သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အပြောင်းအလဲနဲ့ အမေရိကန် သဘောထား


လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဝေဝေနု

ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ အခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ အထွေထွေ ရွေးကောက်ပွဲ အခြေအနေပေါ် မူတည်ပြီး အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထားဟာ ပြောင်းလဲသွားနိုင်တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဝေဝေနုက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အားလုံး ပါဝင်မဲပေးနိုင်ပြီး တရားမျှတမှုရှိတဲ့၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်ဖို့လိုတယ်လို့ သမ္မတအိုဘားမားနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ မဝေဝေနုက ပြောပါတယ်။ အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ ကျင်းပတဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဘာသာရေး အထွဋ်အမြတ်ဖြစ်တဲ့ Ramadan ဥပုသ်ကာလ ဝါဖြေ ညစာစားပွဲတက်ဖို့ အထူးဖိတ်ကြားခံခဲ့ရတဲ့ မဝေဝေနုဟာ သမ္မတ Barack Obama နဲ့ အတူ စားပွဲတခုထဲမှာထိုင်ပြီး ညစာစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ မဝေဝေနုကို ကိုအောင်လွင်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုအောင်လွင်ဦး ။ ။ ဗွီအိုအေကို အခုလိုလာတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။

မဝေဝေနု ။ ။ ကျေးဇူးတင်ပါတယ်ရှင့်။ အခုလို ဖိတ်ကြားပေးတဲ့အတွက်။

ကိုအောင်လွင်ဦး ။ ။ ပထမဦးဆုံး မေးချင်တာကတော့ မဝေဝေနုက အမေရိကန်ပြည်ထောင်စုကိုလာတဲ့ ခရီးစဉ်မှာ အမေရိကန်သမ္မတဟောင်း George W. Bush ရဲ့ Bush Institute က လုပ်တဲ့ လူငယ်ဖိုရမ်မှာ တနှစ်ပြည့်အခမ်းအနားကို လာရင်နဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်လာတယ်လို့ ကျနော် နားလည်ပါတယ်။ ပထမဦးဆုံး မဝေဝေနုရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ယေဘုယျ ရှင်းပြပေးပါလား။

မဝေဝေနု ။ ။ Bush Institute ကနေပြီးတော့ မြန်မာပြည်မှာရှိတဲ့ လူငယ် activists တွေ၊ လူငယ်ခေါင်းဆောင်လေးတွေကို သင်တန်းပေးတာပေါ့။ အဓိကတော့ စွမ်းရည်မြှင့်တင်သင်တန်း၊ ခေါင်းဆောင်သင်တန်းတွေပါ။ Liberty and Leadership Program လို့ခေါ်တယ်။ အဲဒါ မနှစ်က ဇွန်ကစပြီးတော့ အခု ဇွန်မှာပြီးတာပေါ့။ ကျမတို့ Graduation လာယူတာပေါ့။ Certificate လာယူတဲ့သဘောပါပဲ။

ကိုအောင်လွင်ဦး ။ ။ ဒီခရီးစဉ်အတွင်းမှာ Bush Institute ကို လာတယ်ဆိုပေမယ့် ကျနော်တို့ နားလည်သလောက်တော့ သမ္မတအိုဘားမားနဲ့ ညစာစားပွဲမှာ တက်ဖြစ်တာအပါအဝင် တခြားတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း မဝေဝေနု တွေ့တယ်လို့ သိရပါတယ်။ ဒီလို အမေရိကန်နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ တွေ့တယ်ဆုံတဲ့ကိစ္စတွေမှာ ဘယ်လို အကြောင်းအရာတွေကို ပြောဖြစ်ကြလဲ၊ ဆိုဖြစ်ကြလဲ။

မဝေဝေနု ။ ။ အဓိကတော့ သမ္မတအိုဘားမားရဲ့ အစ္စလာမ်ဝါဖြေ ညစာစားပွဲကို ကျမရောက်တယ်။ ကျမကို ဖိတ်တယ်။ ကျမ ရောက်သွားတယ်။ အဲဒီမှာတော့ ကျမ အဓိကပြောတာကတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီကို တက်တက်ကြွကြွ ပါဝင်ပံ့ပိုးပေးဖို့။ အထူးသဖြင့် စစ်မှန်တဲ့ ဒီမိုကရေစီကို သွားနိုင်ဖို့အတွက်ကို အမေရိကန်ပြည်ထောင်စုအနေနဲ့ တက်ကြွစွာ ပါဝင်ပံ့ပိုးပေးဖို့။ နောက် အမေရိကန်ပေါ်လစီကိုလည်း တစိုက်မတ်မတ် သတိထားပြီးတော့ ဆက်ဆံဖို့ အဲဒါမျိုးတွေကိုလည်း ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ဆီမှာ အခု အပြောင်းအလဲကာလ (၄) နှစ်တာ ကြာသွားပေမယ့်လဲ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး ရှိနေတယ်။ အရမ်းကို ဆိုးဝါးတဲ့ ချိုးဖောက်မှုတွေ ရှိနေတာမျိုးတွေ ကျမတို့ တွေ့နေရတယ်။ ဆိုတော့ ဒါမျိုးတွေကို အရင်ဆုံး ဖြေရှင်းမှသာ အခုန ဒီမိုကရေစီကို ကျမတို့ ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင်မှာပေါ့။ အဲဒါမျိုးကို ကျမ အလေးထားပြီး ပြောခဲ့ပါတယ်။

ကိုအောင်လွင်ဦး ။ ။ တခုရှိတာက အမေရိကန်အစိုးရ မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်လာတဲ့အချိန်မှာ ထိတွေ့ဆက်ဆံလာတော့ သူတို့ကိုယ်တိုင်က အာရှနဲ့ ချိန်ခွင်ညှာညှိနေတယ်ဆိုတဲ့ ပေါ်လစီ အမေရိကန်ဘက်မှာလည်း ရှိနေတယ်ပေါ့။ အဲဒီတပြိုင်နက်ထဲမှာ မြန်မာနိုင်ငံက ပြောင်းလာတော့ သူတို့ကလည်း ထိတွေ့ဆက်ဆံရေးမှုကို ကျင့်သုံးမယ်ဆိုပြီးတော့ စပြီးတော့ မြန်မာအစိုးရနဲ့ ဆက်ဆံလာတယ်။ ဒီပေါ်လစီကလည်း မှန်တယ်ဆိုပြီးတော့ အစိုးရတာဝန်ရှိသူတွေ၊ သမ္မတအိုဘားမားကိုယ်တိုင် မကြာခဏ ပြောကြတယ်ဆိုတော့ ဒီမူဝါဒက တကယ်တမ်း အမေရိကန်အစိုးရပိုင်းက justify လုပ်သလို သုံးသပ်နေကြသလို တကယ်ကော မှန်ရဲ့လား။

မဝေဝေနု ။ ။ အခုနပြောသလို အမေရိကန်ပြည်ထောင်စုက မြန်မာပြည်ပေါ်မှာထားတဲ့ နိုင်ငံခြားရေးမူဝါဒဟာ အောင်မြင်တဲ့ မူဝါဒတခုဖြစ်တယ်။ ဗမာပြည်ကြီးဟာ ပြောင်းလဲသွားပြီဆိုတဲ့ အယူအဆမျိုး သူတို့ ရှိနေတယ်။ အဲဒီ အယူအဆရှိနေတာထက် အဲဒီလိုမျိုး ကြိတ်မှိတ်ပြီးတော့ ယုံကြည်နေချင်တာပေါ့။ အဲဒါမျိုး ကျမတို့ တွေ့မြင်ရတယ်။ ဒါပေမဲ့ လက်တွေ့မှာ ကျမ အခုနပြောသလို သူတို့ပေါ်လစီဟာ အောင်မြင်တယ်လို့ ပြောလို့မရပါဘူး။ လူတွေအများကြီး အခုအချိန်အထိ ဒုက္ခရောက်နေကြတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံနေရတယ်။ နှိပ်ကွပ်မှုတွေ ခံနေရတယ် ဆိုလို့ရှိရင် ဒါဟာ အောင်မြင်တဲ့မူဝါဒ မဖြစ်နိုင်ပါဘူး။ သူတို့ မျှော်မှန်းတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီလည်း ရောက်ဖို့ အလှမ်းအများကြီး ဝေးနေသေးသလို၊ အခုနပြောသလို ဒီအခြေခံ ပြဿနာတွေကို မဖြေရှင်းဘဲနဲ့ ဆက်သွားမယ်ဆိုရင် ကမ္ဘာနဲ့ မြန်မာအစိုးရက လိုလားတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု Sustainable ဖြစ်တဲ့ ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတခုကို ရမှာမဟုတ်ပါဘူး။ လူသားတွေ၊ နိုင်ငံသားတွေ၊ နိုင်ငံအတွင်းမှာရှိတဲ့ လူတွေရဲ့ လူ့အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေကို အာမခံချက်ပေးပြီးမှသာ၊ ပေးမှသာလျှင် ဖွံ့ဖြိုးတိုးတက်မှုတွေက ရေရှည်တည်တန့်ခိုင်မြဲတာပါ။ အဲဒါမှ ပိုပြီးတော့ အားလုံးယုံကြည်စိတ်ချစွာနဲ့ အခုနပြောတဲ့ investment တွေ အဲဒါမျိုးတွေ စီးပွားရေး ရင်းနှီးမြှုပ်နံှမှုတွေကို စိတ်ချလက်ချ လုပ်နိုင်ပြီးတော့မှ ပိုပြီးတော့ ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတခုကို ဦးတည်သွားနိုင်မှာပါ။ ဆိုတော့ အဲဒီလို အခြေအနေတခုသွားဖို့ ကျမတို့ အလှမ်းအရမ်းကွာဝေးနေတာကို တွေ့နေရတယ်။ လက်ရှိ အနေအထားအရဆိုရင် အဲဒီလိုမျိုးဆိုရင် အခုနပြောသလို အမေရိကန်အစိုးရ ယုံကြည်နေသလိုမျိုး ဒါဟာ အောင်မြင်တဲ့ ပေါ်လစီတခုလို့ ပြောလို့မရပါဘူး။

ကိုအောင်လွင်ဦး ။ ။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဒီနှစ်ကို အရေးကြီးတဲ့နှစ်ဆိုပြီး ပြည်တွင်းပြည်ပက ပြောနေကြတယ်။ အထူးသဖြင့် ရွေးကောက်ပွဲကာလလည်း ဖြစ်နေ၊ နီးလာပြီဆိုတော့။ ဒါနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေဘက် သဘောထားကို တွေ့ရလဲ။

မဝေဝေနု ။ ။ သူတို့ ရွေးကောက်ပွဲကို အရမ်းစိတ်ဝင်စားတယ်လို့ ကျမ ထင်ပါတယ်။ ရွေးကောက်ပွဲကို အများကြီး မျှော်လင့်ထားတယ်လို့ ထင်ပါတယ်။ ရွေးကောက်ပွဲအခြေအနေပေါ် မူတည်ပြီးတော့ အမေရိကန်မူဝါဒဟာ ပြောင်းလဲသွားနိုင်တယ်လို့ ကျမထင်တယ်။ ဆိုတော့ သမ္မတကြီးကိုယ်တိုင်က ပြောပါတယ်။ အခု နင်တို့ ရွေးကောက်ပွဲ ရှိနေသေးတယ်။ ရွေးကောက်ပွဲမှာ မျှော်လင့်ချက် ရှိသေးတယ်။ ရွေးကောက်ပွဲကို စောင့်ကြည့်ပါအုံးဆိုပြီး သမ္မတအိုဘားမားက ကျမကို ပြောပါတယ်။ ဆိုတော့ ကျမလည်း ပြောပါတယ် ဟုတ်ပါတယ် ကျမတို့ ရွေးကောက်ပွဲဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ရွေးကောက်ပွဲရှိတာလည်း အရမ်းကောင်းပါတယ်။ တချိန်တည်းမှာ အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်တယ်။ အဲဒီလိုမျိုး အာမခံချက်ရဖို့ လိုအပ်တယ်။ အဲဒီအတွက်ကို အခုနလိုမျိုး အနီးကပ် ပူးပေါင်းပံ့ပိုးမှုတွေ လုပ်ပေးစေချင်တယ်လို့ ကျမ ပြောပါတယ်။ တကယ်လို့သာ အခုနပြောသလို လူတိုင်း မဲပေးခွင့် မရဘူး။ နောက်တခါ ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတအနေနဲ့ ရွေးချယ်ပိုင်ခွင့်မရဘူး။ နောက်တခါ ရိုဟင်ဂျာတွေလည်း နိုင်ငံရေးမှာ ပါဝင်ခွင့်တွေ၊ မဲပေးခွင့်တွေ ဆုံးရှုံးသွားမယ် ဆိုလို့ရှိရင် ဒါက ဥပမာတခု။ လူနည်းစုပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံရေးမှာ ပါဝင်ခွင့်တွေ ဆုံးရှုံးသွားမယ်ဆိုလို့ရှိရင် ဒါဟာ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲလို့ ပြောလို့မရဘူး။ အရေးကြီးတာက လွတ်လပ်မျှတပြီးတော့ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုတယ်ဆိုတဲ့ဟာကို ကျမ highlight လုပ်ခဲ့ပါတယ်။

ကိုအောင်လွင်ဦး ။ ။ စောစောက မဝေနု ပြောသွားတဲ့အထဲမှာ အမေရိကန်က ရွေးကောက်ပွဲ ရှိပါသေးတယ်။ စောင့်ကြည့်ပါအုံးဆိုပြီး သူတို့က မျှော်လင့်ချက် မလျှော့ချင်သေးတဲ့ သဘောထားမျိုးလို့ ကျနော်တို့ နားလည်လို့ရတယ်။ ဒီလိုမျိုး အမေရိကန်ဘက်က ကျနော်တို့ ဗမာပြည်ဘက်မှာ အပြောင်းအလဲတွေလုပ်ဖို့ လိုနေသေးတယ်။ ရွေးကောက်ပွဲဆိုလည်း လွတ်လပ်ပြီး တရားမျှတတဲ့ အခြေအနေတွေ ဖြစ်ဖို့လိုနေသေးတယ်ဆိုတာကို ပိုပြီးတော့ လက်တွေ့ကျကျ သဘောပေါက်အောင်ဆိုလို့ရှိရင် မဝေဝေနုတို့လို တက်ကြွလှုပ်ရှားသူတွေဘက်က ဘာတွေလုပ်ပေးဖို့ လိုသလဲ။ အမေရိကန်နိုင်ငံဖြစ်ဖြစ်၊ အနောက်နိုင်ငံနဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ပိုနားလည်လာအောင် ဘာတွေလုပ်ပေးဖို့လိုမလဲ။

မဝေဝေနု ။ ။ ကျမ ထင်ပါတယ်။ ကျမတို့လို လူ့အခွင့်အရေး လှုပ်ရှားနေသူတွေဟာ မြန်မာပြည်ရဲ့ အပြောင်းအလဲမှာ သတိထားစောင့်ကြည့်ပြီး ဒါတွေကို ပြည်သူတွေသိအောင်၊ အစိုးရကိုသိအောင် လိုအပ်ချက်ရှိနေတာတွေကို နိုင်ငံတကာကိုသိအောင်၊ ဒီမိုကရေစီအတွက်ကို ပံ့ပိုးပေးနိုင်မယ့် လူတွေအားလုံး သိအောင်လုပ်ပေးဖို့ ကျမတို့လိုတယ်။ နောက်တခါ လိုအပ်နေတာတွေကို အားလုံးပူးပေါင်းပြီးတော့ ဖြေရှင်းဖို့ လိုတယ်လို့ ကျမ ထင်ပါတယ်။ အဲဒါမှ ဖြောင့်ဖြူးတဲ့ ဒီမိုကရေစီကို သွားနိုင်မှာပါ။ အခုက ပြည်သူတွေမှာကော၊ တကယ့်လက်တွေ့မှာကော အများကြီး စိုးရိမ်စိတ်တွေ ဖြစ်နေတယ်ပေါ့။ တကယ်ကော ကျမတို့နိုင်ငံဟာ ရွေးကောက်ပွဲ ရှိတာတော့မှန်တယ်။ ဒါပေမဲ့ တခြားဒီမိုကရေစီရဲ့ လက္ခဏာတွေနဲ့ မပြည့်စုံဘဲနဲ့ တကယ်ပဲ ဒီမိုကရေစီကို သွားနေတာလားဆိုတဲ့ ပြည်သူတွေမှာ စိုးရိမ်စိတ်တွေ၊ သံသယစိတ်တွေ ဖြစ်နေတာကို တွေ့ရတယ်။ ဒါတွေကို ဖြေရှင်းပေးဖို့လိုတယ်။ အစိုးရအနေနဲ့ အားလုံးပူးပေါင်းပါဝင်ပြီး ဖြေရှင်းဖို့လိုတယ်လို့ ထင်ပါတယ်။

ကိုအောင်လွင်ဦး ။ ။ နောက်တခု အမေရိကန် အစိုးရပိုင်းတွေမှာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးရင် ဒုတိယပြဿနာတခုလို့ ပြောလို့ရနိုင်တဲ့ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင်ပဋိပက္ခ။ အခုဆိုရင် အပစ်အခတ်ရပ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပစ်လားခတ်လား ပဋိပက္ခတွေက ဖြစ်နေတယ်ဆိုတော့ မြန်မာနိုင်ငံမှာ တချိန်တည်းမှာ အစိုးရက ပြောနေတာက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတယ်။ အဖွဲ့ပေါင်း ဘယ်လောက်တောင် ပါလာပြီ။ ဘယ်အဆင့် ရောက်နေပြီဆိုပြီး ပြောနေတယ်။ ဒါပေမဲ့ လက်တွေ့မှာ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုပြီး သူတို့ မှန်ထားသလောက် ဖြစ်မလားသေးဘူး။ ဒါတွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံရေးအသိုင်းအဝိုင်းမှာ စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်လို့ မဝေဝေနုတို့ ဘယ်လောက်အထိ သိခွင့်ရခဲ့သလဲ။ သူတို့ စိုးရိမ်ချက် ဘယ်လောက်အထိ ရှိသလဲ။

မဝေဝေနု ။ ။ ကျမ နားလည်သလောက်ကတော့ သူတို့ အခုနပြောသလို Geopolitics အမေရိကန်မှာ အဲဒါကို အလေးအနက်ထားသလို၊ စီးပွားရေးကိုလည်း စိတ်ဝင်စားသလို။ ဒါပေမဲ့ တချိန်တည်းမှာ မြန်မာပြည်ရဲ့ အပြောင်းအလဲကိုလည်း အနီးကပ်စောင့်ကြည့်နေတယ်ဆိုတာ ကျမ သိရတယ်။ ဆိုတော့ Peace process ကလည်း သူတို့အတွက် Agenda တခု။ သူတို့ ဒါကို အနီးကပ်လေ့လာတယ်လို့ ကျမထင်တယ်။ ကျမ အသေးစိတ်တော့ မသိခဲ့ရဘူး။

ကိုအောင်လွင်ဦး ။ ။ နောက်တခုက မဝေဝေနုကိုယ်တိုင် အစ္စလာမ်ဘာသာဝင်တယောက် ဖြစ်တယ်။ သမ္မတ တည်ခင်းတဲ့ Eid al-Fitr ညစာစားပွဲကိုလည်း ကိုယ်တိုင်လည်း တက်ရောက်ခဲ့တယ်။ မူစလင်လူငယ်တယောက်အနေနဲ့ ကျနော် မေးချင်တာက မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး အခြေခံတဲ့ ပဋိပက္ခတွေ၊ ကွဲပြားတဲ့ကိစ္စတွေပေါ် အခြေခံပြီးတော့ ပဋိပက္ခတွေ အကြီးအကျယ် ဖြစ်ခဲ့တယ်။ လူတွေသေကြတယ်။ အခြေပျက်အနေပျက် ဖြစ်ကြတာတွေလည်း အများကြီး။ ဒါပေမဲ့ အဲဒီပြဿနာတွေက အခုလတ်တလော ငြိမ်သွားပေမယ့် အလွန်အမုန်းပွားတဲ့ ကိစ္စတွေက လူထုကြားမှာ ရှိနေကြဆဲဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ နောက်တခုက အင်တာနက်လူမှုကွန်ရက်တွေမှာဆိုရင် တယောက်နဲ့တယောက် ပြင်းပြင်းထန်ထန် ပြောကြဆိုကြတာတွေက အခုအချိန်အထိ မဆုံးနိုင်ကြသေးဘူးဆိုတော့ ဒီလို ပြဿနာတွေကို ကျော်လွှာနိုင်ဖို့ ကျနော်တို့ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ မူစလင်လူငယ်တယောက်အမြင်နဲ့ ကြည့်မယ်ဆိုလို့ရှိရင်။

မဝေဝေနု ။ ။ ဒီပြဿနာ အဓိက လူမျိုးရေး၊ ဘာသာရေး စိတ်ဓါတ်ပြင်းထန်တာ။ အင်္ဂလိပ်လို ပြောတယ်ဆိုရင် Nationalism လို့လည်း ပြောလို့ရတယ်။ အမျိုးသားရေးဝါဒ တဖက်စွန်းရောက် အမျိုးသားရေးဝါဒ။ နောက်တခါ Racism လို့ခေါ်တဲ့ လူမျိုးရေးဝါဒ အဲဒီဝါဒတွေက အရမ်းကို ဆိုးလှတယ်။ အမြစ်တွယ်လာတယ်။ ကျမတို့ မြန်မာပြည်မှာ အမြစ်တွယ်တာလတာက ဟိုရှေးရှေးကတည်းက အမြစ်တွယ်လာတာ။ အထူးသဖြင့် ဗိုလ်ချုပ်နေဝင်းလက်ထက်ကတည်းက ဒီလိုမျိုး ခွဲခြားတဲ့ မူဝါဒတွေနဲ့ လူတွေကို ဆက်ဆံခဲ့တယ်။ နောက်တခါ အခုနပြောတဲ့ ဗုဒ္ဓဘာသာ ဦးစားပေးတဲ့ဝါဒမျိုးနဲ့။ ဗုဒ္ဓဘာသာ မျိုးချစ်စိတ်နဲ့ အမျိုးသားရေးစိတ်နဲ့ ဗုဒ္ဓဘာသာသည်သာ ပိုပြီးမြင့်မြတ်တယ်ဆိုတဲ့ အဲဒီလို အနေအထားပုံစံမျိုးနဲ့ ပြည်သူတွေကို အုပ်ချုပ်ခဲ့တဲ့အခါကြတော့ ပိုပြီးတော့ ဘာသာတရားတခုကိုပဲ အလေးအနက်ထားပြီး၊ ကျန်တဲ့ဘာသာတွေကိုတော့ နှိပ်ကွပ်တယ်။ ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့တယ်။ ဒါတွေဟာ ရေရှည်ဖြစ်လာတဲ့အခါကြတော့ ပြည်သူတွေရဲ့ စိတ်ထဲမှာပါ ဒီလိုမျိုး မမျှတမှုကို သွားပြီးခံစားရတာပေါ့။ ငါ မြင့်မြတ်တယ်။ သူဟာ မကောင်းဘူး။ ငါက ကောင်းတယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေ ဖြစ်လာတာပေါ့။ အဲဒီကနေ အခုနပြောတဲ့ မျိုးချစ်စိတ်တွေ ဖြစ်လာတယ်။ ငါ့လူမျိုးတမျိုးတည်းကိုပဲ ချစ်မယ်ဆိုတဲ့စိတ်မျိုး။ အမှန်တကယ် ဖြစ်သင့်တာက ပြည်ထောင်စုတခု တည်ထောင်တယ်။ ဒီမိုကရေစီနိုင်ငံတခု သွားမယ်ဆိုရင် အဲဒီစိတ်တွေက အဟန့်အတားတွေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အခုန ပြောသလိုပဲ လူမျိုးတမျိုးတည်း တိုးတက်လို့၊ နိုင်ငံတခုမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိနေတဲ့ နိုင်ငံတခုမှာ လူမျိုးတမျိုးတည်းက အလေးအနက် အသာရနေလို့ ဒါမှမဟုတ် ပိုပြီးလွတ်လပ်လို့၊ ပိုပြီးလို့ Favor ပေးခံရတယ်၊ အလေးပေးခံရလို့၊ ဒါမှမဟုတ် ပိုပြီးတော့ အခွင့်အထူးခံနေရတယ်ဆိုရင် ကျန်တဲ့လူမျိုးတွေက အဲဒီလိုမျိုး တန်းတူမရဘူးဆိုလို့ရှိရင် အဲဒီလူ့အဖွဲ့အစည်းဟာ ဘယ်တော့မှ မငြိမ်းချမ်းနိုင်ဘူး။ အဲဒီ လူ့အဖွဲ့အစည်းဟာ ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး။

ကိုအောင်လွင်ဦး ။ ။ မဝေဝေနု အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။

မဝေဝေနု ။ ။ ဟုတ်ကဲ့ပါရှင်။ အခုလို ဖိတ်ကြားပေးတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်။

XS
SM
MD
LG