သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရ နဲ့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်


မြန်မာစစ်အစိုးရ နဲ့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်

ကုလသမဂ္ဂ အထွေထွေညီလာခံကြီး ကျင်းပနေတဲ့ အခုလိုအချိန်မှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့အတွက် ကုလသမဂ္ဂ ဦးဆောင်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် ဖွဲ့ဖို့ကိစ္စကလည်း အများအားရုံစိုက်နေတဲ့ ကိစ္စတရပ်ဖြစ်နေပါတယ်။ အခုဆိုရင် ကော်မရှင်ဖွဲ့ဖို့ ကိစ္စကို Australia, Britain, Czech republic, Slovakia, American, Canada, Hungary, New Zealand နိုင်ငံတွေကလည်း ထောက်ခံထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုတွေ ဖြစ်လာတဲ့အထိ ကြိုးပမ်းဆောင်ရွက်ကြတဲ့ နေရာမှာ အတိုင်းအတာဘယ်လောက်အထိ ခရီးရောက်နေပါပြီလဲ။ နောက် ဘယ်လိုအရာတွေက အကန့်အသတ် အဟန့်အတားဖြစ်နေသလဲဆိုတာတွေကို သိရှိနိုင်ဖို့ ဒီကိစ္စမှာ ကိုယ်တိုင်လှုပ်ရှားဆောင်ရွက်နေသူဖြစ်၊ ကုလသမဂ္ဂအရေး ကျွမ်းကျင်သူလည်းဖြစ်တဲ့ မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်း အစိုးရရဲ့  ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်း ကို မခင်ဖြူထွေး က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဒေါက်တာသောင်းထွန်း ။ ။ ကျနော်တို့ ဗမာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ မစ္စတာ ကင်တားနား ကိုယ်တိုင်က ဗမာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ လူသားတရပ်လုံးကို ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ ကျူးလွန်မှုမျိုးတွေ၊ စစ်ရာဇဝင်မှုတွေ ရှိနေတာကို တွေ့ရတယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း သတင်းအထောက်အထား အချက်အလက် တော်တော်များများ လက်ခံရရှိတယ်။ ရရှိပြီးတော့ ဒါတွေကို စုံစမ်းလေ့လာဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင် လိုအပ်တယ်လို အကြံပြုချက်ကို ၂၀၁၀ မှာ လုပ်ခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို တင်သွင်းတဲ့ သူ့အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြလိုက်တာဟာ ပထမဦးဆုံး။ ၁၉၉၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထူးကျွမ်းကျင်သူတွေ ခန့်အပ်လာတဲ့နေရာမှာ ပထမဦးဆုံး အကြံပြုမှု ဖြစ်ပါတယ်။ ဒါက ကြီးမားတဲ့ အောင်မြင်မှုလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့အနေနဲ့ တောက်လျှောက် ဗမာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကျွမ်းကျင်သူတွေကို တင်ပြခဲ့ပေမယ့် ဒါ ပထမဦးဆုံး ဖြစ်လာလို့ပါ။ ကျန်တာကတော့ အခုဆိုလို့ရှိရင် ဗမာနိုင်ငံမှာ အခုလိုမျိုး စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုမျိုးတွေ ဖြစ်နေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဥပဒေပညာရှင်ပိုင်ဆိုင်ရာ အသိုင်းအဝိုင်းတွေကရော၊ နောက်တခုက တရားသူကြီးတွေ နိုင်ငံတကာက ဂုဏ်သရေရှိ သိက္ခာရှိတဲ့ တရားသူကြီးတွေပိုင်းကလည်း ထုတ်ဖော်ပြောဆိုလာတဲ့ အပိုင်းတွေ ကျနော်တို့ တွေ့ရတယ်။ နောက် ကုလသမဂ္ဂ ခန့်အပ်ခဲ့တဲ့ သူတွေထဲမှာလည်း special rapporteur အဖြစ်နဲ့ ဆောင်ရွက်ခဲ့တဲ့ Professor Mr.Yozo Yokota၊ Professor Paulo Sergio Pinheiro တို့ ကလည်း ကင်တားနားရဲ့  အကြံပြုချက်ကို ထပ်ဆင့်ပြီးတော့ လက်ခံကြောင်း ဖော်ပြကြပြီးတော့ သူတို့အနေနဲ့လည်း တိုက်တိုက်တွန်းတွန်း ပြောနေကြတာကို တွေ့ရပါတယ်။ ဒါကတော့ ကျနော်တို့ ယနေ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖြစ်မြောက်ရေးမှာ လုပ်ဆောင်တဲ့အခါမှာ ရရှိလာတဲ့ ရလဒ်တွေ ဖြစ်ပါတယ်။

ခင်ဖြူထွေး ။ ။ ဟုတ်ကဲ့ တကယ်တမ်း မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်လာတဲ့အထိ ဖြစ်နိုင်ချေ ဘယ်လောက်အထိ ရှိလာမလဲဆိုတာကို ဆွေးနွေးပေးပါရှင့်။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ် နဲ့ ရုရှား တို့လို မြန်မာစစ်အစိုးရနဲ့ ပုံမှန်ဆက်ဆံနေတဲ့ နိုင်ငံတွေက လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် ဗီတိုအာဏာသုံးပြီး ပယ်ချနေကျဆိုတော့ အခုကိစ္စမှာရော သူတို့ရဲ့  ဗီတိုအာဏာကိုကျော်ပြီး ဖြစ်ဖို့ဆိုတာ ဘယ်လောက်အထိ ဖြစ်နိုင်ပါမလဲရှင့်။

ဒေါက်တာသောင်းထွန်း ။ ။ ဖြစ်နိုင်ချေကို မေးမယ်ဆိုရင်တော့ ကုလသမဂ္ဂမှာ အထူးသဖြင့် လုံခြုံရေကောင်စီကို ဖြတ်ပြီးတော့ လုပ်ကြတဲ့နေရာမှာ စဉ်းစားချက်က ဒီကိစ္စတခုကို စဉ်းစာတာ အခြေခံ (၂) ချက် ရှိပါတယ်။ ပထမက နိုင်ငံတကာ ဥပဒေအကြောင်းအရ မှန်ကန်မှုပေါ့။ နိုင်ငံတကာ ဥပဒေအကြောင်းအရ အကြုံဝင်မှုပေါ့။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအရ အကျူံးဝင်မှုပေါ့။ ဒါကတော့ ဥပဒေပိုင်းဆိုင်ရာပေါ့။ ဒုတိယက နိုင်ငံရေးအရ လုပ်ချင်တဲ့ဆန္ဒ ရှိမရှိ။ ဆိုလိုတာက နိုင်ငံရေးအရ ထောက်ခံမှု။ အထူးသဖြင့် အင်အားကြီးနိုင်ငံတွေရဲ့  ဘုံအကျိုးစီးပွားတွေ ညီညွှတ်လာမှု ရှိမရှိပေါ့။ ဒီကိစ္စတခုနဲ့ ပတ်သက်လို့ပေါ်မှာ မူတည်ပါတယ်။ အဲဒါနဲ့ ပတ်သက်လိုတော့ ဥပဒေအကြောင်းအရ ကြည့်မယ်ဆိုရင် ဗမာနိုင်ငံ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ဖို့ကိစ္စမျိုးတွေ ဒါတွေက ဥပဒေပိုင်းဆိုင်ရာမှာတော့ တော်တော်လေး အကြုံဝင်နေတယ်ဆိုတာ ကျနော်တို့ တွေ့ရပြီ။ နိုင်ငံရေးအရ ဆန္ဒရှိမရှိ ထောက်ခံမှုပိုင်းမှာ သေချာတယ် တရုတ်၊ ရုရှား ဗီတိုပါဝါ (Veto Power) ရှိတဲ့ (၂) နိုင်ငံက ထိုင်နေတယ်ဆိုတော့ ဒါကို ကျနော်တို့ ကျော်ဖြတ်ကြရအုံးမယ်။ ဒါကြောင့်မို့ ကျနော်တို့ အချိန်ယူဖို့ လိုပါတယ်။

ခင်ဖြူထွေး ။ ။ ဒါပေမဲ့ တရုတ်လို နိုင်ငံမျိုးကြတော့ သူကိုယ်တိုင်က နိုင်ငံအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ရှိနေတယ်။ နိုင်ငံတကာက ဘာပဲပြောပြော ဂုဏ်သိက္ခာပိုင်းနဲ့ ပတ်သက်လာလို့ရှိရင် သိပ်ပြီးတော့ ဂရုစိုက်တဲ့ နိုင်ငံမဟုတ်တော့ တရုတ်ရဲ့  ဗီတိုကို လွန်ဆန်ဖို့ လွယ်ပါ့မလားရှင့်။

ဒေါက်တာသောင်းထွန်း ။ ။ ဗီတို သုံးတယ်ဆိုတာလည်း ဗီတိုပိုင်ဆိုင်တဲ့ နိုင်ငံတွေမှာ record ရှိတယ်။ ဒီ နိုင်ငံက ဘယ်နှစ်ခါ ဗီတို သုံးသလဲဆိုတာပေါ့။ ဒါတွေကိုတော့ တစုံတရာ အလေးထားဖို့တော့ ရှိတယ်။ ခဏခဏ ဗီတို သုံးတဲ့အခါ သူတို့ရဲ့  မှတ်တမ်းက မကောင်းတဲ့ သဘောလည်းရှိတယ်။ အဲဒီတော့ ကျနော်တို့ ပြန်ကြည့်လိုက်မယ်ဆိုရင် ဥပမာ ဆူဒန် (Sudan) ကိစ္စပေါ့။ ဆူဒန်ကိစ္စဆိုရင် ဆူဒန်မှာ တရုတ်ရဲ့  ရေနံ အပါအဝင် စီးပွားရေး အကျိုးစီးပွားတွေ တော်တော်များများ ရှိတယ်။ ရှိတဲ့ကြားထဲက အခုနပြောတဲ့ အချက်အလက်တွေရဲ့  ပေါင်းစုံမှု၊ ဆူဒန်ရဲ့  အရေးပေါ် အခြေအနေ၊ ဆူဒန် က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဥပဒေအရ အကြုံဝင်မှု၊ တကမ္ဘာလုံးက ဝိုင်းဝန်းတိုက်တွန်းမှု။ ဒီဟာတွေ ပေါင်းစုံလာတဲ့အခါမှာ တရုတ်အနေနဲ့ လက်ရှောင်ပေးရတဲ့ သဘောတွေရှိပြီး ဆူဒန်မှာဆိုရင် စုံစမ်းစစ်ဆေးရေးကော်မရှင်တွေ စေလွှတ်ရတဲ့အပိုင်းတွေ ရှိတယ်။ ဗမာပြည်ကိစ္စမှာတော့ သေချာအောင်ပြောချင်တာက လောလောဆယ်အဆင့်မှာ ကျနော်တို့ရဲ့  မျှော်လင့်ချက်က အမှန်တရား ဖော်ထုတ်ရေး၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိစ္စ ဖြစ်ပါတယ်။ တရားမျှတမှုကို ဘယ်လိုရှာဖွေမလဲအပိုင်းမှာ လမ်းပေါက်ပေါင်းစုံ ဖွင့်ထားပါတယ်။ ICC တခုတည်းလုပ်မယ်၊ နိုင်ငံတကာတရားရုံးကို တင်မယ်ဆိုတဲ့ လမ်းကြောင်းဆုံးဖြတ်ထားတာ အများစု တချို့ တော့ရှိတာပေါ့ အနေနဲ့ကတော့ တရားမျှတမှု ရှာဖွေတဲ့အခါမှာ လမ်းကြောင်းပေါင်းစုံကနေ စဉ်းစားမယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်ကလည်း စဉ်းစားနေတယ်ဆိုတာကိုလည်း ရှင်းအောင်ပြောချင်ပါတယ်။

ခင်ဖြူထွေး ။ ။ ဟုတ်ကဲ့ ဆူဒန်ကိစ္စနဲ့ ဒေါက်တာသောင်းထွန်း နှိုင်းယှဉ်တဲ့နေရာမှာ ဥပမာ ဆူဒန်ကိစ္စမှာ တရုတ်က ခေါင်းရှောင်လိုက်တဲ့ ကိစ္စပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံလို အနေအထားမှာတော့ ဆူဒန်နဲ့ နှိုင်းယှဉ်လို့ ရပါမလားရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ဆူဒန်ရဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံအခြေအနေ မတူတာတွေရှိပါတယ်။ ဥပမာ ဆူဒန်ကိစ္စမှာ ဥရောပသမဂ္ဂရဲ့  ထောက်ပံ့မှုကို လက်တွေ့ဆောင်ရွက်ရတဲ့ကိစ္စတွေမှာ ဥပမာ ငွေရေးကြေးရေးကအစ ထောက်ခံမှု အများကြီးရခဲ့တာမျိုး ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်လို့ မရတဲ့အရာမျိုးပေါ့။ ဒီလို အနေအထားတွေ ကွာခြားမှုရှိတဲ့နေရာမှာ ဆူဒန်မှာ တရုတ်က မဖြစ်မနေ ခေါင်းရှောင်ပေးခဲ့ပေမဲ့ မြန်မာနိုင်ငံကိစ္စမှာတော့ ဖြစ်နိုင်ပါ့မလား လို့။ နောက်တခုက အခုကြည့်မယ်ဆိုရင် မြန်မာစစ်အစိုးရကို နိုင်ငံတကာက ဖိအားပေးအောင် လုပ်တဲ့နေရာမှာ ပုံစံတွေအမျိုးမျိုး ရှိပါတယ်။ တချို့ ရလဒ်အားဖြင့် တစုံတရာ မရှိတဲ့အခါမှာ ဘာမှဖြစ်မလာတဲ့အခါမျိုးမှာ လူတွေကို စိတ်ဓါတ်ကျစရာ နောက်ထပ်ပေါင်းပေးလိုက်တာမျိုး ဖြစ်မသွားဘူးလားရှင့်။ အဲဒါတွေလည်း ဆွေးနွေးပေးပါအုံး။

ဒေါက်တာသောင်းထွန်း ။ ။ နိုင်ငံရေးဆိုတာကတော့ ဖြစ်နိုင်တာတွေကို မှန်းဆပြီးတော့ လုပ်ကြရတာပေါ့။ အဲဒီတော့ အခုနပြောတဲ့ နိုင်ငံတကာမှာ အကျိုးစီးပွားတွေ အခြေခံပြီး ဆက်ဆံတဲ့အပိုင်းတွေရှိတယ်။ သို့သော်လည်းပဲ နိုင်ငံတကာမှာလည်း နိုင်ငံတကာ တရားဥပဒေတွေဆိုတာ ရှိတယ်။ နိုင်ငံတကာ တရားဥပဒေနဲ့ ကုလသမဂ္ဂအောက်မှာ လုပ်ကြတဲ့နေရာမှာ ကျနော်တို့ ဘာအလုပ်ပဲလုပ်လုပ် အခု ရေတွင်းတူး အခုရေကြည်သောက်လို့ မရပါဘူး။ နှစ်တွေအများကြီး ယူရတယ်။ မစ္စတာ ကင်တာနားရဲ့  အခုလို အကြံပြုချက်မျိုး ဖြစ်လာဖို့ဆိုတာ နှစ်ပေါင်းဘယ်လောက်ကြာသလဲ - (၁၈) နှစ်လောက်ကြာပြီးမှ ဖြစ်လာတယ်။ ဒီကြားထဲမှာ ပြည်ပမှာ လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားခဲ့ကြတဲ့လူတွေ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး မှတ်တမ်းတွေ ပြုစုခဲ့ကြတာ တန် (ton) နဲ့ကို ရှိပါတယ်။ ပြုစုခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေ။ အဲဒီလိုမျိုးပဲ ဒီကိစ္စတွေကို တကမ္ဘာလုံးက သိလာအောင် ပြောကြဆိုကြ၊ ဆွေးနွေးကြ၊ ရေးကြသားကြ ဆိုတာတွေ ကလည်း (၁၈) နှစ်ဖြစ်ပြီးမှ ဒါဖြစ်လာတာ။ ဆိုလိုတဲ့သဘောက အခုချက်ချင်းလုပ်လို့ မရဘူး။ တိုင်းပြည်အတွင်းမှာ အရေးပေါ် တခုဖြစ်လာ မှ အခုမှ ထလုပ်ရင် မရဘူး။ ကျနော်တို့က နိုင်ငံတကာ တရားဥပဒေလမ်းကြောင်းက လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်သွား ကြရမယ်။ အဲဒီလို လုပ်ထားမှ ပြောထားမှ အရေးပေါ် အခြေအနေတခု ဖြစ်လာတဲ့အခါမှာ ကျနော်တို့ အခွင့်အလမ်းတခုကို ဆုပ်ဆုပ် ကိုင်ကိုင် လုပ်နိုင်မယ်လို့ ကျနော်တို့ မြင်တယ်။

ခင်ဖြူထွေး ။ ။ ကျမတို့ ဆွေးနွေးခဲ့တာကို ခြုံလိုက်ရင် ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပြီးတော့ မြန်မာစစ်အစိုးရရဲ့  လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်ဖို့ဆိုတာ အချိန်အခါတခုကြာမှ ဖြစ်ရပေမယ့်လည်း မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူး ပေါ့နော်။ အဲဒီ သဘောလားရှင်။

ဒေါက်တာသောင်းထွန်း ။ ။ မဖြစ်နိုင်ဘူးလို့ ပြောလို့မရသလို။ ကျနော်တို့အနေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးက ခက်ခဲတယ် အနှစ် (၂၀) ရှိတယ်ဆိုပြီးတော့ လက်မှိုင်ချနေမယ့်အစား တယောက်နဲ့တယောက် ဟိုလူ လက်ညိုးထိုး ဒီလူ လက်ညိုးထိုး အပြစ်တင်နေမယ့်အစား ကိုယ်ရောက်တဲ့နေရာမှာ ကိုယ်ဘာလုပ်နိုင်သလဲ။ ကိုယ့်ရဲ့  ကျွမ်းကျင်မှုက ဘာရှိသလဲ။ ရှိတဲ့ ကျွမ်းကျင်ပေါ်အခြေခံပြီး လုပ်သင့် လုပ်ထိုက် တဲ့ လုပ်နိုင်တဲ့အလုပ်တွေကို လုပ်နေဖို့ ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။

ခင်ဖြူထွေး ။ ။ မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့ရဲ့  ကုလသမဂ္ဂရုံးရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်း ကို ဆက်သွယ် မေးမြန်းခဲ့တာပါရှင်။ မြန်မာနိုင်ငံရဲ့  လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ မတ်လ (၁၅) ရက်နေ့က မြန်မာနိုင်ငံ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေ ကင်တာနား (Tomas Ojea Quintana) က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့တဲ့အထဲမှာ မြန်မာစစ်အစိုးရက ပြည်တွင်းပြည်ပက ဖိအားတွေကို လျစ်လျှုရှုပြီးတော့ အခု အချိန် အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျနဲ့ ဆက်တိုက် ကျူးလွန်နေတုန်းဖြစ်တယ်လို့ သူရဲ့  အစီရင်ခံစာထဲမှာ ရေးသားခဲ့ပါ တယ်။ အတင်းအဓမ္မ လုပ်အားစေခိုင်းမှု၊ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီး၊ အမျိုးသမီးတွေကို မတရားစော်ကား မု ဒိန်းကျင့် စတဲ့ကိစ္စတွေ အပြင် ပြည်သူတွေရဲ့  အခြေခံအခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်၊ စည်းရုံးခွင့်တွေကို ပိတ်ပင်တာ။ ဒါကြောင့်မို့ မြန်မာစစ်အစိုးရရဲ့  အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွှယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တွေကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဖော်ထုတ်ပြီးတော့ မြန်မာစစ်အစိုးရကို ပြောင်းလဲလာအောင် ဖိအားပေးဖို့ မစ္စတာ ကင်တာနား က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG