သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မပြောင်းလဲ မတိုးတက်သေးတဲ့ မြန်မာ့လူ့အခွင့်အရေး


ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူးအရာရှိ သာမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ မကြာသေးခင်က မြန်မာနိုင်ငံခရီးစဉ်အပြီး သူ့ရဲ့ ရာထူးသက်တမ်းကာလလည်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိလူ့အခွင့်အရေး အခြေအနေတွေပေါ် မူတည်ပြီး နောက်ထပ် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အရာရှိတာဝန်ကို ဆက်ပြီးထားမလား။ ဒါမှမဟုတ် နိုင်ငံအတွင်းမှာ လူ့အခွင့်အရေးဆိုင်ရာရုံးခွဲ ဖွင့်လှစ်ပြီး လူ့အခွင့်အရေး မြှင့်တင်မှုလုပ်ငန်းတွေမှာ ကူညီမလားဆိုတဲ့ မေးခွန်းတွေကို မြန်မာနိုင်ငံလူ့အခွင့်အရေးပညာပေး Equality Myanmar အဖွဲ့ရဲ့ တာဝန်ခံ ဦးအောင်မျိုးမင်းနဲ့ ဗွီအိုအေအယ်ဒီတာ ဦးသားညွှန့်ဦးတို့က တွေ့ဆုံဆွေးနွေးထားပါတယ်။

ဦးသားညွှန့်ဦး ။ ။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သာမတ်စ် အိုဟေး ကင်တားနား။ သူ့ရဲ့ သက်တမ်းမကြာခင် ကုန်တော့မယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် သူ့ရဲ့ အထူးကိုယ်စားလှယ်အဖြစ်နဲ့ မြန်မာနိုင်ငံကိုလာခဲ့တာ နောက်ဆုံအခေါက်ပါ။ ဆိုတော့ သူနဲ့ ပတ်သက်လို့ ခြောက်နှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဆောင်ရွက်နိုင်ခဲ့တာတွေ ဘာတွေများ အမှတ်တရရှိရင် ပြန်ပြောလို့ရမလဲ။

ဦးအောင်မျိုးမင်း ။ ။ ထူးခြားတာတွေ ရှိပါတယ်။ ကျနော်တို့ နိုင်ငံတနိုင်ငံမှာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ ခန့်အပ်မယ်ဆိုရင် လွတ်လပ်ပြီး ကျွမ်းကျင်တဲ့လူတွေကို ရွေးချယ်တဲ့ စံနှုန်းရှိပါတယ်။ ဒါပေမဲ့ ရွေးချယ်ခံရတဲ့ လူတွေ၊ ခန့်အပ်ခံရတဲ့သူတွေရဲ့ တဦးချင်း စိတ်ဝင်စားမှုကလည်း နည်းနည်းလေး သက်ရောက်မှု ရှိတာပေါ့။ အထူးသဖြင့် ဥပမာပြောရမယ်ဆိုရင် အရင်တုန်းက မစ္စတာ ကင်တားနား ရှေ့မှာ တာဝန်ထမ်းဆောင်သွားတဲ့ မစ္စတာပီနဲရိုးလ် ဆိုရင် ကလေးအခွင့်အရေးဆိုင်ရာ ပိုပြီးတော့ စိတ်ဝင်စားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အနေနဲ့က အရင်တုန်းကဆိုရင် ကလေးများ အကြမ်းဖက်မှုဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှုးဖြစ်တယ်။ အဲဒီတော့ သူ့ရဲ့ စိတ်ဝင်စားမှုကို ကြည့်မယ်ဆိုရင် ကလေးစစ်သားကိစ္စ၊ ကလေးတွေအပေါ် အကြမ်းဖက်မှုကိစ္စ၊ လက်နက်ကိုင်ပဋိပက္ခအတွင်းက ကလေးတွေရဲ့ကိစ္စအကြောင်း ပိုပြီးတော့ အာရုံစိုက်တာကို တွေ့ရတယ်။ မစ္စတာကင်တားနားကြတော့ သူ့ရဲ့အကြောင်းအရာကို ကြည့်မယ်ဆိုရင် ဥပဒေပိုင်း။ သူက ရှေ့နေပညာရှင်၊ ဥပဒေပညာရှင်ဖြစ်တော့ သူ့ရဲ့စစချင်း စတက်လာတဲ့ အစီရင်ခံစာတွေကို ကြည့်မယ်ဆိုရင်တော့ တရားဥပဒေ စိုးမိုးရေး၊ နောက်တခါ တရားစီရင်မှုမဏ္ဍိုင်၊ လွတ်လပ်ရေး။ ဒါတွေကို ပြန်လည်သုံးသပ်ရေးတွေကို အဓိကထားခဲ့တဲ့ အကြောင်းအရာကို တွေ့ရတယ်။ ဒါကတော့ အရင်တုန်းက ရှိခဲ့တဲ့ အထူးစုံစမ်းရေးအရာရှိတွေနဲ့ မတူညီတဲ့ သူ့ရဲ့စိတ်ဝင်စားမှုပေါ့။ နောက်တခါ သူ့ရဲ့ background ကို ပြန်ကြည့်တဲ့အခါမှာလည်း နိုင်ငံရေးအကျဉ်းသားကိစ္စကို ပိုမိုပြီးတော့ ထိထိရောက်ရောက် ပြောလာတာရှိတယ်။ အဲဒီဟာကို ပိုပြီးတော့ အားသွန်ခွန်စိုက် ကြိုးစားတာရှိတယ်။ အဲဒီတော့ တခြားအခွင့်အရေးတွေကိုလည်း သူ့အနေနဲ့ လေးစားပြီးတော့ စောင့်ကြပ်တာရှိပေမယ့် အခုနလို အဓိကတော့ တရားစီရင်ရေးမဏ္ဍိုင်၊ လွတ်လပ်မှု နဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စတွေကို အဓိကထားတယ်။ နောက်တခုကတော့ သူ့ရဲ့ကာလအတွင်းမှာ ထူးထူးခြားခြား ဖြစ်တဲ့ကိစ္စတွေကတော့ အခုနောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ရခိုင်ဒေသမှာဖြစ်တဲ့ အကြမ်းဖက်မှုကိစ္စတွေ။ နောက်တခါ တိုင်းရင်းသားလူမျိုးကြားမှာ စစ်ပွဲဖြစ်တဲ့ ကချင်ဒေသကိစ္စတွေ ဖြစ်တယ့်အတွက် အဲဒီကိစ္စတွေကို သူ့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာနိုင်တဲ့အရာမျိုး ရှိခဲ့တယ်။

ဦးသားညွှန့်ဦး ။ ။ အခုန ပြောမယ်ဆိုလို့ရှိရင် သူလုပ်သွားတဲ့အထဲမှာဆိုရင် နိုင်ငံရေးအကျဉ်းသားကိစ္စမျိုး။ သူ့လက်ထက်ကာလမှာ ပြောမယ်ဆိုရင် မြန်မာနိုင်ငံ အပြောင်းအလဲလည်းပါမယ်။ တော်တော်များများ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတယ်။ အများစုကြီး လွတ်မြောက်လာတယ်။ သူတဖက်က ပြောနေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ impunity ကို သူအရမ်းပြောပါတယ်။ အာဏာရှိတဲ့လူတွေက ကျူးလွန်ခဲ့ကြတဲ့ကိစ္စတွေမှာ ကင်းလွတ်ခွင့်ရနေတယ့် အခြေအနေတွေ။ ဒီအခြေအနေမှာ သူလုပ်ဆောင်နိုင်မှုက တိုးတက်အောင်မြင်မှုတွေ မြင်ရသလား။

ဦးအောင်မျိုးမင်း ။ ။ ပြောင်းလဲမှုအရ ပြောမယ်ဆိုရင် အစိုးရတခုနဲ့တခုကြားထဲမှာ ပြောင်းလဲမှုက တိုးတက်လာတယ်လို့ ပြောလို့ရတယ်။ အဲဒီတော့ သူပြောလို့ ပြောင်းတာလား။ အစိုးရပေါ်လစီ ပြောင်းလာတာလားတော့ ကျနော် မသိဘူး။ အခုန ပြောနေတဲ့အချက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ။ အရင်တုန်းက သူ နံမည်စာရင်းတင်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတာကတော့ သူ့ရဲ့ကာလမှာ သူလုပ်ဆောင်နိုင်စွမ်းလို့ ပြောနိုင်ပါတယ်။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်သွားလာတော့ မသိဘူး။ ဒီဖက်ကလည်း ပြောင်းချင်တဲ့အချိန်မျိုးနဲ့။ နောက်တခုက အခုနပြောတဲ့ impunity လို့ခေါ်တဲ့ တကယ့်ကို စီရင်ခံရမယ့်လူတွေ အပြစ်ကပေးခံထိရမယ့် အခြေအနေကနေ လွတ်နေခြင်းကတော့ သူကောင်းကောင်း မစွမ်းဆောင်နိုင်သေးဘူး။ တရားဥပဒေအရ ပြန်လည်အားကောင်းဖို့အတွက် လုပ်ဆောင်နေတာ။ သူပြောတာ ခဏခဏ။ ဒါပေမဲ့ တရားဥပဒေ စိုးမိုးရေး မရှိသေးဘူးဆိုတဲ့ဟာကိုလည်း နောက်ဆုံး ဒီခရီးစဉ်မှာ ပြောသွားတယ်ဆိုတော့ သူပြောပေမယ့် ထင်သလောက်တော့ မအောင်မြင်ခဲ့ဘူး။ အထူးသဖြင့် စနစ်တခု။ ဒါမှမဟုတ် ဥပဒေတခု ဒါကြီးတွေ ပြုပြင်ပြောင်းလဲနိုင်မယ့် reform လို့ခေါ်တဲ့ ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေမှာတော့ ထိထိရောက်ရောက် မအောင်မြင်သေးဘူးဆိုတာတော့ သူ့အနေနဲ့ သုံးသပ်မိသလို ကျနော်အနေနဲ့လည်း အဲဒီလိုပဲ သုံးသပ်မိပါတယ်။

ဦးသားညွှန့်ဦး ။ ။ နောက်တခု မေးချင်တာက မြန်မာအစိုးရဖက်ကပါ။ မြန်မာအစိုးရဖက်ကနေ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အပေါ် ဆက်ဆံမှုက ကုလသမဂ္ဂနဲ့ ပတ်သက်လို့ ကိုယ်စားလှယ်တွေ ထားတဲ့အခါမှာ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်ဆိုပြီး၊ အကြံပေးပုဂ္ဂိုလ်ဆိုပြီး ရှိပါတယ်။ နောက်ပြီးတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရှိပါတယ်။ ဆက်ဆံပုံ ဆက်ဆံနည်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်အပေါ် ဆက်ဆံပုံကို တချို့က နည်းနည်းလေး မြင်ကြတာက ဆက်ဆံပုံ ဆက်ဆံနည်းက အတွင်းရေးမှူးချုပ် ကိုယ်စားလှယ်ကို ဆက်ဆံပုံ ဆက်ဆံနည်းနဲ့ မတူဘူး။ သွားလာခွင့်ပြုတာကအစ မတူဘူး။ ကန့်သတ်မှုတွေ ပိုကြီးတယ်လို့ မြင်ပါတယ်။ တကယ်ပဲ ကိုအောင်မျိုးမင်း ရင်ထဲမှာ မြန်မာအစိုးရရဲ့ ဆက်ဆံမှုက ဒီကိုယ်စားလှယ်နှစ်ယောက်အပေါ် ခွဲခြားမှု ရှိသလား။

ဦးအောင်မျိုးမင်း ။ ။ မတူညီမှုတော့ ရှိတယ်။ မတူညီမှုဆိုတာတော့ သူ့ရဲ့ လုပ်ပိုင်ခွင့် တာဝန်ပေးထားတဲ့အပေါ်မှာ အစိုးရအနေနဲ့ သေချာနားမလည်းတဲ့ အချက်မျိုးဖြစ်တယ်လို့ ယူဆတယ်။ အထူးသဖြင့် အခုန အထွေထွေအတွင်းရေးမှုးက ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်ဆိုတဲ့ဟာက ပြဿနာတွေကို ဘယ်လိုမျိုးလဲဆိုတာ သုံးသပ်တယ်။ သုံးသပ်ပြီးတော့ ဘယ်လိုမျိုး အကောင်းဆုံးနဲ့ ဖြေရှင်းနိုင်မလဲဆိုတာကို သံတမန်နည်းနဲ့ တိုက်တွန်းမယ် သဘောမျိုးဖြစ်တယ်။ အဲဒီတော့ အဲဒီကိုယ်စားလှယ် လာလို့ရှိရင် သူ့အနေနဲ့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အရာရှိလို သတင်းမီဒီယာတွေကို ကောင်းကောင်းမွန်မွန် တွေ့တာမရှိဘူး။ တွေ့ရှိတဲ့အချက်ကို အမှန်အတိုင်း တင်ပြတာမရှိဘူး။ သူ့အနေနဲ့ ဘာလုပ်သင့်သလဲဆိုတာကိုပဲ နှစ်ကိုယ်ကြား ပြောပြီးတော့ ပြန်သွားတဲ့သဘောမျိုး ဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့ လူ့အခွင့်အရေး စောင့်ကြည့်မှုနေရာမှာ အဲဒီ အခုနတုန်းက အထူးကိုယ်စားလှယ်က ဒီလောက်အထိ ဘာမှအန္တရာယ်မရှိဘူးဆိုတဲ့ သဘောမျိုးဖြစ်တယ်။ ဒါပေမဲ့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်၊ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူးအရာရှိရဲ့ တာဝန်ကတော့ ဖြစ်တဲ့အဖြစ်အပျက်တွေကို သူက ရှာဖွေရမယ်။ ရှာဖွေပြီးတော့ တွေ့ရှိတဲ့အတိုင်း တင်ပြရမယ်။ တင်ပြတဲ့အချက်တွေက အခုနပြောတဲ့ ချိုးဖောက်မှုရှိတဲ့ အစိုးရအနေနဲ့တော့ ဒါကို သိပ်ပြီးတော့ ကမ္ဘာသိအောင် လုပ်ချင်တဲ့သဘောမျိုး မရှိဘူး။ အဲဒီတော့ မတူညီတဲ့ တာဝန်ပေးချက်၊ လုပ်ပိုင်ခွင့်ကြောင့်မို့ ဒီလူကတော့ ငါ့အကြောင်း နိုင်ငံတကာမှာ သိပ်မပြောဘူး။ ဒီလူကတော့ သူကတော့ မီဒီယာကတဆင့် ကုလသမဂ္ဂမှာ ပြောတယ်ဆိုတာ ဒီအပေါ်မှာ ခံစားချက်မကောင်းလို့ ခွင့်ပြုချက်တွေ၊ လိုက်လျောမှုတွေ၊ အမြင်တွေ မတူတာတွေတော့ အများကြီးရှိပါတယ်။

ဦးသားညွှန့်ဦး ။ ။ နောက်တခုကတော့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကိုယ်၌က မြန်မာနိုင်ငံကိုလာလို့ရှိရင် နှစ်ကြိမ်မြောက် ဖြစ်ပါလိမ့်မယ်။ ပထမအကြိမ်တုန်းကလည်း မစ္စတာပီနဲရိုးလ် တုန်းကလည်း အကျဉ်းထောင်ထဲမှာ အသံဖမ်းစက် ဖမ်းခံရတယ်။ အခု မစ္စတာကင်တားနား ပြီးခဲ့တဲ့တခေါက် လာတုန်းကဆိုရင် မီထ္ထိလာမှာ ဆန္ဒပြပြီးတော့ သူ့ကားကို ထုတာရိုက်တာတွေ ဖြစ်သွားတယ်။ ဒီအခြေအနေတွေက သူတို့မှာ ကြုံခဲ့ရတဲ့ အခြေအနေ။ တဖက်မှာကြည့်ရင် မစ္စတာကင်တားနားနဲ့ ပတ်သက်လို့ ထူးခြားချက်က အရင်တုန်းက လူ့အခွင့်အရေး ကိုယ်စားလှယ်တွေကို စစ်အစိုးရကာလလက်ထက်မှာ မြန်မာပြည်သူတွေ၊ ဒီမိုကရေစီအဖွဲ့အစည်းတွေရဲ့ လိုလိုလားလား ထောက်ခံမှုကို တွေ့ရပါတယ်။ နောက်ပိုင်းမှာ ဘာသာရေးကိစ္စ ဖြစ်ပြီးနောက်ပိုင်းမှာ သူ့အပေါ် ထောက်ခံမှု၊ သူ့အပေါ် ယုံကြည်မှု ကျဆင်းလာတဲ့သဘော ရှိသလား။ လူထုကြားထဲမှာ။

ဦးအောင်မျိုးမင်း ။ ။ အများကြီးတော့ ထိခိုက်မှု ရှိပါတယ်။ အထူးသဖြင့် သူကနေ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခကိစ္စတွေ၊ ဘာသာရေး အခြေခံတဲ့ ပဋိပက္ခတွေ အကြောင်းတွေ၊ လူမျိုးစုနဲ့ ပတ်သက်ပြီးတော့ သူက ဒီအချက်တွေကို တင်ပြတာရှိတယ်။ ဒါကတော့ သူ့ရဲ့တာဝန်။ သူရတဲ့ သတင်းအပေါ် မူတည်ပြီးတော့ အမှန်ဆုံးဖြစ်အောင် စုံစမ်းပြီး တင်ပြခဲ့တာ။ ဒါပေမဲ့ အဲဒီ တင်ပြမှုကို ဒီဖက်မှာ အခုမြင်နေကြတဲ့ တဖက်သတ် တင်ပြတယ်တို့။ ဒါမျိုးကို သူ့အနေနဲ့ မျက်နှာလိုက်တဲ့ အရာမျိုး ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေရဲ့နောက်ပိုင်းမှာတော့ ဒေသခံပြည်သူတွေရဲ့ သူ့အပေါ်မှာ အထင်မြင်လွှဲမှားမှုတွေ။ နောက်ပြီးတော့ သူကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ခဲ့တာကို တွေ့ရတယ်။ အဲဒါက တကယ့် မြန်မာ့သမိုင်းမှာတင်မကဘူး၊ ကမ္ဘာ့သမိုင်းမှာ စုံစမ်းစစ်ဆေးရေးအရာရှိကို ဒါမျိုး ဒေသခံပြည်သူတွေက လက်မခံဘူးဆိုတဲ့သဘောမျိုးကို ထင်ထင်ရှားရှား တွေ့လိုက်ရတာကတော့ ထူးခြားချက်တခုပေါ့။ အရင်တုန်းကဆိုရင် ကျနော်တို့က ဒီလိုလူ လာတိုင်းက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စကို ကမ္ဘာသိအောင် လုပ်နိုင်တဲ့ အမှန်တရားကို ဖော်ဆောင်တဲ့လူလို့ မြင်ရကနေ အခုဆိုရင် တင်ပြတဲ့တာဝန်အပေါ်မှာ မမှန်မကန်တဲ့ သတင်းတွေ ထုတ်ပြန်တယ်ဆိုတဲ့အမြင်မျိုး မြင်တာက သူ့ရဲ့ခေတ်မှာ ဖြစ်သွားတဲ့ ထူးခြားချက်ပါ။ ဒါကြောင့်မို့ သူ့အနေနဲ့ ဆန္ဒပြမှုတွေ ကြုံတွေ့ရတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ အစိုးရရဲ့ တာဝန်ကို ပြန်ကြည့်ဖို့ လိုအပ်တယ်။ အစိုးရအနေနဲ့ တခါတလေ သူ့အနေနဲ့ သွားချင်တယ်ဆိုတဲ့ကိစ္စကို ဆုံးဖြတ်ပေးတာ အစိုးရ။ သူ့အနေနဲ့ တောင်းဆိုလို့ရတယ်။ ဒါပေမဲ့ ခွင့်ပြုလား၊ ခွင့်မပြုဘူးလား။ တခါတလေ လုံခြုံရေးအရ မသွားသင့်ဘူးဆိုရင် ပိတ်ပင်တားဆီးတာ အစိုးရဖြစ်နိုင်တယ်။ အဲဒီတော့ သူ့အနေနဲ့ သွားချင်တိုင်း သွားလို့မရတဲ့အရာမျိုး ရှိမယ်။ တွေ့ချင်မယ့် တွေ့လို့မရဘူး။ ဒါကြောင့် တွေ့ရှိတဲ့အချက်ပေါ် မူတည်ပြီးတော့ ုလုပ်ဆောင်တဲ့ သဘောမျိုးတွေ ရှိနိုင်တာဟာမျိုးလည်း သတိပြုစေချင်တယ်။ နောက်ထပ်တခုက အခုနလိုမျိုး ဘယ်သူပဲဖြစ်ဖြစ် ကုလသမဂ္ဂရဲ့ ဝန်ထမ်းတယောက်၊ ကုလသမဂ္ဂကနေ ခန့်အပ်ထားတဲ့ အထူးစုံစမ်းရေးအရာရှိကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် ရှိတာတော့ လူတိုင်းရဲ့ အခွင့်အရေးတရပ်ပါ။ ဒါကိုတော့ မပြောချင်ဘူး။ ဒါပေမဲ့ အကြမ်းဖက်လောက်အထိ၊ ဒီလိုမျိုး အကြမ်းဖက်မှုကို ကာကွယ်ပေးဖို့ကတော့ အစိုးရရဲ့ ပျက်ကွက်မှု ဖြစ်သွားတယ်။ ဒီဟာတခုကတော့ ကျနော်တို့သမိုင်းမှာတော့ သိပ်မကောင်းတဲ့ အစဉ်အလာလေးတခု ဖြစ်သွားတာပေါ့။

ဦးသားညွှန့်ဦး ။ ။ တဆက်တည်းပဲ အခုဆိုရင် မစ္စတာကင်တားနား သက်တမ်းကုန်တော့မယ်။ ဒီအချိန်မှာပဲ ကျနော်တို့ ကြားနေရတာက မြန်မာနိုင်ငံမှာထားတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ mandate - ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ပေးထားတဲ့ mandate ကို ပြန်ရုတ်ဖို့၊ ပြန်ဖယ်ဖို့ဆိုတဲ့ ဆွေးနွေးချက်တွေလည်း ဖြစ်လာပါတယ်။ ဖြစ်လာတော့ ကိုအောင်မျိုးမင်းအမြင်မှာ ဒါကို ဆက်ထားသင့်၊ မသင့် ဘယ်လိုသဘောထား ရှိပါသလဲ။

ဦးအောင်မျိုးမင်း ။ ။ ဘယ်လို သဘောထားမပြောခင်။ သူတို့ရဲ့ mandate နဲ့ ပတ်သက်လို့ နည်းနည်းပြောပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံက လူ့အခွင့်အရေးကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံရတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့အတွက် Item 4 လို့ခေါ်တဲ့ အချက်အရ အထူးစုံစမ်းစစ်ဆေးရေးအရာရှိအထိ ခန့်အပ်ပါတယ်။ သူ့ရဲ့ တာဝန်ကတော့ သူ ဒီလိုမျိုးတိုင်းပြည်မှာ အစိုးရရဲ့ ခွင့်ပြုချက်ကိုယူပြီးတော့ ချိုးဖောက်မှုတွေကို လာရောက်စုံစမ်းမယ်။ အဲဒီအချက်တွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံ၊ လူ့အခွင့်အရေးကောင်စီတို့ကို တင်ပြပြီးတော့ ဒါနဲ့ ပတ်သက်လို့ အစိုးရတွေ ဘာလုပ်သင့်တယ်ဆိုတဲ့ အကြံပေးချက်နဲ့အတူ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေရအောင် လုပ်ဆောင်ပေးတာပါ။ အဲဒီလိုမျိုး ဖြစ်ဖို့အတွက်က နယ်နယ်ရရတော့ မရဘူးဗျ။ တကယ်ကို ကမ္ဘာ့နိုင်ငံတွေက လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ ယူဆချက်တွေ ပါရမယ်။ ဒါမျိုးလိုအပ်တယ်ဆိုတာ သတ်မှတ်ချက်တွေဖြစ်တယ်။ ဒီဟာကတော့ item 4 အရ။ အခုအခြေအနေမှာ အခုနလို ပြောင်းသင့်တယ်ဆိုတဲ့ အယူအဆက ဘယ်လိုဖြစ်လာသလဲဆိုတော့ မြန်မာနိုင်ငံက အခုဆိုလို့ရှိရင် အရင်လောက် မဆိုးတော့ဘူး။ အရင်တုန်းက အရမ်းဆိုးတဲ့နေရာတွေ တဖြည်းဖြည်း ကောင်းလာတာရှိတဲ့အတွက် အထူးစုံစမ်းစစ်ဆေးရေးအရာရှိအဆင့်ကို မထားသင့်ဘူးဆိုတဲ့ တင်ပြချက်တွေ ရှိလာပါတယ်။ အဲဒါကတော့ တဖတ်က ပြောကြားချက်ပေါ့။ တခြားတချို့နိုင်ငံတွေကလည်း မဟုတ်သေးဘူး။ မြန်မာနိုင်ငံအခြေအနေရဲ့ လူ့အခွင့်အရေးအခြေအနေအရ ဆက်လက်စောင့်ကြည့်ဖို့ ရှိသေးတယ်ဆိုတဲ့ အချက်မျိုး ပြောကြားတဲ့ဟာမျိုး ရှိပါတယ်။ အဲဒီတော့ ကိုသားညွှန့်ဦး မေးတဲ့မေးခွန်းလေးကို ကျနော် ပြန်ဖြေရမယ်ဆိုရင် ကျနော်အနေနဲ့ကတော့ ဒီနှစ်အတွင်းမှာ အခုနလိုမျိုး အထူးစုံစမ်းစစ်ဆေးရေးအရာရှိ ခန့်အပ်တဲ့ဟာကို ပယ်ဖျက်ပြီးတော့ item 10 လို့ခေါ်တဲ့ နည်းပညာပိုင်းကူညီမှုအပိုင်းလုပ်ဖို့ စောသေးတယ်လို့ ထင်ပါတယ်။

ဦးသားညွှန့်ဦး ။ ။ အဲဒါ တဆက်တည်းမေးတာပါ။ တချို့ သံတမန်တွေ ပြောတဲ့အထဲမှာလည်း OHCHR ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး မြန်မာနိုင်ငံမှာဖွင့်ဖို့။ အကယ်၍ ဖွင့်နိုင်မယ်ဆိုရင် အခုန item 4 လိုဟာမျိုး အထူးကိုယ်စားလှယ်ထားရေးကိစ္စကို လုပ်စရာမလိုတော့ဘူးလို့ ပြောတဲ့ သံတမန်တချို့ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘယ်လိုများ နှိုင်းယှဉ်နိုင်မလဲ။

ဦးအောင်မျိုးမင်း ။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ဖွင့်ခြင်းက item 10 နဲ့ ပိုပြီးတော့ သက်ဆိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ စုံစမ်းစစ်ဆေးပိုင်ခွင့် မရှိဘူး။ အဓိကက မြန်မာနိုင်ငံအစိုးရက အကောင်အထည်ဖော်ဆောင်မယ့် လူ့အခွင့်အရေးုလုပ်ငန်းတွေကို နည်းပညာအရ အကူအညီပေးဖို့အတွက် ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့မှာ ဒီလိုမျိုးကိစ္စ လုပ်ဆောင်တဲ့အချိန်မှာ ဒါမျိုးလာဖွင့်မယ်ဆိုရင် သူတို့က လုပ်ငန်းအကောင်အထည်ဖော်ဖို့အတွက် အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဖြစ်တယ်။ ဒါပေမဲ့ အခုနလို မစ္စတာကင်တားနားတို့လို အထူးစုံစမ်းရေးအရာရှိက သွားပြီး စုံစမ်းဖို့၊ ဖော်ထုတ်ဖို့။ ဒီအချက်တွေကို ကုလသမဂ္ဂကို တင်ပြဖို့အပိုင်းမှာ အားနည်းသွားနိုင်တယ်။ အဲဒီတော့ အဲဒီနှစ်ခုက နှစ်ခုစလုံး လိုအပ်နေတုန်းပဲ။

ဦးသားညွှန့်ဦး ။ ။ အဲဒီတော့ ကိုအောင်မျိုးမင်း အယူအဆကတော့ မြန်မာနိုင်ငံကို လူ့အခွင့်အရေးအရ စောင့်ကြည့်ဖို့ နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ဖို့ ဆက်ပြီးတော့ ထားသင့်တယ်။ ဆက်ပြီးတော့ လုပ်ဖို့လိုနေတာလား။

ဦးအောင်မျိုးမင်း ။ ။ ဟုတ်ပါတယ်။ အခုလက်ရှိ အခြေအနေက လိုသေးတယ်လို့ သတ်မှတ်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့ မေးခွန်း ဆက်မေးမယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါကို ဖြေမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ဆီမှာ အခုအချိန်အထိ လူ့အခွင့်အရေးတွေက လျော့သွားတာပဲရှိတယ်။ မပျောက်သေးဘူး။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်သွားတယ်ဆိုတဲ့ သဘောမျိုးရှိတယ်။ ဒါပေမဲ့ ပုဒ်မ ၁၈ အရ ထပ်ပြီးတော့ ဖမ်းနိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ နောက်ထပ် ဖမ်းနိုင်တဲ့ အနေအထားမျိုး ရှိနေတဲ့ဟာတခုက လျော့သွားပေမယ့် မပြောင်းသေးဘူးဆိုတဲ့အချက်။ စစ်ပွဲတွေ တခြားတိုင်းရင်းသားတွေနဲ့ အပစ်ရပ်စဲမှု လုပ်နေပေမယ့် အခုအချိန်မှာ စစ်ပွဲဖြစ်နေတဲ့ ဒေသတွေ ရှိနေတုန်းပဲ။ IDP တွေ ရှိနေတုန်းပဲ။ လက်နက်ကိုင်ပဋိပက္ခကြောင့် ဒေသခံပြည်သူလူထု ဒုက္ခရောက်နေတာ ရှိနေတုန်းပဲ။ အဲဒီတော့ လျော့သွားတာ၊ မပျောက်သေးဘူး။ နောက်တခုက ပိုပြီးတော့ သတိထားဖို့ လိုတဲ့အချိန်က အရင်တုန်းကနဲ့မတူတဲ့ တခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုပုံစံအသစ်တွေ ထပ်ပေါ်လာနေတဲ့အချိန်။ အထူးသဖြင့် ဒါကိုပြောရမယ်ဆိုလို့ရှိရင် အခုဆိုလို့ရှိရင် လယ်ယာမြေသိမ်းဆည်းမှုတွေ အများကြီးဖြစ်တယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဆန္ဒထုတ်ဖော်မှုမှာ အရေးယူမှုတွေ အများကြီး ရှိနေတယ်။ နောက်တခါ နိုင်ငံခြားအရင်းအနှီးမြှုပ်နံှမှုတွေ၊ နိုင်ငံတော်စီမံကိန်းတွေ လုပ်ဆောင်တယ်။ အဲဒါနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အသွင်သစ်ပုံစံနဲ့ ထပ်ပြီးတော့ ပေါ်လာတုန်းပဲ။ အဲဒီတော့ ကုမ္ပဏီတွေရဲ့ ပျက်ကွက်မှုတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေက လူ့အခွင့်အရေး မလေးစားတာ ပုံစံသစ်တွေနဲ့ ဖြစ်တဲ့အတွက် တဖက်မှာ လျော့သွားပေမယ့် တဖက်မှာ အသစ်တွေ တိုးလာတယ်။ အဲဒါတွေကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တဲ့အတွက် ဒါကို ပထမဦးဆုံး ကျနော်အနေနဲ့ ဆက်ပြီးတော့ အာရုံစိုက်စေချင်ပါတယ်။

XS
SM
MD
LG