သုံးရလွယ်ကူစေသည့် Link များ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာပြည် နိုင်ငံရေးအခြေအနေ တိုးတက်ပြောင်းလဲလာတာနဲ့အတူ စီးပွားရေးစနစ် ပြောင်းလဲလာမှု အလားအလာ အခြေအနေများကို မြန်မာအစိုးရ စီးပွားရေးဆိုင်ရာ အကြံပေး စီးပွားရေးပညာရှင် ဦးဇော်ဦး ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ဦးဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။ ဦးဇော်ဝင်းလှိုင် ။ ။ ကျနော် မေးချင်တာကတော့ စီးပွားရေးပညာရှင်တယောက်အနေနဲ့ အခု လွှတ်တော်ထဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ဥပဒေကို တင်သွင်းနေကြတယ်လို့ ကျနော်တို့ သိရတယ်။ အဲဒီ ဥပဒေရဲ့  အကျိုးသက်ရောက်မှု၊ အဲဒီဟာရဲ့  အတိုင်းအတာ ဘယ်လောက်အထိ ရှိမလဲလို့ ထင်ပါသလဲ။

ဦးဇော်ဦး ။ ။ ကျနော်တို့ရဲ့  နိုင်ငံခြားရေးရင်းနှီးမြှုပ်နှံမှု ဥပဒေက ၁၉၈၂ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ ဥပဒေဖြစ်တယ်။ ဆိုတော့ အခုဆို အနှစ် (၂၀) လောက် ကြာပြီးတဲ့အခါမှာ ပိုပြီးတော့ ပြည့်စုံပြီးတော့၊ စနစ်တကျ ရှိမယ့် ဥပဒေတရပ် ထွက်လာဖို့ကို ကျနော်တို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ အဓိကတော့ ခေတ်ကာလတွေ ပြောင်းခဲ့တဲ့ အနေအထားမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ ဥပဒေဟောင်း စတင်လုပ်ဆောင်ခဲ့တုန်းက မစဉ်းစားခဲ့တဲ့ကိစ္စတွေ။ အထူးသဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ။ နောက်ပြီးတော့ လူမှုရေး အထိအခိုက်ဖြစ်စေတဲ့ကိစ္စတွေ။ နောက် ကျေးလက်နေပြည်သူတွေရဲ့  စီမံကိန်းကြီးကြီးမားမား ဆောင်ရွက်တဲ့အခါမှာ သူတို့အပေါ်မှာ လူမှုရေးအရ၊ ဒေသန္တရ စီးပွားရေးအရ ထိခိုက်နစ်နာမှုတွေ ရှိခဲ့မယ်ဆိုရင်တောင် အနည်းဆုံးဖြစ်အောင် ဥပဒေကြောင်းလမ်းကနေ ဘယ်လိုကာကွယ်ပေးရမလဲဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးနေတာပါ။ ဒီနေရာမှာ ကျနော်တို့ အုပ်ချုပ်ရေးအစိုးရအဖွဲ့ဖက်က ဥပဒေကြမ်းကို တင်သွင်းပြီးတဲ့အခါမှာ လွှတ်တော်ထဲမှာ ထပ်ပြီးဆွေးနွေးနေတဲ့ကိစ္စကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုတာထက် နိုင်ငံခြားနဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေ၊ အရင်းရှင်တွေ၊ ဓနရှင်တွေကပါ ရင်းနှီးမြှုပ်နှံနိုင်မယ့် တပြေညီဖြစ်နိုင်မယ့် ဥပဒေတရပ် ဖြစ်လာအောင် ပိုပြီးတော့ ဖြည့်စွက်ပြီးတော့ စဉ်းစားဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ အဲဒါကလည်း အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကတော့ အခုလောလောဆယ် အသွင်ကူးပြောင်းရေးကာလမှာ အဓိကကြတယ်။ ဒါပေမဲ့ ရေရှည်မှာဆိုရင်တော့ ကိုယ့်နိုင်ငံထဲမှာ နိုင်ငံသားတွေက ပိုပြီးတော့ ဒီရင်းနှီးမြှုပ်နှံမှုကို ပိုမိုလုပ်လာအောင် အားပေးဖို့ဆိုတဲ့ကိစ္စကလည်း တော်တော် ပဓာနကြပါတယ်။ သူတို့ကတော့ ရေရှည်အတွက်ကို ပိုပြီးပြည့်စုံတဲ့ ဥပဒေတရပ်ဖြစ်လာအောင် အားလုံးဖြည့်စွက်ပြီးတော့ စဉ်းစားဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

ဦးဇော်ဝင်းလှိုင် ။ ။ ဒါနဲ့ တဆက်တည်း စောစောက ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေကဏ္ဍဖက်က ပြန်ကြည့်မယ်ဆိုရင် ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ၊ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေ ပြောနေကြတာက ပြည်တွင်းက ရင်းနှီးမြှုပ်နှံမှုတွေကို လာခွင့်ပြုတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ကျနော်တို့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေကော ပြည်ပမှာ သွားရောက်လုပ်ပိုင်ခွင့်၊ ပြည်ပကို လွတ်လွတ်လပ်လပ် ပို့ပိုင်ခွင့်၊ အထူးသဖြင့် အမေရိကန်လို နိုင်ငံမျိုးမှာ မနေ့တနေ့ကပဲ သူတို့ စီးပွားရေးပိတ်စို့မှု သက်တမ်းထပ်တိုးလိုက်တယ်ဆိုတော့ ဒီဥစ္စာကို ပြေလည်အောင် ဘယ်လိုလုပ်ကြမလဲ။ နည်းလမ်းရှိသလား။ စီးပွားရေးလုပ်ငန်းရှင်တွေဖက်က စဉ်းစားပြီးတော့ ကြည့်မယ်ဆိုရင်။

ဦးဇော်ဦး ။ ။ ဟုတ်ပါတယ်။ အဲဒီကိစ္စကတော့ အမေရိကန်အစိုးရနဲ့ ဆက်ပြီးတော့ ညှိနှိုင်းကြရမယ်။ အဓိက ကျနော် နားလည်းတာကတော့ သမ္မတ အိုဘားမား အစိုးရနဲ့ မြန်မာနိုင်ငံအစိုးရနဲ့ နှစ်ရပ်ကြားမှာ အတော်နားလည်းမှု ရခဲ့တယ်လို့ ပြောလို့ရပါတယ်။ အထူးသဖြင့်ကတော့ နိုင်ငံခြား စီးပွားရေးအရ အကန့်အသတ် sanctions လုပ်ထားတဲ့ကိစ္စတွေမှာ ကျနော်တို့ရဲ့  ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ တဖြည်းဖြည်းနဲ့ တိုးတက်အောင်မြင်လာတာနဲ့အမျှ သူတို့ဖက်ကလည်း sanctions ကို တဖြည်းဖြည်းနဲ့ ရုတ်သိမ်းလာတယ်လို့ ပြောလို့ရပါတယ်။ အဲဒီတော့ အဲဒီအနေအထားဟာ ပိုပြီးမြန်မြန်ဆန်ဆန် ဖြစ်လာဖို့ လိုပါလိမ့်မယ်။ အဓိက ကျနော် နားလည်းတာကတော့ အိုဘားမား အစိုးရက ကျနော်တို့နဲ့ သဘောတူညီချက်ရထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဖြေလျှော့မှုတွေကို လုပ်နေပေမယ့်လည်း ကွန်ဂရက် နဲ့ အထက်လွှတ်တော် ဆီနိတ်လွှတ်တော်တွေဖက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်တမ်းတိုးတဲ့ အနေအထားတွေ တွေ့ရပါတယ်။ နောက်ပြီးတော့ သူတို့ စဉ်းစားတဲ့အခါမှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားတဲ့ကိစ္စကိုတော့ ဖြေလျှော့လိုက်ပြီးတော့ အမေရိကန်ဈေးကွက်ကို ကျနော်တို့ ကုန်ပစ္စည်းတွေ တင်ပို့နိုင်တဲ့ကိစ္စကိုတော့ ဆက်လက်ကန့်သတ်ထားတယ်ဆိုတဲ့ကိစ္စ။ ဒီကိစ္စကို ကျနော် စီးပွားရေးပညာ ရှုထောင့်ကနေကြည့်မယ်ဆိုရင် ဒါဟာ အမေရိကန်အစိုးရအတွက်တော့ သဘာဝမကျတဲ့ ဆုံးဖြတ်ချက်မျိုးလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ အခုလို အသွင်ကူးပြောင်းရေးကာလမှာ အရေးတကြီး လိုအပ်နေတဲ့ကိစ္စက ကျနော်တို့ဆီက ပို့ကုန်တွေကို အမေရိကန်ဈေးကွက်ကို တင်သွင်းနိုင်ရေး ဖြစ်ပါတယ်။ ဒါမှလည်း ကျနော်တို့ အသွင်ကူးပြောင်းမှုကာလမှာ တကယ်ကို တိကျတဲ့ မြန်ဆန်တဲ့ အကျိုးကျေးဇူးတွေကို ကျနော်တို့ရဲ့  ပို့ကုန်ပို့တဲ့လူတွေရမယ်။ ပို့ကုန်ဆိုတဲ့နေရာမှာ အထူးသဖြင့်က လယ်ယာစိုက်ပျိုးရေး၊ အထည်ချုပ်လုပ်ငန်း၊ သားငါး။ အထူးသဖြင့် ပင်လယ်ငါးဖမ်းလုပ်ငန်း။ ဒီကနေရလာမယ့် ပို့ကုန်တွေကို ပို့ကြမှာ ဖြစ်ပါတယ်။ ပို့ကုန်လုပ်ငန်းတွေရဲ့  နောက်မှာ ဘယ်သူတွေရှိနေသလဲဆိုတော့ ကျနော်တို့ရဲ့  အထည်ချုပ်လုပ်သားတွေ၊ ရေလုပ်သားတွေ၊ လယ်ယာလုပ်သားတွေ ရှိတဲ့အတွက်ကြောင့်မို့ ဒါဟာ အခြေခံလူတန်းစာတွေအတွက်က အင်မတန်မှ အရေးကြီးတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ ဒီ လုပ်ငန်းတွေမှာ မြန်မြန်အကျိုးရှိလေလေ ကျနော်တို့ ပြည်သူလူထုအတွက်ကလည်း ဒီ အသွင်ကူးပြောင်းရေးကာလ။ ဒီလုပ်ငန်းစဉ်တွေရဲ့  အကျိုးကျေးဇူးကို မြန်မြန်ခံစားရလေလေ၊ ကျနော်တို့ရဲ့  ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေလည်း ပိုအောင်မြင်လေလေ ဖြစ်တာပေါ့။ ဒါဆိုရင် အမေရိကန်အစိုးရက ပြောနေတဲ့ ကျနော်တို့ရဲ့  ပြောင်းလဲမှုရဲ့  နောက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ နောက်ဆုံးပိတ် ဒီမိုကရေစီစနစ် တင်းပြည့်ကျပ်ပြည့် ဖြစ်လာဖို့အထိ ပြောင်းလဲလာဖို့ဆိုရင် အခုနပြောတဲ့အဆင့်တွေက အရင်လိုလိမ့်မယ်လို့ ထင်ပါတယ်။ အခုကိစ္စမှာကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုပဲ ဖိတ်လိုက်တယ်ဆိုတော့ အဓိကအားဖြင့် အကျိးကျေးဇူးရှိတာက အမေရိကန်ကုမ္မဏီတွေဖြစ်တယ်။ နောက်တချက်ကလည်း သူတို့ လာပြီးရင်းနှီးမြှုပ်နှံမယ့်ကိစ္စတွေက သဘာဝအရင်းအမြစ်ကို တူးဖော်တဲ့လုပ်ငန်းတွေမှာ အရင်ဆုံး ရင်းနှီးမြှုပ်နှံမယ့် အနေအထားတွေ ဖြစ်နေတယ်။ အဲဒီတော့ အဲဒီ လုပ်ငန်းတွေကလည်း ကျနော်တို့ရဲ့  အခြေခံလူတန်းစားအတွက် ချက်ချင်းလက်ငင်း အကျိုးရှိမှာ မဟုတ်ဘူး။ အဲဒီတော့ အဲဒီနှစ်ခုက sanctions ချရခြင်းရဲ့  ဦးတည်ချက်နဲ့ အခု sanctions ဖြေလျှော့တဲ့ လုပ်ငန်းစဉ်နဲ့ အံဝင်ဂွင်ကျ မဖြစ်ဘူးဖြစ်နေပါတယ်။ အဲဒီကိစ္စကိုတော့ ကျနော်တို့အားလုံးက ဝိုင်းဝန်ဆွေးနွေးပြီးတော့ အမြန်ဆုံးဖြေလျှော့နိုင်ဖို့ကိစ္စ ဆက်ပြီးဆွေးနွေးတင်ပြသွားရလိမ့်မယ်လို့ ထင်ပါတယ်။ ဦးဇော်ဝင်းလှိုင် ။ ။ ဆိုတော့ တဖတ်မှာ အမေရိကန်ကဏ္ဍကတော့ ဟုတ်ပါပြီ။ အမေရိကန်ကို ပို့လို့မရဘူး။ ဒါပေမဲ့ တခြား ဥရောပလို နိုင်ငံမျိုးတွေ၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ အိမ်နီးချင်းနိုင်ငံတွေဖက်ကို တင်ပို့တဲ့ကိစ္စတွေက အပြန်အလှန် ကုန်စည်စီးဆင်းမှု ရှိသလား။ သဘောက တဖတ်သတ် မဟုတ်ဘဲ။ အမေရိကန် ဖြစ်နေသလို။

ဦးဇော်ဦး ။ ။ အမေရိကန်နဲ့ ဖြစ်နေလိုမျိုးပဲ ဥရောပသမဂ္ဂနိုင်ငံတွေနဲ့လည်း တခုကျန်နေတဲ့ကိစ္စက GSP လို့ ခေါ်တဲ့ကိစ္စ။ ဒါဟာ ILO နေ နောက်ဆုံးပိတ်။ ဖြေလျှော့မှုကို လုပ်လိုက်ပြီးနောက်ပိုင်းမှာ ဥရောပသမဂ္ဂကလည်း ဒီကိစ္စကို အမြန်ဆုံးဆက်ပြီးတော့ ဆွေးနွေးနိုင်လိမ့်မယ်လို့ ပြောလို့ရပါတယ်။ ဥရောပသမဂ္ဂဖက်က ကြည့်မယ်ဆိုရင်တော့ အနှေးနဲ့အမြန်ဆိုသလိုပဲ GSP ဖြေလျှော့မှု လုပ်ငန်းဟာ အမြန်ဆုံးပြီးသွားမယ်။ ပြီးသွားပြီဆိုရင် အခုနပြောတဲ့ ကျနော်တို့ရဲ့  အခြေခံပို့ကုန်တွေကလည်း ဥရောပဈေးကွက်ကို မကြာခင် ထိုးဖောက်ဝင်ရောက်နိုင်လိမ့်မယ် မျှော်လင့်ရပါတယ်။ အရှေ့ တောင်အာရှကတော့ ကျနော်တို့ရဲ့  ပို့ကုန်ပစ္စည်းတွေ သွားနိုင်တဲ့ဈေးကွက်တွေတော့ မဟုတ်ဘူး။ သူတို့နဲ့ ကျနော်တို့က ကုန်ပစ္စည်းတွေတူနေတဲ့ နိုင်ငံတွေဖြစ်တယ်။ သူတို့နဲ့ ကျနော်တို့က အခုလောလောဆယ်မှာ အားယူပြီးပြိုင်ရမယ့် အနေအထားရှိတယ်။ ဒါကြောင့်မို့လည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အခါမှာ အထူးသဖြင့် ကိုယ့်အမျိုးသားလုပ်ငန်းရှင်တွေနဲ့ ငွေရှင်ဓနရှင်တွေက ပိုပြီးတော့ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်အောင် အစိုးရက အားပေးသင့်တယ်ဆိုတဲ့ကိစ္စကို တချို့ သော လုပ်ငန်းရှင်တွေကလည်း တင်ပြနေတာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မကြာခင် ၂၀၁၅ မှာ အာဆီယံဝန်းကျင်ဆိုပြီတော့ အာဆီယံက လုပ်ငန်းတွေကလည်း ကျနော်တို့ မြန်မာနိုင်ငံကို တံခါးမရှိ ဓါးမရှိ လာနိုင်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီအချိန်မရောက်ခင်မှာ ကျနော်တို့ဆီက လုပ်ငန်းရှင်တွေက တစုံတခုသော အတိုင်းအတာအားဖြင့် အရှိန်ယူထားဖို့ လိုပါတယ်။ အဲဒီအရှိန် ရဖို့ဆိုရင် အခုချမှတ်မယ့် ဥပဒေသစ်တွေဟာ အဲဒီအရှိန်ရနိုင်ရေးအတွက် တွန်းအားပေးနိုင်မယ့် လုပ်ငန်းစဉ်တွေဖြစ်လာဖို့ အရေးကြီးပါတယ်။

ဦးဇော်ဝင်းလှိုင် ။ ။ ဒါဆိုလို့ရှိရင် လွှတ်တော်ထဲမှာ သွားနေတဲ့ အလားအလာကရော ဒီ ဥပဒေကြမ်းတွေ အစိုးရဖက်က တင်သွင်းတာတွေရှိတယ်။ လွှတ်တော်ထဲမှာ အကြိတ်အနှယ် အပြန်အလှန် ဆွေးနွေးကြတာရှိတယ်။ လွှတ်တော်ထဲက အနေအထားတွေက ဘယ်လိုရှိသလဲ။ မြန်မြန်ဆန်ဆန် ပြီးနိုင်ဖို့ အလားအလာရှိသလား။

ဦးဇော်ဦး ။ ။ အဓိက သူတို့ စဉ်းစားနေတဲ့ကိစ္စကတော့ ရေရှည်အတွက် ကောင်းဖို့ဆိုတာကိုလည်း စဉ်းစားနေတယ်။ ကျနော်တို့ရဲ့  အနေအထားက အရင်တုန်းကတော့ ရင်းနှီးမြှုပ်နှံမှုဆိုရင် မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူလာပြီး လုပ်နိုင်အောင်ဆိုပြီး ကျနော်တို့က အဲဒီနည်းနဲ့ မက်လုံးပေးခဲ့တာ။ ဒါကြောင့်မို့ အခုန မက်လုံးပေးတဲ့ ဥပဒေပြဌာန်းချက်တွေ အတော်များများ ရှိထားတယ်။ အခုလည်းဆက်ပြီးတော့ အဲဒီကိစ္စတွေကို ဆက်ထားမှာ ဖြစ်တယ်။ သို့သော်လည်းပဲ မက်လုံးပေးတဲ့အခါမှာ ရေရှည်တည်တန့်ပြီးတော့ ပိုမိုကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လာနိုင်မယ့်။ စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တခုကို ဒီဥပဒေက အခိုင်အမာ ကာကွယ်ပေးထားနိုင်မယ့်ကိစ္စကလည်း အခု အနေအထားမှာ ကျနော်တို့ ဗမာနိုင်ငံအတွက် အရေးကြီးလာတယ်။ ဘာကြောင့် အရေးကြီးလာလည်းဆိုတော့ ကျနော်တို့ရဲ့  အခြေအနေဟာ အရင်အခြေအနေနဲ့ မတူတာက ကျနော်တို့နိုင်ငံကို ဝင်မယ့်လူ၊ လာချင်တဲ့လူ လုပ်ချင်တဲ့လူက အရမ်းများလာတယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် ကျနော်တို့က ပိုပြီးမက်လုံးပေးစရာမလိုဘဲနဲ့ ကျနော်တို့ဆီမှာ ဥဒဟိုလာပြီး ဆွေးနွေးနေကြတဲ့ဟာတွေ တွေ့နေရတယ်။ အဓိက က ဒီလိုအနေအထားမျိုးမှာဆိုရင် ကျနော်တို့ဖက်က ဒီလာကြတဲ့လူတွေထဲက ကျနော်ဖက်မှာ နည်းနည်းလေး ပိုပြီးတော့ စီစီစစ်စစ်နဲ့ ရွေးနိုင်အောင် ရွေးတဲ့အခါမှာလည်း ဥပဒေကြောင်းလမ်းအရ ရွေးချယ်မှုမျိုးဖြစ်အောင် ပွင့်လင်းမြင်သာမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်အောင် ကျနော်တို့ ဥပဒေဟာ quality investment မျိုးကို များများလုပ်နိုင်မယ့် ဥပဒေမျိုးဖြစ်အောင် ကျနော်တို့က ကြိုးစားဖို့လိုပါတယ်။ ဒီနေရာမှာ သိပ်အချိန်အားဖြင့် မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် လုပ်တာထက်စာရင် ပိုပြီးတော့ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်နဲ့ ကျနော်တို့ဖက်က ဆောင်ရွက်မယ်ဆိုရင် ဒီကိစ္စဟာ ဒီနှစ်အတွင်းမှာ အင်မတန်မှ နိုင်ငံတကာ ကော်ပိုရေးရှင်ကြီးတွေ၊ အထူးသဖြင့် ပိုမိုပြီးတော့ ကြီးမားပြီး၊ ရေရှည်အတွက် အလုပ်လုပ်မယ့် ကော်ပိုရေးရှင်ကြီးတွေအတွက် ခိုင်မာတဲ့ ဥပဒေကောင်းတရပ် ထွက်လာလိမ့်မယ်လို့ ထင်ရပါတယ်။

ဦးဇော်ဝင်းလှိုင် ။ ။ နောက်ဆုံးတခု မေးချင်တာက ဦးဇော်ဦး တင်ပြသွားသလိုပဲ ဒီဟာတွေက လုပ်ရင်တောင် ကောင်းတယ်။ လုပ်သင့်တယ်ဆိုတဲ့အချက်တွေ။ မြန်မာပြည်ထဲမှာ ဖြစ်သင့်တဲ့အချက်တွေ။ လိုလည်းလိုအပ်တဲ့အချက်တွေ ဖြစ်တယ်။ ဒါပေမဲ့ ဒါတွေကို မြန်မြန်နဲ့ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်အောင် ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ။ ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မလဲ။ ဒါတွေ အကောင်အထည်ဖော်နိုင်အောင်။

ဦးဇော်ဦး ။ ။ အခုလောလောဆယ်ကတော့ ဥပဒေတရပ် အမြန်ဆုံးထွက်ဖို့ဆိုတဲ့ကိစ္စကို လုပ်နေတယ်။ ဒီဟာကလည်း ပြည့်စုံတဲ့ ဥပဒေတခု ဖြစ်လာပါလိမ့်မယ်။ ပိုပြီးတော့ အရေးကြီးတာက ဒီ ဥပဒေရဲ့  နောက်မှာ နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေပါ ဆက်ပြီးဖြစ်လာဖို့ အရေးကြီးမယ်။ ကျနော်တို့ဖက်က ပိုပြီးတော့ ဂရုတစိုက်နဲ့ ပြင်ဆင်ထားသင့်တဲ့ကိစ္စကတော့ capacity building လို့ခေါ်တဲ့ ကိုယ့်ရဲ့  လူအရင်းအမြစ် စွမ်းအားတွေကို အခုန ဝင်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပေါင်းစပ်နိုင်အောင်။ ပေါင်းကူးလုပ်ပေးနိုင်မယ့် bridging program လိုဟာမျိုး။ အဲဒီလို အစီအစဉ်တွေဟာ သီးသန့်ဆောင်ရွက်ထားဖို့ လိုပါလိမ့်မယ်။ အဲဒီကိစ္စကို အမြန်ဆုံးနဲ့ လုပ်မယ်ဆိုရင်လည်း လုပ်ပေးနိုင်တဲ့ နိုင်ငံတကာ အကူအညီပေးရေး အစီအစဉ်တွေလည်း ရှိသလို။ ကျနော်တို့ဆီမှာလည်း ဒါကို ကူညီဖြေရှင်းပေးနိုင်မယ့်။ အထူးသဖြင့် နိုင်ငံရပ်ခြားမှာ ရောက်ပြီးတော့ ဒီလုပ်ငန်းတွေမှာ အကြွမ်းတဝင် ရှိပြီးသာ ကျနော်တို့ရဲ့  မြန်မာလူငယ် ပညာရှင်တွေကို ပြန်လည် ဖိတ်ခေါ်ပြီးတော့ ဒီကိစ္စကို လုပ်မယ်ဆိုရင် အချိန်တိုတိုအတွင်းမှာ အချိန်မီလုပ်နိုင်မယ့် အနေအထားမျိုး ရှိပါတယ်။ အဲဒီတော့ အခုပြည်တွင်းမှာရှိတဲ့ လူ့အရင်းအမြစ်တွေမကဘူး၊ နိုင်ငံတကာအရပ်ရပ်မှာ ရောက်နေတဲ့ မြန်မာလူငယ်ပညာရှင်တွေရဲ့  အရင်းအမြစ်အားကိုပါ ကျနော်တို့ အစိုးရက ထည့်တွက်ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ပြင်ဆင်မှုကို အမြန်ဆုံးလုပ်မယ်ဆိုရင် ဒါဟာ အချိန်တိုတိုအတွင်းမှာ အထိရောက်ဆုံး ဆောင်ရွက်နိုင်မယ့် အစီအစဉ်တခု ဖြစ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

XS
SM
MD
LG