သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဓါတ်ငွေ့ နဲ့ စီးပွါးဖြစ်နေတဲ့ စစ်အစိုးရနဲ့ ရေနံကုမ္မဏီများ


မြန်မာစစ်အစိုးရဟာ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရောင်းချရတဲ့ ဝင်ငွေတွေကို နိုင်ငံအတွင်း ပညာရေး၊ ကျန်းမာရေး စတဲ့ အကျိုးပြုလုပ်ငန်းတွေမှာ အသုံးမပြုဘဲ စစ်အစိုးရ အာဏာတည်မြဲရေးလုပ်ငန်းတွေမှာပဲ အသုံးပြုနေတယ်လို့ Earth Rights International လို့ခေါ်တဲ့ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။ အထူးသဖြင့် ပြင်သစ် Total ရေနံကုမ္မဏီ၊ အမေရိကန် Chevron ကုမ္မဏီ နဲ့ ထိုင်းနိုင်ငံရဲ့ PTTEP ကုမ္မဏီတို့နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ရတနာဓါတ်ငွေ့ပိုက်လိုင်း လုပ်ငန်းမှာ လက်ရှိအချိန်အထိ ရရှိခဲ့ပြီးဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ လောက်ဟာ ပြည်တွင်းကို မရောက်ရှိဘဲ စင်္ကာပူနိုင်ငံ ဘဏ်တိုက်တွေကို လွှဲပြောင်းထားရှိကြောင်း။ ဒီငွေတွေဟာ စစ်အစိုးရရဲ့ နျူကလီးယား စီမံကိန်းကို အထောက်အကူဖြစ်နိုင်ကြောင်း Earth Rights International အဖွဲ့က ပြောဆိုပါတယ်။ ဒီအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တာဝန်ခံ ဦးနိုင်ထူး ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးနိုင်ထူး ။ ။ ကျနော်တို့ အတိအကျ ပြောလို့ရတာတခုရှိတာကတော့ ၂၀၀၈ အတွင်းမှာ စစ်အစိုးရက (၁) ဘီလီယံနီးပါး ရခဲ့တယ်။ ရတနာ သဘာဝဓါတ်ငွေ့ဂတ်စ် နဲ့ ရတဲ့ ပိုက်ဆံ ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့တုန်းက ဂတ်စ်နှုန်းနည်းပြီး နောက်ပိုင်း ဂတ်စ်ဈေးတွေ တက်သွားတဲ့အတွက်ကြောင့် သူတို့ဝင်ငွေတွေ ပိုများလာခဲ့တယ်။ စပြီးရောင်းတဲ့အချိန်နဲ့ အခုအချိန်အထိ အားလုံးပေါင်းလိုက်မယ်ဆိုရင် မြန်မာစစ်အစိုးရရတဲ့ ဝင်ငွေက ၄.၅ ဘီလီယံကျော် ရခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါက သဘာဝဓါတ်ငွေ့ ထုတ်လုပ်တဲ့နေရာမှာ ရတနာ နဲ့ ရခိုင်ဘက်မှာရှိတဲ့ ရွှေသဘာဝဓါတ်ငွေ့တို့က ရတယ်လို့ ဆိုလိုတာလား။

ဦးနိုင်ထူး ။ ။ မဟုတ်ဘူး။ အခု ကျနော်တို့ ပြောနေတဲ့တခုက ရတနာ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတခုထဲပါ။ ရွှေ သဘာဝဓါတ်ငွေ့ က မပါသေးဘူး။ နောက်ပြီး ရဲတခွန်လည်း မပါသေးဘူး။ ရတနာ သဘာဝဓါတ်ငွေ့တခုတည်းကို ပြောနေတာပါ။

ဦးသန်းလွင်ထွန်း ။ ။ ရွှေသဘာဝဓါတ်ငွေ့ နဲ့ ရဲတခွန်တို့ က မထွက်သေးဘူးလား။

ဦးနိုင်ထူး ။ ။ ရဲတခွန်တော့ ထွက်ပြီ။ ဒါပေမဲ့ ကျနော်တို့ရဲ့ အဓိက focus ဖြစ်တာကတော့ ရတနာ ဖြစ်တယ်။ ရွှေကြတော့ မရောင်းရသေးဘူး။ ရွှေကြတော့ အခုမှ စတင် ဆောက်လုပ်နေဆဲ အနေအထားမှာ ရှိနေတုန်းပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ရတနာတခုတည်းကို ပြောတယ်ဆိုရင် ရတနာသဘာဝဓါတ်ငွေ့ က လုပ်နေတာက ၁၉၉၈ ခုနှစ်လောက်ကတည်းက လုပ်နေတယ်ဆိုတော့ သူတို့နဲ့တွဲပြီး လုပ်နေတာကလည်း ပြင်သစ် Total ကုမ္မဏီ၊ Chevron ကုမ္မဏီ နဲ့ ထိုင်းနိုင်ငံရဲ့ PTTEP ကုမ္မဏီတွေက မြန်မာစစ်အစိုးရနဲ့ အရောင်းအဝယ် ဘယ်လောက်ရှိသလဲဆိုတာ တရားဝင် ထုတ်ပြန်ချက်တွေ မရှိဘူးလား။

ဦးနိုင်ထူး ။ ။ သူတို့အနေနဲ့ တရားဝင် ထုတ်ပြန်ထားတာတော့ မရှိပါဘူး။ အမှန်မှာကြတော့ ဒီပိုက်လိုင်း စီမံကိန်းတွေက ၉၈ က စပြီးတော့ ဂတ်စ် တွေကို ရောင်းဖို့ ပြောထားတာပါ။ ဒါပေမဲ့ ၉၈ မှာကြတော့ ထိုင်းဘက်မှာ လျှပ်စစ်စက်ရုံက မပြီးသေးတော့ နှစ် ၂၀၀၀ မှ စခဲ့တယ်။ အဲဒီအချိန်မှ ဂတ်စ် တွေကို ပို့ခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ အခုပြောနေတဲ့ revenue transparent လုပ်ဖို့ဆိုရင် ၉၂ တည်းက စီမံကိန်း စလုပ်ပြီး အစိုးရနဲ့ ညှိနှိုင်းတဲ့အချိန်ကတည်းကစပြီး အဲဒီအချိန်အထိ ကျနော်တို့က ပြန်လည်ကြည့်ချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီလို စပြီးညှိနှိုင်းအချိန်ကတည်းက မြန်မာစစ်အစိုးရကို စာချုပ်တွေ စာတမ်းတွေအတွက်ကို ငွေတွေ ကြိုပေးနေရတဲ့သဘောပေါ့။

ဦးနိုင်ထူး ။ ။ ဟုတ်ပါတယ်။ ဆောက်လုပ်ရေးအတွက်ဖြစ်ဖြစ် သူတို့ခေါ်တဲ့ liability တို့ - မှာ အများကြီး ပေးရတယ်။ ထုတ်လုပ်နေတဲ့ အချိန်မဟုတ်သေးပေမဲ့ စပြီးစလုပ်နေတဲ့အချိန် exploration စလုပ်နေတဲ့အချိန်ကပေါ့။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာစစ်အစိုးရက ရရှိတဲ့ ဝင်ငွေဟာ ဦးနိုင်ထူး ပြောတဲ့အတိုင်းဆိုရင် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ လောက်ရှိတယ်။ ဟုတ်လား။

ဦးနိုင်ထူး ။ ။ ဟုတ်ကဲ့ ဒါကတော့ ဘယ်လိုပြောမလဲ ဒီအားလုံးက အစိုးရရတာ နှစ်ခု ရှိပါတယ်။ တခုက ငွေသားနဲ့ ရတာရှိတယ်။ နောက်တခုက cash တို့ ဖြစ်တယ်။ ငွေသားနဲ့ ရတာက ၄.၅ ဘီလီယံကျော် ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီ ၄.၅ သန်းဆိုတာက မြန်မာအစိုးရရဲ့ ဘဏ်တိုက်တွေထဲကို တိုက်ရိုက် direct ရောက်ရှိသွားတဲ့ ငွေတွေလို့ ဆိုချင်တာလား။

ဦးနိုင်ထူး ။ ။ ကျနော်တို့ သိသလောက်ဆိုရင် ဒီငွေတွေ အတော်များများက ဗမာအစိုးရရဲ့ ဘဏ်တိုက်ထဲကို ပြန်မဝင်သွားဘဲ စင်္ကာပူကို သွားနေတာကို မြင်တွေ့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့တဲ့ IMF ထဲမှာ ငွေတွေက ဗမာပြည်ထဲကို ပြန်မရောက်ဘူးဆိုတာကို တွေ့ရတယ်။ သူတို့ ဗမာပြည်ထဲကို ရောက်တဲ့ငွေ ဒေါ်လာငွေ (၆) ကျပ်နဲ့ ပြန်တွက်လိုက်တော့ ၄.၅ ဘီလီယံလောက်က ပျောက်နေပြီးတော့ ၃ သန်းလောက်သာ ဒီအထဲကို ပြန်ဝင်လာတာကို တွေ့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ နိုင်ငံရပ်ခြားက ရတဲ့ဒေါ်လာငွေတွေကို ဗမာအစိုးရအနေနဲ့က တစ်ဒေါ်လာကို ခြောက်ကျပ်နှုန်းနဲ့ စာရင်းပြပြီးတော့ ဗမာပြည်ထဲကို ရောက်တဲ့ငွေက နည်းနည်းပဲရှိမယ်။ ကျန်တဲ့ ပိုလာတဲ့ငွေတွေကြတော့ နိုင်ငံရပ်ခြား စင်္ကာပူမှာရှိတဲ့ ဘဏ်တွေမှာ သီးသန့်စုဆောင်းထားတယ်လို့ Earth Rights International က စွပ်စွဲထားတာပေါ့။

ဦးနိုင်ထူး ။ ။ ဟုတ်ကဲ့ အဲဒါ ကျနော်တို့ ရှာဖွေတွေ့ရှိထားတဲ့ အရပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီ အထောက်အထားတွေက ဘယ်လောက်အထိ ခိုင်မာပါသလဲ။ ကျနော်တို့ ကြားသလောက်ကတော့ စင်္ကာပူဘဏ်တွေကလည်း သူတို့အနေနဲ့ ဒီဗမာစစ်အစိုးရနဲ့ ဘဏ်စာရင်း ဖွင့်ပေးထားတာ မရှိပါဘူးလို့ ငြင်းဆိုထားတာတွေ ရှိနေတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဘာများ နောက်ထပ်အထောက်အထားတွေ ရှိနေသေးသလဲ။

ဦးနိုင်ထူး ။ ။ ဟုတ်ကဲ့ ကျနော်တို့ဆီမှာတော့ ဒီအပြင် အထောက်အထားရှိတယ်ဆိုတာကို confidential statement ဖြစ်နေတယ်။ ပြီးတော့လည်း ကျနော်တို့ စင်္ကာပူအစိုးရ ကို ပြောထားတာက ဒီ ဂတ်စ် သဘာဝဓါတ်ငွေ့က ရတဲ့ငွေတွေက စင်္ကာပူဘဏ်ထဲကို ရောက်သွားတယ်လို့ ပြောတဲ့အချိန်မှာ မြန်မာပြည်အစိုးရအမည်နဲ့ ဝင်တယ်ဆိုတာတော့ ပြောထားတာ မရှိပါဘူး။ ဒီငွေတွေက အစိုးရအမည်နဲ့ ဝင်မထားဘဲ တသီးပုဂ္ဂလိက အမည်တွေနဲ့ ဝင်ထားတဲ့အတွက်ကြောင့် စင်္ကာပူဘဏ်တွေ ငြင်းသလို သူတို့က အစိုးရအမည်နဲ့ သွားထည့်ထားတယ်လို့ ပြောတာ မရှိဘူး။ သေချာတာ တခု ကျနော်တို့ဆီမှာ ထုတ်ဖော်ပြောလို့မရတဲ့ အထောက်အထားတွေက ကျနော်တို့မှာ သက်သေအခိုင်အမာနဲ့ ပြောထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု စွပ်စွဲချက်ထဲမှာက Earth Rights International ရဲ့ စွပ်စွဲချက်ထဲမှာက မြန်မာစစ်အစိုးရက သဘာဝဓါတ်ငွေ့ စီမံကိန်းတွေကရတဲ့ အမြတ်အစွန်းတွေကို နိုင်ငံတော်ဘတ်ဂျက်ထဲကို မထည့်သလို တခြား နျူကလီးယားလုပ်ငန်းတွေမှာ သုံးနေပုံရတယ်ဆိုပြီး ဖော်ပြထားတာတွေ ရှိနေတယ်။ စစ်အစိုးရအနေနဲ့ နိုင်ငံတော် ဘတ်ဂျက်ထဲကို မထည့်ဘူးဆိုရင် ဒါကို သူတို့အနေနဲ့ ကိုယ်ပိုင်အဖြစ် အသုံးပြုချင်တယ်ဆိုရင် ဘာကြောင့်မို့လို့ ဒီငွေတွေကို နျူကလီးယားတည်ဆောက်ရေး လုပ်ငန်းတွေမှာ သုံးဖို့ အစီအစဉ် ရှိနေတာလဲ။

ဦးနိုင်ထူး ။ ။ ကျနော်တို့ မြင်နေတာတခု ရှိတာက အခုန ပြောသလို နျူကလီးယားတွေ တည်ဆောက်တယ်၊ လိုဏ်ဂူတွေ တည်ဆောက်တယ်ဆိုတာကလည်း စစ်အစိုးရက သူတို့ အာဏာတည်တန့် ခိုင်မြဲရေး၊ အာဏာဆက်လက် ထိန်းချုပ်ထားဖို့ အတွက် တနည်းနည်းနဲ့ ဒီပိုက်ဆံတွေက အကျိုးဖြစ်စေတယ်။ အဲဒါ ကျနော်တို့ မြင်တာက ဒီ စီမံကိန်းတွေ လုပ်ဖို့က ပိုက်ဆံအများကြီး ကုန်ကျဖြစ်မယ့်အချိန်မှာ အစိုးရက သူမှာ နိုင်ငံခြားကို တင်ပြရောင်းချလို့ရတဲ့ ဝင်ငွေက ဒီ cash ဝင်ငွေက အများဆုံးဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ပြောချင်တာက ဒီလို ကြီးမားတဲ့ စီမံကိန်းတွေကို လုပ်နေတဲ့အချိန်မှာ ဒီငွေတွေက ဖြစ်နိုင်ချေများတာက ဒီ cash က လာတယ်လို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီ ဂတ်စ် လုပ်ငန်းတွေကို ဝယ်ယူနေတဲ့ ထုတ်လုပ်နေတဲ့ ကုမ္မဏီတွေအနေနဲ့ ဒီကိစ္စကို နားလည်းသဘောပေါက်ထားတာ မရှိဘူးလား။

ဦးနိုင်ထူး ။ ။ ကုမ္မဏီတွေကတော့ အမြဲတမ်း ငြင်းပယ်ထားတာ သူတို့ဘာလုပ်လုပ် ကျနော်တို့နဲ့ ဘာမှမဆိုင်ပါဘူးလို့ ပြောထားတယ်။ တဆက်တည်းမှာ ကျနော်တို့ ပြောဆိုချင်တာက သူတို့လုပ်တာ မသက်ဆိုင်ပေမယ့် ဒီ ကုမ္မဏီတွေ ဗမာပြည်အတွင်းမှာ လာလုပ်ကြတာ အစိုးရကို အားပေးအားမြောက်ရ ရောက်တယ်လို့ ကျနော်တို့ ပြောတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီ စီမံကိန်းတွေ ဖြစ်လာခဲ့တယ်။ ဒီစီမံကိန်းကြောင့် စီမံကိန်းလုံခြုံရေးအတွက် စစ်တပ်တွေ ဒေသတွေမှာ ဒေသခံတိုင်းရင်းသားတွေကို အနှောက်အယှက် ပေးတယ်။ ဒေသခံတိုင်းရင်းသားတွေကို သတ်ဖျက်မှုတွေ ရှိခဲ့တယ်။ အတင်းအဓမ္မ လုပ်အားပေးတွေ ရှိခဲ့တယ်။ အဲဒါမို့ ကုမ္မဏီတွေက ပတ်သက်မှု မရှိဘူးလို့ ပြောလို့မရဘူး။ သူတို့ကလည်း ဒီစီမံကိန်း ပိုက်လိုင်းကာကွယ်ရေးဆိုပြီး စစ်တပ်တွေက လုပ်လိုက်တဲ့အချိန်မှာ သူတို့အတွက်လည်း အကျိုးအမြတ်ရတယ်လို့ ကျနော်မြင်တယ်။ ကုမ္မဏီတွေအနေနဲ့ ငြင်းလို့ရတာတော့ ရှိတာပေါ့။ အစိုးရက ဘာသုံးသုံး ပြောလို့ရပေမယ့် ကျနော်တို့မြင်တာက သဘာဝ သံယဇာတက ထွက်တဲ့ပစ္စည်းတွေကို ရောင်းထုတ်တဲ့အချိန်မှာ ရရှိတဲ့အကျိုးအမြတ်တွေက ပြည်သူတွေအတွက် ဖြစ်ရမှာဖြစ်တဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင်ပြောထားတာက revenue transparency က ကုမ္မဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ပြောထားတယ်။ ဒါကြောင့်မို့ ကျနော်တို့ကလည်း ဗမာပြည်မှာလည်း တခြားတိုင်းပြည်မှာ လုပ်ခဲ့တဲ့ transparency ကို ဘာဖြစ်လို့ ဗမာပြည်မှာ မလုပ်တာလည်းဆိုတာကို ကျနော်တို့ မေးခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ကုမ္မဏီကြီးတွေအနေနဲ့က သူတို့နဲ့ ဆက်ဆံလို့ ရရှိတဲ့အမြတ်ငွေတွေကို သက်ဆိုင်ရာ အစိုးရတွေက ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာရှိအောင် ဘယ်လိုအသုံးချသလဲဆိုတဲ့ အချက်ဟာ သူတို့ကုမ္မဏီရဲ့ ဂုဏ်သိက္ခာကိုလည်း တိုးတက်စေတယ်ဆိုတော့ အခြားနိုင်ငံများမှာဆိုရင် ဘယ်အစိုးရတွေက အသုံးပြုသလည်းဆိုတာကို သိတယ်။ ထုတ်ပြန်ပေးတာ ရှိတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ရှိရင်တော့ ဒီကိစ္စတွေကို ထုတ်ဖော်မပြောဘူးဆိုတော့ ဒါက ဘာကြောင့်လို့ ထင်သလဲ။ အခု အထူးသဖြင့် အမေရိကန်မှာ အခြေစိုက်တဲ့ Chevron ကုမ္မဏီတို့ ထိုင်းနိုင်ငံ PTTEP တို့ အနေနဲ့ တခြားဘယ်လို အကျိုးရလဒ်တွေကို မျှော်ကိုးနေလို့ အကာအကွယ်ပေးနေရတာလဲ။

ဦးနိုင်ထူး ။ ။ သူတို့အဲဒီလို ထုတ်ဖော်ပြောဆိုဖို့ ပြောတဲ့အခါ သူတို့က ငြင်းဆိုခဲ့တယ်။ ငြင်းဆိုတဲ့ပုံစံက အမျိုးမျိုးရှိတယ်။ ဥပမာ Total က ပြောတယ်။ သူတို့ ထုတ်ဖော်ပြောဆိုလိုက်ရင် စစ်အစိုးရ ကြိုက်မှာမဟုတ်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ Chevron က ပြန်ငြင်းထားတာက သူတို့မှာ ထုတ်ဖော်ပြောဆိုခွင့် မရှိဘူးလို့ စာချုပ်ချုပ်ဆိုထားတယ်။ ဒါပေမဲ့ ကျနော်တို့ ရထားတဲ့ UNOCAL ကို တရားစွဲထားတုန်းက documents ထဲမှာဆိုရင် သူတို့ ထုတ်ဖော်လို့ မရဘူးဆိုတာ မရှိဘူးလေ။ ကျနော်တို့ မြင်တာက သူတို့မှာ ထုတ်ဖော်လို့ရတယ်၊ ထုတ်ဖော်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ အခုဖြစ်နေတဲ့ စီမံကိန်းက သူတို့အတွက်လည်း အကျိုးကြီးပွားဖြစ်နေတဲ့ အပေါ်မှာ အစိုးရက တားမြစ်ထားလို့ မထုတ်ဖော်တာ။ တကယ်လို့ သူတို့ ထုတ်ဖော်ပြောခဲ့မယ်ဆိုရင် အစိုးရကို ဖိအားပေးလာနိုင်တဲ့ နည်းလမ်းတွေကို အပြည်ပြည်ဆိုင်ရာကလည်း တွေ့လာလိမ့်မယ်လို့ ကျနော်တို့ မြင်တယ်။ ပိုပြီး targeted ဖြစ်လာလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေသအတွင်းမှာ သူတို့ ကုမ္မဏီတွေရဲ့ လုပ်ငန်းတွေကြောင့်ဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ၊ ပေါ်တာဆွဲမှုတွေ၊ ရွှေ့ပြောင်းမှုတွေကို အခု Earth Rights International က စွပ်စွဲလာတဲ့ ပုံစံအသစ်အရဆိုရင် မြန်မာစစ်အစိုးရက နျူကလီးယား မပြန့်ပွါးမှုကိုပါ ဖောက်ဖျက်ပြီးတော့ လက်နက်ထုတ်ကိုင်မှုတွေ အဆင့်အထိ အသုံးပြုဖို့ ခြေလှမ်းကျဲလာတယ်ဆိုတော့ ဒေသအတွင်းရဲ့ လုံခြုံရေးကိုပါ ထိခိုက်စေတယ်လို့ စွပ်စွဲလာတယ်။ အဲဒီအချိန်မှာ အဲဒီအတွက်ကြောင့် ကုမ္မဏီတွေအနေနဲ့ ဖိအားပေးမှုတွေကို ပိုပြီးရလာနိုင်မယ့် အလားအလာရှိသလား။

ဦးနိုင်ထူး ။ ။ ကျနော်တို့အနေနဲ့ မြင်တာက ကုမ္မဏီတွေရဲ့ လုပ်ရပ်တွေ မမှန်ဘူးလို့မြင်တယ်။ အဲဒါကြောင့် ဗမာတခုတည်းလည်း မဟုတ်ဘူး တခြားတိုင်းပြည်၊ ဒေသတွေမှာကြည့်ကြည့် ရင်းနှီးမြုပ်နှံမှုတွေ သွားလုပ်တာရှိခဲ့ရင် အကျိုးအမြတ်တခုတည်းကို မဟုတ်ဘဲနဲ့ ဒီတိုင်းပြည်နဲ့ လုပ်သင့်မလုပ်သင့် အဲဒီလို စဉ်းစားလာဖို့ ကျနော်တို့က တိုက်တွန်းချင်ပါတယ်။ ဗမာပြည်တခုတည်း မဟုတ်ပါဘူး တခြားတိုင်းပြည်၊ တခြားဒေသတွေမှာလည်း သွားပြီးရင်းနှီးမြုပ်နှံမှု လုပ်ခဲ့မယ်ဆိုရင် ကျနော်တို့ လိုချင်တာက ရင်းနှီးမြုပ်နှံမှုလုပ်တဲ့ နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဓိက မဖြစ်ဖို့ ဖြစ်တယ်။

XS
SM
MD
LG