သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံရေကာတာ ဆိုးကျိုးကောင်းကျိုး


မြစ်ဆုံရေကာတာ ဆိုးကျိုးကောင်းကျိုး
မြစ်ဆုံရေကာတာ ဆိုးကျိုးကောင်းကျိုး

ဦးသန်းလွင်ထွန်း ။ ။ ကချင်ပြည်နယ် မြစ်ဆုံမှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာကြီးဟာ အလွန်အန္တရာယ်ကြီးမားတဲ့အတွက် လုပ်ငန်း ဆက်လက်မလုပ်ဆောင်သင့် ကြောင်း လေ့လာချက်အစီရင်ခံစာတခုက ၂၀၀၉ ခုနှစ်ကတည်းက အဆိုပြုထားပေမယ့် ဒီလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရဘက်ကပါ လျစ်လျူရှုခဲ့ပါတယ်။ တရုတ်နဲ့ မြန်မာပညာရှင်တွေ ကွင်းဆင်းလေ့လာပြီး တင်ပြခဲ့တဲ့ ဒီအစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိပါဘူး။ ဒီ အစီရင်ခံစာကို မကြာခင်ကမှ ရရှိဖတ်ရှုခဲ့ရတဲ့ တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသန ပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင်က ဗွီအိုအေ ကို အောက်ပါအတိုင်း ပြောဆိုပါတယ်။

ဦးမင်းဇင် ။ ။ ပထမဆုံး တွေ့တာကတော့ စာမျက်နှာ (၉၀၀) ကျော်လောက်ဆိုတော့ ချက်ချင်း မဖတ်ဖြစ်ဘူး။ နောက်တော့ ဖတ်ကြည့်လိုက်တဲ့အခါမှာ အစောပိုင်းကလည်း သိပ်ပြီးတော့ တရုတ် ပညာရှင်တွေက အဓိကရေးတယ်ဆိုတော့ စိတ်ထဲမှာလည်း တရုတ်ပြည်ဆိုတော့ သာသာထိုးထိုး ရေးမှာပဲဆိုပြီး ကျနော်က ယူဆထားတာ။ အဲဒီ ယူဆချက်နဲ့ ဖတ်တာ ဖတ်ရင်းနဲ့ တခါမှ မကြားဘူးတဲ့ အချက်အလက်တွေ သိခဲ့ရတယ်။

ဥပမာ ဒီ မြစ်ဆုံရေကာတာ (၇) ခု ဆောက်တဲ့အထဲမှာ ရေကာတာ တခုတည်းကိုက စင်္ကာပူထက် ပိုပြီးကြီးတယ်။ နယူးရော့ခ်မြို့ကြီး တမြို့စာလောက်ရှိတယ်။ ကမ္ဘာပေါ်မှာ (၁၅) ခုမြောက် အကြီးဆုံး ရေအားလျှပ်စစ် ရေကာတာကြီးဖြစ်မယ်။ ဒါမျိုးတွေ ကြားရတယ်။ အဲဒါမျိုးကြားရတဲ့အပြင် အဆိုးဆုံး ကြားရတာက အခုနပြောသလို ဒီကရမယ့် ရေအားလျှပ်စစ်ကို ၁၀၀ ရာခိုင်နှုန်းလုံး တရုတ်ပြည်ကပဲ အကျိုးကျေးဇူးရမယ်။ ဒီဘက်နောက်ပိုင်း သတင်းကြားရတာက ၉၉% တရုတ်ပြည်ဘက်ကို ရောင်းပြီး မြန်မာပြည်ကိုတော့ ၁% ပြန်ရောင်းမယ်လို့ သတင်းကြားရတယ်။ အဲဒီလိုမျိုးဟာတွေ ကြားရတယ်။

ပိုဆိုးတာက ဒီ ရေကာတာကြီးဟာ စစ်ကိုင်းပြတ်ရွေ့ကြောလို့ခေါ်တဲ့ ငလျင်ကြောကြီးနားမှာ ရှိတယ်။ ဒီဟာကလည်း အာရှတိုက်မှာ ငလျင်တွေ မကြာခဏ လှုပ်တဲ့အတွက်မို့ ဒီဟာက အန္တရာယ်များတယ် လို့ ပညာရှင်တွေက သုံးသပ်ကြတယ်။ ဒီ ငလျင်ကြောကြီးက ပြတ်ရွေ့ကြောကြီးက တခုခုများ ဖြစ်ခဲ့ရင် ရေကာတာကြီး ပြိုသွားနိုင်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ရေကာတာ ရေလှောင်ကန်ကြီးက အခုနပြောသလို စင်္ကာပူနိုင်ငံထက်ကြီးတဲ့အခါကျတော့ အဲဒီလောက်ကြီးတဲ့ဟာကြီးကနေ ရေပမာဏကြောင့်လည်း ပြတ်ရွေ့ကြောကိုသွားပြီး လှုံ့ဆော်သလို ဖြစ်နိုင်တယ်။ ဒီလိုဖြစ်ပြီး ရေကြီးလို့ရှိရင် မြစ်ကြီးနားမြို့ကြီးက စက္ကန့် (၂၀) အတွင်း ရေမြုပ်နိုင်တယ်လို့ ပညာရှင်တွေ ပြောတာကို ကြားရတော့ အင်မတန်မှပဲ တုန်လှုပ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ လေ့လာမှုအစီရင်ခံစာရဲ့ နံမည်ကိုက တည်ဆောက်မယ့် ရေကာတာတွေရဲ့ သဘာဝပတ်ဝန်းကျင်အပေါ်ကို ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်မလဲကို ကြိုတင်ခန့်မှန်းချက်။ ဒီလို သဘာဝပတ်ဝန်းကျင်ပေါ် သက်ရောက်မှုကြိုတင်ခန့်မှန်းချက်တွေကို တကယ်တန်းကျတော့ အကုန်အကျခံပြီးတော့ အစီရင်ခံစာရေးခိုင်းတာလည်း China Power Investment Cooperation ခေါ် CPI ကော်ပရေးရှင်းကပဲ လုပ်တာဆိုတော့ ဒီ ကော်ပရေးရှင်းအနေနဲ့ မူလ ရည်မှန်းချက်ဖြစ်တဲ့ ဒီလို လေ့လာမှုတွေလုပ်ခိုင်းပြီးတော့ ဒီ လေ့လာမှုအစီရင်ခံစာကနေ ကြိုတင်ခန့်မှန်းပြီး တင်ပြတဲ့ အချက်တွေကို လိုက်နာရမယ့် တာဝန် သူတို့မှာ မရှိဘူးလား။

ဦးမင်းဇင် ။ ။ ကျနော်သိသလောက်တော့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့မှာ ဒီလိုမျိုးဟာတွေကို လိုက်နာဖို့အတွက် တာဝန်ခံထားတာ မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ဒီ အစီရင်ခံစာကလည်း ယေဘုယျ လိုက်နာရမယ့် ဆန်းစစ်တဲ့အချက် (၁၀) ချက် ရှိပါတယ်။ အဲဒီ အချက် (၁၀) ချက်ထဲမှာမှ အချက် တခုကိုပဲ ဆန်းစစ်ရသေးတာဖြစ်ပါတယ်။ အဲဒီ ရေကာတာဆောက်မယ့် ဧရိယာ ပတ်ဝန်းကျင် ကိုပဲ ဆန်းစစ်ရသေးတာ ဖြစ်ပါတယ်။ ကျန်တဲ့ မြစ်အကြေပိုင်း ဧရာဝတီမြစ်အကြေပိုင်းတို့၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ပိုင်းတို့ ကျန်တဲ့အကြောင်းအချက်တွေ အများကြီးရှိတယ်။ အဓိကအချက် (၉) ချက်။ အဲဒါတွေကို မလေ့လာရသေးဘူး။

ပထမ တချက်တည်းနဲ့ပင် တရုတ်အစိုးရက - အခုန ပြောတဲ့ CPI ကလည်း တရုတ်အစိုးရပိုင် ကုမ္မဏီ ဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့က တခါတည်း ဒါကတော့ အခြေအနေ မဟန်တော့ဘူး လို့ထင်ပြီး ကျန်တဲ့လေ့လာမှုတွေကို ဆက်မလုပ်ခိုင်းဘဲ ရပ်လိုက်တာလို့ ကြားသိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ အစီရင်ခံစာ စပြီးထွက်တဲ့ ပြုစုပြီးတဲ့အချိန်က ၂၀၀၉ ခုနှစ်။ အဲဒီ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာ မြစ်ဆုံရေကာတာလုပ်ငန်းတွေကလည်း စတင်နေပြီ။ တခြား ရေကာတာလုပ်ငန်းတွေ ကလည်း စတင်နေပြီဆိုတော့ ဒီ အစီရင်ခံစာကို လုံးဝလျစ်လျူရှုပြီးတော့ အလုပ်တွေကို ဒီအတိုင်းပဲ မျက်စိမှတ်ပြီတော့ လုပ်နေတဲ့သဘောကို ဆိုလိုချင်တာလား။

ဦးမင်းဇင် ။ ။ တချို့အပိုင်းတွေမှာ လိုက်နာမှုရှိကောင်းရှိလိမ့်မယ်။ ဥပမာ ကျနော်ကြားတာက တရုတ် ပညာရှင်တွေနဲ့ တရုတ်အာဏာပိုင်တချို့နဲ့ စကားပြောတဲ့အခါမှာ သူတို့ပြောတာက ဥပမာဆိုရင် မြန်မာ ရွှေ့ပြောင်းခံရတဲ့ လယ်သမားတွေ၊ ကချင်ဒေသခံ တိုင်းရင်းသားတွေကို လျှော်ကြေးပေးတယ်။ အစီရင်ခံစာကတော့ ၁၀% လောက်တော့ ရင်းနှီးမြုပ်နံှမှုရဲ့ ၁၀% လောက်ကို လျော်ကြေးပေးခိုင်း ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကတော့ ဒါကို ၅% ပေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း တကယ့် တကယ် ပေးတဲ့ငွေတွေကို ဘယ်လိုဖြန့်ဝေသလဲဆိုတဲ့အခါကျတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ သူ့ရဲ့ အာရှ Aisa World ကုမ္မဏီကနေ ဖြန့်ဖြူးတာဖြစ်တဲ့အတွက် လက်တွေ့မှာတော့ ဒေသခံလူထုတွေ ထင်သလောက်မရဘူး။ မရဘဲနဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ပိုများတယ်ဆိုတာကို သတင်းစာဆရာတွေနဲ့ အန်ဂျီအိုသမားတွေက အထောက်အထားနဲ့ တင်ပြတာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါ လူတွေရွှေ့ပြောင်းခံရတဲ့ကိစ္စအပေါ်မှာပဲ အရေးယူမှု ထည့်တွက်မှု တစိတ်တပိုင်းရှိပြီးတော့ အစောက ကိုမင်းဇင် ပြောတဲ့ အစီရင်ခံစာထဲမှာ ကြိုတင်ပြီး သတိပေးထားတဲ့ ငလျင်ပြတ်ရွေ့ကြောကြီးပေါ်မှာ ရှိနေတဲ့အတွက် အန္တရာယ်ကြီးမားတဲ့အခြေအနေ။ ဒါမှမဟုတ်လို့ ရေကာတာကြီးဆောက်မယ့် ဧရိယာပမာဏက သိပ်ကြီးမားတော့ ရေကာတာကြီးမှာ စုဆောင်းလာမယ့် ရေကြောင့် ငလျင်ကြောကြီးကို သွားပြီးတော့ လှုံ့ဆော်သလို ဖြစ်သွားနိုင်မယ့် အခြေအနေ။ တကယ်လို့များ ကျိုးပေါက်သွားရင် အကြေ မြစ်ခြေဘက်မှာ ရေလွှမ်းခံရမယ့်အခြေအနေ။ ဒါတွေအကုန်လုံးကိုက ပြည်သူလူထုကိုရော လူသိရှင်ကြား အသိပေးမှုတွေ၊ ဒါမှမဟုတ် ကြိုတင်တိုင်ပင်မှုတွေ မရှိဘူးလား။

ဦးမင်းဇင် ။ ။ ဒီ အစီရင်ခံစာရဲ့ သူတို့ပြောတဲ့ အရေးကြီးဆုံး အကြံပြုချက်က ဘာလဲဆိုတော့ ရေကာတာ (၇) ခု ဆောက်မယ့် စီမံကိန်းကို လုံးဝဖျက်သိမ်းပါလို့ အကြံပြုပါတယ်။ အကယ်၍ မဖျက်သိမ်းနိုင်လို့ ဆက်ဆောက်ချင်တယ်ဆိုရင် (၇) ခု ဆောက်စရာမလိုဘူး။ အထူးသဖြင့် မြစ်ဆုံမှာ ဆောက်စရာမလိုဘဲနဲ့ မေခ-မလိခ နေရာမှာ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်လို့ရပါတယ်။ အဲဒီ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်ရင်လည်း ဒါက ရေကာတာ (၇) ခု ဆောက်ရင်ရမယ့် လျှပ်စစ်စွမ်းအင် ပမာဏကို မလျော့ဘဲ ရစေနိုင်တယ်လို့ ပညာရှင်တွေက သုတေသနပြု တင်ပြကြပါတယ်။ သဘောကတော့ ဒါကို ဖျက်ပါ။ မဖျက်နိုင်ရင် အငယ်စား နှစ်ခုဆောက်ပါ-ပေါ့။ အဲဒါကို အဓိကအကြံပြုချက်ကို မြန်မာစစ်အစိုးရနဲ့ တရုတ်အာဏာပိုင်တွေက လုံးဝလျစ်လျူရှုတာကို တွေ့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ နှစ်ပိုင်း - တပိုင်းက ဘာလဲဆိုတော့ တရုတ်အစိုးရနဲ့ တရုတ် CPI - ရေကာတာ ဆောက်ပြီးရင်ရရှိမယ့် လျှပ်စစ်စွမ်းအားနဲ့ အကျိုးအမြတ်နဲ့ သူတို့ရဲ့ ရင်းနှီးမြုပ်နံှမှုတွေက တရုတ်ပြည်အတွက် အဓိကဖြစ်နေတော့ သဘာဝဘေးအန္တရာယ်ခံရမယ့် အခြေအနေတွေက ဗမာပြည်အတွင်းမှာ ဖြစ်နေတော့ သူတို့အနေနဲ့ ဂရုမစိုက်ဘူး ထားလိုက်ပါ။ ဒါပေမဲ့လည်း တဖတ်မှာ ပါဝင်နေတဲ့ မြန်မာအစိုးရပိုင်း။ အခု မြစ်ဆုံရေကာတာ စီမံကိန်းမှာ မြန်မာအစိုးရပိုင်းနဲ့ တခြား ပုဂ္ဂလိက ပိုင်းတွေ မြန်မာပိုင်းက ရင်းနှီးမြုပ်နံှနေတဲ့ ဦးဆောင်ပြီးလုပ်နေတဲ့လူတွေအနေနဲ့ကော ဗမာနိုင်ငံပိုင်းမှာ ကိုယ့်နိုင်ငံအတွင်းမှာ ဖြစ်မယ့် ရေရှည်ထိခိုက်မှုတွေကို သူတို့အနေနဲ့ ထည့်တွက်မှုမရှိဘူးလား။

ဦးမင်းဇင် ။ ။ တကယ်တော့ ဝမ်းနည်းစရာကောင်းတာက တရုတ်ပညာရှင်တွေရဲ့ အချက်အလက် အရပဲ ရမယ့်အကျိုးအမြတ် ၇၀% ကို တရုတ်နိုင်ငံက ယူမှာဖြစ်ပြီးတော့ သူတို့က ၃.၆ ဘီလီယံ ရင်းနှီးမြုပ်နံှထားတော့ ရမယ့်အကျိုးအမြတ်ရဲ့ ၇၀% ကို တရုတ်နိုင်ငံကယူမယ်။ မြန်မာနိုင်ငံကတော့ ၂၀% ရမယ်။ ၂၀% ဆိုတာ ဒေါ်လာနဲ့တွက်ရင် တနှစ်ကို သန်း ၅၀၀ လောက်ပဲ ရှိပါတယ်။ ကြားပွဲစားတွေက ၁၀% လောက် ရမယ်။ ကျနော်မြင်တာကတော့ ကြားပွဲစားတွေက သူတို့အတွက် အကျိုးစီးပွားသိပ်များတဲ့အခါကျတော့ ၁၀% ဆိုတဲ့ ပမာဏက သိပ်မနည်းပါဘူး။ သာမန် ပုဂ္ဂလိက အကြံပေးပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တို့ ရမယ့်ပမာဏက များပါတယ်။ အဲဒီအခါကျတော့ သူတို့တွေက ဒါကို မဖြစ်ဖြစ်အောင်။ ပညာရှင်တွေက မဆောက်နဲ့ ပြောပေမယ့် dam ဆောက်တာ ကိုက သူတို့အတွက် ပိုက်ဆံ ရပေါက်ရလမ်းဆိုတော့ သူတို့က မဖြစ်ဖြစ်အောင်လုပ်တဲ့ သဘောပါ။

မြန်မာစစ်အစိုးရဘက်ကတော့ တာဝန်မဲ့တဲ့အပိုင်းတွေ အများကြီးတွေ့ပါတယ်။ ဥပမာဆိုရင် မြစ်ကြီးနားကို စက္ကန့် ၂၀ အတွင်း ရေလွှမ်းမယ်။ မြစ်ကြီးနားတမြို့လုံး ပျောက်သွားမယ်ဆိုတာကို ပညာရှင်တွေက ပြောတဲ့အခါမှာ မြန်မာစစ်တပ်က ဘာလုပ်သလဲဆိုတော့ မပခ လို့ခေါ်တဲ့ မြောက်ပိုင်းတိုင်းကို မြစ်ကြီးနားကနေ ပူတာအိုကို ရွှေ့ဖို့ အမိန့်ပေးပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် မြန်မာ စစ်အစိုးရအနေနဲ့က ပြည်သူလူထုထက်စာရင် သူတို့ရဲ့ လုံခြုံရေး၊ သူတို့ရဲ့ စစ်တပ် မဟာဗျူဟာ ကိစ္စတွေကို စဉ်းစားနေတာ ဝမ်းနည်းစရာကောင်းတယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါ စစ်အစိုးရရဲ့ ရင်းနှီးမြှုပ်နံှမှုလား။ တခြား ဘယ်ကုမ္မဏီတွေ မြန်မာဘက်က ပါဝင်ပတ်သက်နေသလဲ။

ဦးမင်းဇင် ။ ။ ရင်းနှီးမြှုပ်နံှမှု အပြည့်အဝကတော့ တရုတ်ပြည်က များပါတယ်။ မြန်မာပြည်ဘက်က တော့ ပါဝင်ဆောင်ရွက်ပေးတာကတော့ Asia World ကုမ္မဏီက အဓိကလုပ်တာပါ။ Asia World ကုမ္မဏီဆိုတာကလည်း စတီဗင်လော လို့ခေါ်တဲ့ ဦးထွန်းမြင့်နိုင်က လုပ်တာပါ။ ဦးထွန်းမြင့်နိုင် ကလည်း အနောက်နိုင်ငံတွေရဲ့ စီးပွားရေးအရ ပစ်မှတ်ထား အရေးယူမှုတွေမှာ သူက ဘိန်းလုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး အရေးယူခံထားရတာ ဖြစ်ပါတယ်။ ဒါကလည်း အနောက်နိုင်ငံတွေမှ မဟုတ်ပါဘူး။ တရုတ်အစိုးရကိုယ်တိုင်လည်း သိပါတယ်။ ၂၀၀၉ ခုနှစ်လောက်က ဦးထွန်းမြင့်နိုင် တို့ ရန်ကုန်မှာ ဆောက်ထားတဲ့ သဘောၤဆိပ်ကနေ ထွက်သွားတဲ့ သဘောၤတွေမှာ ဘိန်းတွေပါတယ်ဆိုပြီး တရုတ်အစိုးရက သတင်းပေးလို့ မြန်မာစစ်တပ်က ဖမ်းခဲ့တယ်ဆိုတာ သတင်းထဲမှာ ဟိုလေးတကျော်ပါနေတာပါ။

ကျနော်ပြောချင်တာက Asia World ကုမ္မဏီက အဓိကပတ်သက်တယ်။ မြန်မာစစ်တပ်ထဲက စစ်ခေါင်းဆောင်တွေ ကြားရတဲ့သတင်းအရဆိုရင် ဦးတင်အောင်မြင့်ဦးတို့ အဓိက ပတ်သက်တယ်လို့ သိရပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေက အဓိကပတ်သက်တာမို့လို့ ဒီကိစ္စကို ပြန်လည်သုံးသပ်ဖို့ ပညာရှင်တွေရဲ့ အကြံပြုချက်ဟာ ထင်သလောက်မပေါက်ဘူး ဖြစ်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေသခံလူထုအနေနဲ့ ကျနော်တို့ကြားသိရတာကတော့ ဒေသခံ ကချင် လူထု၊ ဒေသခံ အန်ဂျီအိုတွေကနေ ရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေ၊ ကန့်ကွက်တဲ့စာတွေ လေ့လာချက်တွေ ထုတ်ထားတာကို တွေ့ရပါတယ်။ အလားတူပဲ ကေအိုင်အို ကချင်အဖွဲ့ကလည်း တရုတ်ပြည်ကိုတောင် စာရေးထားတယ်ဆိုတဲ့ အချက်တွေလည်း ကြားရပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဒေသတွင်း အခြေအနေတွေက ဘယ်လိုလဲ။

ဦးမင်းဇင် ။ ။ လုပ်ကြပါတယ်။ ဒေသခံ ကချင် ရပ်မိရပ်ဖတွေကော၊ ကချင်က အန်ဂျီအိုတွေ အားလုံး ဝိုင်းပြီးတော့ ဒီကိစ္စကို မလုပ်ဖို့ တရုတ်အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကို အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့တာတွေ ရှိပါတယ်။ အခုနပြောတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ကလည်း တရုတ်ပြည်ကို စာမျက်နှာ တစ်ရာကျော်လောက်ရှိတဲ့ အထောက်အထားတွေ ပူးတွဲပါဝင်တဲ့ စာတမ်းတွေ ပေးပို့တာရှိပါတယ်။ အဲဒီ စာတမ်းတွေမှာ တချို့အချက်အလက်တွေကို သေသေချာချာ အထောက်အထားနဲ့ တင်ပြထားတာပါ။ ဥပမာဆိုရင် အဲဒီဒေသမှာ ၁၉၅၀ ကနေ ၂၀၁၀ အထိ ရေကြီးမှု အကြီးအကျယ် (၇) ကြိမ် ဖြစ်ခဲ့တယ်။ ဒါတွေကို အထောက်အထားနဲ့ တင်ပြထားတာကို တွေ့ရပါတယ်။

နောက်တခါ ပြတ်ရွေ့ကြောကြောင့် မဟုတ်ဘဲ မြစ်က ရေစီးသန်တော့ ရေကြီးတဲ့အခါမှာလည်း ရေကာတာတွေရဲ့ အရည်အသွေးက သိပ်မကောင်းဘူး။ တရုတ်ရေကာတာရဲ့ အရည်အသွေးက သိပ်မကောင်းလို့ ရေကြီးတာကြောင့်လည်း ပြိုနိုင်ပါတယ်။ အဲဒါလည်း အထောက်အထားရှိပါတယ်။ ၂၀၀၆ ခုနှစ်က ချင်းခရိုင် ရေကာတာ မြစ်ကြီးနား နားမှာ ပြိုခဲ့ဖူးပါတယ်။ အဲဒါ ရေကြီးလို့ပါ။ လူ (၅) ယောက်လောက် သေခဲ့ပါတယ်။ အဲဒီလိုမျိုးပဲ ဝါရှောင်ဆည်ဆိုလည်း လုံးဝပျက်သွားတာ ရှိပါတယ်။ ဒါတွေက အထောက်အထားနဲ့တကွ အထက်ကို တင်ပြတာပါ။ အခုအချိန်အထိတော့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေရဲ့ တင်ပြချက်တွေကို အရေးတယူ စဉ်းစားတာ မတွေ့ရသေးပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အခုနောက်ပိုင်း လေ့လာချက်စာတမ်း အပြင်ကိုပေါက်ကြားပြီးနောက်ပိုင်းမှာ ကိုမင်းဇင်တို့အနေနဲ့လည်း တရုတ်ပြည်ဘက်ကို ရောက်ခဲ့တယ်။ အလားတူပဲ မကြာသေးခင်က တရုတ်ပညာရှင်တချို့၊ မြန်မာပညာရှင်တချို့နဲ့ တွေ့ခဲ့တယ်ဆိုတာကိုလည်း ကျနော်ကြားရပါတယ်။ သူတို့ရဲ့ သဘောထားတွေက ဘယ်လိုရှိပါသလဲ။

ဦးမင်းဇင် ။ ။ တရုတ်ဘက်ကတော့ များသောအားဖြင့် ဒါကို သူတို့က နှစ်နိုင်ငံအကျိုးစီးပွား။ ဒါက အားလုံးကောင်းဖို့အတွက်ဆိုပြီး ဗြောင်ငြင်း ခုခံတာကို တွေ့ရပါတယ်။ မြန်မာပညာရှင်တွေ၊ မြန်မာ အန်ဂျီအိုတွေနဲ့ မြန်မာပြည်သားတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော်ကို မခံမရပ်နိုင် ဖြစ်ကြပါတယ်။ ဒါကတော့ သူတို့အတွက် ဒါကို မြစ်ဆုံပြဿနာလို့ ကြည့်လို့မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလေ့လာချက်ဟာ အချက်တချက်ကိုပဲ လေ့လာရသေးတာပါ။

ဥပမာဆိုရင် ဒီမြစ်ကြီးကို အဆင့် (၇) ဆင့် ပိုင်းလိုက်လို့ နုန်းမြေစီးဆင်းမှုတွေ မရှိတော့ဘဲနဲ့ မြစ်ဝကျွန်းပေါ်မှာ စပါးအထွက်တွေ နည်းသွားမယ်။ မြစ်ကြီးနှေးသွားတဲ့အတွက်ကြောင့် ပင်လယ်ရေတွေ ဝင်လာပြီး ပင်လယ်ရေတွေကြောင့် မြစ်ဝကျွန်းပေါ် ပျက်နိုင်တယ်။ အဲဒီလိုမျိုး မြစ်ကောသွားနိုင်တယ်။ အများကြီးရှိပါတယ်။ ဖြစ်နိုင်ချေတွေ။ ဒါတွေကို စံနစ်တကျ သုတေသနပြုပြီး ဒါတွေကို ပညာရှင်တွေက အစီရင်ခံစာတွေ ထပ်တင်သွင်းသင့်ပါတယ်။ အဲဒီလိုမျိုး မလုပ်ဘဲ ဒါကို အမှောင်ချထားတဲ့အတွက်ကြောင့် ဗမာလူမျိုးတွေ၊ ဗမာနိုင်ငံသားတွေအားလုံးကတော့ ဒါကို မခံမရပ်နိုင် ဖြစ်ပါတယ်။ ဒါတွေကို ခြုံကြည့်မယ်ဆိုရင် တရုတ်ကတော့ ကိုသန်းလွင်ထွန်း ပြောသလိုမျိုး သူ့ရဲ့ နိုင်ငံရေးဘောဂဗေဒ စီးပွားရေးအကျိုးစီးပွားအတွက် လုပ်မှာပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေက ဒီကိစ္စကို ကိုယ်လည်း ရမှာပါ ဘာမှမရှိဘူး။ ပေးလိုက်ရမှာက မြန်မာပြည် ပြောင်းသွားမယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့တွေကိုယ်တိုင် ဒီကိစ္စကို ထထကြွကြွနဲ့ ပညာရှင်တွေရဲ့ အကြံဉာဏ်ကိုယူ၊ ဖြစ်နိုင်မယ်ဆိုရင် ဒီ dam ကို ချက်ချင်းရပ်ဆိုင်းဖို့ အားလုံး ဝိုင်းကြိုးစားကြ။ ဒီကိစ္စမှာ တပ်မတော်၊ လက်ရှိအစိုးရနဲ့ အတိုက်အခံတွေအားလုံး ပါနိုင်မယ် ဆိုရင်တော့ တိုင်းပြည်အတွက် ပိုကောင်းပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင် ကို ဆက်သွယ်မေးမြန်းထားတာပါ။

XS
SM
MD
LG