သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေ တစေ့တစောင်း


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ဒီနှစ်အတွင်း မကြာခင်ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် အားစမ်းမှုတခုဖြစ်လာနိုင်တယ်လို့ သုံးသပ်သူတွေ ရှိသလို၊ တိုင်းရင်းသားပါတီတချို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပိုပြီးအားကောင်းသွားစေလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။ ရခိုင်အမျိုးသားပါတီ ဒေါက်တာအေးမောင်၊ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဦးလှဆွေ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဝင်းထိန် တာဝန်ခံတချို့ကို ဗွီအိုအေသတင်းထောက် ဒေါ်အင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါ်အင်ကြင်းနိုင် ။ ။ ၂၀၁၄ နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က ကြေညာထားပါတယ်။ အလားတူ တိုင်းရင်းသားပါတီတချို့ကလည်း သူတို့ရဲ့ တိုင်းရင်းသားဒေသတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာတော့ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် (၃) နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်မယ်လို့ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာအေးမောင် က ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပိုပြီးအထောက်အကူ ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဒေါက်တာအေးမောင် ။ ။ ကျနော်တို့ဆီမှာ (၃) နေရာရှိပါတယ်။ မင်းပြားမှာ (၂) နေရာ။ ပြည်သူ့လွှတ်တော် (၁) နေရာ၊ အမျိုးသားလွှတ်တော် (၁) နေရာ၊ ဂွမှာ (၁) နေရာ။ (၃) နေရာလုံးမှာ ကျနော်တို့ ရခိုင်အမျိုးသားပါတီက ပြိုင်ပါ့မယ်။ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်တဲ့မူကတော့ ကျနော်တို့ မဆွေးနွေးကြသေးဘူး။ ကျနော်တို့ ညှိနှိုင်းတိုင်ပင်ပြီးမှ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်တဲ့ ပါတီရဲ့ မူတခုကို ချပါမယ်။ အဲဒီမူအတိုင်းပဲ မဲဆန္ဒနယ်အလိုက်ကို ယှဉ်ပြိုင်မယ့် ပုဂ္ဂိုလ်စာရင်းက အချိန်မီ ထွက်လာမှာပါ။

ဒေါ်အင်ကြင်းနိုင် ။ ။ အဲဒီတော့ အခု ၂၀၁၄ ကျင်းပမယ့်ပွဲက ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့လည်း နီးကပ်နေတော့ ဆရာတို့ ဒီပါတီအနေနဲ့ အထွေထွေရွေးကောက်ပွဲအတွက် အားစမ်းပွဲတခုများ ဖြစ်နိုင်မလားလို့ သုံးသပ်ပါသလားရှင့်။ ဘယ်လို သုံးသပ်မိသလဲရှင့်။

ဒေါက်တာအေးမောင် ။ ။ အထွေထွေရွေးကောက်ပွဲအတွက် အားစမ်းပွဲကတော့ သိပ်တော့ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ကာလမို့ အဲဒီဥစ္စာအပေါ်မှာတော့ အဓိကအကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။

ဒေါ်အင်ကြင်းနိုင် ။ ။ အဲဒါ ဆိုလိုတာက ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စအပိုင်းပေါ့။ အဲဒါကို နည်းနည်းရှင်းပြလို့ ရမလား။

ဒေါက်တာအေးမောင် ။ ။ ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ဖို့ ကြိုးစားနေကြတဲ့အခါမှာ ၄၃၆ (က) (ခ) ကိုပဲ ပြန်ကြည့်ရင် သိသာပါတယ်။ (ခ) ဆိုရင် ၇၅% ကျော်က လွှတ်တော်အတွင်းမှာ လိုပါတယ်။ ၄၃၆ (က) ဆိုရင် လွှတ်တော်အတွင်း ၇၅% တင်မကပဲနဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလည်း လိုနေတာကြောင့် လွှတ်တော်အတွင်းမှာ ရွေးကောက်ခံကိုယ်စားလှယ် စုစုပေါင်းဟာ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ၇၅% agree ဖြစ်နေဖို့ လိုပါတယ်။ အဲဒီလိုဖြစ်ဖို့အတွက် လွတ်လပ်တဲ့ မဲဆန္ဒနယ်အားလုံး ကျနော်တို့ ရွေးချယ်တင်မြောက်ပြီး ဖြစ်ဖို့လိုပါတယ်။ အဲဒါကြောင့် အခုကြားဖြတ်ရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဓိကအားတခု ဖြစ်နိုင်တယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အားပြိုင်ပွဲကြီးတခုလို့ ကျနော်တို့ အကြမ်းမျဉ်းအနေနဲ့ သုံးသပ်လို့ရပါတယ်။ ဒါပေမဲ့ အဲဒီဟာထက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပေါ်မှာ အဓိကအကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။

ဒေါ်အင်ကြင်းနိုင် ။ ။ ဆရာတို့ တိုင်းရင်းသားပါတီအနေနဲ့ တိုင်းရင်းသားဒေသတွေမှာ တခြားပါတီကြီးတွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် အနေအထား၊ အဲဒီအပေါ် ဘယ်လိုသုံးသပ်ပါသလဲရှင့်။

ဒေါက်တာအေးမောင် ။ ။ ကျနော်တို့မြင်တာက ပြည်မမှာရှိတဲ့ ပါတီကြီးတွေမှာ ကြီးမားတဲ့မဟာဗျူဟာ ရည်မှန်းချက်တွေ သိပ်ထားပုံမပေါ်ဘူး။ တိုင်းရင်းသားစည်းလုံးရေးဆိုတဲ့ အသုံးအနှုန်းကိုသုံးတယ်။ ဒါပေမဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုရအောင် မိမိတို့နဲ့ အပေးအယူ ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ မဟာဗျူဟာရည်မှန်းချက် ပျောက်နေတယ်လို့ထင်တယ်။ အဲဒါကြောင့် ကျနော်တို့က ပြောပါတယ်။ ပါတီကြီနှစ်ခု တိုင်းရင်းသားတွေကို ဘယ်သူက စတင်စည်းရုံးပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့နိုင်မလဲ ဆိုတာမျိုးပေါ့။ အခု ကျနော်တို့ကြည့်တဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လစ်လပ်တဲ့နေရာအားလုံးကို ပြိုင်မယ်လို့ ကြေညာချက်ထုတ်တာဟာ တိုင်းရင်းသားအားလုံးကို စိန်ခေါ်တဲ့သဘော ဖြစ်သွားပါတယ်။ ကျနော်တို့ကလည်း တိုင်းရင်းသားဒေသမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တင်မကဘူး ပြည်ခိုင်ဖြိုးပါတီကိုလည်း ကျနော်တို့ စိန်ခေါ်ရဲပါတယ်။ အဲဒါကြောင့် တိုင်းရင်းသားဒေသတိုင်းမှာ တိုင်းရင်းသားပါတီတွေဟာ ပြည်မရဲ့ အင်အားကြီး တိုင်းရင်းသားအမည်ခံတဲ့ ပါတီတိုင်းကို စိန်ခေါ်ရဲတဲ့ အနေအထားဟာ ဒီနေ့ ရှိနေပါတယ်။ ဒါဟာ လက်ရှိနိုင်ငံရေးအခြေအနေပါ။ လက်ရှိ နိုင်ငံရေးအခြေအနေကို သုံးသပ်ဖို့က ပြည်မရဲ့ နိုင်ငံရေးပါတီကြီးတွေမှာ တာဝန်ရှိပါတယ်။ ပါးစပ်ကလေးနဲ့ တိုင်းရင်းသားယူနီဖောင်လေး ဝတ်ရုံနဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို မရနိုင်ဘူး။ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကို အပေးအယူလုပ်ဖို့ ဒီကာလဟာ အင်မတန်အရေးကြီးတယ်ဆိုတာကို သုံးသပ်လို့ရှိရင် အခုကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၁၅ နဲ့ ပတ်သက်လို့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု ပြည်မပါတီကြီးတွေမှာ ဘယ်လောက်အထိ ထားနိုင်မလဲဆိုတဲ့ ကနဦးခြေလှမ်း ဖြစ်ပါတယ်။ ကျနော်တို့က သတိတရားကြီးစွာနဲ့ စောင့်ကြည့်နေပါတယ်။ ယှဉ်ပြိုင်ရဲစိတ်လည်း ရှိပါတယ်။ စိန်လည်းစိန်ခေါ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ တိုင်းရင်းသားပါတီတွေအပေါ်မှာ ပြည်မပါတီကြီးတွေရဲ့ မဟာဗျူဟာထားမှုကို ဒီကြားဖြတ်ရွေးကောက်ပွဲမှာ အပြန်အလှန်သုံးသပ်ကြည့်ချင်ပါတယ်။

ဒေါ်အင်ကြင်းနိုင် ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ တိုင်းရင်းသားဒေသတွေမှာ အဓိကပြိုင်ဖက်ပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ယှဉ်ပြိုင်ဖို့အတွက် ဝင်ရောက်ရွေးကောက်ခံတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် က ပြောပါတယ်။

ဦးဝင်းထိန် ။ ။ ကျနော်တို့က ကြံ့ခိုင်ရေးပါတီ ဝင်ပြိုင်တဲ့နေရာတိုင်းမှာ ကျနော်တို့ ပြိုင်တယ်။ ရခိုင်တွေမို့လို့၊ မွန်တွေမို့လို့ တိုင်းရင်းသားပါတီ …. ကျနော်တို့ မဝင်ခဲ့ရင် ကြံ့ခိုင်ရေး နိုင်သွားရင် ဘယ်လို့လုပ်မလဲ။ တိုင်းရင်းသားပါတီတွေကနေ သူတို့ကို ဦးစားပေးစေချင်ရင်တော့ ဆွေးနွေးပေါ့။ ဒေါ်စုကို လာတင်ပြပေါ့။ အကျိုးအကြောင်း ခိုင်လုံတယ်ဆိုရင်တော့ စဉ်းစားမှာပေါ့။ အကျိုးအကြောင်းခိုင်လုံရင် စဉ်းစားမယ်ဆိုတာ စဉ်းစားမယ်လို့ပြောတာ၊ အပေးအယူလုပ်မှာ မဟုတ်ဘူး။

ဒေါ်အင်ကြင်းနိုင် ။ ။ သူတို့ကလည်း တိုင်းရင်းသားပါတီတွေက ထောက်ပြနေတာကလည်း အန်အယ်လ်ဒီ အနေနဲ့ အပေးအယူလုပ်သင့်တယ်။ တိုင်းရင်းသားဒေသတွေမှာ။

ဦးဝင်းထိန် ။ ။ အပေးအယူလုပ်ရင် ဒါက အင်မတန် ကျယ်ပြန့်တဲ့ နည်းဗျူဟာ၊ မဟာဗျူဟာပဲ။ ၁၉၉၀ တုန်းကလည်း ကြုံခဲ့ဘူးတာပဲ။ တိုင်းရင်းသားပါတီတွေက သူတို့နေရာတွေ၊ သူတို့ဧရီယာတွေကို နိုင်ချင်လို့ရှိရင်။ နောက်ဆုံးတော့ တစည ဝင်ပြိုင်ရင် တစည နိုင်သွားရင် ဘယ်နဲ့လုပ်မလဲဆိုတော့ ဘယ်သူမှ ပြန်မဖြေနိုင်ဘူး။ အဲဒီလို သူတို့ကို ပြန်မေးရမှာ။

ဒေါ်အင်ကြင်းနိုင် ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်ကတော့။

ဦးဝင်းမြင့် ။ ။ တိုင်းရင်းသားဒေသတွေမှာလည်း ကျနော်တို့အဖွဲ့တွေ ရှိပါတယ်။ အင်အားတောင့်ပါတယ်။

ဒေါ်အင်ကြင်းနိုင် ။ ။ လောလောဆယ် အခုရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် တချို့တိုင်းရင်းသားပါတီတွေကလည်း အဓိက ပါတီကြီးတွေ ကြံ့ခိုင်ဖွံ့ဖြိုးရေး နဲ့ အန်အယ်လ်ဒီ ကနေ တိုင်းရင်းသားဒေသတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြေညာထားတဲ့ အနေအထားမှာ သူတို့ပါတီတွေ မဟာဗျူဟာကျကျ၊ တကယ်တမ်း လက်တွေ့မှာ မရှိဘူးလို့ ဝေဖန်တဲ့အပေါ်မှာ အန်ကယ် ဘယ်လိုမြင်သလဲရှင့်။

ဦးဝင်းမြင့် ။ ။ အဲဒါက သူတို့ရဲ့ အမြင်ကိုပဲ ပြောတာ။ ကျနော်တို့နဲ့က ဘာမှ၊ သူတို့အမြင်ဆိုတာက ခင်များတို့ကိုပဲ ပြောတာကို ကျနော်တို့ ကြားသိရတယ်။ ကျနော်တို့ကိုလည်း ဘာမှပြောတာ ဆွေးနွေးတာ မရှိပါဘူး။ ဒါနဲ့ ပတ်သက်လို့။

ဒေါ်အင်ကြင်းနိုင် ။ ။ အန်ကယ်တို့ ပါတီအနေနဲ့ တိုင်းရင်းသားဒေသတွေမှာ အန်ကယ် စောစောကပြောသလို အန်ကယ်တို့ အနေအထား ကောင်းတယ်ဆိုတာ တော်တော် သုံးသပ်ထားတဲ့အနေအထား အဲဒါကို နည်းနည်းရှင်းပြလို့ ရမလား။ အန်ကယ်တို့ အားကောင်းတယ်ဆိုတဲ့အပိုင်းကို။

ဦးဝင်းမြင့် ။ ။ အခုဟာက ကျနော်တို့က ရွေးကောက်ပွဲတွေ၊ မဲဆန္ဒနယ် မကြေညာသေးဘူးလေ။ ကြေညာတော့မှ ကျနော်တို့က ဘယ်နယ်တွေဆိုတာကို တခုချင်း ပြောလို့ရမှာပေါ့။ အခုဟာကတော့ ယေဘုယျအားဖြင့်ပြောတာ။ ယေဘုယျအားဖြင့် ပြောတာက ဥပမာ ကျနော်တို့ ဥက္ကဋ္ဌ ခရီးစဉ်သွားတယ်ဆိုရင် ပြည်နယ်တွေမှာဆိုရင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် စသည်ဖြင့်။ ပြည်နယ်တွေ သွားတယ်ဆိုလို့ရှိရင်လည်း ဒါက ထောက်ခံမှုက အပြည့်ပဲလေ။ အားလုံးမြင်တဲ့တွေ့တဲ့အတိုင်းပဲလေ။ ဆိုတဲ့အခါကြတော့ ဒီဟာပေါ်မှာ ယေဘုယျခြုံပြောရတာပေါ့။ အခုဟာက တနယ်ချင်း ရွေးမယ်ဆိုရင် ဘယ်နယ်ဘယ်လို သွားရမယ်ဆိုတာ ကော်မရှင်က ဘယ်နယ်တွေ လွတ်လပ်ဆိုတာ မကြေညာသေးတာ။

ဒေါ်အင်ကြင်းနိုင် ။ ။ လက်ရှိ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ ဒီနှစ်အတွင်း ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားဒေသတွေမှာ ပါတီကြီးတွေရဲ့ ကိုယ်စားလှယ်တွေ အနိုင်ရဖို့ မသေချာဘူးလို့ ပါတီလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးလှဆွေ က ဗွီအိုအေကို ပြောပါတယ်။

ဦးလှဆွေ ။ ။ နေရာ (၃၀) လောက် လွတ်တယ်ဗျ။ ဥပမာ ကော်မရှင်အဖွဲ့ဝင်ဖြစ်သွားတဲ့ လူတွေနေရာလွတ်တယ်။ နောက် ကွယ်လွန်သွားတဲ့လူတွေ နေရာလွတ်တယ်။ ပဲခူးမှာဆိုရင် အမျိုးသားလွှတ်တော်က ခလေးမလေး (၁) ယောက်ဆိုရင် သူ့အဖေက နိုင်ငံသားမဟုတ်လို့ ပြန်ပြီးတော့ ဟိုဟာဖြစ်ရတာရှိတယ်။

ဒေါ်အင်ကြင်းနိုင် ။ ။ အဲဒီတော့ အခုကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် အနေအထားကို ၂၀၁၅ အတွက် အားစမ်းတဲ့အနေအထားမျိုး ဖြစ်မယ်လို့ တချို့ကလည်း သုံးသပ်တယ့်အပေါ်မှာ အန်ကယ်ရဲ့ သဘောထား ဘယ်လိုရှိပါသလဲ။

ဦးလှဆွေ ။ ။ ဒါကတော့ မဆိုင်ဘူးဗျ။ ကျနော်တော့ အဲဒီလို အားစမ်းတယ်လို့ မမြင်ဘူး။ ဟိုဟာကတော့ ပွဲကြီး။ ဒါကတော့ ပွဲလေး။ အားစမ်းတယ်လို့ ကျနော် မမြင်ဘူး။

ဒေါ်အင်ကြင်းနိုင် ။ ။ နောက်တခုကတော့ တိုင်းရင်းသားပါတီတွေနဲ့ ယှဉ်ပြီးတော့ အနေအထားပေါ့။ တိုင်းရင်းသားနယ်မြေတွေမှာ အန်ကယ်တို့ပါတီအနေနဲ့ ဘယ်လောက်အထိ မျှော်လင့်၊ ဘယ်လို အနေအထား ရှိသလဲ။

ဦးလှဆွေ ။ ။ ကျနော် သိသလောက်က တိုင်းရင်းသားနယ်မြေတွေမှာ ကြံ့ခိုင်ရေး နဲ့ အန်အယ်လ်ဒီ အခြေအနေကောင်းဖို့ မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ မြန်မာလူမျိုးဆိုတာ ဘယ်သူမဆို ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲတို့ အရမ်းကြီးတယ်။

ဒေါ်အင်ကြင်းနိုင် ။ ။ ဒီ ရွေးကောက်ပွဲမှာတော့ တရားမျှတမှု ရှိမရှိ အပိုင်းကြတော့ အန်ကယ်တို့ပါတီကြီးအနေနဲ့ ဘယ်လို သုံးသပ်ပါသလဲရှင့်။

ဦးလှဆွေ ။ ။ အစကတည်းက တရားမျှတမှုရှိတယ်။ ၂၀၁၀ မှာလည်း တရားမျှတမှုတယ်။ ၂၀၁၂ မှာလည်း တရားမျှတတယ်။ အခုလာမယ့် ကြားဖြတ် ဒုတိယအထပ်မှာလည်း တရားမျှတမယ်လို့လည်း ကျနော် မျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ တရားမမျှတဘူးလို့ စွပ်စွဲခဲ့တဲ့ လူအားလုံးဟာ အဓိပ္ပါယ်မရှိ စွပ်စွဲနေတာပဲ။ ဦးဉာဏ်ဝင်းတို့တောင်မှ ပြောတာပဲ သူတို့ရဲ့ မဲတွေကို ဖယောင်းသုတ်ထားတယ်လို့။ ရွေးကောက်ပွဲကော်မရှင်က ခင်များ ဒီစကားကို ပြန်ပြင်ပြောပါဆိုတော့ သူပြန်ပြင်ပြောရတဲ့ အနေအထားရှိတယ်။

ဒေါ်အင်ကြင်းနိုင် ။ ။ လစ်လပ်နေတဲ့ မဲဆန္ဒနယ်မြေတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမယ့်အကြောင်းနဲ့ ပြုလုပ်မယ့်ရက်ကိုတော့ အနည်းဆုံး (၃) လ ကြိုတင်ပြီးတော့ အကြောင်းကြားပေးမှာဖြစ်တဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က မတ်လ (၂၀) ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ပြောကြားသွားပါတယ်ရှင်။
XS
SM
MD
LG