သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ - အာဆီယံ - အမေရိကန် ဆက်ဆံရေး


မြန်မာလူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ် ကိုသွင်လင်းအောင်
မြန်မာလူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ် ကိုသွင်လင်းအောင်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ကျင်းပခဲ့တဲ့ အမေရိကန် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်လေးမှာပဲ အမေရိကန် တာဝန်ရှိသူတွေဟာ အာဆီယံ (၁၀) နိုင်ငံက လူထုအခြေပြုအဖွဲ့အစည်း ကိုယ်စားလှယ်တွေကို ခေါ်ယူတွေ့ဆုံပြီး အမေရိကန်ရဲ့ မူဝါဒအပေါ် သူတို့ရဲ့သဘောထားကို မေးမြန်းခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သတ်ရင်တော့ အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှု လျှော့ချရေးအပေါ် မြန်မာအဖွဲ့အစည်းတွေဘက်က ဘယ်လို သဘောထား ရှိမလဲဆိုတာကိုလည်း မေးမြန်းသွားတယ်လို့ ဆိုပါတယ်။ ဝါရှင်တန်ဒီစီမှာ အာဆီယံ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Susan Rice တွေ့ဆုံခဲ့တာမှာ ပါဝင်ခဲ့သူ မြန်မာလူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ် ကိုသွင်လင်းအောင် ကို ဗွီအိုအေ ဝါရှင်တန် စတူရီယိုမှာ ကိုသားညွှန့်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုသားညွှန့်ဦး ။ ။ ကိုသွင်လင်းအောင် အခုလို VOA ကို လာပြီးတော့ တွေ့ဆုံမေးမြန်းခွင့်ကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျနော် အရင်ဆုံး မေးချင်တာက US-ASEAN ထိပ်သီးအစည်းအဝေးအတွက် ကိုသွင်လင်းအောင်တို့ အပါအဝင် ASEAN (၁၀) နိုင်ငံက CSO အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီးတော့ အမေရိကန်နိုင်ငံအစိုးရက တွေ့ဆုံတယ်၊ စကားပြောတယ်။ အဲဒီတော့ ကိုသွင်လင်းအောင်တို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်တွေက ဘယ်လောက်အထိ အခုသွားမယ့် US-ASEAN အစည်းအဝေးပေါ် သက်ရောက်မှု ရှိမလဲလို့ ထင်လဲ။

ကိုသွင်လင်းအောင် ။ ။ ကျနော်တို့ကတော့ CSO တွေကို အမေရိကန်အစိုးရအနေနဲ့ တာဝန်ယူ ဖိတ်ပြီးတော့ ကျနော်တို့ အသံကို နားထောင်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် အခြေခံအားဖြင့်တော့ ဝမ်းလည်းဝမ်းသာတယ်။ တော်တော်လေးလည်း လွှမ်းမိုးမှုရှိမလားလို့တော့ မျှော်လင့်ချက်ရှိတယ်။ ဒါပေမဲ့ တဘက်က ပြန်ကြည့်ရင် အခုလိုမျိုး ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေကို ခေါ်တဲ့ကိစ္စကြီးက တော်တော်ကို အချိန်တိုအတွင်းမှာ တက်သုတ်ရိုက် စီစဉ်တာလဲဖြစ်တယ်။ နောက်တခုက ရှေ့မှာလုပ်ခဲ့တဲ့ Africa-US Summit မှာဆို အရပ်ဖက်အဖွဲ့အစည်းတွေ ဝင်ထိုင်ခွင့်ကိုရတယ်။ ကျနော်တို့က အဲဒီလို ထိုင်ခွင့်မရဘူးဆိုတော့ တဘက်ကတော့ အခြေခံအားဖြင့်တော့ တော်တော်လေး မျှော်လင့်စရာ ရှိပေမယ့်၊ တဘက်ကလဲ အဲဒီလိုမျိုး ဖြစ်ပါ့မလားဆိုပြီး စိုးရိမ်ချက်မျိုးတွေတော့ ရှိနေတယ်။

ကိုသားညွှန့်ဦး ။ ။ ဒီအပေါ်မှာ အာဆီယံအစိုးရတွေဘက်က သဘောထား ဘယ်လို ရှိလာနိုင်မလဲ။ CSO တွေနဲ့ ပတ်သက်လို့ သူတို့က ခေါ်တွေ့ဖို့ …

ကိုသွင်လင်းအောင် ။ ။ ကျနော်ထင်တယ် အာဆီယံအစိုးရတွေရဲ့ သဘောထားကတော့ ဒီပွဲမှ မဟုတ်ပါဘူး။ အမြဲတမ်းလဲ ASEAN Summit လုပ်လို့ရှိရင်၊ မလုပ်ခင်မှာ Interface လို့ ခေါ်တဲ့ အစိုးရနဲ့ အရပ်ဖက်တို့ တွေ့တဲ့ပွဲတွေမှာ ကြည့်လို့ရတယ်။ သူတို့က အရပ်ဖက်အဖွဲ့တွေပေါ် သိပ်ပြီးတော့ အလေးထား မရှိခဲ့ဘူး။ ကျနော် ထင်တာတော့ အဲဒီရိုက်ခတ်မှုတွေတောင် ဒီပွဲမှာ ရှိသွားသလားလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကို ကပ်ပြီးမှ အဖြစ်လောက် ခေါ်လိုက်တာ။ နောက်ပြီးတော့ အခုန အာဖရိကပွဲမှာ အထဲမှာ ဝင်ထိုင်ခွင့်ရပေမယ့် ကျနော်တို့ ဝင်ထိုင်ခွင့် မရဘူးဆိုတာတွေက။ တချို့ဟာတွေက အမေရိကန်ဘက်ကနေ အခုန အာဆီယံနိုင်ငံတွေရဲ့ အရပ်ဖက်အဖွဲ့အစည်းတွေပေါ်ထားတဲ့ သဘောထားတွေပေါ် ရိုက်ခတ်ပြီးတော့ အဲဒီအပေါ် လိုက်လျောညီထွေ လိုက်လုပ်သလားလို့ ကျနော်တို့ သံသယ ဖြစ်မိတယ်။

ကိုသားညွှန့်ဦး ။ ။ ဒီဘက် အာဆီယံ (၁၀) နိုင်ငံက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ကိုယ်စားလှယ်တွေ တက်လာကြတယ်ဆိုတော့ အာဆီယံနိုင်ငံထဲမှာပဲ တော်တော်လေး တင်းတင်းကြပ်ကြပ် ရှိနေတဲ့ နိုင်ငံတွေ ရှိတုန်းပဲ။ ဗိယက်နမ်၊ လားအိုတို့။ အဲဒီက တက်လာတဲ့ ကိုယ်စားလှယ်တွေက ဘယ်လောက်အထိ လူထုအသံကို ကိုယ်စားပြုနိုင်ပါ့မလဲ။

ကိုသွင်လင်းအောင် ။ ။ သူတို့ကတော့ ကျနော်ထင်တာကတော့ ကျနော်ကို ရွေးလိုက်တဲ့ပုံစံဆိုရင် အမေရိကန်သံရုံးက ဖိတ်တာဆိုတော့ သူတို့မှာလဲ အမေရိကန်သံရုံးက သူတို့ဆီက အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အခြေအနေကိုကြည့်ပြီး ဖိတ်လိုက်ပုံရတယ်။ အဲဒီအတွက် ရောက်လာတဲ့လူတွေကတော့ သူတို့ပြောတာတွေကတော့ မဆိုပါဘူး။ တကယ့် အကြပ်အတည်းတွေကို ပြောကြတာများတယ်။ ဒါပေမဲ့ နည်းနည်းလေး ထူးထူးခြားခြား တခုကတော့ လားအိုက တစ်ယောက်ဆိုရင် ဓါတ်ပုံရိုက်တဲ့အထဲမှာ သူ မပါရဲဘူး။ လားအိုမှာဆိုရင် အရမ်းကို တကယ် hot နေတဲ့ issue ဖြစ်တဲ့ activist တစ်ယောက် ပျောက်သွားတဲ့ကိစ္စ။ အဲဒါကို သူပြောဖို့ တွန့်ဆုတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ ပြန်လို့ရှိရင် ဒုက္ခရောက်သွားမှာကို စိုးတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောတယ်။ အဲဒါမျိုးလေးတွေတော့ သူတို့နိုင်ငံမှာ ရှိသေးတယ်။

ကိုသားညွှန့်ဦး ။ ။ ဒီ US-ASEAN ထိပ်သီးအစည်းအဝေးပွဲမှာ အမေရိကန်ကတော့ သူတို့ အမြဲတမ်း အာဆီယံနဲ့ ဆက်ဆံရေး၊ မြန်မာနဲ့ ဆက်ဆံရေးကို အမြဲပြောတယ်။ အစိုးရချင်းတင်မကပါဘူး၊ လူထုအဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးတွေပါ လုပ်တယ်ဆိုတော့ တကယ်ပဲ သူတို့ ဆက်ဆံရေးက ပွင့်ပွင့်လင်းလင်း ရှိရဲ့လား။ ဟန်ပြသဘောမျိုး ဖြစ်နေလား။

ကိုသွင်လင်းအောင် ။ ။ အခုနလိုမျိုး ကပ်မှခေါ်တဲ့ဟာကတော့ နည်းနည်းလေး ဟန်ပြဖြစ်သလားဆိုတဲ့ သံသယတော့ တော်တော်ဖြစ်မိတယ်။ နောက်တခုကတော့ ရှေ့မှာလဲ ဒီလို အလားတူ အာဖရိကနဲ့ လုပ်သွားပြီးတော့ ဝင်ထိုင်ခွင့် ပေးခဲ့တယ်။ ဒီမှာ အာဆီယံဆိုလဲ အလားတူ နောက်တပွဲလုပ်တယ်။ ဝင်ထိုင်ခွင့် မပေးဘူးဆိုတော့ အဲဒါမှာတော့ နည်းနည်းလေး ဟန်ပြဖြစ်သလားဆိုတဲ့ စိုးရိမ်မှုတော့ ရှိတယ်။

ကိုသားညွှန့်ဦး ။ ။ ကိုသွင်လင်းအောင် က သမ္မတအိမ်ဖြူတော်က အမျိုးသားလုံခြုံရေးအကြံပေး Susan Rice နဲ့ လွှတ်တော်နဲ့ တွေ့ပြီးတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို CSO တွေရဲ့ ကိုယ်စား ပြောခွင့်ရခဲ့တယ်။ အဓိက ဘယ်အချက်တွေကို ပြောဖြစ်လဲ။

ကိုသွင်လင်းအောင် ။ ။ အဓိကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကျနော်တို့ အတိုက်အခံပါတီက အများစုနိုင်တယ်။ ဆိုတော့ တော်တော်များများက - အထူးသဖြင့် အထဲကလူတွေက အဲဒီလို ထင်ကြတယ်။ အပြင်က လူတွေဆို ပိုဆိုးတာပေါ့။ အားလုံးပြီးသွားပြီ။ ဒီမိုကရေစီတော့ ရသွားပြီဆိုတဲ့ အမြင်တွေရှိတယ်ဆိုတော့။ အဲဒီလို အမြင်မျိုးတွေ ရှိနေမှာ စိုးတဲ့အတွက်ကြောင့် ကျနော်တို့က အဲဒီအပေါ်မှာ တစုံတရာ အဲဒီလောက် မဟုတ်သေးဘူးဆိုတာကို ပြောပြဖို့၊ ကျနော် အဓိကထား ပြောခဲ့တယ်။ အထူးသဖြင့် စစ်တပ်ရဲ့ လွှမ်းမိုးမှုတွေ ရှိနေသေးတယ်။ ဝန်ကြီးဌာန (၃) ခု ကိုင်ထားတယ်။ အမျိုးသားလုံခြုံရေးနဲ့ ကောင်စီမှာ စစ်တပ်က Majority ရှိနေတုန်းပဲ။ အများစု ရှိနေတုန်းပဲ။ အဲဒါတွေကို အဓိကထားပြီး ပြောခဲ့ပါတယ်။ နောက်တခုကတော့ CSO တွေရဲ့ space ပေါ့။ CSO တွေက လှုပ်ရှားခွင့်တွေက ကျဉ်းလာနိုင်တယ်ဆိုတဲ့ ဟာမျိုးတွေ။ အခုဆိုရင် ပြီးခဲ့တဲ့ (၂) နှစ်၊ (၃) နှစ်က ပုဒ်မ (၁၈) တွေနဲ့ ပြန်ဆွဲနေတာတို့။ ဆွဲနေတဲ့ ဝန်ကြီးဌာနကလည်း စစ်တပ်က ထိန်းချုပ်ထားတဲ့ ဝန်ကြီးဌာန။ အဲဒါမျိုးလေးတွေ ကျနော်တို့ အဓိကထား ပြောခဲ့ပါတယ်။

ကိုသားညွှန့်ဦး ။ ။ အဲဒီတော့ CSO တွေရဲ့ ပြောဆိုချက်တွေအပေါ် အမေရိကန်အစိုးရပိုင်းက နားထောင်တဲ့အခါမှာ လေးလေးနက်နက် ရှိရဲ့ လား။ သူတို့က အဖြစ်သဘောတွေ့တာလား။ ဘယ်လို သဘောရလဲ။

ကိုသွင်လင်းအောင် ။ ။ နားထောင်တာတော့ လေးလေးနက်နက် နားထောင်ပါတယ်။ Susan Rice ဆိုရင် ရောက်လာပြီချိန်မှာ သူ နည်းနည်းလေး စကားပြောတယ်။ ဒီပွဲဟာ လူ့အခွင့်အရေးကို Government Roles ကိုလည်း ဒီ ထိပ်သီးအစည်းအဝေးက ဦးစားပေးမှာပါလို့ ပြောပြီးတော့ ကျနော်တို့ ပြောတာတွေကို တောက်လျှောက်နားထောင်တယ်။ ဆိုတော့ မြန်မာနိုင်ငံလည်း အဲဒီထဲမှာ တခုအနေနဲ့ နားထောင်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ နောက်တခုက မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုကိစ္စ။ တနေ့ကပဲ ကျနော်တို့ VOA နဲ့ မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ဦးရဲထွဋ် တို့ ပြောတဲ့အခါမှာ သူတို့ဘက်က လက်ရှိ အမေရိကန်က မြန်မာအပေါ် ရှိနေတဲ့ ဒဏ်ခတ်ပိတ်စို့မှုတွေ အားလုံးရုတ်ရေးကို မျှော်လင့်နေကြတယ်။ ဘာဖြစ်လို့ တစုံတရာ ရွေးကောက်ပွဲကလည်း ပြီးသွားပြီ။ NLD ကလည်း အနိုင်ရတယ်။ အဲဒီတော့ ကိုသွင်လင်းအောင်တို့ရဲ့ CSO တွေရဲ့ အမြင်သဘောထား ဘယ်လို ရှိပါလဲ။

ကိုသွင်လင်းအောင် ။ ။ အဲဒါကလဲ ကျနောတို့အတွက် နည်းနည်းစိုးရိမ်ချက် ဖြစ်တယ်။ ကျနော် Susan Rice နဲ့ တွေ့တဲ့အခါမှာလည်း တချို့ပစ်မှတ်ထားပြီး ပိတ်စို့တဲ့ အရေးယူမှုမျိုးတွေ စွဲကိုင်ထားပါအုံး။ ဘာဖြစ်လို့လဲဆိုတော့ NLD နိုင်သွားတယ်ဆိုပေမယ့် အစိုးရအားလုံးက NLD Control လုပ်နိုင်တာ မဟုတ်ဘူး။ အရေးကြီးတဲ့ အစိတ်အပိုင်း တော်တော်များများကို စစ်တပ်က Control လုပ်ထားတယ်။ အဲဒါတွေကို ချိန်ညှိနိုင်ဖို့ဆိုရင် တချို့ပစ်မှတ်ထားတဲ့ ပိတ်စို့မှုတွေ ရှိနေသင့်သေးတယ်လို့ ကျနော်တို့က ပြောခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာ ကျနော်ကို Susan Ricke က ကျနော်ကို မေးခွန်း (၂) ခု ပြန်မေးတယ်။ တခုက ဘာလဲဆိုတော့ sanction ကို ဘယ်လို အနေမျိုးမှာ ထားသင့်တယ်လို့ ထင်လဲ။ နောက်တခုက NLD အစိုးရသစ်အနေနဲ့ sanction ကို ထားပါလို့ ပြောမယ်လို့ ထင်သလားဆိုတဲ့ မေးခွန်းပေါ့။ ဆိုတော့ အဲဒီ မေးခွန်းနှစ်ခုကို ကြည့်တဲ့အခါမှာ ဘာကို သွားမြင်သလဲဆိုတော့ အမေရိကန်အစိုးရက ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ လောလောဆယ် ဗမာပြည်မှာ ဖြစ်နေတဲ့ အပြောင်းအလဲပေါ်မှာ တော်တော်ကို ပွဲပြီးတော့မယ်၊ ပွဲပြီးပြီဆိုတဲ့ အယူအဆမျိုး ရှိနေတယ်လို့ ကျနော် မြင်ရတယ်။ အဲဒီတခုကိုတော့ တော်တော်လေး စိုးရိမ်ချက်ဖြစ်တယ်။ အဲဒီ စိုးရိမ်ချက် ဖြစ်နေတဲ့အချိန်မှာပဲ အခုန သမ္မတကိုယ်စားလှယ်တွေက ဒီလိုမျိုး အများကြီး sanction ရုတ်ဖို့ မျှော်လင့်တယ်ဆိုတော့ ပိုပြီးတော့ စိုးရိမ်မိတယ်။

ကိုသားညွှန့်ဦး ။ ။ NLD ရဲ့ သဘောထားက ဘယ်လို ရှိနိုင်ပါလဲ။

ကိုသွင်လင်းအောင် ။ ။ ကျနော်ထင်တယ် NLD က အဓိက Control လုပ်နေတဲ့ စစ်တပ်ကို ညှိဖို့နှိုင်းဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ တခါတလေတော့ အစိုးရတွေရဲ့ သူ့ရဲ့ ethics အရ ကျင့်ဝတ်အရ ပိတ်စို့အရေးယူပါ ပုံစံမျိုးတော့ သူတို့အနေနဲ့ ပြောဖို့ခက်တယ်။ ဒါပေမဲ့ သို့သော်လဲပဲ သူတို့သွားနေတဲ့ သူ့ရဲ့ ညှိနှိုင်းမှုကို အောင်မြင်အောင်ဆိုရင် ဒါက ကျနော်တို့ရဲ့ ပိတ်စို့အရေးယူမှုဆိုတာ တွန်းပေးတဲ့ ကိရိယာတခုပါ။ အဲဒီလိုဟာမျိုးကတော့ ရှိသင့်တယ်။ ဒါပေမဲ့ NLD က အဲဒီလို ထုတ်ပြောလိမ့်မယ်လို့ ကျနော် မမြင်ဘူး။ Susan Rice မေးတုန်းကလဲ အဲဒီလိုမျိုး ပြောခဲ့တယ်။ NLD ကတော့ အဲဒီလိုမျိုး လုပ်ပါလို့တော့ ထုတ်ပြောလိမ့်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါကတော့ အထောက်အကူပြုမှာတော့ အမှန်ပဲ။

ကိုသားညွှန့်ဦး ။ ။ နောက်တခုက မြန်မာနဲ့ ပတ်သက်လို့ အမေရိကန်-မြန်မာ ဆက်ဆံရေးမှာ စစ်ဘက်ဆက်ဆံရေးကိစ္စပါ။ စစ်ဘက်ဆက်ဆံရေးကိစ္စနဲ့ ပတ်သက်လို့ တော်တော်လေး ဂယက်ရိုက်မှု ရှိပါတယ်။ တချို့ကတော့ ဘယ်လောက်အထိပဲ ဆက်ဆံသင့်တယ်။ တချို့က လုံးလုံးဆက်ဆံမသင့်သေးဘူးဆိုတဲ့ သဘောထားမျိုးရှိတယ်။

ကိုသွင်လင်းအောင် ။ ။ ကျနော်တို့ကတော့ ပွင့်ပွင့်လင်းလင်းပြောရင် လုံးဝဆက်ဆံမသင့်သေးဘူးလို့ တောက်လျှောက်ပြောခဲ့တာ။ ဒါပေမဲ့ ဒီဘက်ရောက်လာတဲ့အခါကြတော့ အမေရိကန်က အတင်းတော်တော်လေးကို ဆက်ဆံချင်တယ့် သဘောထားမျိုး ရှိတယ်။ နောက် ကျနော်တို့က EU ရဲ့ Police Reform Program ကို သင်ခန်းစာ ယူပြီးတော့ ကိုယ်က ဘယ်လောက်တားနေနေ၊ သူတို့က လုပ်သွားတာမျိုးတွေ ဖြစ်သွားတဲ့အခါကြတော့ ကျနော်က အခု ပြီးခဲ့တဲ့ပွဲမှာ ဘယ်လို ပြောခဲ့သလဲဆိုတော့ တကယ်လို အဲဒီလိုမျိုး ဆက်ဆံချင်တာဟာ မြန်မာစစ်တပ်ရဲ့ စိတ်ဝင်စားမှုလို့ အမေရိကန်အစိုးရက တကယ်မြင်တယ်ဆိုရင် အဲဒီလို မဆက်ဆံခင်မှာ တချို့ benchmark တွေ ဘယ်လိုမျိုး စံနှုန်းတွေကို ချလိုက်ပါ။ ပြီးရင် အဲဒီစံနှုန်းတွေကို ပြည့်မီအောင်လို့ မြန်မာစစ်တပ်ကို အရင် တွန်းပေးပါ၊ တွန်းကြည့်ပါ။ တွန်းကြည့်လို့ ရရင်တော့ ဆက်ဆံပေါ့။ မရသေးဘူးဆိုရင်တော့ မဆက်ဆံသင့်ဘူးဆိုတဲ့ ပုံစံမျိုးကို ပြောခဲ့တယ်။ အဲဒီ စံနှုန်းတွေမှာတော့ အဓိကတော့ သူတို့ရဲ့ Curriculum စစ်တက္ကသိုလ်တွေမှာရှိတဲ့ Curriculum တွေကို ဘယ်လောက်အထိ လွှမ်းမိုးနိုင်မလဲ။ Military professionalism တကယ့် စစ်တပ်အလုပ်ကို လုပ်လာအောင်လို့ ပြန်ပြီးတော့ဖြစ်အောင် အဲဒါမျိုးတွေ ပြန်ပြီးတော့ ပြောခဲ့တာရှိတယ်။ နောက်တခုက စစ်တပ်စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ အခွင့်ထူးခံ ဖြစ်နေတဲ့ကိစ္စတွေ။ နောက်တခုက စစ်တပ်က ဘေးမထွက်နေဘဲနဲ့ အရပ်သားအစိုးရအောက်မှာရှိပြီးတော့ စစ်တပ်နဲ့ လုပ်ချင်တဲ့ ဆက်ဆံမှုမျိုးတွေကို အရပ်သားအစိုးရနဲ့တဆင့် သွားသင့်တာမျိုးဖြစ်အောင် အဲဒါမျိုးတွေ အရင်လုပ်ဖို့ဆိုတာမျိုး တိုက်တွန်းခဲ့တယ်။ အဲဒါမျိုးတွေ ဖြစ်ပြီဆိုရင်တော့ အခုန engagement ဆိုတာမျိုး လုပ်ချင်လုပ်ပေါ့။ အဲဒါမျိုး မဖြစ်သေးခင်တော့ မလုပ်သင့်သေးဘူး ပုံစံမျိုးတော့ ပြောခဲ့တယ်။

ကိုသားညွှန့်ဦး ။ ။ လက်ရှိ အမေရိကန်အစိုးရက မြန်မာစစ်တပ်နဲ့ လုပ်နေတဲ့ Human Rights Dialogue လူ့အခွင့်အရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့

ကိုသွင်လင်းအောင် ။ ။ ကျနော် ထင်တာကတော့ သူတို့ကတော့ ကျနော် မြန်မာပြည်ထဲမှာ ရှိတုန်းက သံရုံးနဲ့ ပတ်သက်လို့ ပြောဖူးတယ်။ သူတို့ရဲ့ mindset စိတ်ကိုပြောင်းလာပြီး၊ အခုန စစ်သားစစ်စစ် Professionalism ဖြစ်ဖို့အတွက် ဒီလိုမျိုး Dialogue တွေ လုပ်တယ်။ အခုန သင်တန်းတွေ၊ တက္ကသိုလ်တွေမှာ Guest Professors တွေ ဖိတ်ပြီးတော့ ပြောမယ်လို့ပြောတယ်။ ဒါတွေကတော့ နည်းနည်းလေး မဆိုးပါဘူး။ ဒါပေမဲ့ တခါတလေကြတော့ အဲဒီရဲ့ Counter Effects လို့ခေါ်တဲ့ သူတို့ မထင်တဲ့ဟာတွေ ဖြစ်လာမှာကို စိုးရိမ်တယ်။ ဥပမာ တဘက်မှာ တိုင်းရင်းသားတွေနဲ့ စစ်ပွဲတွေ ဖြစ်နေတယ်။ အရမ်းတိုက်နေတယ်။ အဲဒီအချိန်မှာ တဘက်က ဒီလိုဆက်ဆံမှုတွေကို တိုးမြှင့်လုပ်ဆောင်နေတယ်ဆိုရင် ဘာပဲဖြစ်ဖြစ် သူတို့စိတ်ထဲမှာ ငါတို့ လုပ်နေတဲ့ဟာနဲ့ ပတ်သက်ပြီး အမေရိကန်ကတော့ သဘောတူတယ်ဆိုတဲ့ ပုံစံဖြစ်နေတယ်ဆိုပြီး Morally စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ရသွားတာတွေ ဖြစ်သွားမှာကို စိုးရိမ်တယ်။ အဲဒါမျိုးတွေတော့ သတိထားသင့်တယ်။

ကိုသားညွှန့်ဦး ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ၂၀၁၅ ရွေးကောက်ပွဲကို သမ္မတအိုဘားမားက US-ASEAN အဖွင့်မိန့်ခွန်းမှာ ပြောသွားတယ်။ ချီးကျူးသွားတယ်။ တစုံတရာ ဘာပဲပြောပြော လွတ်လွတ်လပ်လပ်နဲ့ ဖြစ်သွားတယ်။ ဒီအနေအထားမျိုး မြင်နေတော့ အမေရိကန်ကလည်း သူ့ Benchmark တွေ ပြောတဲ့အခါမှာ ရွေးကောက်ပွဲဆိုတဲ့ တိုင်းတာချက်တခု ပါပါတယ်။ တစုံတရာ အမေရိကန် ပေါ်လစီ က ဒီအပေါ်မှာ ရွေ့သွားနိုင်လား။

ကိုသွင်လင်းအောင် ။ ။ ကျနော်ထင်တာကတော့ ရွေ့လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ Susan Rice ရဲ့ အပြောအဆို၊ နောက် အိုဘားမားရဲ့ အပြောအဆိုက ရွေ့သွားမယ်ဆိုတဲ့ ပုံစံရှိတယ်။ အဲဒါကလဲ တဘက်ကကြည့်ရင် ကျနော်တို့အနေနဲ့ စိုးရိမ်စရာလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရွေးကောက်ပွဲက Free and Fair ဖြစ်ဖြစ် ၂၀၀၈ အောက်မှာ သူတို့က ဘယ်လိုမျိုး အာဏာကို Control လုပ်ရမလဲဆိုတာ အဆင့်လိုက် set up တွေက ရှိပြီသားဖြစ်တယ်။ သူတို့ အကောင်းဆုံးအခြေအနေ၊ သူတို့ အများဆုံး ရရှိနိုင်မယ်ဆိုရင်တောင်မှ အခုန ဝန်ကြီးဌာန (၃) ခု နဲ့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ က ထိန်းချုပ်ထားမယ်။ အဆိုးဆုံးအခြေအနေ အခုလိုမျိုး ရှုံးသွားပြီဆိုလို့ရှိရင် အရေးပေါ်အခြေအနေတွေ သူတို့ ဖန်တီးလို့ရတယ်။ အရေးပေါ် အခြေအနေ ဖြစ်သွားပြီဆိုရင် စစ်တပ်ကို တရားဝင် အာဏာလွှဲရမယ်ဆိုတဲ့ အပိုဒ်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါပြီးသာ။ ဆိုတော့ ဒီရွေးကောက်ပွဲရဲ့ ရလဒ်က ကျနော်တို့အနေနဲ့ အစောကလည်း ပြောခဲ့ပါတယ် ဒါဆိုရင် အပြောင်းအလဲလေးရဲ့ လမ်းစတော့ မြင်ရပြီလို့ အကြမ်းမျဉ်းလေး ပြောနိုင်ပေမယ့် ဒါက ကြီးကြီးမားမား အောင်ပွဲမဟုတ်ဘူး။ အဲဒီအတွက် အဲဒီအပေါ် မှီပြီးတော့ အမေရိကန်ပေါ်လစီ အကြီးကြီးရွေ့သွားမယ်ဆိုရင်တော့ ဒါက ကျနော်တို့အတွက် အနုတ်သဘောဆောင်တယ်လို့ မြင်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ကိုသွင်လင်းအောင် က Sanction က တစုံတရာ ရှိထားသင့်တယ်ဆိုတော့ ဘယ်လိုဟာမျိုးတွေ ကျန်ထားသင့်လဲ။

ကိုသွင်လင်းအောင် ။ ။ ကျနော် ထင်တယ် ဥပမာ စစ်တပ်က မြန်မာပြည်မှာဆို အရမ်းဆိုးနေတာက စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ။ ပြည်သူကို အရမ်းနှိပ်စက်တယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တယ်။ နောက်တခုက စစ်တပ်နဲ့ ဆက်စပ်တဲ့ ခရိုနီတွေ။ ပြည်သူကို ချိုးဖောက်မှုတွေ အရမ်းလုပ်တယ်။ ဒီစစ်တပ်ကိုယ်တိုင်က တိုင်းရင်းသားဒေသတွေမှာ ချိုးဖောက်မှုတွေ ရှိတယ်။ ကျနော်တို့က စစ်တပ်စီးပွားရေးနဲ့ ပတ်သက်တဲ့ စစ်အရာရှိတွေ။ ဒါမှမဟုတ် စစ်တပ်စီးပွားရေး၊ စစ်တပ်နဲ့ ပတ်သက်နေတဲ့ ခရိုနီတွေ သူတို့အပေါ်မှာတော့ ချိုးဖောက်မှုတွေ ဖြစ်လာတယ်ဆိုရင်တော့ ပစ်မှတ်ထားပြီးတော့ အရေးယူမှုမျိုးတွေ ဆက်ပြီးထားသင့်တယ်လို့ထင်တယ်။ နောက်တခုက ဒါကလဲ အမေရိကန်က ပိတ်စို့မှုတွေ ချခဲ့တဲ့ စံနှုန်းပဲ။ ချိုးဖောက်မှုတွေရှိလို့ ပိတ်စို့မှုတွေလုပ်တယ်။ ဒီ ချိုးဖောက်မှုတွေ မြှင့်တက်နေသေးတယ်ဆိုရင်တော့ ပိတ်စို့မှုတွေ လျှော့ချဖို့ဆိုတာက သင့်တော်တဲ့ကိစ္စတခု မဟုတ်ဘူးလို့ မြင်တယ်။

ကိုသားညွှန့်ဦး ။ ။ ကျနော် နောက်ဆုံးကတော့ US-ASEAN ဆက်ဆံရေးမှာ မြန်မာနိုင်ငံ အခန်းကဏ္ဍ။ တချိန်တုန်းက US-ASEAN ဆက်ဆံရေးမှာ မြန်မာကြောင့် အဟန့်အတားမျိုးတွေ ဖြစ်ခဲ့တာရှိတယ်။ ဥပမာ အမေရိကန်နိုင်ငံလို နေရာမျိုးမှာ လုပ်လို့မရဘူး ဒါ ပထမဦးဆုံးအကြိမ် အမေရိကန်မှာ လုပ်ခဲ့တာ။ မြန်မာပြည်ကလည်း ပြောင်းသွားပြီ။ အစိုးရပိုင်းလည်း လာလို့ရပြီဆိုတော့။ အခုအနေအထားမှာ US-ASEAN ဆက်ဆံရေးမှာ မြန်မာရဲ့ အခန်းကဏ္ဍက ဘယ်လို ရှိမလဲလို့ထင်လြ။

ကိုသွင်လင်းအောင် ။ ။ ကျနော် ထင်တယ် အဲဒါကလဲ ပြောရမယ်ဆိုရင် ကျနော်တို့ဆီမှာ စိုးရိမ်စရာတွေ များနေတာပေါ့။ အဲဒါက စိုးရိမ်စရာတခုလို ဖြစ်နေတယ်။ အစတုန်းက တခုခုဆိုးတာကိုပြရင် မြန်မာကို စံနမူနာပြတယ်။ အခုတော့ တော်တော်များများ အနောက်ဘက်က အရာရှိတွေ တော်တော်များများက နိုင်ငံတွေကို ပြောင်းချင်ရင် မြန်မာပြည်လို့ဖြစ်အောင် ကြိုးစားပါဆိုတဲ့ ပုံစံမျိုး Role model မျိုး ပြောနေတာ တော်တော်အန္တရာယ်ရှိတယ်လို့ ကျနော် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က တကယ် ပြောင်းလဲသေးတာ မဟုတ်ဘူး။ တချို့ဟာတွေက ဟန်ပြပြောင်းလဲနေတာ။ နောက်တခုက မြန်မာပြည်တင်မဟုတ်ဘူး အဲဒီတခုက သူတို့တွေနဲ့တွေ့တိုင်း ပြောဖြစ်တယ်။ အာရှကြီး တခုလုံးကိုက တော်တော်ကြီး ပြောင်းလဲသွားပြီ။ လွန်ခဲ့တဲ့ နှစ် (၂၀) ကဆိုရင် အာရှကြီးတခုလုံးက ဒီမိုကရေစီ လူ့အခွင့်အရေးဆိုတာကို လုံးဝမကိုင်ဘူး။ ဝေးဝေးနေတယ်။ သူတို့အမြဲပြောတာ Asian Value အာရှတန်းဖိုး။ အခုကြတော့ အဲဒီလိုမျိုး မဟုတ်ဘူး။ လူ့အခွင့်အရေး ဒီမိုကရေစီဆိုတဲ့ဟာတွေကို ယူပြီးတော့ အဲဒီအထဲကဟာတွေကို ဘယ်လို manipulate လုပ်မလဲ။ သူတို့အတွက် အကျိုးရှိအောင် ဘယ်လို လုပ်မလဲ၊ အသုံးချမလဲဆိုတာကို ကောင်းကောင်းသိလာတယ်။ ကမ္ဘောဒီးယားတို့ဆိုလဲ အဲဒီလိုပဲ။ မြန်မာကလဲ အဲဒီအထဲက တခုပဲ။ အဲဒီလိုမျိုး ဘယ်လို အသုံးချပြီးတော့ လူထုကို ထိန်းချုပ်ရမလဲဆိုတာကို လုပ်နေတာ။ အဲဒီအပေါ်မှာ အမေရိကန် နဲ့ အနောက်နိုင်ငံ ခေါင်းဆောင်တွေက မမြင်တာလား။ မြင်ရသားနဲ့ တခြား interest တွေကြောင့်လား မသိဘူး။ ဒီလိုမျိုး ဒါ အောင်မြင်မှုတခုပဲ။ ဒီလိုမျိုး လိုက်လုပ်ကြပါဆိုတဲ့ ပြောလာတဲ့ဟာတွေက နည်းနည်းတော့ အန္တရာယ်ရှိတယ်။ အခုဆို အာဆီယံမှာတော့ မြန်မာနိုင်ငံကို အဲဒီလို Role Model တခု ပြောလာတာမျိုးတွေ ကြားနေရတာရှိတယ်။ အဲဒါက တဘက်ကတော့ အန္တရာယ်လို ကျနော် မြင်တယ်။

ကိုသွင်လင်းအောင် ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG