သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် ဓာတုလက်နက် သုံးစွဲနေမှု ရှိမရှိ


မြန်မာစစ်တပ် ဓာတုလက်နက် သုံးစွဲနေမှု ရှိမရှိ

ဦးသန်းလွင်ထွန်း ။ ။ မြန်မာစစ်အစိုးရနဲ့ တချိန်က အပစ်အခတ်ရပ်စဲရေး သဘောတူထားခဲ့တဲ့ SSA (Shan State Army) ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ဟာ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရေးကို လက်မခံခဲ့တဲ့နောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းဒေသဟာ စစ်မြေပြင် ပြန်ဖြစ်လာခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ မြေလှန်ထိုးစစ်ကြောင့် ဒေသခံရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသလို SSA တပ်ဖွဲ့စခန်းတွေကို ချေမှုန်းတိုက်ဖျက်နိုင်ဖို့ အကြီးအကျယ် ကြိုးစားနေတဲ့ မြန်မာစစ်တပ်အနေနဲ့ ရွာမီးရှို့ မှု အဓမ္မပြုကျင့်မှု လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် ဓာတုလက်နက်တွေကိုပါ အသုံးပြု တိုက်ခိုက်လာနေပြီဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း နယ်စပ် ဒေသမှာ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတဲ့ အမေရိကန်အခြေစိုက် Global Refuge International အဖွဲ့ရဲ့  ဒါရိုက်တာတဦးဖြစ်သူ Jaden McNeely က တရုတ်ပြည် ယူနန်နယ်စပ်အနီး ရှမ်းပြည်နယ်အတွင်းမှာ သူကြုံတွေ့ခဲ့ရတာတွေကို ဗွီအိုအေ ကို ပြောဆိုခဲ့ပါတယ်။

Jaden McNeely ။ ။ ရှမ်းပြည်တွင်းမှာ ကျန်းမာရေး ကူညီစောင့်ရှောက်မှုနဲ့ သင်တန်းတွေပေးဖို့ ကျနော်တို့ ရောက်နေခဲ့တာပါ။ စစ်ပွဲအခြေအနေ တိုက်ပွဲအကြောင်းတွေ လေ့လာဖို့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ ကျနော်တို့ ရောက်နေတဲ့ မတ်လအဆန်းပိုင်းမှာပဲ တိုက်ပွဲတွေ စလာခဲ့ပြီးတော့ အဲဒီ နောက်ပိုင်းမှာ အတော်ကို တုန်လှုပ်စရာကောင်းတဲ့ သတင်းတွေ ဆက်တိုက်ကြားလာရပါတယ်။ ရွာတွေ ဖျက်ဆီးဖယ်ရှားခံရတယ်။ ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ အပစ်ခံရတယ်။ အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်မှု၊ ပေါ်တာဆွဲမှုသတင်းတွေလည်း ထွက်ပေါ်လာခဲ့တယ်။

ဦးသန်းလွင်ထွန်း ။ ။ Jaden McNeely တို့ရဲ့  Global Refuge International အဖွဲ့ဟာ ရှမ်းပြည်နယ် နယ်စပ်အတွင်းမှာ ဆေးပေးခန်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှုသင်တန်းတွေ စီစဉ်ပေးနေရင်း ဒေသအတွင်းမှာရှိနေတဲ့ ကျေးရွာသားတွေအပြင် SSA မြောက်ပိုင်း ရှမ်းတပ်ဖွဲ့ဝင်များနဲ့လည်း ထိတွေ့ ဆက်ဆံလာရပါတယ်။ ပုံမှန် ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျှော၊ အာဟာရချို့တဲ့မှုနဲ့ မိခင်နဲ့ခလေး ရောဂါများအပြင် ပြီးခဲ့တဲ့ ဇွန်လပိုင်းမှာ ထူးခြားတဲ့ပြဿနာတွေ တွေ့မြင်လာရတယ်လို့ Jaden McNeely က ပြောပါတယ်။

Jaden McNeely ။ ။ ပထမဦးဆုံး ကြားသိရတာတော့ SSA မြောက်ပိုင်း ရှမ်းစစ်သားတွေ ဗုံး အစအနတွေ မှန်ပြီး ဒါမှမဟုတ် မီးခိုးငွေ့တွေ ရှူမိပြီး ပုံမှန်မဟုတ်တဲ့ ဝေဒနာတွေ ခံစားရတယ်ဆိုတဲ့ သတင်းပါ။ ဒီ အကြောင်းတွေကို ဆက်စပ်လေ့လာလိုက်တဲ့အခါ ကျနော်တို့အနေနဲ့ လက်နက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေမဟုတ်ပေမယ့်လည်း ဒါတွေဟာ ပုံမှန်ဝေဒနာ ခံစားရမှုမျိုး မဟုတ်ဘူး ဆိုတာတော့ သတိပြုမိလာပါတယ်။ ဒီ ဝေဒနာခံစားလာခဲ့ရတဲ့ လူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေပေးရင် ကျနော်တို့အနေနဲ့ မေးခွန်းတွေ တိတိကျကျ မေးခဲ့ပါတယ်။ ဘယ်နေရာမှာ ဘယ်လို ဖြစ်ခဲ့တာလဲ။ ဘယ်လိုဝေဒနာတွေ စပြီးခံစားရပါသလဲ စသဖြင့်ပေါ့။ တချို့ ဆိုရင် အသက် (၄၀) ကျော် အရာရှိအဆင့်ရှိသူတွေပါ ပါဝင်ပြီးတော့ စစ်ပွဲအတွေ့အကြုံတွေလည်း အတော် ရင့်ကျက်သူတွေ ဖြစ်တာကြောင့် ဘယ်လိုဗုံးအမျိုးအစားလဲ။ အရင်က ဒါမျိုးကြုံဖူးသလား စသဖြင့် မေးခွန်းတွေပါ မေးခဲ့ပါတယ်။ မေးခဲ့သမျှ လေ့လာခဲ့သမျှထဲမှာ ဖြစ်ခဲ့တဲ့အချိန် နေရာမတူတောင်မှ ဝေဒနာခံစားရပုံ သဘောသဘာဝတွေက ထပ်တူကျနေတာကို တွေ့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သူတို့တွေ့ခဲ့ရတဲ့ ရှမ်းစစ်သားတွေဟာ ဓာတုလက်နက်နဲ့ တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ Jaden McNeely အနေနဲ့ ယတိပြတ် ကောက်ချက်မချပေမယ့် သာမန်ရောဂါဝေဒနာ ခံစားရမှုမျိုး မဟုတ်ဘူးဆိုတာကိုတော့ အထင်အရှားပြောဆိုပါတယ်။ အထူးသဖြင့် သူတို့တွေ့ခဲ့တဲ့ လူနာ (၁၁) ဦးစလုံးမှာ မီးခိုးငွေ့တွေထွက်တဲ့ အမြောက်ဆံလက်နက်တွေကြောင့် နောက်ဆက်တွဲ ဝေဒနာခံစားရပုံတွေဟာ ထပ်တူနီးပါး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖြစ်ခဲ့တဲ့ ဖြစ်ရပ် အကြောင်းကို Jaden McNeely က အသေးစိတ် ပြောပြပါတယ်။

Jaden McNeely ။ ။ ဇွန်လ (၃) ရက်နေ့ကပဲ ရှမ်းပြည်မြောက်ပိုင်း မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ နေရာထဲ ရောက်သွားခဲ့တဲ့ SSA ရှမ်းတပ်ဖွဲ့ဝင် (၅) ဦးဟာ လက်နက်ကြီးနဲ့ တိုက်ခိုက်ပစ်ခတ် ခံခဲ့ရပါတယ်။ ဗုံးဆံက သူတို့နဲ့ မီတာ (၁၀၀) လောက်မှာ ကျပေမယ့် အဲဒီကထွက်တဲ့ မီးခိုးငွေ့တွေကို ရှူမိပြီး အားလုံး မူးဝေအော့အန်ကုန်ကြပါတယ်။ နောက်ပိုင်း ဒီလူတွေကို ကျနော်တို့ တွေ့တဲ့အခါ ဒီလူတွေဟာ အင်မတန် အားအင်ချည့်နဲ့ကုန်ခန်ပြီး ဝေဒနာတွေ ခံစားနေရတာကို တွေ့ရပါတယ်။ တချိန်ကဆို ဒီလူတွေဟာ တောတောင်တွေထဲ တနေကုန် လှုပ်ရှားသွားလာနေနိုင်သူတွေပါ။

အခုတော့ တနေရာကနေ တနေရာ နည်းနည်းရွှေ့ ရင်တောင် ရင်တုန်မောပန်းနေပြီး အသက်ရှူမဝဘဲ စကားအနိုင်နိုင်ပြော။ ချိ့ ချိ့ နဲ့နဲ့ နဲ့ လှုပ်ရှားသွားလာနေကြရပါတယ်။ သူတို့ပြောပြတာကတော့ မီးခိုးငွေ့တွေ ရှူပြီး နောက်ပိုင်း (၁၀) ရက်လောက် ဆက်တိုက်အော့အန်နေတယ်။ သွေးတွေပါ အန်တယ်။ နောက်ပြီး တချိန်လုံး မူးဝေတယ်။ အိပ်မပျော်ဘဲ ကယောင်ကတန်းနဲ့ မျောနေတယ်။ နောက်ဆုံး တကိုယ်လုံး ချည့်နဲ့ကုန်တယ် စသဖြင့် ဝေဒနာတွေက တပုံစံထဲပါပဲ။ ကျနော်တို့လည်း ကျန်းမာရေးနဲ့ အခြေခံ ရှိထားသူတွေအနေနဲ့ ဒါတွေကို မြင်ရတာ အတော်လေး ထူးခြားနေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီလို လူနာ (၁၁) ဦးလောက်ကို တွေ့ထားရုံ ရှမ်းစစ်သားတွေ ပြောပြချက်တွေကို သိရရုံနဲ့ မြန်မာစစ်တပ်ဟာ ဓာတုလက်နက်တွေ သုံးစွဲနေပါပြီလို့ ယတိပြတ် စွပ်စွဲလို့ မရနိုင်ဘူး ဆိုတာကို Jaden McNeely က သဘောပေါက်ပါတယ်။ အတွေ့အကြုံရှိတဲ့ ကျန်းမာရေး စောင့်ရှောက်သူတွေ အနေနဲ့ ပုံမှန်မဟုတ်တဲ့ ပြဿနာတွေကို လေ့လာစုံစမ်းပြီး ကျွမ်းကျင်တဲ့ သူတွေဆီကို သတင်းပေးပို့နိုင်ဖို့ တာဝန်ရှိတယ်လို့ ယူဆကြောင်း သူကပြောဆိုပါတယ်။

Jaden McNeely ။ ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့လူတွေဆီ တင်ပြအကြံဥာဏ်ယူနိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲဒီကမှတဆင့် ဒီထက် တိကျတဲ့ စုံစမ်းမှုတွေကိုလည်း လုပ်စေချင်ပါတယ်။ တကယ်လို့သာ မြန်မာစစ်တပ်အနေနဲ့ ဓာတုလက်နက်တွေကို အသုံးပြုနေတယ် ဆိုရင် ဒါဟာ သိပ်စိုးရိမ်စရာကောင်းတဲ့ကိစ္စပါ။ ဒါပေမဲ့ ကျနော်တို့အနေနဲ့တော့ ကိုယ်ကျွမ်းကျင်တဲ့ အကြောင်းအရာ မဟုတ်ဘဲနဲ့ ဘာကိုမှ ယတိပြတ်စွပ်စွဲပြီး မှတ်ချက်မချချင်ပါဘူး။ ကျနော်တို့ သိခဲ့တာတွေကို အများသိအောင်၊ ဂရုပြုလာအောင် တင်ပြချင်တဲ့ ဆန္ဒပဲရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာစစ်တပ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေမှာ ဓာတုလက်နက်တွေ အသုံးပြုနေတယ်ဆိုတဲ့ သတင်းဟာ ဒါ ပထမဦးဆုံးတော့ မဟုတ်ပါဘူး။ ၂၀၀၅ ခုနှစ်အတွင်းကဆိုရင် ကယားပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်က ကရင်နီတပ်ဖွဲ့တွေကို ဓာတု လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း သတင်းတွေကို ဗြိတိန်အခြေစိုက် Christian Solidity Worldwide အဖွဲ့က စုံစမ်းစစ်ဆေးပြီး အစီရင်ခံ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်တပ်ရဲ့ ဒီလို တိုက်ခိုက်မှုသတင်းတွေဟာ ကြိုးကြားကြိုးကြားသာဖြစ်ပြီး ခိုင်မာတဲ့ သက်သေ အထောက်အထားတွေ မရခဲ့ပါဘူး။ Jane's' intelligence စာစောင်လို့ နိုင်ငံတကာ လုံခြုံရေး မဂ္ဂဇင်းတွေမှာ မြန်မာစစ်တပ်ဟာ ဓာတုလက်နက်ထုတ်လုပ်ရေးမှာ စမ်းသပ်မှုတွေ လုပ်နေကြောင်း စုံစမ်းရေးသားချက်တွေ ရှိခဲ့ပါတယ်။

Jaden McNeely ။ ။ ကျနော်တို့ ဆယ်နှစ်လောက် မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေအရ ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ အလားတူ ဓာတုလက်နက်အသုံးပြုမှု ဆိုပြီး ပြောဆိုသံတွေ ကြားဖူးပါတယ်။ ၁၉၉၀ နောက်ပိုင်း ၂၀၀၀ ခုနှစ် အစောပိုင်းကာလတွေမှာဆိုရင် ကယားပြည်နယ်ဘက်မှာ ဒီလို စွပ်စွဲချက်တွေ ရှိခဲ့ကြောင်း၊ ဒါပေမဲ့လည်း ခိုင်လုံတိကျတဲ့ သီးခြား အတည်ပြုချက်တွေတော့ မရှိခဲ့ကြောင်း ဒေသအတွင်း သတင်းထောက်တွေက ပြောဆိုပါတယ်။

တကယ်တန်းဆိုရင် ဒီလိုသတင်းမျိုးတွေဟာ အတည်ပြုဖို့ အတော်ခက်ခဲပါတယ်။ အသွားအလာ ခက်ခဲ၊ အန္တရာယ်လည်းများတဲ့နေရာတွေ ဖြစ်နေတဲ့အပြင် ကိုယ်တိုင်သွားပြီး စစ်ဆေးဖို့၊ နမူနာ ပစ္စည်းတွေ ရယူဖို့ဆိုတဲ့ကိစ္စတွေကလည်း မဖြစ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဖြစ်ရပ်အတော်များများဟာ အတည်မပြုနိုင်ဘဲ လူမသိသူမသိ ဖြစ်နေရတာလို့ ယူဆပါတယ်။ ဥပမာအားဖြင့် ကျနော်တို့ တွေ့ခဲ့ရတဲ့ ရှမ်းစစ်သားတွေကို အဲဒီ ဗုံးဆံအစအနတွေ ယူလာလို့ရမလား။ သက်သေတခုခု ရမလား မေးပါတယ်။ သူတို့အနေနဲ့ တိုက်ပွဲအတွင်းက ကိုယ်တိုင်တောင် အသက်လုပြေးလာရတဲ့ အခြေအနေ ဆိုတော့ ဒါကလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဇီဝဓာတုလက်နက်တွေကို သုံးစွဲတိုက်ခိုက်မှုဆိုတာ နိုင်ငံတကာ ပြဌာန်းချက် ဥပဒေတွေကို ချိုးဖောက်ရာကျပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဓာတုလက်နက် မသုံးစွဲရေး၊ နိုင်ငံတကာ သဘောတူညီချက်ကို ၁၉၉၃ ခုနှစ်ကတည်းက လက်မှတ်ထိုးထားတာပါ။ ဒါပေမဲ့လည်း မြန်မာစစ်တပ် အနေနဲ့ လက်တလော အခြေအနေမှာ စစ်အောင်နိုင်ရေး ရည်မှန်းချက်တခုတည်းကို ကြည့်ပြီး ဝေးလံ ခေါင်သီတဲ့ ဒေသတွေမှာ ဒီလိုလက်နက်တွေကို အသုံးပြုလာနိုင်တယ်လို့ ယူဆစရာရှိကြောင်း Jaden McNeely က ပြောဆိုပါတယ်။

Jaden McNeely ။ ။ မြန်မာစစ်တပ်ဟာ အောက်ခြေမှာ ငွေကြေးအင်အား၊ လူသူအင်အား အတော် ချို့တဲ့နေတာပါ။ တပ်ပြေးတွေကလည်း များလွန်းတာကြောင့် တိုက်ခိုက်ရေးမှာ တပ်တွေဟာ အင်အား မပြည့်ပါဘူး။ ဒါကြောင့် အခုလို တိုက်ပွဲတွေဖြစ်နေချိန်မှာ မြန်မြန်ဆန်ဆန်နဲ့ ရန်သူကို ပိုထိခိုက်စေနိုင်တဲ့ နည်းလမ်းတွေ သုံးလာနိုင်တယ်လို့ ယူဆရပါတယ်။ ဒီကာလတွေအတွင်း အရင်က မမြင်ရတဲ့ ဂျက်တိုက်လေယာဉ်ပျံတွေ၊ ရဟတ်ယာဉ်တွေလည်း မြင်လာရပါတယ်။ သဘောကတော့ မြန်မာစစ်တပ်အနေနဲ့ သူတို့ရဲ့စစ်ဆင်ရေး ရည်မှန်းချက် အောင်မြင်ဖို့ကိုပဲ အဓိကထားတယ်ဆိုတဲ့ သဘောပါ။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာစစ်တပ်အနေနဲ့ ဒေသအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို အမြစ်ဖြုတ် ချေမှုန်းဖို့ဆိုတာထက် တိုင်းရင်းသားတန်တူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် စတာတွေ ကို နိုင်ငံရေးအရ ပြေလည်အောင် ညှိနှိုင်းဖို့ လုပ်သင့်ကြောင်း၊ ဒေသအတွင်း ဖွံ့ဖြိုးရေးတွေကို မဆောင်ရွက်နိုင်တဲ့အပြင် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသခံပြည်သူတွေရဲ့  ဒုက္ခတွေ ပိုကြီးမားကြောင်းကိုလည်း Jaden McNeely က ရှင်းပြပါတယ်။

Jaden McNeely ။ ။ ကျနော့်အနေနဲ့ နိုင်ငံတကာ ဥပဒေပညာရှင် မဟုတ်ပေမယ့် မြန်မာပြည် အတွင်းမှာ တွေ့နေခဲ့ရတာတွေကတော့ ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်တိုက်ခိုက်မှုတွေပါပဲ။ ကျနော်တို့အနေနဲ့ နိုင်ငံရေးအရ ဘယ်ဘက်မှ မဟုတ်ဘဲ လူသားချင်းစာနာတဲ့ဘက်ကပဲ ရှုမြင်တာပါ။ ရှမ်းပြည်နယ်စပ်မှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရှိပါဘူး။ အခြေခံ လူ့အခွင့်အရေးတွေလည်း ဆုံးရှုံးနေပါတယ်။ ပေါ်တာဆွဲတာတွေ၊ အဓမ္မပြုကျင့်မှုတွေ နေရာအနှံ့ရှိနေပါတယ်။ ဒါတွေကို ကမ္ဘာက သိဖို့ တင်ပြပေးဖို့ လိုတယ်လို့ပဲ ကျနော်ယူဆပါတယ်။

XS
SM
MD
LG