သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲရလဒ်ကန့်ကွက်ရေး ဒီထက်ပိုအာရုံစိုက်ဖို့လို


ရွေးကောက်ပွဲရလဒ်ကန့်ကွက်ရေး ဒီထက်ပိုအာရုံစိုက်ဖို့လို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပြီးတဲ့ နောက်မှာ ပြည်ပ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ရော မြန်မာ့အတိုက်အခံ အင်အားစုတွေ အနေနဲ့ပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့လှုပ်ရှားမှုတွေအပေါ်မှာပဲ အာရုံများနေပြီး မြန်မာစစ်အစိုးရက ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲအပေါ် ဝေဖန်ထောက်ပြပြီး တရားမ၀င်ကြောင်း ကန့်ကွက်ရေးကိစ္စ၊ စစ် အစိုးရက တစိုက်မတ်မတ် လုပ်နေတဲ့ လွှတ်တော်ခေါ်ပြီး စစ်တပ်ကြီးစိုးတဲ့ အစိုးရဖွဲ့စည်းရေး စီမံကိန်းကို တားဆီးနိုင်ရေး စတာတွေကို အာရုံမပြုနိုင်ဘဲဖြစ်နေတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဝေဖန်ပြောကြားခဲ့ပါတယ်။

အတိုက်အခံတွေအနေနဲ့ အခုလောလောဆယ်မှာ ဒေါ်စုကိုပြန်ပြီး စစ်အစိုးရက တင်းကျပ်တဲ့ ချုပ်ခြယ်မှုတွေ လုပ်မယ်ဆိုရင်တောင်မှပဲ အလျှင်အမြန် တုံ့ပြန်နိုင်ရေး ပြင်ဆင်ထားမှုမရှိသေးဘူးလို့လည်း သူက ဆိုပါတယ်။

ဦးအောင်မိုးဇော် ။ ။ ကျနော့်အထင်ကတော့ စစ်အစိုးရအနေနဲ့ သူတို့ရဲ့လမ်းပြမြေပုံ (၇) ချက်အတိုင်း ဆက်ပြီး သွားလိမ့်မယ်လို့ ယူဆတယ်။ ဒီအတောအတွင်းမှာ အမျိုးသားနေ့ သ၀ဏ်လွှာကိုကြည့်ရင်ပဲ ဖြစ်ဖြစ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မေမြို့စစ်တက္ကသိုလ် ဗိုလ်သင်တန်းဆင်းပွဲမှာ ပြောတဲ့ကိစ္စကိုပဲ ကြည့်ကြည့် ဒီနှစ်ခုကို ကြည့်မယ်ဆိုလို့ရှိရင် နအဖ စစ်အုပ်စုအနေနဲ့ ပါလီမန်ခေါ်တဲ့ကိစ္စ၊ အစိုးရဖွဲ့တဲ့ ကိစ္စကို သူတို့ ဆက်လုပ်လိမ့်မယ်လို့ ကျနော် အဲဒီလို ယူဆတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ ပြောချင်တဲ့သဘောက ဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေအနေနဲ့ သူ့ဟာသူ အရှိန်နဲ့သွားနေချိန်မှာ တဘက်ကလည်း မြန်မာ စစ်အစိုးရအနေနဲ့က သူတို့စီမံထားတဲ့အတိုင်း လမ်းပြမြေပုံ (၇) ချက်အတိုင်း အခု ရွေးကောက်ပွဲ ကျင်းပ ပြီးပြီ။ လွှတ်တော်ခေါ်မယ်။ နောက်ပြီးတော့ စစ်တပ်ဦးဆောင်တဲ့ ဒီအစိုးရဖွဲ့ရေးကို ဒီလိုပဲ ကျိတ်ပြီး တော့ လုပ်ဆောင်သွားမယ်ဆိုတဲ့ ပုံစံကို မြင်နေရတယ်ပေါ့။ အဲလိုလား။

ဦးအောင်မိုးဇော် ။ ။ အဲလိုပုံစံကို မြင်နေရတယ်။ ကျနော်တို့ဘက်အနေနဲ့လည်း ဒီရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ပေါ့နော်၊ ရွေးကောက်ပွဲရလာဒ်နဲ့ ပတ်သက်လို့ ကျနော်တို့ ပြောဖို့ဆိုဖို့ ကိစ္စတွေမှာ တစုံတရာ အသံပျောက်နေတယ်လို့ ကျနော်ယူဆတယ်။ ရွေးကောက်ပွဲရလာဒ်နဲ့ ပတ်သက်လို့ ဒီကိစ္စကို နိုင်ငံတကာက လက်မခံဘူး၊ ဒီကိစ္စကို ပြည်သူတွေအနေနဲ့ ဆက်ပြီးဆန့်ကျင်ဖို့ကိစ္စတွေကို ကျနော်တို့ ကနေ့ အနေအထား မှာလည်း ဆက်ပြီးတော့ တွန်းရလိမ့်မယ်လို့ ကျနော်ထင်တယ်။ အဲဒီလို တွန်းတဲ့ အသံက အရှိန်တွေ ဆက်ပြီး လျော့နေတယ်ဆိုတဲ့အခါကျတော့ န.အ.ဖ အနေနဲ့ သူလုပ်ချင်တဲ့ကိစ္စတွေကို သူ ကျိတ်ပြီးတော့ ပြင်နေပုံ ရတယ်ဗျ။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယား (Vijay Nambiar) သွားတဲ့အချိန်တုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ စစ်အစိုးရနဲ့ ဆွေးနွေးရေးကိစ္စတွေကို လမ်းကြောင်းပေးတဲ့နေရာမှာ ဒီရွေးကောက်ပွဲနဲ့ အရပ်သားအစိုးရ ဖြစ်လာမယ့် အခြေခံမူအပေါ်ကနေပြီးတော့ စပြီးတော့ လုပ်ဆောင် သွားဖို့ ဆိုတဲ့ ပုံစံမျိုး တိုက်တွန်းသွား သယောင်ယောင် ကျနော်တို့တွေ့ရတယ်လေ။ အဲဒီတော့ သဘောက နိုင်ငံတကာအနေနဲ့ရော ဒီစစ်အစိုးရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို တရားမျှတမှု မရှိဘူးဆိုတာ ဖိအား ပေးပြီးတော့ ကန့်ကွက်ဖို့တွေ၊ ဒါမှမဟုတ် လို့ ရှိရင်လည်း တစုံတရာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အသိ အမှတ်မပြုရေး အရေးယူမှုကိစ္စတွေကို လုပ်ဖို့ ပျက်ကွက်နေတယ်ဆိုတဲ့သဘောလား။

ဦးအောင်မိုးဇော် ။ ။ ကျနော်တော့ အဲဒီလိုပဲ ယူဆတယ်။ အထူးသဖြင့်တော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ဒီကိစ္စဟာ လုံးဝလက်ခံနိုင်တဲ့ ကိစ္စမဟုတ်ဘူးဆိုတာကို နိုင်ငံတကာနဲ့ သေသေချာချာ ဆုပ်ကိုင်သင့်တယ်လို့ ကျနော်တော့ အဲလိုမြင်တယ်။ အခု ဒီရွေးကောက်ပွဲ ရလဒ် အပေါ်မှာပဲ အခြေခံပြီးတော့ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေကိုပဲဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည် ကိုပဲဖြစ်ဖြစ်၊ ဒီရွေးကောက်ပွဲရလဒ်အပေါ်မှာပဲ အခြေခံပြီးတော့ Reconciliation လုပ်ပါလို့ တိုက်တွန်းလာရင်တော့ ကျနော်တို့တွေအတွက်တော့ ကျနော်တို့ ဒီမိုကရေစီလှုပ်ရှားမှုတွေအတွက် အခက်အခဲရှိလိမ့်မယ်လို့ ကျနော်တော့ ထင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ တဘက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ရွေးကောက်ပွဲကို ၀င်ခဲ့တဲ့ ပါတီ တွေ၊ အခုလက်ရှိ တရားဝင်ပါတီတွေ၊ ပြီးတော့ တသီးပုဂ္ဂလ​ ကိုယ်စားလှယ်တွေအနေနဲ့ သီးခြားစီ တွေ့ဆုံ ပြီးတော့ စကားပြောထားတာတွေရှိတယ်။ ဒါ့အပြင်ကို နောက်ပိုင်း လွှတ်တော်မှာပါလာမယ့် ဒီလိုပါတီထဲက အနည်းစုတော့ အနည်းစုပေါ့နော်။ ဒီလူတွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်း ပြီးတော့ ဘယ်လို ဆောင်ရွက်သွားဖို့ သင့်သလဲဆိုတာ အကြံပြုချက်တွေလည်း ရှိနေတယ်ဆိုတော့ ကိုအောင်မိုးဇော်တို့ အမြင် ကရော ဘယ်လိုရှိသလဲခင်ဗျ။

ဦးအောင်မိုးဇော် ။ ။ ဒီရွေးကောက်ပွဲ ရလဒ်ပေါ်မှာ အခြေခံပြီးတော့သော်လည်းကောင်း၊ လာမယ့် လွှတ်တော်မှာသော်လည်းကောင်း၊ အဲဒီရလဒ်တွေအပေါ်မှာ အခြေခံပြီးတော့ သွားမယ်ဆိုလို့ရှိရင်တော့ ဘယ်မှရောက်လိမ့်မယ် မဟုတ်ဘူးလို့ ကျနော်က အဲဒီလိုထင်တယ်။ အဓိကအကျဆုံးကိစ္စက ကနေ့ ကာလ တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နအဖ ကြားမှာ စေ့စပ်ဆွေးနွေးရေး၊ တွေ့ဆုံဆွေးနွေးရေး ပေါ်ဖို့က သိပ်အဓိကကျတယ်လို့ ကျနော်တော့ အဲဒီလိုပဲ ယူဆ တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ သွားရမယ့်လမ်းက (၂) လမ်းဖြစ်နေတယ်လေ။ တလမ်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ တွေ့ဆုံဆွေးနွေးရေးပေါ့နော်။ တဖက်ကလည်း မြန်မာစစ်အစိုးရ အနေနဲ့က သူတို့ရဲ့လမ်းစဉ်အတိုင်း ရွေးကောက်ပွဲကို ကျင်းပပြီးပြီ။ လွှတ်တော်ခေါ်ဖို့ပဲရှိတော့တယ်။ ဒီလို တွေ့ဆုံဆွေးနွေးရေး လုပ်မှာမို့လို့ သူတို့ရဲ့အစီအစဉ်ကို ခနဆိုင်းငံ့ထားဖို့ဆိုတာ သူတို့အနေနဲ့လည်း မဖြစ်နိုင်ဘူး။ ရွေးကောက်ပွဲပြီးလို့ရှိရင် လွှတ်တော်ခေါ်ဖို့ဆိုတာ ရက် (၉၀) အတွင်း လုပ်ရမှာကိုး။ အဲဒါ ပြီးရင် အစိုးရဖွဲ့ဖို့ဆိုတာကလည်း အစဉ်လိုက်လုပ်သွားကြရမှာဆိုတော့ ဒီနှစ်လမ်းကိုဆုံသွားအောင် တနည်းနည်းနဲ့တော့ လုပ်ဖို့မလိုဘူးလား။

ဦးအောင်မိုးဇော် ။ ။ ကျနော့်အနေနဲ့ ပြောမယ်ဆိုရင်တော့ ဒီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့သာ စကားပြောမယ်ဆိုလို့ရှိရင် အဖြေပေါ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီလမ်း (၂) လမ်းကို ဘယ်လိုဆုံအောင်လုပ်မလဲဆိုတဲ့ကိစ္စက အဓိက က စကားပြောဖို့ပဲလိုတယ်။ ကျနော် တဦးချင်း အမြင်အရသော်လည်းကောင်း၊ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့သော်လည်းကောင်း မြင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးဖို့ကိစ္စက သိပ်ပြီး အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်အတွက်ဆိုလို့ရှိရင် ဒါဟာ သား-ရွှေအိုးထမ်းတဲ့ကိန်း ဆိုက်မယ့်ကိစ္စဖြစ်တယ်။ ဒါပေမယ်လို့ အခုချိန်အထိတော့ နအဖ က ဒေါ်အောင်ဆန်းစုကြည်နဲ့ စကား ပြောလိုတဲ့ ဆန္ဒ၊ လက္ခဏာ ပြတာ အခုချိန်အထိတော့ မတွေ့ရသေးဘူးဗျ။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ ဒီလို လက္ခဏာမပြတဲ့ အကြောင်းအရင်းကလည်း မြန်မာစစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်းဆိုချက်တွေအပေါ်ကို လိုက်လျှောပေးမယ်ဆိုတဲ့ လိုက်လျှောဖို့ ဆိုတဲ့ ရည်ရွယ်ချက် မရှိတဲ့ အနေအထားမို့လို့ပေါ့လေ။ အဲဒါကြောင့်မို့လို့ စောစောက ဦးအောင်မိုးဇော် ပြောသလို ဆွေးနွေးလာမယ်၊ တွေ့ဆုံလာမယ်ဆိုရင် ဒီလို တစုံတရာ ပျော့ပျောင်းလာမယ့် လျှော့ပေးမယ့် အနေအထား မျိုး မရှိဘဲနဲ့ ကမ်းလှမ်းလာမယ့် အနေအထားမရှိဘဲနဲ့ ဘယ်လိုအခြေခံနဲ့ တွေ့ဆုံဆွေးနွေး မလဲခင်ဗျ။

ဦးအောင်မိုးဇော် ။ ။ ကျိန်းသေတာကတော့ နအဖ စစ်အုပ်စုအပေါ်မှာ လူထုက လက်ခံနိုင်တဲ့ အနေအထား မရှိဘူး။ နောက် နအဖ စစ်အုပ်စုအပေါ်မှာ နိုင်ငံတကာကလည်း မချစ်သော်လည်း အောင့်ကာ နမ်းရမယ့် အနေအထားမျိုးမှာပဲရှိတယ်။ နောက်တခုက နအဖ အနေနဲ့ ဆက်ပြီးတော့ အာဏာဆက်ကိုင် သွားဖို့ ကြိုးစားမယ် ဆိုလို့ရှိရင်လည်းပဲ ကျနော်တို့ တိုင်းပြည်မှာ၊ ရှေ့မှာက ပဋိပက္ခတွေ၊ ပြဿနာတွေ၊ တိုက်ပွဲတွေ ဒါတွေနဲ့ပဲသူတို့ သူတို့သွားနေတဲ့ပုံစံအတိုင်းဆိုရင် ဒီလိုဟာမျိုးတွေနဲ့ပဲ ကြုံတွေ့လာနိုင်စရာ အခြေအနေ ရှိတယ်။ ကျနော်တို့အနေနဲ့ ကျနော်တို့ပြောချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကား ပြောခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခြင်းသည်သာ ကျနော်တို့ တိုင်းပြည်အတွက် ထွက်ပေါက်ကို ရလိမ့်မယ်လို့ ကျနော်တို့ အဲဒီလို ယုံကြည်တယ်။ ဒါကြောင့်မို့လည်း ဒေါ်စုနဲ့ စကားပြောပါ။ ဒေါ်စုနဲ့ တွေ့ ဆုံပါလို့ ကျနော်တို့ အနေနဲ့ ခဏခဏ ပြောနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျိန်းသေတယ်။ ကျနော်တို့ ဘက်က ပြင်ဆင်မှုမရှိဘူး၊ ကျနော်တို့ဘက်က ဒီထက်ပိုပြီတော့ တွန်းနိုင်တဲ့အား။ ဒီအတွက်လည်း ကျနော်တို့ဘက်က သေသေချာချာ ပြင်ဖို့ လိုတယ်လို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ စောစောက ဦးအောင်မိုးဇော် ပြောသလို လူထုအနေနဲ့ နအဖ စစ်အစိုးရကို ကြိုက် နှစ်သက်မှု မရှိဘူးဆိုတာလည်း နှစ်ပေါင်း (၂၀) ကျော် ကြာခဲ့ပါပြီ။ အလားတူပဲ နိုင်ငံတကာက မြန်မာ စစ်အစိုးရကို မချစ်သော်လည်း အောင့်ကာနမ်းပြီးတော့ လက်ရှိ အစိုးရအနေနဲ့ ဆက်ဆံလာခဲ့ရတာ အနှစ် (၂၀) ကျော် ကြာခဲ့ပြီးဆိုတော့ အခုအခြေအနေမှာ ဒီလို တည်မြဲနေတဲ့ သူတို့ရဲ့  လမ်းစဉ်အတိုင်း တစိုက် မတ်မတ် လုပ်နေတဲ့ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွေ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်လာမယ်ဆိုရင်တောင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကနေပြီး ဘာတွေကမ်းလှမ်းနိုင်မယ်၊ ပြေလည်သွားအောင် ဘာတွေ လုပ်နိုင်မလဲဆိုတာလည်း မှန်းဆလို့ ရနိုင်မလား။

ဦးအောင်မိုးဇော် ။ ။ ကျနော်အထင်အရတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးကတည်းက ပြောလာတဲ့စကားတွေကို နားထောင် ကြည့်ပါ။ ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်ရှေ့ ရေးအတွက်ကို သိပ်ပြီးတော့ တွေ့ဆုံ ဆွေးနွေးချင်တယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေး လိုချင်နေတယ်ဆိုတဲ့ စိတ် ဆန္ဒ သိပ်ပြင်းပျ နေတယ်။ အကယ်၍များ တွေ့ပြီး စကားပြောလို့ရှိရင် နှစ်ဖက်ညှိနှိုင်းနိုင်မယ့် ကိစ္စတွေ၊ နအဖအတွက်လည်း တစုံတရာ ထွက်ပေါက်ရှိမယ့်ကိစ္စတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ ကျနော်တော့ အဲဒီလို ယုံကြည်တယ်။ ဆိုတော့ အဓိက ကတော့ တွေ့ဖို့နဲ့၊ စကားပြောဖို့ပဲ ဖြစ်တယ်လို့ ကျနော်တော့ ပြောချင်တယ်။ တပြိုင်နက်တည်းမှာပဲ လက်တွေ့ နိုင်ငံရေးအရ ပြောမယ်ဆိုလို့ရှိရင် ကိုယ်ဘက်ကလည်း အားရှိဖို့လည်း လိုတာပေါ့။ ကနေ့ ဒေါ်အောင်ဆန်းစုကြည် ထွက်လာပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံတဲ့ တိုင်းရင်းသား အင်အားစုတွေ၊ ဒီမိုကရေစီ အင်အားစုတွေ အများကြီး ရှိကြတယ်။ အဲဒီ အများကြီးက ဝိုင်းရံပြီးတော့ တကယ်တမ်းသာ ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီ လိုလားတဲ့ အင်အားစု ကြီးကြီးမားမား ခိုင်ခိုင်မာမာ ရှိအောင် ပြင်ဆင် လာနိုင်မယ် ဆိုလို့ရှိရင်တော့ နအဖ အနေနဲ့ မလွှဲမသွေ စကားပြောရလိမ့်မယ်လို့ ကျနော် အဲဒီလိုပဲ ယူဆ ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါက ဒေါ်အောင်ဆန်းစုကြည်တို့ ကြိုးစားနေတဲ့ ဒုတိယ ပင်လုံညီလာခံမှုမျိုးကို ပြောချင်တာလား။

ဦးအောင်မိုးဇော် ။ ။ ဒုတိယ ပင်လုံညီလာခံကိုတော့ ကျနော်တဦးတည် အမြင်အရတော့ ကျနော်တို့ အတွက် ရေရှည်သွားရမယ့်ကိစ္စလို့ အဲဒီလို မြင်ပါတယ်။ ကနေ့ ကာလမှာတော့ အခုနလို နအဖ က တစုံတရာ လေးစား လောက်တဲ့၊ နအဖက တစုံတရာ တွန့်ဆုတ်လောက်တဲ့ အင်အားဖြစ်အောင် တည် ဆောက်နိုင်ဖို့ကိစ္စကို အဓိက ထားပြီး ပြောချင်ပါတယ်။ တပြိုင်နက်တည်းမှာပဲ ကျနော်တို့ ပထမဦးဆုံး တိုင်းပြည်ထဲမှာ ဖြစ်သင့် တာက ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ စကားပြောတဲ့ ကိစ္စက အရင်ဆုံး ဖြစ်သင့်တယ် လို့ ကျနော်အနေနဲ့ အဲဒီလိုပဲ ယုံကြည်တယ်။

ဦးသန်းလွင်ထွန်း ။ ။အခုလက်ရှိ အနေအထားအရကတော့ ဒီလိုအနေအထားကို ဦးတည်မနေတဲ့ အပြင် ကို မြန်မာစစ်အစိုးရကနေ အာဘော်ဖြစ်တဲ့ သတင်းစာတွေထဲမှာ ထပ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ထိုးနှက်တိုက်ခိုက်တဲ့ အသံတွေ ထွက်လာနေပြီ။ အဲဒီတော့ ဒီနောက်ပိုင်းမှာကော ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လောလောဆယ် လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့်တွေ ပြောဆိုခွင့်တွေ ရှိနေပေမယ့် နောက်ပိုင်းမှာ တခြားကန့်သတ်မှုတွေ ဖြစ်လာနိုင်မလား။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရန်ကုန်မြို့ ထဲကနေ တခြားနယ် တွေ သွားတာတွေ၊ သွားဖို့ ကြိုးစားတာတွေ မရှိသေဘူးဆိုတော့ ဒါမျိုး တွေ ဖြစ်လာပြီးဆိုရင် နောက်ပိုင်းမှာ မြန်မာစစ်အစိုးရအနေနဲ့ ဘာတွေ ဆက်လုပ်လာနိုင်မလဲ။ ဒီအတွက် ကြိုတင်ပြင်ဆင်ထားမှုတွေ ရှိတယ်လို့ ယူဆသလား။

ဦးအောင်မိုးဇော် ။ ။ နအဖ အနေနဲ့ သူတို့သွားချင်တဲ့လမ်းကြောင်းအတိုင်းပဲ ဆက်သွားဖို့ ဆုံးဖြတ်ပြီးပြီ ဆိုလို့ရှိရင် ကြိမ်းသေတာက ဒေါ်အောင်ဆန်းစုကြည် ကိုလည်းကောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုသော်လည်းကောင်း မကြာခင်ကာလတွေအတွင်းမှာ ပြန်ပြီးတော့ ကန့်သတ်လိမ့်မယ်လို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်။ ဆိုတော့ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ ပြင်ဖို့က ဒေါ်အောင် ဆန်းစုကြည်ကို ပြန်ပြီး ကန့်သတ်ခဲ့ရင်သောလည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည် ရှေ့ ဆက်လုပ်မယ့် အလုပ်တွေကို အားဖြစ်ဖို့အတွက်သောလည်းကောင်း ကိုယ့်နေရာနဲ့ကိုယ် ခိုင်ခိုင်မာမာ ဒေါ်အောင် ဆန်းစုကြည် နောက်က ရပ်ထားတဲ့ စုစည်းမှု၊ ဒေါ်အောင်ဆန်းစုကြည်အတွက် သေသေချာချာ အလုပ် လုပ်ပေးမယ့် အစုအဖွဲ့ ခိုင်ခိုင်မာမာ ရှိဖို့လိုအပ်တယ်။ အဲဒီလိုရှိအောင်လည်း ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ အဆက်အစပ်ရှိ ကိုယ့်နေရာနဲ့ကိုယ် ပြင်ဖို့ လိုအပ်တယ်လို့ ကျနော်ထင်တယ်။ ကျနော်အမြင်ကတော့ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ကိစ္စပေါ့ ကျနော်အမြင်ကတော့ နအဖ က ပြန်ကန့်သတ်ဖို့အချိန်တွေ သိပ်နီးနေပြီလို့ မြင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုရင် အခြေအနေက ဒုံရင်းကိုပဲ ပြန်ရောက်သွားမလား။ အထူးသဖြင့် ကျနော်တို့ အနေနဲ့ အားမနာတမ်း ဝေဖန်ရမယ်ဆိုရင် ပြည်ပမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပြောဆိုမှုတွေ အပေါ်ကိုပဲ မှီပြီးတော့ အနောက်ကနေ ကြေညာချက်ထုတ်၊ ဝေဖန်မှုပေးဆိုတဲ့ဟာမျိုးမှာပဲ ရှိတယ်ဆိုတယ် ပြောဆိုမှုတွေလည်း ရှိနေတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး အစောကပြောသလို ဦးအောင်မိုးဇော် ပြောသလို ပြင်ဆင်မှု နေရာမှာ အထဲက ကိစ္စတော့ ထားလိုက်တော့ အပြင်ဘက်မှာ ဦးအောင်မိုးဇော်တို့အနေနဲ့ ဘယ်လိုပြင်ဆင်ထားချင်လဲ။

ဦးအောင်မိုးဇော် ။ ။ ကျနော်အနေနဲ့ ကျနော်ပြောချင်တာက ကနေ့ လတ်တလောကာလမှာ ရွေးကောက်ပွဲ ရလဒ်နဲ့ လမ်းပြမြေပုံ (၇) ချက်ကိစ္စကို မဖြစ်မနေ အသဲအသန်ဆက်ပြီး တိုက်ရလိမ့်မယ်လို့ မြင်တယ်။ ဒါက တခု။ နောက်တခုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီး နောက်ပိုင်းမှာ သူ့ပခုံပေါ်ကြီးပဲ အကုန်လုံး စုပြုံးတင်တဲ့ကိစ္စကတော့ သိပ်မသင့်တော်ဘူးလို့ ထင်တယ်။ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ပဲဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအနေနဲ့ပဲဖြစ်ဖြစ် ကိုယ်ဘက်က လုပ်သင့်တဲ့ ကိစ္စတွေကိုတော့ ကိုယ်လုပ်ရလိမ့်မယ်လို့ ကျနော်အဲဒီလိုပဲ ထင်တယ်။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည် နောက်မှာ ခိုင်ခိုင်မာမာရပ်ပေးဖို့ အပြင်ဖက်မှာလည်း အပြင်ဖက်က စုဖွဲ့မှုတွေကလည်း ခိုင်မာဖို့လိုတယ်။ လက်နက်ကိုင်အင်အားစုတွေ အနေနဲ့လည်း လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေလည်း ကိုယ် လုပ်သင့်တဲ့ ကိစ္စကို ခိုင်ခိုင်မာမာ ရဲရဲတင်းတင်း ကနေ့ကာလမှာ လုပ်ဖို့လိုအပ်တယ်လို့ ထင်တယ်။

XS
SM
MD
LG