သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အသွင်းကူးပြောင်းရေး စိန်ခေါ်မှုများ


Myanmar Rakhine
Myanmar Rakhine
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာအစိုးရက ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ ဘယ်လို စိန်ခေါ်မှုတွေ ရှိပါလဲ။ မြန်မာအစိုးရ ရင်ဆိုင်နေရတဲ့ အခက်အခဲ စိန်ခေါ်ချက်တွေနဲ့ ဒီစိန်ခေါ်ချက်တွေကို ကျော်လွှာနိုင်ဖို့ ဘာတွေ လုပ်ဆောင်သင့်သလဲဆိုတာကို ဒေါ်ခင်မျိုးသက် က မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး နဲ့ ဒေါက်တာရန်မျိုးသိမ်းတို့နဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒီနေ့ VOA မှာ ဆွေးနွေးမယ့် အကြောင်းအရာကတော့ လက်ရှိအစိုးရ ရင်ဆိုင်နေရတာဟာ ရခိုင်ပြည်နယ်ကိစ္စတခုတည်း မဟုတ်ပါဘူး။ မြန်မာပြည်ရဲ့ မြောက်ဖျား ကချင်ပြည်နယ်၊ အရှေ့ဘက် ရှမ်းပြည်နယ်အားလုံး ဒေသတော်တော်များများမှာ အောက်ပိုင်း မွန်၊ ကရင်ပြည်နယ်တို့မှာ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားအရေးတွေ အမြဲလေ့လာနေတဲ့ ဦးမောင်မောင်စိုး နည်းနည်းသုံးသပ်ပြောပြပေးပါ။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အစိုးရက ဘယ်လို ဖြေရှင်းလဲ။ သူတို့ရဲ့ လုပ်နေကိုင်နေ၊ ဖြေရှင်းမယ့်ပုံစံကို မှန်ပါလား။

ဦးမောင်မောင်စိုး ။ ။ တိုင်းရင်းသားလက်နက်ကိုင်၊ လက်နက်ကိုင် တိုက်နေတဲ့လူတွေကို နိုင်ငံရေးလမ်းကြောင်းပေါ်ကို ရောက်လာဖို့ဆိုတာ ပထမအဆင့် ဖြစ်တယ်။ အဲဒီ ပထမဦးဆုံးအဆင့်အနေနဲ့ UNFC ကတော့ ဆွေးနွေးပွဲ NCA လမ်းကြောင်းကို မူ (၈) ချက်လောက် ပြင်လိုက်ရင်ရမယ်ဆိုတာ ရှိတယ်။ ဒါကတော့ အကြိမ်ကြိမ် ဆွေးနွေးနေတယ်။ ရလဒ်တော့ မထွက်သေးဘူးပေါ့။ အားလုံးခန့်မှန်းတာတော့ ဒီနှစ်ထဲမှာ ထိုးလိမ့်မယ်လို့ ခန့်မှန်းကြတယ်။ ဘာပဲဖြစ်ဖြစ် သူကတော့ မျှော်လင့်ချက် ရှိနိုင်တယ်။ ဒါပေမဲ့ ပြဿနာက မြောက်ပိုင်း (၇) ဖွဲ့နဲ့ ပြဿနာ ... အဲဒီတော့ မြောက်ပိုင်း (၇) ဖွဲ့နဲ့ ပြဿနာက ကျနော်တို့အတွက် အရေးကြီးတယ်။ ဘာအရေးတာလဲဆိုတော့ ဒီမြောက်ပိုင်း (၇) ဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေထဲမှာ လက်နက်ကိုင်အင်အား (၇၅) နဲ့ (၈၀) ရာခိုင်နှုန်း ရှိတယ်။ အဲဒီတော့ ဒီမှာဖြစ်နေတာ ဘာဖြစ်နေလဲဆိုတော့ အစိုးရကလည်း တဖွဲ့ချင်းတွေ့မယ် ကြေညာထားတယ်။ ဟိုဘက်ကလည်း (၇) ဖွဲ့က တပ်ပေါင်းစု ဖွဲ့ပြီးတဲ့အခါ FMPCC ဒီခုနှစ်အဖွဲ့အနေနဲ့ နိုင်ငံရေးဆွေးနွေးမယ်ဆိုပြီး ဖြစ်တယ်။ အဲဒီအချိန်မှာ ကျနော့်အနေနဲ့ နှစ်ဘက်စလုံးကို အလျှော့အတင်း လုပ်လိုက်ဖို့ လိုအပ်တာ။ အခု Bi… မထိုးရသေးတဲ့ အဖွဲ့ လေးဖွဲ့ အရင်ဆုံ တွေ့ဆုံပြီးတော့ ဒီ Biliteral ထိုးနိုင်တဲ့ အခြေအနေကို ကျော်လွှာနိုင်အောင် ကြိုးစားသင့်တယ်လို့ ထင်တယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒေါက်တာရန်မျိုးသိမ်းအနေနဲ့ ဘယ်လို မြင်ပါလဲ။ ဒီ ဒေါ်အောင်ဆန်းစုကြည် တက်လာတဲ့ အစိုးရအဖွဲ့ တနှစ်ခွဲလောက် ရှိတော့မယ်။ ၂၀၁၇ ခုနှစ်မှာ ငြိမ်းချမ်းရေးရဖို့ဆိုပြီးတော့ သူတို့ ကြေညာကြွေးကြော်ပြီးတော့ ပြောနေတာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ အခုလိုမျိုး ကြွေးကြော်ထားပြီးတော့ ဒီလို ဖြေရှင်းတဲ့နည်းလမ်း မှန်မမှန် ဒေါက်တာရန်မျိုးသိမ်းအမြင်ကို သိပါရစေ။

ဦးရန်မျိုးသိမ်း ။ ။ ကျနော်ကတော့ အခုန ဆရာမောင်မောင်စိုးလည်း ပြောတယ် ဒီပြဿနာက အင်မတန်မှ ကျယ်ပြန့်တယ်။ ရှုပ်ထွေးတယ်။ နောက်ပြီးတော့ နှစ်ပေါင်းများစွာ အမြစ်တွယ်ပြီးတော့ ဖြစ်လာတဲ့အနေအထားမျိုးရှိတယ်။ အဲဒီအခါကြတော့ ကျနော်တို့က ဒီပြဿနာကို ချဉ်းကပ်ပြီး ဖြေရှင်းတဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့် နဲ့ အသေးစိတ် စီမံချက်ချပြီးတော့ ချဉ်းကပ်နိုင်ဖို့ လိုအပ်တတယ်လို့ ကျနော်က မြင်တယ်။ အဲဒီလို စဉ်းစားတဲ့နေရာမှာ ကျနော်ကတော့ ပထမဦးဆုံး ယုံကြည်မှု တည်ဆောက်ဖို့က အလွန်အရေးကြီးဆုံးလို့ ကျနော်က မြင်တယ်။ တောက်လျှောက် ကျနော့်အမြင်ကတော့ ဘယ်လိုဟာလဲဆိုတော့ ကျနော်ဟာ အစိုးရ နဲ့ တပ်မတော်အနေနဲ့ တဘက်သတ် အပြစ်ခတ် ရပ်ဆဲရေးကို လုပ်သင့်တယ်လို့ ကျနော်က မြင်တယ်။ အဲဒီတော့ တကယ်တမ်း တဘက်သတ် အပြစ်အခတ် ရပ်ဆဲရေးကို လုပ်လိုက်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကို တတ်နိုင်သမျှ လျော့ချလိုက်နိုင်မယ်။ ထိန်းသိမ်းလိုက်နိုင်မယ်။ ပြီးနောက် အပြစ်အခတ် ရပ်စဲရေးပေါ်မှာ အခြေခံပြီးတော့မှ နှစ်ဘက်ကြားမှာ ကျနော်တို့ ယုံကြည်မှုကို အတိုင်းအတာတခုအနေနဲ့ ဆွဲတင်နိုင်မယ်လို့ ကျနော်က မြင်တယ်။

ဒေါ်ခင်မျိုးသက် ။ ။ လက်ရှိအစိုးရ ရင်ဆိုင်နေရတဲ့ ပြဿနာမှာ ငြိမ်းချမ်းရေးအတွက်ကို စောစောက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့လလောက်ကပဲ မွန်ပြည်နယ်က သီးခြားခေါ်ပြီး တွေ့ဆုံတာ ရှိပါတယ်။ မွန်အဖွဲ့နဲ့ နိုင်ဟံသာတို့ ခေါင်းဆောင်တဲ့ အဖွဲ့

မနေတနေ့ကပဲ RCSA ဦးယောစစ်တို့နဲ့ တွေ့ဆုံခဲ့တယ်။ ဒီလိုမျိုး သီးခြားခွဲပြီး တွေ့ဆုံနေတာတွေ၊ ဒါမျိုးတွေ ဆက်ပြီးတော့ လုပ်သင့်သလား။ ဦးမောင်မောင်စိုးအမြင်လေး သိပါရစေ။

ဦးမောင်မောင်စိုး ။ ။ ကျနော်တွေ့ခဲ့တဲ့ ဆွေးနွေးပွဲအတွေ့အကြုံတွေအရဆိုရင် လုပ်သင့်ပါတယ်။ ဒါတွေကို ကျနော်တို့က ဘာခေါ်သလဲဆိုရင်တော့ ဆွေးနွေးပွဲတွေမှာတော့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေလို့ခေါ်တယ်။ အမှန်ကတော့ အဲဒါတွေ များများလုပ်သင့်တာ။ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းက တောက်လျှောက်အများကြီးတော့ အကြိမ်များစွာ လုပ်ချင်မှ လုပ်နိုင်လိမ့်မယ်။ NRPC မှာ ငြိမ်းချမ်းရေးကော်မရှင်မှာ တာဝန်ရှိသူက အလွတ်သဘော တွေ့ဆုံမှု များများလုပ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က တရားဝင်ဆွေးနွေးပွဲ စားပွဲမှာ ထိုင်လိုက်တာနဲ့ ဘာတွေ့ရလဲဆိုတော့ နှစ်ဘက်စလုံးက မူတွေကိုင်ထားတယ်။ သူ့ဘက်ကလည်း သူ့မူ ကိုင်ထားတယ်။ ကိုယ့်ဘက်ကလည်း ကိုယ့်မူ ကိုင်ထားတယ်။ မလျှော့ကြတော့ဘူး။ လျှော့လို့မရတဲ့အခါကြတော့ ညှိလို့မရကြတော့ဘူး။ အဲဒီတော့ ကျနော်တို့က အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပြီးတော့ နားလည်မှုတွေ တည်ဆောက်ကြရမယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒီဥစ္စာက ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာ လက်ရှိ အစိုးရ ရင်ဆိုင်နေရတာပေါ့။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ ဘေးက ထိုင်ကြည့်ပြီးတော့ မြင်တဲ့အမြင်ပေါ့။ နောက်လက်ရှိ အစိုးရ ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာ ဥပမာ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ဖို့ဆိုတာတွေ ပြောနေတာရှိတယ်။ စီးပွားရေးကလည်း အရင်ထက်စာရင် ပိုကျသွားတာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဒေါက်တာရန်မျိုးသိမ်းအမြင်ကို ပြောပြပေးပါ။ တခြားပြဿနာတွေ ပြည်တွင်းငြိမ်းချမ်းရေးအပြင် ကြုံနေရတဲ့ လက်ရှိ အစိုးရ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်လဲ။

ဦးရန်မျိုးသိမ်း ။ ။ ကျနော်ကတော့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းကတော့ ကျနော့်အမြင်က ကျနော်တို့ပြဿနာအားလုံးရဲ့ အခြေခံပဲလို့မြင်တယ်။ ဥပမာ ကျနော်တို့ လက်ရှိဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာ ဖြစ်နေတာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်မှာပဲ တိုက်ရိုက်ပတ်သက်နေတယ်လို့ မြင်တယ်။ ဥပမာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ အချက်တောင်မှ မဖော်ပြနိုင်ဘူး ဖြစ်နေတယ်။ အဲဒီအခါကြတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကို မကျော်လွှာနိုင်ဘဲနဲ့ ငြိမ်းချမ်းရေးတို့ ကျန်တဲ့ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းတို့ကို ကျနော်တို့ စိတ်ကူးယဉ်မယ်ဆိုရင် ဒါက ကျနော်တို့ သဲနဲ့ဆောက်တဲ့အိမ် ဖြစ်နေမယ်။ ကျနော့်အမြင်အားဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ လိုသလို၊ တပြိုင်နက်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းကိုလည်း အဖြေရှာဖို့ လိုအပ်တယ်လို့ မြင်တယ်။ ကျနော် ဆက်စပ်ပြီးမြင်မိတာက ဆရာမောင်စိုး အခုနပြောသလို ကျနော်တို့တိုင်းပြည်မှာ ဘာသွားတွေ့သလဲဆိုတော့ ငြိမ်းချမ်းရေးလို့ ပြောတဲ့အခါမှာ ကျနော်တို့က လွတ်လပ်ရေးရပြီးချိန်ကနေ တကယ် အဆုံးအဖြတ်ပေးနိုင်မယ့် လူတွေကြားထဲမှာ ထိထိရောက်ရောက် အကြိတ်အနယ် ဆွေးနွေးတာမျိုး မတွေ့ရဘူး။ မတွေ့ရသလောက်ကို နည်းတယ်။ အဲဒီတော့ တကယ်တမ်းတော့ အခုအချိန်မှာလည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အဲဒီဘက်ပေါင်းစုံရဲ့ ထိပ်ပိုင်းအဆုံးအဖြတ် ပေးနိုင်မယ့် ခေါင်းဆောင်တွေကြားမှာ ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲတွေ။ အဲဒီတွေ့ဆုံဆွေးနွေးပွဲတွေကနေ သဘောတူညီချက်တွေရတဲ့အထိ ရည်မှန်းချက်ထားပြီးတော့ သွားတဲ့လမ်းကြောင်းတွေကို ဖော်ဆောင်နိုင်မယ့်အပိုင်းမှာလည်း လိုအပ်ချက်တွေ ရှိနေတယ်လို့ ကျနော်ကတော့ အဲဒီလို သုံးသပ်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဦးမောင်မောင်စိုး အမြင်လည်း သိပါရစေ။ ဒါနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ လူအများစုက တောင်းဆိုနေကြတယ်။ လူထုတွေက တောင်းဆိုနေကြတယ်။ ဒါနဲ့ တဆက်တည်း နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးပါ နည်းနည်းဆွေးနွေးပေးပါ။

ဦးမောင်မောင်စိုး ။ ။ ကျနော်တို့ တိုင်းပြည်မှာ လောလောဆယ် ဖြစ်နေတာ နိုင်ငံရေးအုပ်စုကြီး (၃) စုကြီး ရှိတယ်လို့ တွေ့တယ်။ တပ်မတော် နဲ့ တပ်မတော်ကို ထောက်ခံတဲ့အုပ်စုက တစ်စု၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ဒီမိုကရက်တစ်အုပ်စုက တစ်စု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားပါတီတွေကို ထောက်ခံတဲ့အစုက တစ်စု - (၃) ခု ဖြစ်နေတယ်။ ဒါကြောင့်မို့ ကျနော်တို့တိုင်းပြည်က နိုင်ငံရေးအရ မတည်ငြိမ်၊ ပြဿနာများနေတာ ဖြစ်တယ်။ ဒီအုပ်စုကို Negotiate လုပ်နိုင်မယ့်လမ်းကြောင်းသည် အခုနပြောသလို အခြေခံဥပဒေမှာပဲ သွားရှိနေတယ်။ အဲဒီတော့ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ကျနော်တို့ ဘက်ပေါင်းစုံကနေ အလေးနက်စဉ်းစားဖို့ လိုအပ်တယ်။ အဲဒါကို မဖြေရှင်းနိုင်သရွေ့ ကျနော်တို့တိုင်းပြည်ရဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုတာ ရှင်းနေတယ်။ ဒါပေမဲ့ အခု ခက်နေတာတစ်ခုက ဘာလဲဆိုတော့ အားလုံးက စဉ်းစားမှုတွေက မတူကြဘူး။ အဲဒီ မတူကြတဲ့ဟာကို မပြောင်းနိုင်ကြသရွေ့ ဒီပြဿနာ ဖြစ်နေမှာ။ ဒါပေမဲ့ အားလုံးစိတ်ထဲမှာ စွဲထားဖို့ လိုတာကတော့ အခြေခံဥပဒေသည် ကျနော်တို့တိုင်းပြည်ရဲ့ အကျပ်အတည်းသည် အခြေခံဥပဒေ အကျပ်အတည်းလို့ စဉ်းစားထားဖို့လိုတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အခုနောက်ဆုံးအနေနဲ့ ဒေါက်တာရန်မျိုးသိမ်း ပြောပြပေးပါ။ ခြုံပြီးတော့ အခုလက်ရှိ မြန်မာနိုင်ငံ အစိုးရ ကြုံတွေ့နေရတဲ့ ပြဿနာ - ဘယ်လို အဖြေရှာဖို့နည်းလမ်းတွေ အများကြီးပေါ့။ ပထမဦးဆုံး နိုင်ငံတကာက ဖိအားပေးနေတဲ့ကိစ္စတွေ။ နောက်တခုကလဲ ပြည်တွင်းမှာ ငြိမ်းချမ်းရေး မရှိတဲ့ကိစ္စတွေ။ အဲဒါအပြင် အထဲထဲမှာလည်း တချို့ပါတီကြီးတွေက မကျေမနပ်နဲ့ သူတို့လုပ်ရင်တော့ ပိုကောင်းမယ်။ သူတို့ပြောတာကို လက်ရှိအစိုးရ နားမထောင်ဘူး။ ဒီလိုစိတ်ဝမ်းကွဲနေတာတွေ။ နောက်ပြီးတော့ သောင်းကျန်းသူကလည်းတဘက် - ပြီးတော့ အထဲမှာ လူစုလူဝေးနဲ့ ဟောပြောမှုတွေနဲ့ ဆူပူအကြမ်းဖက်မှုတွေ၊ တည်ငြိမ်အောင် ဖြစ်နိုင်မယ့် အနေအထားတွေ။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရကို ခြုံငုံပြောပြပေးပါ။

ဦးရန်မျိုးသိမ်း ။ ။ ကျနော် စဉ်းစားမိသလောက် လက်ရှိအခြေအနေမှာ ကျနော်တို့နိုင်ငံအနေနဲ့ နိုင်ငံတကာဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ပြည်တွင်းမှာလည်း အကျပ်အတည်းတွေ ရင်ဆိုင်နေရတယ်ဆိုတာ ဒါက မငြင်းနိုင်တဲ့ အနေအထားပေါ့။ အဲဒီအခြေအနေမျိုးမှာ ကျနော့်အမြင်အားဖြင့် နိုင်ငံတကာရဲ့ ဖိအားတွေကို ရင်ဆိုင်နေရတဲ့အခါမှာ ကျနော်တို့က အစိုးရအနေနဲ့ နိုင်ငံတကာမှာ ကျနော်တို့တိုင်းပြည်ရဲ့ အနေအထားကို ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် လော်ဘီ လုပ်ပေးနိုင်မယ့် အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို စနစ်တကျနဲ့ စုစည်းပြီးတော့ ပြင်ဆင်ဖို့လိုတယ်လို့ ကျနော်မြင်တယ်။ ဒါက ဒီပြဿနာတစ်ခုတည်း မဟုတ်ဘူး။ ရှေ့သွားရမယ့် နှစ်ပေါင်းများစွာမှာ အချိန်မရွေး အခါမရွေး နိုင်ငံတကာနဲ့ ဖြေရှင်းရမယ့် အနေအထားတွေကို ကြုံရလိမ့်မယ်။ အဲဒီအခါကြတော့ အဲဒီလိုအနေအထားတွေအတွက် ဆိုလိုချင်တဲ့သဘောက တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တွေ။ တကယ်ကို တိုင်းပြည်နဲ့ ပြည်သူလူထုအတွက်၊ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအကျိုးအတွက် တကယ်အလုပ်လုပ်ပေးချင်တဲ့ ပုဂ္ဂိုလ်တွေ ဒါတွေကို စနစ်တကျ စုဆောင်းထားဖို့ လိုအပ်တယ်လို့ မြင်တယ်။ ပြီးတော့ သူတို့ကိုလည်း ပုံမှန်ထိတွေ့ ဆက်ဆံနိုင်ဖို့ လိုအပ်တယ်။ နောက်တချက်က ဘာသွားတွေ့လဲဆိုတော့ လက်ရှိ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံတကာမှာရှိနေတဲ့ သံရုံးတွေဟာ ဘာတွေလုပ်နေသလဲဆိုတာ ကျနော်လည်း သေချာမသိဘူး။ ဥပမာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေ၊ အကျပ်အတည်းတွေမှာ နိုင်ငံတကာမှာဖြစ်နေတဲ့၊ ရင်ဆိုင်နေရတဲ့ ဖိအားတွေကို တန်ပြန်တဲ့နေရာမှာ၊ ဖြေရှင်းတဲ့နေရာမှာ ကျနော့်အမြင်အားဖြင့် သံရုံးတွေရဲ့ အခန်းကဏ္ဍဟာ အင်မတန်မှာ အရေးကြီးတယ်လို့ မြင်တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေအထိ ဘယ်လောက်အထိ နိုင်ငံတကာမှာရှိတဲ့ သံရုံးတွေ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်လဲဆိုတာကို မသိရဘူး။ မတွေ့ရဘူး။ နောက်တချက်က ပြည်တွင်းမှာ သွေးစည်းညီညွှတ်မှုကို ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ထားနိုင်ဖို့ လိုအပ်တယ်။ ကျနော်ဆိုလိုချင်တာက အခုန ဆရာမောင်မောင်စိုး ပြောသွားသလိုပဲ ဒီမိုကရက်တစ်အင်အားစုတွေဘက်မှာလည်း အားနည်းချက်တွေ ရှိတယ်။ အားသာချက်တွေ ရှိတယ်။ တပ်မတော်ဘက်မှာလည်း အာနည်းချက်တွေ၊ အားသာချက်တွေ ရှိတယ်။ တိုင်းရင်းသားအင်အားစုတွေမှာလည်း အားသာချက် အားနည်းချက်တွေ ရှိတယ်။ အဲဒီတော့ ဒီအစုအဖွဲ့ သုံးဖွဲ့လုံးဟာ ကျနော်တို့ ညီညီညွှတ်ညွှတ်နဲ့ စားပွဲဝိုင်းမှာ ထိုင်းပြီးတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးအမြင်ဖလှယ်နေဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက်ပြီးတော့ အဲဒီလို လက်ချင်းချိတ်ထားတဲ့ အနေအထားမျိုးနဲ့ ကျနော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီ တည်ဆောက်ရေးလမ်းကြောင်းကို ဖော်ဆောင်နိုင်မယ်ဆိုရင် ကျနော်တို့တင်မကဘူး။ ကျနော်တို့မျိုးဆက် လာမယ့်မျိုးဆက်တွေအတွက် အာမခံချက် မြင်မားတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်မယ်လို့ ကျနော်ကတော့ အဲဒီလို သုံးသပ်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒီနေ့ VOA ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ဦးမောင်မောင်စိုး နဲ့ ဒေါက်တာရန်မျိုးသိမ်းတို့ကို အများကြီး ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG