သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ကြားရေး ဒု-ဝန်ကြီးပြောတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်


ဦးကျော်ဇံသာ (VOA) နဲ့ ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး)
ဦးကျော်ဇံသာ (VOA) နဲ့ ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး)

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေ ဖမ်းဆီးခံရတာ ၊ အပြစ်ပေး အရေးယူခံရတာ၊ ကန့်သတ်ချုပ်ချယ်မှုတွေ ပိုများလာနေတာတွေဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် ကျဆင်းသွားတာမဟုတ်ဘဲ မီဒီယာသမားတွေရဲ့ ကျင့်ဝတ်နဲ့ စာနယ်ဇင်း အတတ်ပညာဆိုင်ရာ ပြဿနာတွေ များလာတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ မြန်မာနိုင်ငံအတွင်းက သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေတွေနဲ့ ပတ်သက်ပြီး VOA Studio မှာ ဦးရဲထွဋ်ကို ဦးကျော်ဇံသာက သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဝန်ကြီးဦးရဲထွဋ် အထူးကျေးဇူးတင်ပါတယ်။ ဒီအချိန်ဟာ မြန်မာနိုင်ငံ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ လူပြောသူပြော သိပ်များနေတဲ့အချိန်ပါ။ မြန်မာ့မီဒီယာလောကအတွက် အလွန်တာဝန်ရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်။ မီဒီယာနဲ့ အထိအတွေ့ဆုံ အစိုးရတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မေးမြန်းခွင့်ရတာ ကျနော်တို့အတွက် အခွင့်ထူးလို့ ယူဆပါတယ်။ ပထမဦးဆုံးက မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ (၂) နှစ်လောက်က မီဒီယာလွတ်လပ်ခွင့်က အတော်လေး ကောင်းတယ်ဆိုပြီး တကမ္ဘာလုံးက လက်ခုပ်သြဘာတီးပြီး ကြိုဆိုခဲ့ကြတယ်။ အခုနောက်ပိုင်းမှာကြတော့ အဲဒီ လွတ်လပ်ခွင့်တွေဟာ လျော့နည်းလာတယ်၊ ကျဆင်းလာတယ်လို့ ဝေဖန်ကြပါတယ်။ အဲဒါကို ဘယ်လို တုံ့ပြန်ပြီး ပြောချင်ပါသလဲ။ ပထမဦးဆုံး။

ဦးရဲထွဋ် ။ ။ ပထမဦးဆုံ ကျနော်ပြောချင်တဲ့အချက်ကတော့ မီဒီယာ လွတ်လပ်ခွင့် ကျဆင်းသွားတယ်။ ယုတ်လျော့သွားတယ်ဆိုတာကို ကျနော်တို့ လက်မခံပါဘူး။ ငြင်းဆိုပါတယ်။ ဘာက ပြဿနာဖြစ်တာလဲဆိုတော့ မီဒီယာသမားတွေရဲ့ ကျင့်ဝတ်နဲ့ စာနယ်ဇင်းအတတ်ပညာဆိုင်ရာ ပြဿနာတွေ ပိုများလာတယ်လို့ပဲ ပြောရမှာပဲ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တလောတုန်းက ကမ္ဘာမှာ မီဒီယာလွတ်လပ်ခွင့်ကို စောင့်ကြည့်တဲ့ နယ်စီးမခြား သတင်းစာဆရာများအဖွဲ့ရဲ့ စာရင်းအရ ကြည့်မယ်ဆိုရင် ၂၀၁၃ မှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း (၂၀၀) လောက်ရှိတဲ့အထဲမှာ (၁၅၁)၊ ၂၀၁၄ နှစ်စပိုင်းမှာ (၁၄၈) နည်းနည်းခုန်တက်တယ်။ ဒါပေမဲ့ အရှေ့တောင်အာရှမှာ ကျန်တဲ့နိုင်ငံ တော်တော်များများကတော့ မြန်မာနိုင်ငံအထက်မှာ ရှိနေတုန်းပါပဲ။ အဲဒီနောက်မှမှာ မြန်မာနိုင်ငံအတွင်းမှာ ဥပမာ ဖြစ်တဲ့အမှုတွေ။ ကျနော့်ရဲ့ သတင်းထောက်တွေ list လုပ်ပြထားတာတွေ ကြည့်မယ်ဆိုရင် DVB သတင်းထောက်ကို ဝတ္တရားနှောင့်ယှက်မှုနဲ့ ထောင်ချခဲ့တယ်။ နောက် နိုင်ငံခြားသတင်းထောက်တစ်ယောက်ကို Visa ကိစ္စနဲ့ ပြည်ပမောင်းထုတ်ခဲ့တယ်။ Unity ဂျာနယ် သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတယ်။ အတော်လေး ပြင်းထန်တဲ့ ပြစ်ဒဏ်ဆိုပြီးတော့ နိုင်ငံတကာ က ဝေဖန်နေကြတယ်။ သတင်းထောက်ကို ထောင်ဒဏ် (၁၀) နှစ်တောင် ချတယ်ဆိုတာ။ နောက်ပြီးတော့ Bi မွန်းတည့်နေဂျာနယ်က လူတွေကိုဖမ်းတယ်။ တချို့ဆိုရင် ထွက်ပြေးနေရတယ်။ နောက် သတင်းဂျာနယ်တိုက်က လူတွေကို ခေါ်ပြီးတော့ တချို့ကို စစ်ဆေးတယ် ဘာညာလုပ်တယ်ဆိုတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အကုန်လုံး သူတို့အပြစ်ကြီးပဲလား။ အာဏာပိုင်တွေဖက်က အားနည်းချက် မရှိဘူးလို့ ပြောနိုင်ပါသလား။

ဦးရဲထွဋ် ။ ။ ပထမဦးဆုံး ဦးကျော်ဇံသာ ညွှန်းတဲ့အညွန်းကိန်း၊ စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းနဲ့ ပတ်သက်လို့ပြောရင် ကျနော်တို့တွေက အဲဒီ အညွှန်းကိန်းတွေထက် ကျနော်တို့ ပြည်သူတွေဟာ ဘယ်လောက် အရည်အချင်းပြည့်တဲ့၊ ကောင်းမွန်တဲ့ သတင်းတွေကို ရနိုင်သလဲ။ သူတို့ရဲ့ ဒီမိုကရေစီအရေးမှာ ပြုပြင်ပြောင်းလဲရေးမှာ သူတို့ပါဝင်ဆောင်ရွက်တဲ့အခါမှာ သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို ကျင့်သုံးတဲ့အခါမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ လုပ်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ သတင်းအချက်အလက်တွေ ရနိုင်မရဘူးလားဆိုတဲ့ကိုပဲ စိတ်ဝင်စားပါတယ်။ သူတို့ပြောတာတွေကိုတော့ အထောက်အထားတခုအနေနဲ့ ယူမယ်။ ဒီအပေါ်မှာ ကျနော်တို့ သိပ်ပြီးတော့ တန်းဖိုးမထားပါဘူး။ နောက်တခုကတော့ အခုန ဦးကျော်ဇံသာ ညွှန်းသွားတဲ့ကိစ္စတွေ။ အဲဒီကိစ္စတွေကို ပြန်ကြည့်မယ်ဆိုရင် တကယ်တော့ ဒီနေ့ ပြီးခဲ့တဲ့ (၃) နှစ်တာ ကာလအတွင်းမှာ အစိုးရရဲ့ မူဝါဒတွေကိုမှ ဝေဖန်တာတွေ အများကြီးရှိတယ်။ သမ္မတကြီးကို တချို့ဟာတွေဆိုရင် ပုဂ္ဂိုလ်ရေးဆန်ဆန် ပြောတဲ့ဟာတွေရှိတယ်။ အဲဒါတွေကို အရေးယူခဲ့တာတွေ မရှိဘူး။ ဦးကျော်ဇံသာ ပြောခဲ့တဲ့ အမှုတွေကို ပြန်ကြည့်မယ်ဆိုရင် တဖတ်က ကျနော်တို့ Unity Journal ဆိုရင် တကယ်တော့ သူရေးတဲ့ သတင်းထက်၊ သူ့ရဲ့ လုပ်ရပ်ကြောင့် အရေးယူတာ။ ဒီလိုမျိုး လျှို့ဝှက်ချက် အက်ဥပဒေအရ ကာကွယ်ထားတဲ့ စစ်ဖက်ဆိုင်ရာ အဆောက်အဦးတခုထဲကို အယောင်ဆောင်ပြီးတော့ ဝင်လို့ရှိရင် ကျနော်ထင်တယ် အမေရိကန်နိုင်ငံမှာလည်း ဒီလိုပဲ အရေးယူမှာပဲ။ Unity သတင်းထောက်တင်မဟုတ်ဘူး၊ ကျနော် ဝင်ရင်လည်း ကျနော် အရေးယူခံရမှာပဲ။ နောက်တခု DVB သတင်းထောက် မခိုင်တို့ကိစ္စ။ ဒါတွေကြတော့ ပုဂ္ဂလိက တစ်ဦးချင်းနဲ့ ဆိုင်သွားတယ်။ ပုဂ္ဂလိက တစ်ဦးချင်းနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ အခုနလို သူများအိမ်ကိုသွားတယ်။ သွားတဲ့အခါမှာ သတင်းထောက်လို့ မပြောဘူး။ ပြီးတော့ တစ်ယောက်တည်း သတင်းသွားယူမယ့်အစား၊ တရားပြိုင်နဲ့ လိုက်သွားတယ်ဆိုတော့ သူ့ရဲ့ လုပ်ရပ်တွေမှာ တဖတ်က အထင်မှားစရာတွေရှိတယ်။ ဆိုတော့ ဒီ data တွေအားလုံးကို ပြန်ခြုံကြည့်ရင် ကျနော်ကတော့ မီဒီယာတွေအားလုံးဖက်ကိုလည်း အပြစ်မတင်ဘူး၊ အစိုးရဖက်မှာလည်း အစိုးရကြီးပဲ တာဝန်ှရှိတယ်လို့ မပြောလိုဘူး။ သို့သော် ဒါရဲ့ ပြဿနာအကြောင်းရင်းကို ရှာရမယ်ဆိုရင် တစ်ကတော့ အခုနပြောသလို ကျနော်တို့ လူငယ်စာနယ်ဇင်းသမားတွေ အများကြီး ဖြစ်လာတဲ့အခါမှာ အယ်ဒီတာတွေ၊ သတင်းထောက်တွေအနေနဲ့ ကျင့်ဝတ်တို့။ နောက်တခါ သတင်းလုပ်ငန်းလုပ်တယ်ဆိုတာ vacant ထဲမှာလုပ်တာ မဟုတ်ဘူးလေ။ သူ့မှာရှိတဲ့ ကျင့်ဝတ်တွေ၊ ဥပဒေတွေရှိတယ်။ ဒါတွေအားလုံးကိုလည်း နားလည်းဖို့လိုတယ်။ နောက်တခါ အစိုးရဖက်ကလည်း ပိုပြီးတော့ စာနယ်ဇင်းတွေရဲ့ သဘောသဘာဝတွေကို နားလည်းဖို့လိုတယ်။ ဒါပေမဲ့ ကျနော်ထင်တယ် ကျနော်တို့ဖက်ကတော့ တတ်နိုင်သမျှ အသေရေဖျက်မှုတွေနဲ့ စွဲခဲ့တာတွေ လုံးဝမရှိဘူး။ ဝေဖန်လို့လဲစွဲတာ မရှိဘူး။ Bi မွန်းတည့်နေဂျာနယ်ဆိုရင် ဘာဖြစ်လို့စွဲလဲ။ အခမ်းအနားကျင်းပမယ့် မနက်မှာ သူက ကြိုပြီးတော့ သတင်းရေးတော့ ဒါကို လှုံဆော်သလိုဖြစ်လို့ အရေးယူတာ။ ဒီ အခမ်းအနား ပြီးသွားတဲ့အချိန်မှာရေးတဲ့ သတင်းဆိုရင် ကျနော်တို့က ဘာမှပြောစရာအကြောင်း မရှိဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ တစ်ခု ပြန်မေးချင်တာက ဝတ္တရားနှောင့်ယှက်မှုဆိုတာနဲ့ စွဲတာလဲရှိတယ်။ ကျနော်က စဉ်းစားကြည့်တယ်။ သတင်းမီဒီယာဆိုတာလည်း စတုတ္ထမဏ္ဍိုင် မီဒီယာသတင်းထောက်တွေ သတင်းယူဖို့သွားတာလဲ သူတို့ ဝတ္တရားပဲ။ မီဒီယာဝတ္တရားကို အသိအမှတ်မပြုဘဲနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ ဝတ္တရားကိုပဲ အသိအမှတ်ပြုရာကြနေတယ်။ အဲဒါကိုရော ကျနော်တို့ မဖြေရှင်းဘူးလား။

ဦးရဲထွဋ် ။ ။ DVB သတင်းထောက်ဖြစ်တဲ့ကိစ္စ။ ဝတ္တရားနှောင့်ယှက်မှုဆိုတာ။ အခုနလိုပေါ့ ဦးကျော်ဇံသာ ကျနော့်ကို တွေ့ချင်တယ်။ အင်တာဗျူးလုပ်ချင်တယ်ဆိုတာကို တောင်းခံလို့ရတယ်။ ဒါပေမဲ့ ကျနော်က မပေးချင်လို့ ကျနော့်ရုံးခန်းထဲမှာနေလို့ ရုံးခန်းထဲကို အတင်းဝင်လို့ မရဘူးပေါ့။ ဒီ သဘောမျိုးပေါ့။ အဲဒီလိုဖြစ်တယ်ဆိုရင် အဲဒီလို ဖြစ်တာပဲ။ သူ့ရဲ့ ရုံးခန်းထဲကို အတင်းဝင်ဖို့ ကြိုးစားတယ်။ ဒါကြောင့် ကျနော်ပြောတာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်းမှု၊ တစ်ယောက်နဲ့တစ်ယောက် စည်းကမ်းရှိဖို့လိုတယ်။ သူကိုတွေ့ဖို့ မေးမယ်။ အဲဒီမှာ DVB သတင်းထောက်မှာ မခိုင်တို့ ဖြစ်သလို ပြဿနာက သူတစ်ယောက်တည်း သွားတာမဟုတ်ဘူး။ သူက ပညာရေးမှူးရဲ့ အဆုံးအဖြတ်ကို မကျေနပ်တဲ့ ကျောင်းသားမိဘကို အတူခေါ်သွားတယ်။ ခေါ်သွားတယ်ဆိုတော့ ဒါက သတင်းယူတာလား။ ဒါမှမဟုတ် အခုနဆိုသလို ဒီကိစ္စကို ကြားဝင်တာလားဆိုတာ ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား မရှိဘူး။ မရှိတော့ သက်ဆိုင်ရာအရာရှိအနေနဲ့ ဖြေဆိုဖို့ ငြင်းဆန်တယ်။ ငြင်းဆန်လို့ရှိရင် ဘယ်သူမဆို ဦးကျော်ဇံသာ သိပါတယ်။ သူ့ရုံးခန်းက သူ့ရဲ့ပိုင်တဲ့နေရာ ဖြစ်သွားပြီလေ။ ဒီအထဲကို အတင်းဝင်ဖို့ ကြိုးစားလို့ သူကို အတင်းရပ်ပြီးမှ မေးလို့ ဒီလိုတော့ မရဘူးပေါ့။

ဦးကျော်ဇံသာ ။ ။ ဦးရဲထွဋ် ချေပသွားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီးတော့ တချို့က ဘယ်လိုပြောသလဲဆိုတော့ မီဒီယာ ဥပဒေဆိုတာ မြန်မာနိုင်ငံမှာ ပြဌာန်းပြီးဖြစ်တယ်။ ဒါပေမဲ့လဲ အဲဒီဥပဒေကို ဘယ်လိုလိုက်နာဆောင်ရွက်မလဲ၊ အကောင်အထည်ဖော်မယ့် ကျင့်ထုံဥပဒေ Procedural Law မပြဌာန်းနိုင်သေးဘူးလို့ ပြောတယ်။ အဲဒီ ကိစ္စက ဘာအခက်အခဲ ရှိနေပါသလဲ။

ဦးရဲထွဋ် ။ ။ အဲဒီဟာက ကျနော်တို့က ဥပဒေ (၂) ခု ထွက်လာတယ်။ ပုံနှိပ်ခြင်း နဲ့ ထုတ်ဝေမှတ်ပုံတင်ခြင်း ဥပဒေနဲ့ ပတ်သက်တဲ့ နည်းဥပဒေကို ကျနော်က ရေးတယ်။ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ဟာကို စာနယ်ဇင်းကောင်စီကို တာဝန်ပေးထားတယ်။ ကျနော် မထွက်လာခင်မှာတော့ စာနယ်ဇင်းကောင်စီက သူတို့ရဲ့ မူကြမ်းကို ကျနော်တို့ဆီ ပို့ပြီးပြီ။ တချို့ဟာတွေက ကျနော်တို့က ပြန်ပြီးမှ ပြင်ဆင်ချက်နဲ့အတူ ပြန်ပြီးတော့ ပို့ထားတယ်။ သူတို့ဖက်က အသင့်ဖြစ်ပြီဆိုရင်တော့ ကျနော်တို့က ညှိရအုံးမှာပေါ့။ ပြီးရင်တော့ ကျနော်တို့ရဲ့ အစိုးရလုပ်ထုံးလုပ်နည်းအရ အစိုးရအဖွဲ့ အစည်းအဝေးကိုတင်မယ်။ ရှေ့နေချုပ်ရုံးရဲ့ သဘောထားကိုတောင်းမယ်။ ပြီးရင် ဒါနဲ့ ကျနော်တို့သွားမယ်။ သို့သော် ဒီမှာ ဘာဥပဒေပဲရှိရှိ။ သတင်းမီဒီယာ ဥပဒေနဲ့ သတင်းမီဒီယာနည်းဥပဒေတွေ ပေါ်လာပြီးတဲ့အခါမှာ အဓိကအရေးအကြီးဆုံးကိစ္စက အခုလက်ရှိ ရှိနေတဲ့ စာနယ်ဇင်းကောင်စီ၊ နောင်ပေါ်လာမယ့် သတင်းမီဒီယာကောင်စီ - အဲဒီ မီဒီယာကောင်စီရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။ စာနယ်ဇင်းလောကသားတွေ ကိုယ်တိုင်ကိုက ကိုယ့်လောကကို ကိုယ်စားပြုတဲ့ကောင်စီ၊ နောင်ပေါ်လာမယ့် သတင်းမီဒီယာကောင်စီ။ အခုရှိနေတဲ့ မပေါ်သေးတဲ့ စာနယ်ဇင်းကောင်စီ ဒါကို အလေးထားဖို့လိုတယ်။ ဒါပေမဲ့ ကျနော်တို့ ပြန်ကြည့်လိုက်ရင် စိတ်မကောင်းစရာက စာနယ်ဇင်းကောင်စီကလုပ်တဲ့ အခမ်းအနားတွေမှာ လာရင် အငယ်တန်းသတင်းထောက်လောက်ပဲ လာတယ်။ တာဝန်ရှိတဲ့ ထုတ်ဝေသူတွေ၊ CEO လို့ခေါ်တဲ့ လူတွေ၊ အယ်ဒီတာချုပ်တွေ လာမတက်ဘူး။ ဒီကနေ့ စာနယ်ဇင်းကောင်စီရဲ့ ကျင့်ဝတ်မူ ပြဌာန်းပြီးပြီ။ ဦးကျော်ဇံသာ သတိထားမိလား။ ဘယ်မီဒီယာမှ အဲဒီ စာနယ်ဇင်းကောင်စီရဲ့ ကျင့်ဝတ်အတိုင်း လိုက်နာပါမယ်လို့ ပြောတာမရှိသေးဘူး။ သို့သော် ကျနော်တို့ကပြောတယ်။ အင်တာဗျူးတခုမှာ အစိုးရသတင်းစာတွေသည် စာနယ်ဇင်းကောင်စီရဲ့ ကျင့်ဝတ်အတိုင်း လိုက်နာမယ်။ ဒီလိုမျိုး အလေးထားစေချင်တာပေါ့။ နောက်တခါ စာနယ်ဇင်းတွေရဲ့ တိုင်ကြားမှုတွေ ရှိလာမယ်။ အဲဒီလို တိုင်ကြားမှုတွေရှိလို့ စာနယ်ဇင်းကောင်စီက ခေါ်ရင် ဂျာနယ်တွေကလာဖို့ ငြင်းဆန်တယ်။ အဲဒီလိုမျိုး ဖြစ်တဲ့အခါကြတော့ လူတွေက စာနယ်ဇင်းကောင်စီကို အားမကိုးဘူး။ ဒီလိုအတိုင်း ဆက်ဖြစ်နေရင် သတင်းမီဒီယာကောင်စီလည်း ဒုက္ခရောက်မှာပဲ။ လူတွေက သတင်းမီဒီယာကောင်စီကို အားကိုးလို့မရဘူးဆိုရင် အခုနကပြောသလို ပုဂ္ဂလိကတွေ၊ ပုဂ္ဂလိကတစ်ဦးချင်းတွေ၊ အစိုးရအဖွဲ့အစည်းတွေက ဘယ်ကိုပဲ သွားတော့မလဲ။ သူတို့က တရားရုံးကိုပဲ သွားတော့မှာပေါ့။ ကျနော် ပြောချင်တာက ဒီမှာ နှစ်ခုရှိတယ်။ တစ်က စာနယ်ဇင်းသမားတွေရဲ့ အခွင့်အရေး၊ နောက်တခုက ပုဂ္ဂလိကတစ်ဦးချင်းနဲ့ အဖွဲ့အစည်းတွေရဲ့ ဂုဏ်သိက္ခာနဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ကာကွယ်နိုင်ခွင့် အခွင့်အရေး။ ဒီနှစ်ခု ပြဿနာဖြစ်လာတဲ့အခါမှာ ညှိပေးရမှာက စာနယ်ဇင်းကောင်စီ။

ဦးကျော်ဇံသာ ။ ။ တချို့ကတော့ တကယ်တော့ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာလည်း မလိုဘူး။ သတင်းလွတ်လပ်ခွင့် ပေးထားလိုက်ရင် သူတို့ရေး၊ သူတို့က ဥပဒေစည်းကမ်း ချိုးဖောက်တယ်ဆိုရင် သက်ဆိုင်ရာ တရားဥပဒေအတိုင်း အရေးယူပြီးတော့ အဲဒါနဲ့ ဖြေရှင်းလိမ့်မယ်လို့ ပြောတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ တရားဥပဒေဆိုတာ ရှိပြီးတော့ တရားဥပဒေကို လေးစားလိုက်နာမှု Rule of Law စိုးမိုးရေးမရှိဘူး ဖြစ်နေတယ်လို့ ပြောကြပါတယ်။ အဲဒါကော။

ဦးရဲထွဋ် ။ ။ နံပတ်တစ်ကတော့ ပြန်ကြားရေးဝန်ကြီးဌာန ရှိခြင်းမရှိခြင်းကတော့ သက်ဆိုင်ရာအစိုးရနဲ့ဆိုင်တယ်။ ဆိုလိုတာက တချို့ကပြောတာပေါ့ ဒီမိုကရေစီနိုင်ငံမို့လို့ ပြန်ကြားရေးဝန်ကြီးဌာန မရှိဘူးလို့ပြောတယ်။ သို့သော် ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး အိန္ဒိယနိုင်ငံမှာ ပြန်ကြားရေးဝန်ကြီးဌာနရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်က ကမ္ဘာပေါ်မှာ ထိပ်ဆုံးလောက်မှာရှိတယ်။

ဦးရဲထွဋ် ။ ။ ကျနော်တို့ကလည်း ပြန်ကြားရေးဝန်ကြီးဌာနက ထိန်းချုပ်တဲ့အဖွဲ့အစည်း မဟုတ်တော့ဘူး။ ကျနော်တို့က မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်နေတယ်။ ကျနော်တို့ရဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးက ဘာနဲ့သွားနေသလဲဆိုရင် UNESCO သတ်မှတ်ထားတဲ့ Media Development Indicator ခေါ်တဲ့ စံ (၅) ရပ်ရှိတယ်။ ကျနော်တို့ သွားနေတာ အဲဒီ စံ (၅) ရပ်အတိုင်း ပြည့်မီအောင် ကျနော်တို့ သွားနေတယ်။ အဲဒီတော့ ဒါကြောင့် ကျနော်တို့ ပြင်လို့ရတယ်။ ဒါက ကျနော်တို့ တစ်ယောက်တည်း လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး။ သို့သော် မီဒီယာသမားတွေကိုယ်တိုင်က ကိုယ့်ရဲ့ကျင့်ဝတ်၊ ကိုယ့်ရဲ့အတတ်ပညာ၊ ကိုယ့်ရဲ့ Professional standard ကို မြှင့်ဖို့လိုတယ်။ ဒီလို မရှိဘူးဆိုရင်တော့ အခုနပြောသလို အဲဒီလိုလဲ အဆင့်အတန်းက မမြင့်လာဘူး။ တဖတ်ကလည်း ကြားဝင်ဖြေရှင်းပေးမယ့် သတင်းမီဒီယာကောင်စီလိုမျိုးကို အလေးမထားဘူးဆိုရင် လူတွေကတော့ တရားရုံးကိုပဲ သွားမှာပဲ။ ကျနော်တို့ လိုက်လေ့လာတဲ့အခါမှာ အင်ဒိုနီးရှား၊ ဥရောပမှာလည်း လေ့လာဖူးပါတယ်။ စာနယ်ဇင်းကောင်စီရဲ့ တိုင်ကြားမှု ဖြေရှင်းမှုလုပ်ငန်းစဉ်တွေ အသက်ဝင်တဲ့နိုင်ငံတွေမှာ ၈၀ ရာခိုင်နှုန်းသော ကိစ္စရပ်တွေဟာ တရားရုံးမရောက်ဘူး။ ဒီကောင်စီမှာပဲ ပြီးသွားတယ်။ အိန္ဒိယမှာလည်း India Press Council က အရမ်း powerful ဖြစ်တယ်။ သူက ဝင်ထိန်းပေးနေတယ်။ အဲဒီတော့ အစိုးရဌာနတွေကလည်း တစုံတခုဖြစ်ရင် သူ့သွားပြောပေးတယ်။ သူ့ရဲ့ ဖြေရှင်းမှုကို အလေးထားတာပေါ့။ ဒါကြောင့် ကျနော်က ပြောနေတာ အရေးကြီးတာက ဥပဒေနဲ့ နည်းဥပဒေမဟုတ်ဘူး။ သတင်းမီဒီယာကောင်စီရဲ့ အခန်းကဏ္ဍကို စာနယ်ဇင်းသမားတွေကိုယ်တိုင်က အလေးထားလိုက်နာမှသာလျှင် လူတွေအားလုံးက ဒီဖက်လမ်းကြောင်းကသွားရင် အခုနပြောတဲ့ တရားရုံးကိစ္စတွေက ရှောင်လို့ရမယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုပြောရင် ဦးရဲထွဋ် အခုပြောနေတဲ့အထဲမှာ စာနယ်ဇင်းလောက နဲ့ အာဏာပိုင်တွေကြား ပြောမယ်ဆိုရင် ဦးရဲထွဋ် ပြောတာများက အာဏာပိုင်ဖက်က ရပ်တည်ပြီးပြောတဲ့ လေသံဖြစ်တယ်လို့ ကျနော်က အကဲခတ်မိပါတယ်။ အဲဒီတော့ များသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေတဲ့ သတင်းစာတွေကလည်း လွတ်လပ်တဲ့ စာနယ်ဇင်းတွေနဲ့အပြိုင် ဖြစ်နေတယ်။ သူတို့က လက်နက်ယန္တရားအပြည့်အစုံနဲ့ ရှေ့က ပြေးခွင့်ရနေလို့ သတင်းစာလောကတွေဟာ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ဟာတွေကြောင့် နှောင့်နှေးကြန့်ကြာနေရတယ်။ တချို့ဆိုရင် ပြုတ်သွားတယ်လို့ ပြောကြပါတယ်။ အဲဒီ မေးခွန်းကို ဘယ်လို ပြန်ပြောလိုပါလဲ။

ဦးရဲထွဋ် ။ ။ ဈေးကွက်စီးပွားရေးစနစ်လေ။ ကျနော်တို့က ပြည်သူတွေက သတင်းသိပိုင်ခွင့်ရှိတယ်။ တတ်နိုင်သမျှ သတင်းအရင်းအမြစ်များများကနေ သတင်းတွေ ထွက်လာလေ ပိုကောင်းလေပေါ့။ ဆုံးဖြတ်တာတော့ ပြည်သူတွေ ဆုံးဖြတ်မယ်။ များများဖတ်မယ်။ သူ ဆုံးဖြတ်မယ်။ သူ လက်မခံရင် ကျနော်တို့ အစိုးရသတင်းစာလည်း ပျောက်သွားမှာပေါ့။

ဦးကျော်ဇံသာ ။ ။ လုပ်ပိုင်ခွင့်များများ ယူထားတဲ့ကိစ္စ။

ဦးရဲထွဋ် ။ ။ လုပ်ပိုင်ခွင့်ကတော့ ဘယ်ဟာမှ လုပ်ပိုင်ခွင့် ပိုပြီးတော့ ရတာဆိုတာ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ သတင်းဦးတာတွေ ဘာတွေ။

ဦးရဲထွဋ် ။ ။ သတင်းဦးတာကတော့ ကျနော်တို့ အစိုးရသတင်းတော့ ကျနော်တို့က ပိုထည့်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရသတင်းကို ပုဂ္ဂလိကမီဒီယာတွေနဲ့စာရင် ကျနော်တို့က ပိုပြီးထည့်တာပေါ့။ သို့သော် ကျနော်တို့က ဘယ်ကိုသွားနေသလဲဆိုတော့ ဥပဒေကြမ်းတင်ထားတယ်။ BBC တို့ဘာတို့လိုပဲ အများပြည်သူ ဝန်ဆောင်မှုကို ကျနော်တို့ သွားမယ်ပေါ့။ ဒီ ဥပဒေအတည်ဖြစ်ရင်တော့ ကျနော်တို့ရဲ့ အခန်းကဏ္ဍ ပိုပြောင်းသွားမယ်။ သို့သော် အခု ဥပဒေမပေါ်ခင်တောင်မှ ဦးကျော်ဇံသာ လေ့လာမယ်ဆိုရင် ကျနော်တို့ရဲ့ သတင်းရေးသားမှုပုံစ့တွေ၊ တင်ဆက်မှုပုံစံတွေက အများပြည်သူ ဝန်ဆောင်မှုမီဒီယာဖက်ကို ဦးတည်ပြီး ရွေ့ရှားနေတယ်ဆိုတာ တွေ့ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ လွတ်လပ်တဲ့ သတင်းသမားတစ်ယောက်က အစိုးရလုပ်ငန်းကို ဝေဖန်ပြီးတော့ အစိုးရသတင်းစာထဲမှာ ထည့်မယ်ဆိုရင်လည်း လက်ခံပါသလား။

ဦးရဲထွဋ် ။ ။ ကျနော်တို့ အယ်ဒီတာ မူဝါဒက ကျနော်တို့သည် ကျနော်တို့ရဲ့ အခြေခံစဉ်းစားချက်က ကျနော်တို့ရဲ့ သတင်းတစ်ခုကို ဖတ်လိုက်လို့ရှိရင် လူတစ်ယောက်က ပြဿနာကို ပိုပြီးတော့ ချေချေမြစ်မြစ် နားလည်းသွားစေဖို့။ သူ့ရဲ့ အဆုံးအဖြတ် မှန်ကန်စေဖို့ လိုအပ်တဲ့ သတင်းအချက်အလက်ကိုပဲ ကျနော်တို့ ထည့်မယ်။ ကျနော်တို့သတင်းကို ဖတ်လိုက်လို့ ပိုပြီးတော့ စိတ်တိုသွားတာမျိုး ပိုပြီးတော့ ဒေါသဖြစ်ရတာမျိုး၊ အဝေဖန်ခံရတဲ့လူကလည်း ပြဿနာကို နားမလည်းဘဲနဲ့ ဒေါသဖြစ်သွားတာမျိုး။ ဘေးကလူကလည်း ပါတီတစ်ခုခု သို့မဟုတ် အကြောင်းအရာ တစ်ခုခုဖက်ကို ဘက်လိုက်ပြီးတော့ မြင်သွားတာမျိုးဆိုရင်တော့ မထည့်ဘူး။ အဲဒီတော့ ရေးလို့ရတယ်။ သို့သော် ဘယ်သတင်းစာတွေလိုပဲ ကျနော်တို့ရဲ့ အယ်ဒီတာ မူဝါဒနဲ့ ကိုက်ညီရင်တော့ ဦးကျော်ဇံသာ ရေးရင်လည်း ကျနော်တို့ ထည့်မှာပဲ။

ဦးကျော်ဇံသာ ။ ။ ကျေးဇူးတင်ပါတယ်။ ကျနော် ရေးပါမယ်။ နောက်ဆုံး မေးချင်တဲ့ မေးခွန်းရှိသေးတယ်။ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်၊ သတင်းလောက တိုးတက်ခွင့်ဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး တိုးတက်မှုအတွက် ခြေလှမ်းစောနေတယ်ဆိုပြီးတော့ ကျနော်တို့ရဲ့ အထင်ကရ သတင်းသမားတစ်ဦး၊ စာရေးဆရာတစ်ဦးဖြစ်တဲ့ ဆရာဖေမြင့် က ဝေဖန်ပါတယ်။ အဲဒီ စကားက တော်တော်လေး အဓိပ္ပါယ်ရှိတယ်လို့ ထင်တယ်။ နိုင်ငံရေး လွတ်လပ်ခွင့်က ဒီလောက် ခြေလှမ်းမတက်ဘဲနဲ့ သတင်းလွတ်လပ်ခွင့်က ပိုတိုးတက်နေတယ်။ သတင်းလွတ်လပ်ခွင့်ကို နိုင်ငံရေးအာဏာရှိတဲ့ ပုဂ္ဂိုလ်တွေက ပြန်ပြီးထိန်းချုပ်ချင်တဲ့သဘော တွေ့ရတယ်လို့ သုံးသပ်တယ်။ အဲဒါကို ဘာပြန်ပြောချင်ပါတယ်။

ဦးရဲထွဋ် ။ ။ အဲဒါ လုံးဝမှားတယ်လို့ ပြောချင်တယ်။ မီဒီယာလွတ်လပ်ခွင့်က ရှေ့ကပိုသွားနေရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းလွတ်လပ်ခွင့် ရှေ့ကရောက်မှ လူတွေက အခုနပြောသလိုပဲ ပြည်သူတွေက တကယ်တော့ ဆုံးဖြတ်မယ့်လူတွေ။ ဆုံးဖြတ်မယ့်လူတွေမှာ သတင်းအချက်အလက်များများ ရရမယ်။ နောက် ပေးတဲ့သတင်းအချက်အလက်တွေက အခုနလို တန်းဖိုးရှိတဲ့ Quality News တွေ ဖြစ်ရမယ်။ Quality Information တွေ ဖြစ်ရမယ်။ ဒီလိုဖြစ်ဖို့ဆိုတာ သတင်းလွတ်လပ်ခွင့် ရှေ့ကနေ ဦးဆောင်ရမယ်။ ဒီလို ရှေ့ကသတင်းလွတ်လပ်ခွင့် ဦးဆောင်သွားမှ အခုနပြောသလို နိုင်ငံရေးလွတ်လပ်ခွင့် ပြောင်းတဲ့အခါမှာ လူတွေက အခုနလို ပုဂ္ဂိုလ်ရေး ကိုးကွယ်ပြီးတော့ ပြောတာမျိုး၊ အကြောင်းအရာကို မသိဘဲနဲ့ ပုဂ္ဂိုလ်ရေး ယုံကြည်လို့။ ဒါမှမဟုတ် အကြောက်တရားကြောင့် ဒါမှမဟုတ် လာဘ်လာဘကြောင့် ဆုံးဖြတ်တာနဲ့ သွားမှာဆိုတော့။ စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ ဆိုရင်လည်း ဥပမာ အာဂတိလိုက်စားမှု။ အာဂတိလိုက်စားမှုကို တိုက်ဖျက်ချင်တယ်ဆိုရင် သတင်းလွတ်လပ်ခွင့် ရှေ့ကကို သွားနေရမယ်။

ဦးကျော်ဇံသာ ။ ။ အထူးကျေးဇူးတင်ပါတယ်။

ဦးရဲထွဋ် ။ ။ ဝမ်းသာပါတယ်။

XS
SM
MD
LG