သုံးရလွယ်ကူစေသည့် Link များ

စစ်အစိုးရလက်အောက် ပျောက်ကွယ်မှေးမှိန်လာတဲ့ အာဇာနည်နေ့


ဦးသန်းလွင်ထွန်း၊ ဦးဝင်းဖေ၊ ဦးမြင့်ဝေ
ဦးသန်းလွင်ထွန်း၊ ဦးဝင်းဖေ၊ ဦးမြင့်ဝေ

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာ ကွယ်လွန်သူ နိုင်ငံတော်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့ အာဇာနည်နေ့ အခမ်းအနားတွေဟာ အခုနောက်ပိုင်းကာလတွေမှာ အကျဉ်းချုံးလုပ်လာတာကို တွေ့ရပါတယ်။ တဘက်မှာ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် နေပြည်တော်မှာ တပ်မတော်နေ့နဲ့ ပတ်သက်တဲ့ အခမ်းအနားတွေကို ကြီးကျယ်ခမ်းနားစွာ ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ ဒီအခြေအနေတွေက ဘာကြောင့်လဲ - မြန်မာနိုင်ငံမှာ အာဇာနည်ကြီးတွေရဲ့ ဂုဏ်သိက္ခာနဲ့ အမှတ်တရ ရှိနေမှုတွေကို တဖြည်းဖြည်း မှေးမှိန်းသွားလာနေအောင် ဖော်ဆောင်နေတဲ့ သဘောတွေလားဆိုတာကို ဒီတပတ် မြန်မာ့အရေး (ဒီမိုကရေစီ) ရေးရာကဏ္ဍမှာ ဦးသန်းလွင်ထွန်း က စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဦးဝင်းဖေ နဲ့ မြန်မာ့တပ်မတော် (လေ) မှာ အမှုထမ်းဆောင်ခဲ့သူ တပ်မတော်သားဟောင်း ဦးမြင့်ဝေ တို့နဲ့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပထမဦးဆုံးအနေနဲ့ ကျနော်တို့ရဲ့ အာဇာနည်နေ့ အခမ်းအနား - မြန်မာနိုင်ငံမှာနောက်ပိုင်း စစ်အစိုးရ တက်လာခဲ့ပြီးနောက်ပိုင်းမှာ အာဇာနည်နေ့အခမ်းအနားတွေဟာ တဖြည်းဖြည်းနဲ့ အကျဉ်းချုံးလုပ်လာတာကို ဆရာအနေနဲ့ လေ့လာမိပါသလား။

ဦးဝင်းဖေ ။ ။ ဒါတွေက လူတော်တော်များများလည်း သတိထားမိကြပါတယ်။ ကျနော်အနေနဲ့ ဒါတွေက အကျဉ်းရုန်းလုပ်တာထက် နည်းနည်း ရည်ရွယ်ချက်ရှိရှိနဲ့ မှေးမှိန်လာအောင် လုပ်နေသလားလို့ ကျနော်တွက်ပါတယ်။ ဒါက ကျနော်အနေသက်သက် မဟုတ်ဘဲ ဒီလို တွေးတဲ့လူတွေ အများကြီး ရှိပါတယ်။ ဒီဟာ ဘယ်က စတယ်ဆိုတာလည်း လူတွေ သတိထားမိကြပါတယ်။ ကျနော်တို့ သတိထားမိကြတာကတော့ မဆလခေတ် စစ်တပ်ရဲ့ ဗိုလ်ချုပ်ခေါင်းဆောင်ကြီး နေဝင်းလက်ထက်ကတည်းက ဒီကိစ္စတွေ စပြီးတော့ ပေါ်လာတယ်လို့ ကျနော် ယူဆပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီတုန်းက စစ်တပ် အာဏာသိမ်းချိန်ကတည်းက အာဇာနည်နေ့ နီးပြီဆိုရင် ဗိုလ်ချုပ်ကြီးနေဝင်း က ပြည်တွင်းဆိုလည်း ခရီးဝေးဝေးကို သွားနေတက်တယ်။ ဒါမှမဟုတ် ပြည်ပကို သွားနေတက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူက အာဇာနည်နေ့ကို ရှောင်တဲ့သဘောရှိတယ်။ ဒါက အများသိနေပြီး တော်တော်လေးကို လူသိများတဲ့ကိစ္စက ဘာလဲဆိုတော့ ဗိုလ်ချုပ်ကြီးနေဝင်း နဲ့ ဗိုလ်ချုပ်အောင်ဆန်း က သိပ်ပြီးမသင့်ကြဘူး။ ဗိုလ်ချုပ်အောင်ဆန်း က ဗိုလ်ချုပ်ကြီးနေဝင်း ကို အများကြီး ဝေဖန်ခဲ့ဘူးတယ်။ ပြောရရင် ဆူပူခဲ့ဘူးတယ်၊ ကြိမ်းခဲ့ဘူးတယ်။ သူက အဲဒါကို သဘောမကျခဲ့ဘူး။ သူ အာဏာရလာတဲ့အခါကြတော့ အနည်းနဲ့အများ ဒါကို မကြိုက်ဘူး။ သို့သော် အဲဒီတုန်းက အာဇာနည်နေ့ကို မှေးမှိန်အောင်လုပ်တာတို့ မရှိပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီ မဆလခေတ်တုန်းက ကြုံတွေ့ခဲ့ရတာကတော့ အထူးသဖြင့် ဆရာပြောခဲ့သလို ဗိုလ်ချုပ်ကြီးနေဝင်း က အာဇာနည်နေ့ဆို တိုင်းပြည်အပြင် ထွက်ရှောင်နေတာတို့။ ဒါတောင်မှ တိုင်းပြည်မှာ အာဇာနည်နေ့ ဆိုရင် အာဇာနည်ဗိမာန်ကို သံတမန်တွေ ဖိတ်ကြားတယ်၊ နိုင်ငံတော်ရဲ့ ဒုတိယ သို့မဟုတ် ထိပ်တန်းခေါင်းဆောင်ကြီးတွေ သွားပြီး လွမ်းသူပန်းခွေချ အထိမ်းအမှတ်တွေ၊ ဂါရဝပြုတာတွေ ရှိပါတယ်။ အလားတူ လမ်းမှာတွေပေါ်မှာ ဥသြဆွဲတာ၊ အာဇာနည်နေ့ အထိမ်းအမှတ် သီချင်းတွေ ထတု်လွှင့်ပေးခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါတွေက စစ်အစိုးရနောက်ပိုင်းမှာ ပိုပြီးတဖြည်းဖြည်း လျော့ကျလာတဲ့သဘောကို တွေ့ရတယ်။ ဲဒါနဲ့ ပတ်သက်ပြီး ဘန်ကောက်ရုံးမှာရှိတဲ့ ကိုမြင့်ဝေ အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဦးမြင့်ဝေ ။ ။ အဲဒီကိစ္စမှာ ဗိုလ်ချုပ်ကြီးသန်းရွှေ က ဗိုလ်ချုပ်ကြီးစောမောင် ကျန်းမာရေးကြောင့် ရာထူးမှ အနားယူပြီးနောက် ဗိုလ်ချုပ်သန်းရွှေ အာဏာရလာတဲ့ ၁၉၉၂ ခုနှစ် (၆) လအတွင်း ဗမာတပ်မတော် တပ်မအသီးသီးမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဓါတ်ပုံတွေအကုန်လုံးကို တပ်စခန်းရုံးများမှ ဖြုတ်ချဖို့ စအမိန့်ပေးခဲ့တာ။ အဲဒါ တပ်ထဲမှာတော့ ထင်ထင်ရှားရှား သိသိသာသာ ဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတို့ရဲ့ သမိုင်းတွေကို ဖျောက်ဖျက်ဖို့ စကြိုးစားခဲ့တာ။ တပ်စခန်းအသီးသီးမှာဆိုရင် ဟိုတုန်းက အာဇာနီနေ့ဆိုရင် စစ်ရေးပြအခမ်းအနားတွေ လုပ်ပြီးတော့ ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲ၊ ငြိမ်သက်စွာ အလေးပြုတာတွေ လုပ်ကြတယ်။ ဒီနေ့ တပ်စခန်းအသီးသီးမှာတော့ ဒါတွေ ၉၂ ခုနှစ်ကတည်းကစပြီး မကျင်းပကြတော့ဘူး။ အခုန ဆရာဦးဝင်းဖေ ပြောသလို အာဇာနည်ဂုံမှာ နိုင်ငံတော်အဆင့်တွေ၊ သံတမန်အဆင့်တွေကို အကျဉ်းချုံးလုပ်လာခဲ့တာ အခုအချိန်အထိပါ။

ဦးသန်းလွင်ထွန်း ။ ။ နောက်တခုက အာဇာနည်လို့ ပြောလို့ရှိရင်တော့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပေါ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်တယ်ဆိုတဲ့ ပြောဆိုချက်တွေမှာ ကျနော်တို့ မြင်နေရတာက ငွေစက္ကူတွေမှာ ဗိုလ်ချုပ်ရဲ့ ရုပ်ပုံတွေ ပျောက်ကွယ်သွားခဲ့တာ ရှိပါတယ်။ ဆိုတော့ နိုင်ငံတနိုင်ငံရဲ့ ဗိသုကာ၊ နိုင်ငံရဲ့ အကျိုးကို ကိုယ်ကျိုးစွန့် ဆောင်ရွက်သွားခဲ့တဲ့ အာဇာနည်ကြီးတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာကို ကြည့်မယ်ဆိုရင် အမေရိကမှာဆိုရင် ဂျော့ရှ် ဝါရှင်တန် (George Washington) တို့ ပုံရိပ်တွေ အစ နိုင်ငံတကာမှာ ငွေစက္ကူတွေမှာ အထိမ်းအမှတ်အနေနဲ့ တန်းဖိုးထားတယ်။ အာဇာနည်နေ့တွေ၊ သူတို့ရဲ့ အထိမ်းအမှတ် အခမ်းအနားတွေကို တခမ်းတနားကြီး ကျင်းပပြီးတော့ နောင်လားနောင်သားတွေ အမှတ်ရနေအောင်၊ လေးစားအတုယူနိုင်အောင် လုပ်ကြတာရှိတယ်။ ဒါကို ဗမာပြည်မှာကြတော့ ဒီအချိန်အနေကနေ တဖြေးဖြေးနောက်ဆုတ်လာနေရတာလဲ။

ဦးဝင်းဖေ ။ ။ ဒီအချက်ကတော့ ရှင်းပါတယ်။ လူတွေလည်း တော်တော်လေး တွေးကြတာရှိပါတယ်။ ဒီဘက်မှာ စစ်အစိုးရက ၈၈ အရေးအခင်း နောက်မှာ စစ်အစိုးရနဲ့ အပြိုင်အဆိုင်ဖြစ်လာတဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စ၊ ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်နေတယ်။ အပြိုင်အဆိုင်ကိစ္စမှာ ဒါ သူကို မှေးမှိန်အောင်လုပ်ချင်တဲ့ ကိစ္စ အစီအစဉ်ထဲမှာလည်း ပါနေပါတယ်။ ပါနေတော့ အာဇာနည်နေ့ဆိုတာကလည်း တကယ့် ဦးဆောင်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေတယ်။ ရှိနေတော့ တဘက်ကလည်း ဗိုလ်ချုပ်အောင်ဆန်း သမီးနဲ့က သူတို့နဲ့ အပြိုင်အဆိုင် (ဆန့်ကျင်ဘက်လို့ ပြောစရာမလိုပါဘူး)။ ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍကလည်း ပြည်တွင်းမှာလည်း လူထုရဲ့ ထောက်ခံမှု အများကြီးရတယ်။ ပြည်ပမှာလည်း သူကို ထောက်ခံမှု အများကြီးရတယ်။ တက်နိုင်သမျှ သူကို မှေးမှိန်အောင် ထောင့်မျိုးစုံကလုပ်ဖို့ ရှိပါတယ်။ အာဇာနည်နေ့နဲ့ ပတ်သက်လို့ကလည်း အချက်တချက်၊ ဒါလုပ်သင့်တယ်လို့ ယူဆတဲ့ အနေအထားလည်း ဒီလိုလည်းပါတယ်။ နောက်တခုက စစ်အာဏာရှင် ကျင့်သုံးနေတာနဲ့ ပတ်သက်လို့ ဆန့်ကျင်ဘက်ကိစ္စ လူစုလူဝေး စုမယ့်နေရာကို မကြိုက်တော့ အာဇာနည်နေ့ အာဇာနည်ဂုံဆိုတာ လူစုလူဝေးက စုနိုင်တော့ ဒါတွေလည်း မကြိုက်တော့ အဲဒါတွေနဲ့ပတ်သက်ပြီး နည်းနည်း မှေးမှိန်သွားအောင်၊ အားလျှော့သွားအောင် လုပ်တဲ့အနေအထားတွေ အများကြီးရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကျနော် လေ့လာမိတာကတော့ မှတ်မိတဲ့ကိစ္စတခုက ၁၉၈၉ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့။ အဲဒီ အချိန်က ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ခေါင်းဆောင်များ အာဇာနည်နေ့ကို ချီတက်ကြဖို့ စီစဉ်ထားကြပါတယ်။ ဒါက အာဇာနည်များကို ဂုဏ်ပြုတဲ့အနေနဲ့ လူထုညီညွတ်တဲ့ သဘောပြသတဲ့ သဘောဖြစ်တယ်။ ဒီကိစ္စမှာ မြန်မာစစ်အစိုးရက တားဆီးဖို့ လုပ်မယ်ဆိုတဲ့ သတင်းတွေထွက်ပြီးတဲ့ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒီနေ့ကစပြီးတော့ အကျယ်ချုပ်တွေ စခံရတော့တယ်။

ဦးဝင်းဖေ ။ ။ ဒါက ထင်ရှားတဲ့ကိစ္စတွေပါ။ မှေးမှိန်အောင် လုပ်တဲ့ကိစ္စဟာ အာဇာနည်နေ့တွင် မဟုတ်ပါဘူး ကျန်တဲ့နေရာတွေ ကျောင်းသားတွေအခန်းကဏ္ဍ မှေးမှိန်အောင် လုပ်တာလည်း ရှိပါတယ်။ သမဂ္ဂ အဆောက်အဦးကြီးကို ဖျက်ပစ်လိုက်တာ၊ ဖေါက်ခွဲပစ်လိုက်တာ ဒါတွေလည်းရှိတယ်။ ကျောင်းသားတွေ နဂိုက ရှိနေတဲ့ တက္ကသိုလ်နေရာတွေ ရန်ကုန်တက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ စက်မှုလက်မှု တက္ကသိုလ်တွေကို အကုန်လုံး ပြန့်ထွက်သွားအောင်၊ လူစုလူဝေ လုပ်လို့မရအောင် လုပ်တာတွေ အများကြီးရှိပါတယ်။ အဲဒါတွေနဲ့ တညီတည်း ဒီလိုလုပ်တယ်လို့ အဓိပ္ပါယ်ရှိပါတယ်။ ဒါပေမဲ့ လူထုအနေနဲ့က အာဇာနည်ဗိမာန်ကို အာဇာနည်နေ့မှာ ချီတက်ကြမယ်၊ အလေးပြုကြမယ်ဆိုလိုရှိရင် ဒါကို ဘယ်လိုလုပ်မှာလဲ။ ဒါကို ဘယ်လိုတား၊ ဘယ်ဥပဒေနဲ့ အရေးယူမလဲ။ ဘုရားရင်ပြင်တော်ကို သွားသလိုပဲ သွားရမယ်။ ဒါက လူထုရဲ့ အစိတ်အပိုင်းက သက်သက်ဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုပြောသလိုဆိုရင် မြန်မာနိုင်ငံမှာ စစ်အစိုးရလက်အောက်မှာ အာဇာနည်တွေရဲ့ အခန်းကဏ္ဍက မှေးမှိန်နေသလို ဖြစ်နေပေမယ့် တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လိုရှိရင်တော့ အထူးသဖြင့် မတ်လ (၂၇) ရက်နေ့ တပ်မတော်နေ့ဆိုရင် နေပြည်တော်မှာ အကြီးအကျယ် အခမ်းအနားကြီးတွေလုပ်ပြီးတော့ ကျင်းပကြပါတယ်။ အလားတူ တပ်မတော်နဲ့ ပတ်သက်လို့ လှုံဆော်တဲ့ စာတမ်းတွေ၊ ကြေညာချက်စာတမ်းတွေ - တပ်မတော်ကို မြှင့်တင်ရေး ဂုဏ်ရောင်မြှင့်တင်တဲ့ကိစ္စတွေက အမြဲတမ်းလုပ်ဆောင်နေတယ်ဆိုတော့ အာဇာနည်နေ့ အခမ်းအနား မှေးမှိန်သွားပေမယ့် စစ်တပ်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ အတော်လေး လုံးပမ်းနေတာကို တွေ့ရတယ်။ ဆိုတော့ တပ်မတော်သားဟောင်းတဦးဖြစ်တဲ့ ကိုမြင့်ဝေ အနေနဲ့ အာဇာနည်တွေရဲ့ အခန်းကဏ္ဍနဲ့ တပ်မတော်အခန်းကဏ္ဍ နှစ်ခုယှဉ်ပြီးတော့ ဘယ်လိုဖြစ်သင့်တယ်လို့ ယူဆပါသလဲ။

ဦးမြင့်ဝေ ။ ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ပထမဦးဆုံး ဗမာတပ်မတော်ရဲ့ ဦးစီးချုပ်၊ တပ်မတော်ရဲ့ဖခင် ဖြစ်တယ်။ တကယ်တော့ ဗိုလ်ချုပ်ကို တပ်မတော်ရဲ့ ပထမဦးဆုံး ဦးစီးချုပ်၊ တပ်မတော်ကို ထူထောင်ခဲ့တဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း အပေါ်မှာ ဗိုလ်ချုပ်သန်းရွှေ နဲ့ တချို့တပ်မတော် ဗိုလ်ချုပ်တွေ ဒီနေ့ သစ္စာဖောက်နေတယ်။ ဒီလို သစ္စာဖောက်မှတော့ တပ်မတော်ကို ဦးစီးချုပ်ကို သစ္စာဖောက်တယ်၊ ဖခင်ကို သစ္စာဖောက်တဲ့ တပ်မတော်ဟာ ဒီနေ့ ဘယ်လောက်ကြီး တပ်မတော်နေ့ အခမ်းအနားကို စစ်သည်တွေ စစ်ရေးပြအခမ်းအနား ပါဝင်တာ သောင်းနဲ့ ချီတက်နေလည်း ဒီတပ်မတော်ကြီးက ပြည်သူတွေထဲမှာ၊ တကမ္ဘာလုံးမှာ သူများ တံတွေးခွက်ထဲမှာ ပက်လက်မျောနေတယ်။ ဒီနေ့ စစ်သည်တွေထဲမှာ အရာရှိတွေကိုယ်တိုင် ကိုယ့်ကိုကိုယ် အရာရှိလို့ မပြောချင်၊ ငါ တပ်မတော်သားလို့ မပြောချင်ဘဝကို ရောက်နေရင် အဲဒီ အဆောင်အယောင်၊ အခမ်းအနားတွေထက် ဒီနေ့ တပ်မတော်ထဲမှာ တပ်စခန်းအသီးသီးမှာ ဗိုလ်ချုပ်ရဲ့ ဓါတ်ပုံတွေကို အရင်ဆုံး ပြန်ချိန်ပြီး ကိုယ့်တပ်ရဲ့ ဂုဏ်သိက္ခာကို တပ်ထဲမှာ အရင်ပြန်ယူဆောင်ရပါမယ်။ ဘာကြောင့်လည်းဆိုတော့ ဗိုလ်ချုပ်က ဗမာတပ်မတော်အတွက် စစ်သည်တော်ကောင်း တယောက်ဖြစ်တယ်၊ တကယ့် စံပြ တပ်မတော်သားကောင်းကြီး ဖြစ်တယ်။ အဲဒီ စံပြတပ်မတော်သားကောင်းကြီးကို အတုယူပြီး ကျနော်တို့ တပ်မတော်သားတွေ အကုန်လုံးက လိုက်ပြီးကျင့်သုံးနိုင်တဲ့ အခြေအနေကို ဖန်တီးမှ ဒီတပ်မတော်ကို ပြည်သူက လေးစားမယ်၊ တပ်မတော်အပေါ်မှာ ဂုဏ်ယူလာမှ တပ်မတော်က တောက်ပြောင်မှာ။ ဒါမှ ပြည်သူကလည်း ချစ်မှာ။ အဆောင်အယောင် အခမ်းအနားတွေ စစ်သည်ပေါင်းများစွာ ပြည်သူတွေ ပိုက်ဆံတွေ အများကြီးသုံးပြီး ကျင်းပနေလို့လည်း တပ်မတော်ရဲ့ ဂုဏ်သိက္ခာမြှင့်တင်လာမှာ မဟုတ်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခု တပ်မတော်ထဲမှာ အာဇာနည်တွေကို အလေးပြုနေတုန်းပဲ မဟုတ်ဘူးလား။

ဦးမြင့်ဝေ ။ ။ အလေးပြုနေတုန်းကတော့ ဒုတိယအချက်ဖြစ်တဲ့ နေ့စဉ်သီဆိုနေရတဲ့ သစ္စာဓိဌာန်း လေးချက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များနဲ့ ကျဆုံးလေပြီသော စစ်သည်တော်၊ တပ်မတော်သားများရဲ့ သစ္စာကို စောင့်သိရိုသေပါပြီ ဆိုတဲ့နေရာမှာ အခုက ကျဆုံးလေပြီသော တပ်မတော်သားများရဲ့ သစ္စာကို စောင့်သိရိုသေပါမည်ဟု ပါးပါးလေးဖြစ်သွားတယ်။ အဲဒီအခါကြတော့ သစ္စာဆိုနေပေမယ့် ကျဆုံးလေပြီ တပ်မတော်သားလို့ပဲ ပြောခဲ့တယ်။ အာဇာနည်ခေါင်းဆောင်များနဲ့ စစ်သည်များဆိုတဲ့ သစ္စာဓိဌာန်း လေးချက်က မှေးမှိန်သွားတယ်။ အဲဒီတော့ ဒီနေ့လက်ရှိ တပ်မတော်သားတွေ ကိုယ်တိုင်က ၉၂ ခုနှစ်မှာ ဗိုလ်ချုပ်သန်းရွှေ က ဗိုလ်ချုပ်အောင်ဆန်း ပုံကို တပ်စခန်းအသီးသီးက ပယ်ဖျက်ဖို့ ကြိုးစားတဲ့အချိန်မှာ ဘာဖြစ်လို့ မဆန့်ကျင်တာလဲ။ ဘာဖြစ်လို့ မကန့်ကွက်တာလဲ။ မိမိတို့ရဲ့ ဦးစီးချုပ်တွေကို တပ်မတော်တိုင်း၊ နိုင်ငံတိုင်းမှာ အလေးအနက်ထားတယ်။ အသိအမှတ်ပြုရတယ်။ မှတ်တမ်းထားရတယ်။ ဗိုလ်ချုပ်က ထူးခြားတဲ့ အာဇာနည်ခေါင်းဆောင်တဦး ဖြစ်တဲ့အတွက် ဘာကြောင့် ဗိုလ်ချုပ်ပုံကို ဖြုတ်ချခိုင်းတာကို ကျနော်တို့ တပ်မတော်တခုလုံးကို ငြိမ်သက်နေတာလဲ။

ဦးသန်းလွင်ထွန်း ။ ။ နှိုင်းယှဉ်ပြောရမယ်ဆိုရင် အထူးသဖြင့် ကိုယ်ကျိုးစွန့်အနှစ်နာခံသူတွေရဲ့ ပုံရိပ်တွေကို ထင်ထင်ရှားရှား ပြသလိုက်ခြင်းအားဖြင့် ကိုယ်ကျိုးရှာ၊ စီးပွားရှာ ဖြစ်ရပ်တွေကို မီးမောင်းထိုးပြ ပြလိုက်သလို ဖြစ်သွားမှာ စိုရိမ်လို့ အခုလို ဖြစ်ရပ်တွေဖြစ်နေတာလားဆိုတဲ့ အတွေးလည်း ပေါ်မိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဆရာဦးဝင်းဖေ အနေနဲ့ မှတ်ချက်ကလေးတခုလောက် ပြောပေးပါ။

ဦးဝင်းဖေ ။ ။ လုပ်တဲ့လုပ်ရပ်တွေမှာ ကျနော်တို့ ဗမာစကားပုံနဲ့ လိုရင်းကိုပြောချင်ပါတယ် - ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်နဲ့လေး ဆိုသလို ဒီလုပ်ရပ်တွေ တချိန်က ခေါင်းဆောင်တွေ၊ အာဇာနည်တွေကို မှေးမှိန်အောင်လုပ်၊ နောက် ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော် ဆိုသလို လုပ်တဲ့နေရာမှာ အမြတ်မရဘဲ အရှုံးထွက်နေတယ်။ ပြည်သူရဲ့အမြင်ကတော့ ဒီလိုဖြစ်နေတယ်။ ဒီလိုတွေ မြင်ကြတယ်၊ ဒီလိုတွေ ပြောကြတယ်၊ ဒီလိုတွေ စိတ်မကောင်း ဖြစ်ကြတယ်ဆိုတာတွေကို မြင်ရတယ်။ ဒါတွေက ကျနော်တို့ အတော် အထင်အရှားတွေ့နေရတယ်။ တပ်တွေထဲမှာ ဆွေးနွေးကြတာ၊ ပြောကြတာတွေကို ကျနော်တို့ ကြားနေရပါတယ်။

XS
SM
MD
LG