည်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ထူးခြားတဲ့ အသုံးအနှုန်းလေး ကျနော်ကြားရတယ်။ အများစုနဲ့ အနိုင်ကျင့်တာကို ခံလိုက်ရသလိုပဲဆိုတဲ့ အသုံးအနှုန်းလေးတခုကို ကျနော်ကြားရတယ်။ ဆိုတော့ ဒါက အများစုအနေနဲ့က အနည်းစုရဲ့ သဘောထားကို လေးစားမှုမရှိဘူးဆိုတဲ့ သဘောကို ညွှန်ပြနေတာလား။

ဦးဘိုသောင်း ။ ။ အဲဒါက သူတဦးရဲ့ ခံစားချက်အပေါ်မှာ ထုတ်ဖော်ပြောတဲ့စကားလုံးလို့ပဲ ကျနော်တို့ယူဆတယ်။ သူဒီလို ခံစားလိုက်ရတယ်ဆိုတာက အနိုင်ကျင့်ခံလိုက်ရတယ်ဆိုတာက ဗဟိုအလုပ်အမှုဆောင်ကော်မတီတွေအားလုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ သွားပြီးတော့ (၂၉) ရက်နေ့ကို အားလုံး ပြည်နယ်နဲ့ တိုင်းအသီးသီးမှ တက်ရောက်လာတဲ့ ဗဟိုအဖွဲ့အစည်းတွေ ရှေ့မှောက်မှာ အားလုံးသဘောတူဆုံးဖြတ်ခဲ့ကြတယ်။ အဲဒါကိုမှ အများစုက အနိုင်ကျင့်ခံလိုက်ရတယ်ဆိုတာ သူတဦးတယောက်ရဲ့ ခံစားချက်ကို ထုတ်ဖော်ပြောကြားတယ်လို့ ကျနော်တို့ကမြင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု (၆) ရက်နေ့ နောက်ပိုင်းကစပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်တွင်းမှာ တရားဝင်အနေနဲ့ ရပ်တည်မှုမရှိတော့ဘူးလို့ ပြောလို့ရတာပေါ့။ အဲဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ နံမည်နဲ့ ကျန်ခဲ့တဲ့အဖွဲ့အစည်းကို ကြည့်မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD-LA လို့လည်း ခေါ်တဲ့ ဦးဘိုသောင်းတို့ရဲ့ ပြည်ပ နဲ့ နယ်စပ်မှာ အခြေစိုက်တဲ့ အဖွဲ့အစည်းပဲ ကျန်တာပေါ့။ အဲဒီအဖွဲ့အစည်းအနေနဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလုပ်တွေကို ဆက်လုပ်သွားမယ်ဆိုတဲ့စကားမျိုး ပြောပိုင်ခွင့်ရှိမယ်လို့ ယူဆပါသလား။

ဦးဘိုသောင်း ။ ။ ကျနော်တို့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒလမ်းစဉ်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်းလက်ခံယုံကြည်ပြီးတော့ ဒါတွေကို ကျနော်တို့ အကောင်အထည်ဖော်ဖို့ဆိုပြီး ၁၉၉၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့မှာ စတင်ဖွဲ့ပြီးတော့ အဖွဲ့ချုပ်ရဲ့ မူဝါဒလမ်းစဉ်တွေအတိုင်း ဆောင်ရွက်မယ်။ ကျနော်တို့ တလျှောက်လုံး ပြောခဲ့တာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌကြီး ဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ခံယူမယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ ယနေ့အချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) သည် အဖွဲ့ချုပ်အပေါ်မှာ၊ မူဝါဒလမ်းစဉ်တွေအပေါ်မှာ တည်တည်မတ်မတ် ရပ်တည်ပြီး လွတ်မြောက်နယ်မြေတွေမှာ ဒီနေ့အထိ နိုင်ငံရေးတာဝန်တွေကို ဆက်လက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီတော့ အဲဒီလုပ်ငန်းတွေက အခုပြည်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင်အနေနဲ့ မရှိတော့ဘူးဆိုတော့ ဒီဘက်ပိုင်းမှာ ဦးဘိုသောင်းတို့ရဲ့ လုပ်ငန်းစဉ်တွေမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲ။

ဦးဘိုသောင်း ။ ။ ကျနော်တို့ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေက သီးခြားတည်ရှိနေတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီရဲ့ ဒေါက်လေးဒေါက်မှာ ဒေါက်တဒေါက်ပေါ့။ အဓိက ဒေါက်တဒေါက်ဖြစ်တယ်။ အဲဒီတော့ အမျိုးသားကောင်စီရဲ့ တပ်ပေါင်းစုမှာ ချမှတ်ထားတဲ့လမ်းစဉ်တွေကို တခြားသောနိုင်ငံရေးပါတီ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ အကောင်အထည်ဖော်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ တော်လှန်ရေးနယ်မြေမှာရှိတဲ့ လုပ်ငန်းစဉ်တွေကို ကျန်တဲ့အဖွဲ့အစည်းများ နဲ့ ဒီနေအချိန်မှာဆိုရင် ten alliances အဖွဲ့အစည်းတွေနဲ့ အားလုံးသဘောတူချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတရပ်ဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ စောစောက ဦးဘိုသောင်း ပြောတဲ့ ten alliances အနေနဲ့က ရှေ့ဆက်လုပ်မယ့် လတ်တလော ရည်ရွယ်ချက်ကဘာလဲ။ ကျနော်တို့ ကြားနေတာက ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးကိစ္စကို တွန်းအားပေးနေတဲ့ ပုံစံမျိုးတွေကို ကြားနေရတယ်။ အဲဒါနဲ့ ပတ်သက်လို့ နည်းနည်းလေး ရှင်းပြပေးပါ။

ဦးဘိုသောင်း ။ ။ Ten alliances က အဲဒါမဟုတ်ပါဘူး။ ကျနော်တို့ ကြားဖြတ်အစိုးရဖွဲ့စည်းရေးတွေ မပါဘူး။ ယှဉ်ပြိုင်အစိုးရ ဖွဲ့စည်းရေးတို့၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးတို့ဆိုတာ။ အဓိက ကျနော်တို့က ၂၀၁၀ ရွေးကောက်ပွဲကို boycott လုပ်ရေးပါ။ ဒီအပေါ်မှာ လာမယ့် (၂၇) ရက်နေ့မှာ ကျနော်တို့ နိုင်ငံတကာ လှုပ်ရှားမှုတရပ်အနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ဆိုတာ တနိုင်ငံလုံး campaign လုပ်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆက်လက်စွဲကိုင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသမားများ လွတ်မြောက်ရေး၊ ၉၀ ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီး ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေး။

ဦးသန်းလွင်ထွန်း ။ ။ ပြည်တွင်းမှာက အဖွဲ့ချုပ်အနေနဲ့ တရားဝင်နိုင်ငံရေး ဆောင်ရွက်ချက်တွေ မရှိနိုင်တော့ဘူးဆိုတော့ ပြည်ပ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အနေနဲ့ နိုင်ငံရေးတာဝန်တွေ ပိုများလာမယ့်ဆိုတဲ့ သဘောရှိလား။

ဦးဘိုသောင်း ။ ။ ကျနော်တို့ သွားနေတဲ့ လုပ်ငန်းတွေ၊ ဆောင်ရွက်တာတွေက အဖွဲ့ချုပ်က ချမှတ်ထားတဲ့ မူဝါဒလုပ်ငန်းစဉ်တွေ။ ကျနော်တို့က ဒီအပေါ်မှာပဲ ကျနော်တို့က တစိုက်မတ်မတ် ဆောင်ရွက်နေတာ။ ကျနော်တို့ကိုယ်တိုင် သီးခြားပေါ်လစီတွေချပြီး သွားနေတာ မဟုတ်ဘူး။ သို့သော် လုပ်ငန်းအကောင်အထည် ဖော်ဖို့အပိုင်းမှာတော့ သက်ဆိုင်ရာ မဟာမိတ်အဖွဲ့အစည်းတွေရဲ့ သဘောတူညီချက်နဲ့ ဆုံးဖြတ်ဆောင်ရွက်ရမယ့် ကိစ္စတွေ၊ ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေကို အားလုံးနဲ့ ညီညီညွှတ်ညွှတ် ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ အလုပ်မျိုးကို ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က လုပ်ဆောင်နေတာ ဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အနေနဲ့ ပြည်တွင်းမှာ နိုင်ငံရေးပါတီထူးထောင်ပြီး ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ အဖွဲ့အစည်းတွေကို ဘယ်လိုသဘောထားမလဲ။

ဦးဘိုသောင်း ။ ။ ကျနော်တို့ ကျန်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက သူတို့ ယုံကြည်ချက်၊ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်နေတဲ့အပေါ်မှာ ကျနော်တို့ ဘာမှပြောစရာ မလိုဘူး။ ဒါက သူတို့ရဲ့ လွတ်လပ်ခွင့်ပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ ဒီဘက်မှာရှိနေတဲ့ အဖွဲ့အစည်းတွေရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ရေးဆိုတဲ့ ရည်ရွယ်ချက်တွေက ထိပ်တိုက်တွေ့ မနေဘူးလား။

ဦးဘိုသောင်း ။ ။ ထိပ်တိုက်မတွေ့နေဘူးဆိုတာက ဘယ်လိုဟာမျိုးကို ထိပ်တိုက်တွေ့မနေဘူးလဲ။

ဦးသန်းလွင်ထွန်း ။ ။ ပြည်တွင်းမှာ နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံရေးပါတီတွေအဖြစ် မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲ ဝင်ဖို့ပြင်ဆင်နေကြတယ်။ ဒါပေမဲ့ ဒီဘက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အနေနဲ့က ရွေးကောက်ပွဲ ဆန့်ကျင်ရေးကိစ္စတွေကို ပြည်ပကနေ ဗြောင်းကျကျ လုပ်နိုင်နေတဲ့ အနေအထားမျိုးမှာ ရှိနေတော့ ပြည်တွင်းက ရွေးကောက်ပွဲ ပြင်ဆင်ဖို့ လုပ်နေသူတွေအနေနဲ့ ဒီဘက်က ရွေးကောက်ပွဲဆန့်ကျင်နေသူတွေရဲ့ လုပ်ရပ် နှစ်ဖက်ထိပ်တိုက် တွေ့လာနိုင်တဲ့ အနေအထားတွေ မရှိဘူးလား။

ဦးဘိုသောင်း ။ ။ ကျနော်တို့က ရွေးကောက်ပွဲဝင်မယ့် လူတွေကို ဆန့်ကျင်နေတာ မဟုတ်ဘဲ ၂၀၀၈ ခုနှစ် မတရား အတည်ပြုခဲ့တဲ့ အခြေခံဥပဒေကို အခြေခံတဲ့ ၂၀၁၀ ရွေးကောက်ပွဲ၊ နဝတရဲ့ စစ်အာဏာရှင်စံနစ်ကို ဆက်လက်ပြီး ရှင်သန်တည်တန့်ရေးအတွက် လုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်နေတာ ဖြစ်တယ်။ ကျနော်တို့က ပြည်တွင်းမှာ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးအဖွဲ့အစည်းတွေကို ကျနော်တို့ ဆန့်ကျင်တိုက်ပွဲဝင်နေတာ မဟုတ်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီရက်ပိုင်းအတွင်းမှာ ပြောနေတဲ့ အကြောင်းအရာတွေက ဘာလည်းဆိုတော့ တကယ်လို့ ဗမာပြည်မှာ ရွေးကောက်ပွဲဖြစ်ခဲ့တယ်ဆိုရင်တောင်မှ ဒီ ရွေးကောက်ပွဲက တရားမျှတမှုရှိအောင်ဆိုပြီး နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို စောင့်ကြည့်ဖို့ တိုက်တွန်းချက်တွေ ပြောဆိုချက်တွေ ရှိနေတယ်။ ဗမာစစ်အစိုးရကတော့ ဒီကိစ္စမလိုပါဘူးလို့ ပြောထားတယ်။ ဒါပေမဲ့ မြန်မာစစ်အစိုးရအနေနဲ့ စိတ်ပြောင်းသွားပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကို လာရောက်လေ့လာခွင့်တွေ ခွင့်ပြုလိုက်မယ်၊ ရွေးကောက်ပွဲကို ကျင်းပလိုက်မယ်ဆိုရင် ဒီရွေးကောက်ပွဲအပေါ် ဘယ်လိုသဘောထားမလဲ။

ဦးဘိုသောင်း ။ ။ ဟုတ်ကဲ့ ရှိပါတယ်။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပြုလုပ်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွတ်ပေးဖို့။ အဲဒါတွေအားလုံးက ရွှေဂုံတိုင် ကြေညာချက်အတိုင်း ဒါတွေကို ဆောင်ရွက်ပေးမယ်ဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့က ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာမှဆန့်ကျင်ကန့်ကွက်နေစရာ မလိုပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အခုဟာက ရွေးကောက်ပွဲဆိုတဲ့ အသံက ပိုကျယ်လာလေလေ၊ တောင်းဆိုတဲ့အသံတွေက နည်းနည်းလျော့လာတယ်လို့ ယူဆစရာ ဖြစ်နေတယ်။ အထူးသဖြင့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြန်ပြင်ဆင်ရေးဆိုတဲ့ အကြောင်းအရာက နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးတောင်းဆိုတဲ့ အကြောင်းအရာ မဟုတ်ဘဲနဲ့ အခုဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းက ရွေးကောက်ပွဲလုပ်မယ်ဆိုရင်လည်း နိုင်ငံတကာ လေ့လာသူတွေကို ခွင့်ပြုပြီး လေ့လာကြည့်ရှု့ခွင့်ပေးပါ၊ စောင့်ကြည့်ခွင့်ပေးပါဆိုတဲ့ တောင်းဆိုမှုတွေပဲ ရှိနေတယ်ဆိုတော့ ဦးဘိုသောင်းတို့ ဒီဘက်မှာ ရပ်တည်ချက်ဖြစ်တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ မပြင်မချင် ဒီရွေးကောက်ပွဲက မတရားပါဘူးဆိုတဲ့ တောင်းဆိုချက်ထက် နည်းနည်းပိုပြီး နှိမ့်ကျသွားတယ့် သဘောမရောက်ဘူးလား။

ဦးဘိုသောင်း ။ ။ ကျနော်တို့ ပထမတချက်က အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်တွေကို အတွင်းက မိခင်အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာရတာရှိတယ်။ တဖက်ကလည်း ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ တပ်ပေါင်းစု အဖွဲ့အစည်းတွေနဲ့ အားလုံးနဲ့ ဆွေးနွေးညှိနှိုင်းပြီးမှ အကောင်အထည်ဖော်ရတဲ့ လုပ်ငန်းတွေရှိပါတယ်။ အထဲက ဘာဘဲဖြစ်ဖြစ်၊ international trend က ဘာဘဲဖြစ်ဖြစ် တချို့က ရွေးကောက်ပွဲပြီးရင်ပြီရောဆိုတဲ့ အနေအထားမျိုးနဲ့ တွန်းနေတာ ရှိပါတယ်။ ဒီလို အနေအထားမျိုးတွေရှိတယ်ဆိုတာကို ကျနော်တို့ ကြားနေသိနေပါတယ်။ ဥပမာအားဖြင့် ၂၀၀၈ ကို နောက်မှပြင်တာပေါ့။ ဘာဘဲဖြစ်ဖြစ် ရွေးကောက်ပွဲကို လုပ်။ တခါတလေမှာ နိုင်ငံတကာ အနေအထားက သူတို့မူလပြောဆိုနေတဲ့ တွေပြီးတော့ နောက်တခါ နောက်တမျိုးပြောလာတာမျိုးတွေလည်း ကြားနေရတယ်။ သို့သော် ကျနော်တို့က ပြည်သူ့အပေါ်မှာ ပေးထားတဲ့ ကတိကဝတ်တွေကို ဖောက်ဖျက်လို့ မရပါဘူး။ ကျနော်တို့က နိုင်ငံတကာက ပြောင်းလို့ ပြောင်းပြန်ပြီး နိုင်ငံတကာကပြောလို့ ဒီလိုတမျိုး ပြောပြန်ပြီဆိုတဲ့ အတိုင်း ကျနော်တို့က ဦးဆောင်ပါတီတရပ်အနေနဲ့ သွားလို့မရဘူး။ ကျနော်တို့ရဲ့ ပေးထားတဲ့ ကတိတွေ၊ မူဝါဒတွေ အပေါ်မှာတော့ ကျနော်တို့က ဘာဘဲဖြစ်ဖြစ် ဦးလည်မသုန် လေးစားလိုက်နာဖို့လိုတယ်လို့ မြင်ပါတယ်။

XS
SM
MD
LG