ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကကျောင်းတွေဟာ ကုန်ကျစားရိတ်များပြီး အခြေခံလူတန်းစားတွေ မတက်နိုင်တဲ့အတွက် သူတို့တွေအတွက် ပရဟိတစာသင်ကျောင်းတွေ ဖွင့်ပေးထားသလို သပြေပညာရေးဖောင်ဒေးရှင်းကတော့ အဲဒီလိုကျောင်းဖွင့်ထားပြီး ပညာပေးဝေနေတာပါ။ ကိုဇော်ဝင်းလှိုင်က စုစည်းတင်ပြပေးထားပါတယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ မရနိုင်တဲ့ နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်တွေအတိုင်း သင်ကြားခွင့်ရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြည်တွင်းလိုအပ်ချက်အရ မြန်မာနိုင်ငံမှာ လာရောက်ဖွင့်ကြတဲ့ နိုင်ငံတကာက စာသင်ကျောင်းတွေ ရန်ကုန်နဲ့ တခြားမြို့ ကြီးတွေမှာ အများအပြားရှိနေသလို၊ တခြားမြို့ တိုင်းနယ်တိုင်းမှာလည်း မူလတန်းကနေ၊ အထက်တန်းအထိ စာသင်ဝိုင်းတွေဖွင့်ပြီး၊ အစိုးရကျောင်းတွေက လုပ်မပေးနိုင်တဲ့ ကျောင်းသားတွေရဲ့  လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေကြပါတယ်။ နိုင်ငံတကာက လာဖွင့်ကြတဲ့ ကျောင်းတွေဟာ သာမန်အောက်ခြေ လူတန်းစားတွေ မပေးနိုင်တဲ့ ငွေကြေးပမာဏကျောင်းတွေ ဖြစ်ပါတယ်။ တဘက်မှာ ပြည်တွင်းကဖွင့်တဲ့ ပုဂ္ဂလိကကျောင်းတွေနဲ့ စာသင်ဝိုင်းတွေရဲ့  အခကြေးငွေကလည်း တော်ရုံဝင်ငွေကောင်းတဲ့ မိသားစုတွေအတွက် အခက်အခဲ ရှိစေနိုင်တဲ့ ပမာဏမျိုး ဖြစ်ပါတယ်။ အဲဒီလို ပုဂ္ဂလိကကျောင်းအသီးသီးမှာ မတက်နိုင်ကြတဲ့ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကို ဖြည့်ဆည်းပေးနေတာကတော့ NGO နဲ့ ပရဟိတအဖွဲ့အစည်းတွေက တည်ထောင်ထားတဲ့ အခမဲ့စာသင်ကျောင်းတွေ ဖြစ်ပါတယ်။
သပြေပညာရေးဖောင်ဒေးရှင်းဟာ အခြေခံပညာ စာမေးပွဲအောင်ပြီးသူတွေကို ရွေးချယ်ပြီး Community Leadership in Social Studies ခေါင်းစဉ်နဲ့ မိမိတို့ အရပ်ဒေသမှာရှိတဲ့ လူမှု့အသိုင်းအဝန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုတွေမှာ ဦးဆောင်နိုင်တဲ့သူတွေ ဖြစ်လာရေး မတူကွဲပြားခြားနားတဲ့ လူမျိုးစုတွေကြား လက်တွဲဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်တဲ့ လူမှုရေးသိပံ္ပဘာသာရပ်တွေကို မျိုးဆက်သစ်လူငယ်တွေကို သင်ကြားပို့ချပေးနေတဲ့ အခမဲ့ပညာရေးဌာနတခု ဖြစ်ပါတယ်။ သပြေပညာရေးဖောင်ဒေးရှင်း စတင်ပေါ်ပေါက်လာတဲ့အကြောင်းကိုတော့ လက်ရှိသပြေပညာရေးဖောင်ဒေးရှင်းရဲ့  အမှုဆောင်ဒါရိုက်တာ စောမျိုးမင်းသူက အခုလို ရှင်းပြပါတယ်။
ဖြေ ။ ။ ဒီသပြေပညာရေးဖောင်ဒေးရှင်းကို တည်ထောင်တာကတော့ နှစ်ပေါင်း (၂၀) လောက် ရှိခဲ့ပြီ။ တည်ထောင်ကတည်းကရှိတဲ့ ရည်ရွယ်ချက်ကတော့ အခုထိ မပြောင်းသေးဘူး။ အဲဒါက မြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲရေးမှာ ပညာရေးကဏ္ဍကနေ တခန်းတကဏ္ဍအနေနဲ့ ပါဝင်နိုင်ပြီးတော့ မြန်မာနိုင်ငံသားတွေကို ဒီလို အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းကြောင်းတွေ တည်ထောင်ဖန်တီးပေးနိုင်ဖို့အတွက်၊ ပြီးတော့ တခြားကျောင်းတွေ၊ တခြားပညာသင် အခွင့်အလမ်းတွေ ရရှိဖို့အတွက်ကို သပြေပညာရေးဖောင်ဒေးရှင်းကတဆင့် လုပ်ပေးဖို့ဆိုပြီးတော့ စခဲ့ကြတယ်။
မေး ။ ။ သပြေပညာရေးဖောင်ဒေးရှင်းမှာ သင်ကြားခွင့်ရဖို့ နှစ်စဉ်လာလျှောက်ကြတဲ့ ကျောင်းသားဦးရေ (၃၀၀) ကျောင်းသားတွေထဲက လက်ခံမယ့်ကျောင်းသား (၆၀) ကို အရည်အချင်းစစ် စာမေးပွဲတွေ ဖြေဆိုခံပြီးနောက် တကြိမ်မှာ အယောက် (၂၀) နှုန်းနဲ့ တနေ့မှာ (၃) ကြိမ်ခွဲပြီး လက်ခံနေတာပါ။ ရွေးချယ်ခံရတဲ့ ကျောင်းသူကျောင်းသား အများစုဟာ မြန်မာနိုင်ငံအနှံအပြား ဝေးလံခေါင်းဖျားကဖြစ်ပြီး၊ မြန်မာလူမျိုးတွေ ပါဝင်ပေးမယ့်လဲ တိုင်းရင်းသားလူမျိုးစုတွေက များတယ်လို့ ဆိုပါတယ်။ လျှောက်ထားလိုတဲ့ ကျောင်းသားတွေဟာ အနည်းဆုံး အသက် (၁၈) နှစ်ပြည့်ပြီးသူ ဖြစ်ရမယ့်အပြင်၊ မိမိရဲ့  ရပ်ရွာဒေသဖွံ့ဖြိုးရေးအတွက် လုပ်ကိုင်လိုတဲ့ ဦးဆောင်လိုတဲ့ အခြေခံစိတ်ထားရှိဖို့ လိုအပ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပညာသင်ကြားခွင့်ရတဲ့ အနယ်နယ်အရပ်ရပ်က ကျောင်းသားတွေအနေနဲ့ ရန်ကုန်မြို့ က သပြေပညာရေးဖောင်ဒေးရှင်းအနားမှာ စီစဉ်ပေးထားတဲ့ အဆောင်တွေမှာ ပညာသင်ကြားတဲ့ကာလတလျှောက်လုံး လာရောက်နေထိုင်ကြရပါတယ်။ ကျောင်းသားတွေအတွက် ပညာသင်ကြားစရိတ်အပါအဝင် နေထိုင်စားသောက်မှုအဆုံး ကုန်ကျစရိတ် အကုန်လုံးကို သပြေပညာရေးဖောင်ဒေးရှင်းကပဲ အကုန်အကျခံတဲ့အပြင်၊ ကျောင်းသားတွေသုံးဖို့ လစဉ်ထောက်ပံ့ကြေးပါ ပေးတယ်လို့ အမှုဆောင်ဒါရိုက်တာ စောမျိုးမင်းသူက ပြောပါတယ်။
ရန်ကုန်လို ကုန်ကျစရိတ်များပြီး သွားလာရေးခက်ခဲတဲ့ နေရာမှာ အခုလိုမျိုးခေါ်ယူပြီး ပညာသင်ကြားပေးတဲ့ ရည်ရွယ်ချက်ဟာ သူတို့ အဓိက ဦးစားပေးသင်ကြားရတဲ့ ဘာသာရပ်ကို လက်တွေ့ကွင်းဆင်းလေ့လာဖို့အပြင် နိုင်ငံသားအသစ်စိတ်ဓါတ် မွေးဖွားလာနိုင်ရေးအတွက် ဖြစ်တယ်လို့ စောမျိုးမင်းသူက ပြောပါတယ်။
ဖြေ ။ ။ ရန်ကုန်ကဲ့သို့မြို့ ကြီးသည် သူတို့လည်းပိုင်တယ်၊ သူတို့ရဲ့  နေရာဒေသလည်းဖြစ်အောင် ခံစားစေလိုတဲ့ ရည်ရွယ်ချက်လည်းရှိတယ်။ အဲဒီလို ခံစားစေလိုတဲ့နေရာမှာ ရန်ကုန်မြို့ ကြီးကို သူတို့ရဲ့  စာသင်ခန်းကြီးတခုကဲ့သို့ စဉ်းစားစေချင်တယ်။ ရန်ကုန်မြို့ ကြီးများ ဖြစ်နေတဲ့ အဖြစ်အပျက်တွေ၊ ရန်ကုန်မြို့ ကြီးမှာရှိတဲ့ အခွင့်အရေးကိုလေ့လာ၊ ရယူသင်ယူပြီးတော့မှ ဒီအခွင့်အရေးတွေမှတဆင့် ပညာရေးပိုင်းကိုလည်း နှစ်ခုပေါင်းတာပေါ့။ Yangon as a classroom ရန်ကုန်မြို့ ကြီးက သူတို့စာသင်ခန်းကဲ့သလို၊ ပြီးတော့ ဒီမှာပေးတဲ့ ကျနော်တို့ရုံးမှာ၊ ကျောင်းမှာပေးတဲ့ စာသင်ခန်းကလည်း နောက်စာသင်ခန်းတခုပေါ့။ ဆိုတော့ ဆရာ၊ ဆရာမတွေဆီက စာသင်ခန်းအထဲက သူတို့လေ့လာနိုင်ဖို့ အခွင့်အလမ်းရှိရာမှာ ဖြစ်သလို၊ ရန်ကုန်မြို့ ကြီး ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကလည်း လေ့လာသင်ယူခွင့်ကို ဖန်တီးပေးချင်တာ။
မေး ။ ။ သပြေပညာရေးဖောင်ဒေးရှင်းက စာသင်ခန်းတွေမှာ အသုံးပြုတဲ့ သင်ရိုးညွှန်တမ်းတွေကို အင်္ဂလိပ်ဘာသာစကား သင်ကြားတဲ့ သင်ရိုးညွှန်တမ်းကလွဲလို့ သူတို့ဘာသာ ရေးသားပြုစုတာ ဖြစ်တယ်လို့ စောမျိုးမင်းသူက ပြောပါတယ်။ သင်ရိုးညွှန်တမ်းကိုလည်း ကျောင်းသားတွေရဲ့  လိုအပ်ချက်ပေါ် အခြေခံပြီး ရေးဆွဲထားတာ ဖြစ်ပါတယ်။
ဖြေ ။ ။ အဲဒီလို ပြုစုထားတဲ့အခါမှာ ကျနော်တို့ အခြေခံထားတာ နှစ်ခုရှိတယ်။ (၁) မြန်မာနိုင်ငံရဲ့  အခြေအနေ Context Appropriate မြန်မာနိုင်ငံရဲ့  လူမှု့အသိုင်းအဝိုင်းရဲ့  အခြေအနေနဲ့ ဆက်ဟပ်လျော်ညီတဲ့ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာတွေကို ကျနော်တို့ရွေးတယ်။ နောက်တခုကတော့ ကျနော်တို့သည် ပိုပြီးတော့ လွတ်လပ်တဲ့ ဆရာနဲ့ကျောင်းသား ဆက်ဆံရေး တည်ဆောက်ပေးနိုင်တဲ့ သင်ရိုးအမျိုးအစား၊ ဆိုလိုတာက ကျောင်းသားတွေကို မေးခွန်းမေးတတ်အောင်၊ ကျောင်းသားတွေကို Critical Thinking ကျိုးကြောင်းစီလျော်မှုရှိအောင် စဉ်းစားတွေးခေါ်တတ်အောင်၊ ပြီးတော့ သင်ကြားတဲ့အခါမှာ ကျောင်းသားတွေရဲ့  လိုအပ်ချက်၊ ကျောင်းသားတွေရဲ့  ဆန္ဒပေါ်မှာ အခြေခံပြီးတော့ Student Center, Learner Center Teaching အဲဒီဟာတွေကို ကျနော်တို့ အချက်ပေါင်းများစွာကို စဉ်းစားပြီးတော့မှ အကောင်းဆုံးဖြစ်အောင် ကိုယ့်ဘာသာကိုယ် ရွေးပြီးတော့ရေးတယ်။
မေး ။ ။ ဒီကျောင်းမှာ သင်ကြားပို့ချပေးနေတဲ့ ဆရာ၊ ဆရာမ (၇) ဦးစလုံးဟာလည်း မြန်မာနိုင်ငံသားကြီးပဲ မဟုတ်ပါဘူး။ ဆရာ၊ ဆရာမ အများစုဟာ နိုင်ငံခြားက ငှားထားတာကြောင့်၊ ကျောင်းသားတွေအနေနဲ့ အဲဒီနိုင်ငံခြားက ဆရာ၊ ဆရာမတွေရဲ့  အတွေ့အကြုံတွေကိုပါ လေ့လာသင်ကြားခွင့်ရကြတယ်လို့ ဆိုကြပါတယ်။ ကျောင်းသားတွေအနေနဲ့ တပတ်မှာ (၅) ရက် စာသင်ကြားရတယ်ဆိုပေမယ့်လဲ ပြဌာန်းစာအုပ်တွေကြီးပဲ အချိန်ပြည့် သင်နေကြရတာ မဟုတ်ပါဘူး။ သူတို့အတွက် အလျင်သင့်သလို အထူးဧည့်သည်တော်တွေ၊ ပြင်ပက ပညာရှင်တွေကို ဖိတ်ကြားပြီး ဟောပြောပွဲတွေ ပြုလုပ်ပေးတာလည်း ပါဝင်ပါတယ်။ မသင်ဇာလင်းထက်ဟာ သူလက်ရှိ တက်နေတဲ့ အဝေးသင်တက္ကသိုလ်ကို ဒုတိယနှစ်မှာ ခဏနားထားပြီး၊ သပြေပညာရေးဖောင်ဒေးရှင်းရဲ့  အစိတ်အပိုင်းတခုဖြစ်တဲ့ ကံ့ကော် ခေါင်းဆောင်မှုနဲ့ လူမှုရေးသိပ္ပံကျောင်းမှာ တက်ရောက်နေတဲ့ ရန်ကုန်ဒေသခံ ကျောင်းသူတဦး ဖြစ်ပါတယ်။ သူက ဒီကျောင်းမှာ တက်ခွင့်ရတဲ့အတွက် အရင်ကတက်ခဲ့တဲ့ အစိုးရပညာရေးစနစ်လို မဟုတ်ဘဲ၊ ကျောင်းသားတွေအပေါ် အခြေခံတဲ့ ပညာရေးစနစ်ရဲ့  အားသာချက်တွေကို တွေ့ရှိရတယ်လို့ ပြောပါတယ်။
ဖြေ ။ ။ သမီးတို့ မြန်မာနိုင်ငံ Education System အရဆိုရင် Teacher Approach က များတယ်။ အခုနောက်ပိုင်း Student Approach ပြောပေမယ့်လဲ၊ Teacher Approach ဆိုတော့ ဒီမှာကြတော့ ဆရာမတွေက များသောအားဖြင့် Question လုပ်ခိုင်းတယ်။ တခုခုဆို Questions ပြန်အောက်ကတယ်။ အဲဒါက Critical Thinking လည်း ပိုပြီးတော့ ကောင်းလာစေတယ်။ ပြီိးတော့ Question မေးသောအားဖြင့် ပိုပြီးတော့ ကိုယ်သိချင်တာတွေလည်း သိလာရတယ်။ ဆရာ၊ ဆရာမပြောတာကို အကုန်လုံး လက်ခံတာ မဟုတ်ဘဲနဲ့၊ Critically နဲ့ စာသင်ရတဲ့အတွက် Student Approach နဲ့ သင်ရတဲ့အတွက် ပိုပြီးတော့ ကောင်းတယ်လို့ ထင်ပါတယ်။
မေး ။ ။ ဒါကြောင့်လဲ နိုင်ငံရေးကို အရင်ကတည်းက စိတ်ဝင်စားလာခဲ့တဲ့ သူမအနေနဲ့ မူလက ရည်မှန်းထားတဲ့ လမ်းကြောင်းကနေ ပိုပြီးထိရောက် အကျိုးရှိမယ်လို့ ထင်တဲ့ဘက်ကို ပြောင်းလဲသင်ယူဖို့ ဆုံးဖြတ်လိုက်တယ်လို့ မသင်ဇာလင်းထက်က ပြောပါတယ်။
ဖြေ ။ ။ ဒီ ကံ့ကော်မတက်ခင်တုန်းက ရည်ရွယ်ချက်နဲ့ ကံ့ကော်တက်နေစဉ်မှာ ရည်ရွယ်ချက်က ပြောင်းလဲသွားတယ်။ ပထမစစချင်းက သမီးက နိုင်ငံရေး စိတ်ဝင်စားတယ်။ နိုင်ငံရေး စိတ်ဝင်စားတော့ နိုင်ငံရေးစိတ်ဝင်စားတဲ့အပြင် ကိုယ့်ရဲ့  ကွန်မြူနီတီမှာ ကလေးတွေနဲ့ ပတ်သက်ပြီးတော့ Children Development တွေ လုပ်နေတယ်။ ပျိုးခင်းတို့ ဘာတို့မှာ လုပ်နေတယ်။ Community Development ပိုင်းနဲ့ စိတ်ဝင်စားလို့ဆိုပြီး လာတက်တာ။ ဒီရောက်တော့မှ ကိုယ့်ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်တာလဲဆိုတော့ Policy ပိုင်းကို ပိုပြီးတော့ လေ့လာချင်တယ်။ ပြီးတော့ အစိုးရနဲ့ ပြည်သူလူထုကြားမှာ စေ့စပ် Engage လုပ်ပေးတဲ့ လူတယောက် ဖြစ်ချင်တယ်။ ပေါ်လစီပိုင်း ထောက်ပံ့ပေးတဲ့လူ ဖြစ်ချင်တယ်။
မေး ။ ။ ကွန်မြူနီတီဆိုတော့ အောက်ခြေလုပ်တာကနေ တဆင့် တက်သွားတာပေါ့ . Policy maker အဆင့်ကို ရောက်သွားတပေါ့။
ဖြေ ။ ။ Policy maker အဆင့် မြှင့်တင်ပေးလိုက်တယ်။
မေး ။ ။ ဒီကျောင်းမှာ တနှစ် တက်ပြီးရင်တော့ သူမအနေနဲ့ Community Leadership and Social Studies ခေါင်းဆောင်မှုနဲ့ လူမှုရေးသိပံ္ပ ဒီပလိုမာ ရရှိမှာ ဖြစ်ပါတယ်။ ထားဝယ်မြို့ က ကျောင်းလာတက်တဲ့ ဝေယံထွန်းကလည်း အစိုးရကျောင်းမှာ တက်ခဲ့တဲ့ ပညာရေးစနစ်နဲ့ လက်ရှိ သပြေပညာရေးဖောင်ဒေးရှင်းမှာ တက်နေရတဲ့ စနစ်ကွာခြားချက်တွေကို အခုလို နှိုင်းယှဉ်ပြပါတယ်။
ဖြေ ။ ။ ကျနော် (၁၀) တန်းထိကတော့ ပုံမှန် ဆရာ၊ဆရာမ ပေးတဲ့စာကို ကျက်မယ်။ ပြီးတော့ ကောင်းကောင်းဖြေနိုင်လို့ရှိရင် အမှတ်ကောင်းရမယ်ပေါ့။ တက္ကသိုလ်မှာလည်း ထိုနည်းလည်းကောင်းပဲ အဝေးသင်ဆိုတော့ ဆရာမတွေ သင်တာလောက်ပဲ အကုန်လုံး မဟုတ်ဘူး။ သင်သလောက်ကိုပဲ ကျက်ပြီးတော့ ဖြေမယ်၊ အဲဒီလောက်ပဲ။ ဒီရောက်တဲ့အခါကြတော့ မေးခွန်းပုံစံတို့၊ ဖြေတဲ့ပုံစံတို့က လုံးဝကွာသွားတယ်။ သင်တဲ့ပုံစံကအစ ဒီမှာက ဆရာက ခေါင်းစဉ်တခုပေးတယ်။ ကိုယ့်ဘာသာ ကိုယ်လုပ်ရမယ့် Assignment မှာ ရှိသင့်ရှိထိုက်တဲ့ Criteria တွေ ပေးလိုက်တယ်ဆိုရင် ကိုယ်က ကိုယ့်ဘာသာ Research လုပ်ရတဲ့ ပြီးတော့ အဲဒီအထဲမှာ ကိုယ်ထင်တဲ့ ကိုယ့်အမြင်နဲ့ ကိုယ့်ရဲ့ အဆိုကို ခိုင်မာအောင် တည်ဆောက်ပြီးတော့ ဖြေရတာပေါ့။ ဒီမှာကြတော့ လွတ်လပ်တယ်။ ပိုပြီးတော့လည်း လေ့လာမှုကို ကျောင်းသားကိုယ်တိုင် Self study ကို တွန်းအားပေးတာပေါ့။ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖြစ်တယ်။ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလို့လည်းရတယ်။ ဆရာ၊ ဆရာမတွေနဲ့ State ကျောင်းမှာတော့ ဒီလို ဆွေးနွေးလိုရှိရင် အချိန်လည်း မလောက်ဘူး။ ဆရာ၊ ဆရာမတွေကိုလည်း တမျိုး ဖြစ်စေတယ်။ ဒီမှာတော့ ဆရာနဲ့ လွတ်လွတ်လပ်လပ် သဘောမတူရင် မတူသလို အစရှိသည်ဖြင့် ကျနော်တို့က စိတ်ကျလွတ်လွတ်လပ်လပ် ဆွေးနွေးလို့ရတယ်။ ပိုပြီးတော့ လေ့လာမှုကို တွန်းအားဖြစ်စေတယ်။
မေး ။ ။ ပညာရေးကို တန်းဖိုးထားပြီး သားသမီးတွေ ပညာတတ်ဖြစ်လာပြီး သူတို့ရဲ့  အနာဂတ်ဘဝ အဆင်ပြေရေးအတွက် အိမ်ခြံမြေပါ ပေါင်းနှံရောင်းချ သင်ကြားပေးကြတဲ့ မိဘတွေ ရှိသလို၊ အစိုးရကျောင်းတက်တဲ့ ကျောင်းသားတွေရဲ့  မိဘတွေကလည်း ကလေးတွေရဲ့  ကျောင်းစရိတ်၊ ကျူရှင်ကိစ္စတွေနဲ့ပဲ တနှစ်ပတ်လုံး အချိန်ကုန်နေကြတဲ့သူတွေ အများအပြား ရှိပါတယ်။ ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့  ပညာရေးစနစ်ကို အခုအချိန်မှာ စတင်ပြောင်းလဲမယ်ဆိုရင်တောင် အားလုံးအသားကျဖို့အတွက် အနည်းဆုံး ဆယ်စုနှစ်တခုလောက် ယူရလိမ့်မယ်လို့ ယူဆကြောင်း ပုဂ္ဂလိက စာသင်ကျောင်းမှာ ဆယ်စုကျော်ကြာ စာပြခဲ့ဖူးပြီ။ လက်ရှိ ကံ့ကော် ခေါင်းဆောင်မှုနဲ့ လူမှုရေးသိပံ္ပရဲ့  ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်စုစုနွယ်က သုံးသပ်ပါတယ်။
ဖြေ ။ ။ အနည်းဆုံး ဆယ်နှစ်လောက်တော့ ဖြတ်သန်းရမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါးနှစ်အတွင်းမှာ Project တခု ပြီးအောင်လုပ်မယ်။ ၂၀၂၀ မှာ အစိုးရက ပေါ်လစီချမယ်။ ငါးနှစ် စီမံကိန်းပေါ့။ ၂၀၂၅ မှာ ဒီ စီမံကိန်းစမယ်ဆိုတော့ ငါးနှစ်အတွင်းမှာ ဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့ Human Resources ပညာရှင်တွေ၊ နောက် တခြား Expertise တွေ International Expertise တွေ ဖိတ်မယ်ပေါ့။ နောက်ပြီးတော့ Research တွေ လုပ်ရအုံးမယ်။ လက်ရှိရှိနေတဲ့ ပညာရေးစနစ်မှာ ဘယ်ဟာတွေကို ပိုပြီးပံ့ပိုးနိုင်မယ်။ နောက်ပြီးတော့ အဲဒီစနစ်ပြောင်းတဲ့ဟာကို နောက်ကနေ လိုက်ရမယ့် လက်ရှိ Government teachers ဆရာ၊ ဆရာမတွေက သန်းပေါင်းများစွာရှိတဲ့ ဆရာမတွေကို Train ရအုံးမယ်ဆိုတော့ အဲဒီဆရာ၊ ဆရာမတွေရဲ့  Skill တွေ တက်လာဖို့အတွက်ဆိုတော့ ကျမထင်တာ ငါးနှစ်အတွင်းမှာ ဆောင်ရွက်ဖို့ဆိုတာတော့ မလွယ်ဘူး။ ကျမအနေနဲ့တော့ အနည်းဆုံး ဆယ်နှစ်လောက်တော့ ကြာမယ်လို့တော့ မျှော်လင့်ပါတယ်။
မေး ။ ။ မြန်မာနိုင်ငံ ပညာရေးစနစ်ရဲ့  အားနည်းချက်ကြောင့် နိုင်ငံခြားကလာပြီး အမည်မျိုးစုံနဲ့ ဖွင့်လှစ်နေတဲ့ အခကြေးငွေ အလွန်များတယ့် အဲဒီ ပုဂ္ဂလိကစာသင်ကျောင်းတွေမှာ တက်ခွင့်ရရေးအတွက် ကျောင်းသားမိဘတွေဟာ အပြိုင်အဆိုင် ဝင်ခွင့်လျှောက်ကြတာ၊ သူတို့လိုချင်တဲ့ ကျောင်းတွေမှာ တက်ခွင့်မရလို့ စိတ်ပျက်ညည်းညူကြတဲ့ အသံတွေကိုလည် အမြဲလိုလို ကြားနေကြရတာပါ။ NLD အစိုးရ တက်လာပြီး မကြာခင်မှာပဲ ပညာရေးစနစ်ကို ပြုပြင်ဖို့ ကြိုးစားခဲ့ပေမယ့် အခုအချိန်အထိ အောင်မြင်မှု မရသေးတဲ့အပြင်၊ အဲဒီပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုဆန္ဒပြတဲ့ ကျောင်းသားတွေလည်း ဖမ်းဆီးထောင်ချခံခဲ့ကြပါတယ်။ တဘက်မှာ အစိုးရရဲ့  မူဝါဒပိုင်းဆိုင်ရာ ဦးဆောင်မှု အားနည်းနေသလို၊ ပညာရှင်တွေဘက်ကလည်း ပညာရေးစနစ်ကို ဘယ်လိုပုံစံနဲ့ သွားသင့်တယ်။ နိုင်ငံတကာအဆင့်မီအောင် ဘယ်လိုပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ တူညီတဲ့ သဘောထား ထွက်လာတာ မတွေ့ရသေးပါဘူး။ တချို့ အကြံပြုချက်တွေကလည်း အသိအမှတ်ပြုခြင်း မခံရပါဘူး။ မြန်မာနိုင်ငံရဲ့  ပညာရေးစနစ် နိုင်ငံတကာအဆင့်မီအောင် ဘယ်လိုပုံဖော်မလဲဆိုတဲ့ အစိုးရနဲ့ ပညာရှင်တွေဘက်က တိကျတဲ့ သဘောတူညီချက် ထွက်မလာခင် ကြားကာလမှာ နစ်နာနေကြတာကတော့ အနာဂတ်မှာ တိုင်းပြည်ကို ဦးဆောင်မယ့် ကျောင်းသားလူငယ်တွေ ဖြစ်ပြီး၊ ဒီအပေါ်မှာ အမြတ်ထွက်နေတာကတော့ ပညာရေးစနစ်ရဲ့  အားနည်းချက်ကို အခွင့်ကောင်းယူနေကြတဲ့ ပုဂ္ဂလိကစာသင်ကျောင်းတွေပဲ ဖြစ်ပါတယ်။