သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအောင်မြင်ရေး


ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦး
ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦး

ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲဥက္ကဋ္ဌ တာဝန်ယူထားရချိန်မှာ ရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ရေးကိုပဲ အာရုံစိုက်ထားတယ်လို့ ဦးဌေးဦးက ပြောလိုက်ပါတယ်၊ သူ့အနေနဲ့ သမ္မတဖြစ်ဖို့အတွက်ကို အာရုံစိုက် မထားဘဲ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိရေးကိုပဲ ဦးစားပေးလုပ်နေတယ်လို့ VOA မြန်မာပိုင်းနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်၊ သမ္မတဖြစ်လာဖို့ဆိုတာကလဲ ပါတီအနိုင်ရတော့မှာ ပါတီက တာဝန်ပေးတဲ့အပေါ်မှာ မူတည်ပါတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်၊ ရွေးကောက်ပွဲကာလမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ အနိုင်ရဖို့ ဆောင်ရွက်နေတဲ့ ကိစ္စတွေအပြင် တချို့တိုင်းရင်းသားဒေသတွေမှာ ဘာကြောင့် ရွေးကောက်ပွဲဝင်မယ့် ပြည်ခိုင်ဖြိုးပါတီ အရေအတွက်က အများဆုံး မဟုတ်ရသလဲဆိုတဲ့ အကြောင်းတွေကို ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်းက ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးကို မေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။

ဦးဌေးဦး ။ ။ မင်္ဂလာပါ ခင်များ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမတို့ကို အခုလို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ကြီးမှာ တွေ့ဆုံမေးမြန်းခွင့် ပြုတဲ့အတွက် ဒု-ဥက္ကဋ္ဌကြီးကို ကျေးဇူးတင်ပါတယ်ရှင့်။

ဦးဌေးဦး ။ ။ ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ရွေးကောက်ပွဲကလည်း နီးကပ်လာပါပြီ။ နိုဝင်ဘာလ (၈) ရက်ဆိုတော့ သိပ်မလိုတော့ပါဘူး။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပါတီဝင် ဦးရေအားဖြင့်ဆိုရင်တော့ တော်တော်လေး များတာပေါ့။ ဘယ်လောက်လောက် ရှိသလဲ မသိဘူး။ ၅.၇ လောက် ရှိလား။

ဦးဌေးဦး ။ ။ ၅.၇ ဆိုတော့ ၆ သန်းနီးပါး ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ၆ သန်းနီးပါးလောက်ရှိတယ်။ ဒါပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဒီစာရင်းတွေအရ ကြည့်လိုက်မယ်ဆိုရင် ကိုယ်စားလှယ်လောင်း တင်သွင်းတဲ့နေရာမှာ ဒုတိယလောက်အဆင့်မှာပဲ ရှိနေပါတယ်။ အဲဒါ ဘာဖြစ်လို့ပါလဲရှင့်။

ဦးဌေးဦး ။ ။ အဲဒါက ကျနော်တို့ တချို့နယ်မြေတွေမှာ အထူးသဖြင့် တိုင်းရင်းသားနယ်မြေတွေမှာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရင်းသားနယ်မြေတွေမှာက ကျနော်တို့ ဝင်မပြိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားတွေအတွက်ကို ကျနော်တို့ ပေးနိုင်တယ်။ ဥပမာအားဖြင့် ပလောင်ဒေသ ကျနော်တို့ ဝင်မပြိုင်ဘူး။ ပအို့ဝ်ဒေသ မပြိုင်ပါဘူး။ အလားတူပဲ ဝဒေသမှာ ကျနော်တို့ မပြိုင်ဘူး။ ဒါကြောင့် ဒီဥစ္စာတွေက နည်းတယ်။ ဝဒေသတို့ ဘာတို့ဆိုတာတွေကတော့ သူတို့ပါတီတွေကို အသီးသီးကိုယ်စားပြုတဲ့ ဖွဲ့စည်းထားတဲ့ ပြည်ခိုင်ဖြိုးပါတီမဟုတ်သော ပါတီများက ဝင်ပြိုင်တယ်။ ဒီတချက်ကြောင့်လဲ နည်းသွားတယ်လို့ ပြောလို့ရတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ရန်ပုံငွေအနေနဲ့ကြတော့ တခြားပါတီတွေနဲ့ ယှဉ်လို့ကြည့်ရင် ပြည်ခိုင်ဖြိုးပါတီရဲ့ ရန်ပုံငွေကတော့ အတောင့်တင်းဆုံးလို့ ပြောရမှာပေါ့။ အဲဒီတော့ ရန်ပုံငွေနဲ့ ပတ်သက်ပြီးတော့ ဥပမာဆိုလို့ရှိရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ။ တခြားပါတီတွေကဆိုရင် ကိုယ့်စရိတ်နဲ့ ကိုယ်ထုတ်ပြီးတော့ သွင်းကြတင်ကြရပါတယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေအတွက်ကို ပါတီက အကုန်အကျ ခံတာပါလား။ သူတို့ တသီးပုဂ္ဂအနေနဲ့ ပေးကြရတာလား။

ဦးဌေးဦး ။ ။ ကျနော်တို့ တချို့ပုဂ္ဂိုလ်တွေကတော့ ပါတီအနေနဲ့ အားလုံးကို အကုန်အကျခံတယ်။ သို့သော်လဲ ကျနော်တို့ ကိုယ်စားလှယ်လောင်းတွေရဲ့ ဆန္ဒပါပဲ။ ကိုယ်စားလှယ်လောင်းတွေ ဆန္ဒအရတော့ ဒီငွေမဟုတ်ဘူး။ သူတို့ကိုယ်တိုင် ကိုယ်ပိုင်ငွေနဲ့ ဝင်တဲ့ ကိုယ်စားလှယ်တွေ ရှိပါတယ်။ သို့သော်လဲ အခက်အခဲ ဖြစ်တယ်။ ပြည်သူအတွက်လဲ ကိုယ်စားလှယ်လောင်းတွေ အကျိုးရှိအောင် လုပ်နိုင်မယ်လို့ ပါတီကလဲ ယုံကြည်တယ်။ လက်တွေ့မှာလဲ လုပ်နိုင်တယ်လို့ ကျနော်တို့ ယုံကြည်တဲ့လူတွေကိုတော့ သူတို့ အခက်အခဲရှိတယ်ဆိုရင်တော့ ကျနော်တို့ ပေးပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု တပ်မတော်သား ကိုယ်စားလှယ်တွေပေါ့ - အမြဲတမ်းလဲ အငြင်းပွားနေကြတာပေါ့။ လူထုအနေနဲ့လဲ အမြင်မကြည်လင်ကြဘူး။ ဒီ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီးတော့ အခု ရှိပြီးသား တပ်မတော်သား ကိုယ်စားလှယ်တွေအပြင်ကို နောက်ထပ် ထပ်ပြီးတော့ တပ်မတော်ကနေ နှုတ်ထွက်ပြီးတော့ ပြည်ခိုင်ဖြိုးပါတီထဲကို ဝင်တယ်ပေါ့။ အဲဒီတော့ တစ်ရာကျော် ဟိုဘက်ကနေ ၁၅၀ လောက် စာရင်းတင်သွင်းတဲ့အထဲမှာ ဒီပါတီကနေ ၅၀ ကျော်ကျော်လောက်ပဲ လက်ခံခဲ့တယ်။ အဲဒါကြောင့်မို့ ပါတီအတွင်းမှာ ပဋိပက္ခတွေ ဖြစ်ခဲ့ရတယ်လို့ သတင်းတွေ ထွက်ပါတယ်။ ၁၂ ရက်နေ့က ဖြစ်တဲ့အဖြစ်အပျက်ပေါ့။ အဲဒါလေးနဲ့ ပတ်သက်လို့ ဒု-ဥက္ကဋ္ဌအနေနဲ့ ဘာပြောချင်ပါလဲရှင့်။

ဦးဌေးဦး ။ ။ ပထမတချက်ကတော့ ပါတီဆိုတာက ပါတီဝင် ဖြစ်ခိုင်းတယ်ဆိုတာ ကိုယ်တိုင်ယုံမှာ ဖြစ်တယ်။ ပါတီအဖြစ် ခံယူမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ က သတ်မှတ်ထားတာ ဝန်ထမ်းမဟုတ်ရဘူး။ အဲဒီတော့ ဝန်ထမ်းကနေ အငြိမ်းစားယူလာတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ပါတီကို ဝင်ချင်တယ်ဆိုရင် ကျနော်တို့ သူမှာ တခြားအကြောင်းအချက်လဲ မယ်မယ်ရရ မရှိဘူး။ ပြစ်ချက်တွေလဲ မယ်မယ်ရရ မရှိဘူး။ ပါတီဝင်အဖြစ် လက်ခံနိုင်တဲ့ အကြောင်းအရာတွေ ရှိတယ်ဆိုရင် ပါတီဝင်အဖြစ် လက်ခံပါတယ်။ နောက်တခုက ဒီပုဂ္ဂိုလ်က ကျနော်တို့ ပါတီဝင်အဖြစ် လက်ခံပြီးတဲ့အချိန်မှာ သူသည် သူ့ရဲ့ နယ်မြေဒေသအတွက် တကယ်အကျိုးရှိနိုင်တဲ့၊ အကျိုးရှိအောင် လုပ်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်မျိုးဆိုရင်လဲ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးပါတယ်။ သို့သော်လဲ တပ်ကလူတွေက ဒီမှာလာပြီးတော့ တိုးပွားအောင် လုပ်တာမဟုတ်ပါဘူး။ သူတို့ တပ်နဲ့မပတ်သက်တော့ဘူး၊ ပင်စင်ယူသွားပြီ။ ကျနော်လည်း တပ်မတော်သား တစ်ယောက်ပဲ။ အခု ကျနော် တပ်မတော်နဲ့ မပတ်သက်ဘူး။ အလားတူပဲ သူတို့လည်း တပ်မတော်နဲ့ မပတ်သက်တော့ဘူး။ သို့သော်လဲ ခင်မင်မှု အတိုင်းအတာတော့ ရှိမှာပေါ့။ အလားတူပဲ အစိုးရအဖွဲ့မှာ ရှိနေတဲ့ ပုဂ္ဂိုလ်တချို့ကလဲ အစိုးရအဖွဲ့ အလုပ်ကို နှုတ်ထွက်ပြီးတော့မှ ကျနော်တို့ပါတီကို ရောက်လာကြတယ်။ ရောက်လာကြတဲ့ အချိန်ကြတော့ သူတို့သည် တကယ် အကျိုးရှိအောင်လုပ်မယ်။ ကျနော်တို့မှာ သတ်မှတ်ချက်တွေ ရှိပါတယ်။ အဓိကအချက်ကတော့ ပါတီရဲ့ မူဝါဒလမ်းစဉ်။ နောက် ပါတီကနေ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေအားလုံးက နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိတယ်လို့ ယုံရမှာပေါ့။ ပါတီဝင်အဖြစ်ကို ခံယူရမှာပေါ့။ ပါတီရဲ့ လမ်းညွှန်းမှုတွေကိုလည်း လက်ခံရမှာပေါ့။ အဲဒီလို လူမျိုးဆိုရင် ကျနော်တို့ ပါတီဝင်အဖြစ် ခံတယ်။ ပါတီဝင်အဖြစ် ဘယ်သူမှ မကန့်ကွက်ပါဘူး။ ကျနော်တို့ ခေါ်ပြီးတဲ့အချိန်ကြတော့ ကိုယ်စားလှယ်လောင်း ရွေးတာကတော့ အဲဒီနယ်မြေဒေသမှာ တကယ်အကျိုးရှိအောင် လုပ်နိုင်သလား။ သူ့ အကျင့်စာရိတ္တ အကုန်စဉ်းစားတာပေါ့။ အချက်တွေ အများကြီး ရှိပါတယ်။ အဲဒီအပေါ်မှာ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးပါတယ်။ ရွေးတဲ့နေရာမှာလဲ ကျနော်တို့ပါတီမှာ အောက်ခြေမှာ ချပြပြီးမှ ကျနော်တို့ဆီမှာလဲ တခါတလေ ရွေးထားတဲ့လူလည်း ရှိတာပေါ့။ ရှိတဲ့လူနဲ့ယှဉ်ကြည့်။ များသောအားဖြင့်တော့ သိတဲ့လူတွေပါပဲ။ ဇာတိသားတွေများတယ်။ အဲဒီ ဒေသသားတွေ များတယ်။ ဒေသသားတွေ များတဲ့အတွက် ကျနော်တို့ ရွေးတဲ့ပုဂ္ဂိုလ်ကလဲ ဒေသသားများတဲ့အတွက် ဒီဒေသက တယောက်နဲ့တယောက် သိနေကြတဲ့အချိန်ကြတော့ တပ်ကပဲဝင်လာလာ၊ အစိုးရအဖွဲ့ကပဲ ဝင်လာလာ၊ ပါတီမှာ ကျနော်တို့ ချပြလိုက်တယ်။ ချပြလိုက်တဲ့အချိန်မှာ ဒီလူကတော့ ပိုပြီးသင့်တော်ပါတယ်ဆိုပြီး ပါတီအဆုံးအဖြတ်အရ။ ဒါကိုလဲ ကျနော်တို့က လက်မခံသေးဘူး။ လူထုအနေအထားကို ကျနော်တို့ မေးတယ်။ ဒါကတော့ တရားဝင်တော့ မဟုတ်ဘူးပေါ့။ လူထုအနေအထားကို လေ့လာကြည့်တယ်။ လေ့လာကြည့်ပြီးတဲ့အချိန်ကြမှ လူထုက လက်ခံတယ်ဆိုရင်တော့ ကျနော်တို့ ရွေးတာ ဖြစ်ပါတယ်။ ၁၂ ရက်နေ့ည ဖြစ်စဉ်က ဘာနဲ့ သွားတိုက်ဆိုင်နေသလဲဆိုရင် လုပ်ရိုးလုပ်စဉ်ပါပဲ။ ၁၂ ရက်နေ့ညမှာ တချို့ဝန်ကြီးဌာန ဝန်ကြီးတွေက ထွက်တယ်။ ထွက်လိုက်ကြတဲ့အချိန်ကြတော့ ကျနော်တို့ကို သူတို့ လှမ်းပြီးပြောကြတယ်။ လှမ်းပြောတာက သူတို့ပါတီဝင်အနေနဲ့ သူတို့ ပါတီကိုယ်စားလှယ်လောင်းအဖြစ် ရွေးချင်ပါတယ်လို့ ပြောတယ်။ အဲဒီတော့ တချို့ တပ်မတော်သား အရာရှိကြီးများကလဲ ဒီလိုပဲ ရွေးချင်တယ်လို့။ ဒါဆိုရင် သူတို့နဲ့ တိုင်ပင်ကြရအောင်။ ခင်များတို့ရဲ့ သဘောထားဆန္ဒကို ကျနော်တို့ လိုချင်တယ်။ အဲဒီလူတွေကို ၁၂ ရက်နေ့မှာ ခေါ်စုလိုက်တယ်။ ခေါ်စုလိုက်တဲ့ အချိန်ကြတော့ သူတို့ရဲ့ သဘောထားဆန္ဒကို မေးတာပေါ့။ တချို့ပါတီ မဝင်ရသေးဘူး။ ပါတီမဝင်ရသေးဘူး။ သို့သော်လဲ ပါတီနဲ့ လက်ပွန်းတတီး လုပ်ခဲ့တဲ့ အစဉ်အလာတော့ ရှိတယ်။ အဲဒီတော့ မဝင်ရေသေးတော့ ပါတီဝင်ဖြစ်အောင် လုပ်ပေးရတယ်။ နောက်က သူတို့ဆန္ဒအလျောက် ရွေးချယ်မယ့်နေရာတွေကို အချိန်မီ စာရင်းသွင်းနိုင်အောင် ကျနော်တို့ လုပ်ပေးရတယ်။ အဲဒါက ၁၂ ရက်နေ့မှာ ကျနော်တို့ ဆွေးနွေးတာ။ အဲဒီအခါမှာ စီစစ်တဲ့အဖွဲ့တွေ ရှိပါတယ်။ ကိုယ်စားလှယ်လောင်းတွေကို စီစစ်တဲ့အဖွဲ့တွေ ရှိတယ်။ ကျနော်တို့မှာ ဗဟိုအတိုင်ပင်ခံဆိုတာလဲ ရှိတယ်။ အကြံပေးဆိုတာလဲ ရှိတယ်။ ကျနော်တို့ အပါအဝင် ဗဟိုအတိုင်ပင်ခံ၊ အကြံပေးတွေက စီစစ်လိုက်တယ်။ ဒီလူကတော့ ဖြစ်သင့်တယ်။ ပွင့်ပွင့်လင်းလင်း ပြောလို့ရှိရင်တော့ အရင်တုန်းကလဲ သူတို့ကို မျှော်မှန်းထားတာလည်း ရှိတယ်။ ဒီလူတွေလာရင်တော့ ကျနော်တို့ ရွေးမယ်လို့ရှိတယ်။ အသစ်ဝင်လာတာလည်း ရှိပါတယ်။ အဲဒီတော့ ဒီဥစ္စာတွေကို စီစစ်ကြတယ်။ စီစစ်ကြတဲ့ အချိန်ကြတော့ တကယ်တမ်း ပြောလို့ရှိရင် တပ်မတော်ပိုင်းက ရာထူးကြီးကြီးတွေ ပါလာကြတယ်။ အစိုးရအဖွဲ့ကလည်း ဝန်ကြီးအဆင့်တွေ ပါလာတဲ့အချိန်ကြတော့ ပါတီဝင်အဖြစ် ဒီအတိုင်း ထားရမလား။ သူတို့ကို ဘယ်လိုတာဝန်တွေ ပါတီမှာ ထိထိရောက်ရောက်ဖြစ်အောင် ဘယ်လို အသုံးဝင်ကောင်းမလဲဆိုပြီး ကျနော်တို့ အဲဒီညမှာ ဆွေးနွေးကြတယ်။ ဆွေးနွေးပြီးတဲ့ အချိန်ကြတော့မှ ကျနော်တို့ အဲဒီမှာပဲ ဆုံးဖြတ်ပါတယ်။ ၁၃ ရက်နေ့ မနက် (၈) နာရီကြရင်တော့ ဗဟိုအလုပ်မှုဆောင် အစည်းအဝေး လုပ်ကြမယ်ဆိုပြီးတော့ ဖိတ်လိုက်တယ်။ အားလုံး ဗဟိုအလုပ်မှုဆောင်အဖွဲ့က အဖွဲ့ဝင် (၄၂) ဦး ရှိပါတယ်။ ခရီးလွန်နေတာ အများကြီးပဲ။ ခရီးလွန်နေတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ လွန်နေတဲ့ အဖွဲ့တွေက မလာနိုင်သော်လဲ သူတို့ရဲ့ သဘောထားတွေကို လှမ်းမေးကြတယ်။ လှမ်းပြီးတော့ သူတို့လဲ သဘောတူပါတယ်။ သဘောတူတော့ နောက်နေ့ မနက် (၈) နာရီကြတော့ (၃၂) ဦး တက်တယ်။ (၃၂) ဦး တက်လာတဲ့ အချိန်ကြတော့ ကျနော်တို့ ဒီအခြေအနေလေးတွေ ရှင်းပြကြတယ်။ ဒီလို အခြေအနေတော့ ရှိတယ်။ ဗဟိုအလုပ်မှုဆောင်အဖွဲ့ကနေပြီး ဆွေးနွေးပြီးမှ ဆုံးဖြတ်ပေးပါ။ ဝိုင်းပြီးဆုံးဖြတ်ပေးပါဆိုတော့ သူတို့အားလုံးက သဘောတူကြတယ်။ သဘောတူပြီးမှ ဒီလူတွေကိုလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထဲမှာ ထည့်ပေးပါ။ ထည့်ပြီးတော့မှ ပါတီအတွက် အကျိုးရှိအောင် အသုံးချပါ။ ပြည်သူအတွက် အကျိုးရှိအောင် အသုံးချပါ။ ဒေသအတွက် အကျိုးရှိအောင် အသုံးချပါဆိုတဲ့ ဆန္ဒရတယ်။ ဆန္ဒရတော့ ကျနော်တို့က အဲဒီလူတွေကို ဗဟိုအလုပ်အမှုဆောင် ဖွဲ့စည်းဖို့ကို အဟောင်းနဲ့ ဆုံးဖြတ်တယ်။ (၄၂) ယောက်မှာ (၃၂) ယောက်ဆိုတော့ (၇၅) ရာခိုင်နှုန်းကျော်တာပေါ့။ ဒါက ပါတီလုပ်ထုံးလုပ်နည်းမှာလည်း ရှိပါတယ်။ အခြေခံစည်းမျဉ်းမှာလည်း ဒီအတိုင်းပဲပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ ဖွဲ့စည်းတဲ့နေရာမှာ ဥက္ကဋ္ဌ နေရာ အပြောင်းအလဲ ဖြစ်သွားတာလား။ အဲဒီလိုမျိုးလား။

ဦးဌေးဦး ။ ။ ဥက္ကဋ္ဌနေရာက ၁၂ ရက်နေ့ထဲက အပြောင်းအလဲ ဖြစ်ပါတယ်။ ဥက္ကဋ္ဌ နေရာနဲ့ ပတ်သက်လို့လဲ တကယ်တော့ ကျနော်က ဥက္ကဋ္ဌ မဟုတ်ဘူး။ ဒုတိယ ဥက္ကဋ္ဌ ပဲ။ သို့သော်လဲ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာရော၊ ကျနော်တို့ရဲ့ ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းမှာရော ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ၊ ပြည်ထောင်စုအဆင့် တာဝန်တွေကို ဆောင်ရွက်ကြမယ်ဆိုလို့ရှိရင် ပါတီရဲ့ တာဝန်ကို ဆောင်ရွက်ခြင်းမပြုရလို့ ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ပိုင်ခွင့်ရှိတဲ့ နေရာကနေ။ လုပ်ပိုင်ခွင့်ရှိတဲ့ နေရာကို ရောက်သွားတဲ့လူက ပါတီရဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ရမယ်ဆိုရင် မမျှတမှာကြောင့်လို့ပါ။ ဖွဲ့စည်းပုံဥပဒေမှာလည်း ဒီအတိုင်းပဲ ရေးထားတယ်။ ကျနော်တို့ပါတီမှာလည်း ဒီအတိုင်းပဲ ရေးထားတယ်။ ဒါကြောင့် သူက ဝါအရင့်ဆုံးဖြစ်တဲ့ ဒုတိယ ဥက္ကဋ္ဌတဦးဦးကို လွှဲနိုင်တယ်။ ဒါက ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်။ အဲဒီတော့ ကျနော်တို့ရဲ့ ဥက္ကဋ္ဌက သမ္မတကြီး ဦးသိန်းစိန်။ ကျနော်တို့ ဥက္ကဋ္ဌက သမ္မတကြီး ဖြစ်သွားတာကို။ သမ္မတကြီး ဖြစ်သွားတဲ့အတွက် သူမလုပ်နိုင်တော့ဘူး။ မလုပ်နိုင်တဲ့အတွက် ပထမဦးဆုံး ဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ သူရဦးရွှေမန်းကို လွှဲခဲ့တယ်။ လွှဲတဲ့နေရာကနေ အချိန်ကလဲ ရွေးကောက်ပွဲက နီးလာပြီ။ ပါတီတွေရဲ့ ရည်မှန်းချက်က ရွေးကောက်ပွဲ အောင်နိုင်ရေး၊ အချိန်တို ရည်မှန်းချက်၊ ကာလတို ရည်မှန်းချက်ဆိုရင်တော့ ရွေးကောက်ပွဲ အောင်နိုင်ရေး ဖြစ်မှာပေါ့။ ကာလရှည် ရည်မှန်းချက်ကတော့ ကိုယ့်ရည်မှန်းချက်တွေ အောင်မြင်ရေး ဖြစ်မှာပေါ့။ ဒီအချိန်တိုအတွင်းမှာ လုပ်ရမယ်ဆိုတော့ ပါတီအောင်နိုင်ရေးကလဲ အရေးကြီးလာတယ်။ အရေးကြီးလာတဲ့အတွက် အချိန်ပြည့်လုပ်ဖို့လဲ လိုလာတယ်။ ဒီနေရာမှာ ကျနော်တို့ရဲ့ ပူးတွဲဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေတဲ့ သူရဦးရွှေမန်းက လွှတ်တော်ထဲမှာလည်း အချိန်ပြည့်လုပ်ရတယ်။ လွှတ်တော်ကလည်း အရေးကြီးပါတယ်။ နောက်တခါ နာယကတာဝန်လည်း ထမ်းဆောင်တယ်ဆိုတော့ အချိန်ပြည့် တာဝန်မထမ်းဆောင်နိုင်တဲ့အတွက် သူ့အစား ကျနော်ကို လွှဲပြောင်းပေးလိုက်တယ်။ ပူးတွဲတာဝန်ကိုပဲ လွှဲပေးတယ်။ သို့သော် နေရာကိုတော့ လွှဲမပေးဘူး။ ရာထူးကိုတော့ လွှဲမပေးဘူး။ ဒါကြောင့် ကျနော်က တကယ်တမ်း ပြောမယ်ဆိုရင်တော့ ဒုတိယဥက္ကဋ္ဌ ပူးတွဲ ဥက္ကဋ္ဌတာဝန်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ ဒီလာမယ့် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဘယ်နှစ်ရာခိုင်နှုန်းလောက် နိုင်မယ်လို့ မှန်းထားပါလဲရှင့်။

ဦးဌေးဦး ။ ။ ကျနော်တို့ ရွေးကောက်ပွဲမှာ ဝင်တယ်ဆိုတာက အိမ်ဖြည့်ပဲ ဝင်ပါ့မလဲ။ အားလုံးနိုင်မယ်လို့ မှန်းတာပေါ့။ သို့သော်လဲ ပြည်သူတွေရဲ့ အဆုံးအဖြတ်ပါပဲ။ ပြည်သူတွေဟာ အထွေထွေ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လွတ်လပ်ပြီး တရားမျှတစွာနဲ့ သူတို့ပေးချင်တဲ့ ကိုယ်စားလှယ်ကို ပေးတတ်ဖို့ အရေးကြီးတယ်။ ဒါကြောင့် အဲဒီဥစ္စာအတွက် ကျနော်တို့ဆီမှာ သင်တန်းတွေပေးတယ်။ ပြည်သူတွေကို ပြန်ပြီးရှင်းပြနေတယ်။ သူတို့ပေးချင်တဲ့ လူတွေကိုပေးဖို့။ ပေးချင်တဲ့သူတွေကို ပယ်မဲမဖြစ် ပေးနိုင်ဖို့။ နောက်တခုက မဲပေးပိုင်ခွင့်ဆိုတာ လူတိုင်းမှာ ရှိသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူတွေ မပါဘူးဆိုရင် မအောင်မြင်နိုင်ဘူး။ ဒါကြောင့် ပြည်သူတိုင်း ပါဝင်နိုင်ဖို့ လိုတယ်ဆိုပြီးတော့ မဲပေးခွင့်ရှိတဲ့ လူတွေအားလုံးက မဲပေးလို့ရအောင် တချို့ကြတော့ မှတ်ပုံတင် မရှိတာတို့ ဘာတို့အတွက်ကို ကျနော်တို့ သင်တန်းပေးတာပေါ့။ သင်တန်းပေးပြီးတော့ ကျနော်တို့ ပါတီဝင်တွေက နေရာတိုင်းနေရာတိုင်းမှာ ဒီဥစ္စာကို ဆောင်ရွက်နေကြတယ်။ ဒါကတော့ ပထမတစ်ခုပေါ့။ ဒုတိယတစ်ခုကြတော့ ရွေးကောက်ပွဲအတွက်တော့ မဟုတ်ပါဘူး။ တချို့လဲပဲ နားမရှင်းတဲ့အတွက် အမြင်မရှင်းဘူးပေါ့။ အဲဒါက ဘာလဲဆိုတော့ ပါတီတစ်ခု ဖြစ်လာပြီဆိုရင် ပါတီအပေါ် ယုံရမယ်။ ဒုတိယကတော့ ယုံတဲ့အတိုင်း လိုက်လုပ်တတ်ရမယ်။ မလုပ်နိုင်ရင်လဲ အပိုပဲ။ နောက်တခုက ကိုယ်ယုံသလို ပါတီဆိုတာ ဘယ်ပါတီမှ လူထုတရပ်လုံး မဟုတ်ဘူး။ ပြည်သူတရပ်လုံးဆိုတာ ဘယ်ပါတီမှ မရှိဘူး။ ကျနော်တို့ မြန်မာနိုင်ငံမှာ တစ်ပါတီစနစ်ဆိုတာတောင် ရှိတယ်။ အဲဒီတုန်းကလဲ လူထုတရပ်လုံး မဟုတ်ခဲ့ပါဘူး။ အခု ပါတီတွေ အများအပြား ရှိတဲ့အတွက် ဘယ်ပါတီမှ လူထုတရပ်လုံး မဖြစ်ဘူး။ ဒါကြောင့် လူထုတရပ်လုံးက ဘက်ပါလာအောင်ဆိုရင် စည်းရုံးနေရမှာပဲ။ လိုက်ပါလာအောင် စည်းရုံးနေရမယ်။ အဲဒီ စည်းရုံးနေဖို့ကို ကျနော်တို့ ပါတီတွေ အမြဲတမ်း လုပ်ကြတယ်။ အဲဒါ အသင်းဘဝထဲက ကျနော်တို့ စလုပ်ကြတာ။

ဒေါ်ခင်စိုးဝင်း ။ ။ အခု အများပြောနေကြတာပေါ့ အခုလဲ သတင်းတွေမှာ ရေးနေကြပါတယ်။ တကယ်လိုများ ပြည်ခိုင်ဖြိုးပါတီက နိုင်ခဲ့လို့ရှိရင် ဒုဥက္ကဋ္ဌ ဦးဌေးဦးအနေနဲ့ သမ္မတ လုပ်မယ်ဆိုတဲ့ သတင်းတွေ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘာများ မှတ်ချက်ပေးချင်ပါလဲရှင့်။

ဦးဌေးဦး ။ ။ ဒီဥစ္စာနဲ့ ပတ်သက်လို့ ကျနော့်ကို တချို့က ပြောပါတယ်။ တချို့လှမ်းပြီးပြောကြတယ် ဟိုနေ့က အင်တာဗျူးလုပ်တဲ့အထဲမှာ ကျနော်က နိုင်လို့ရှိရင် သမ္မတလုပ်မယ်ဆိုပြီးတော့ ပြောတယ်လို့ ဆိုပါတယ်။ ကျနော်တို့ကတော့ ဘယ်လိုလဲဆိုရင် ဒီဥစ္စာက အစောကြီးကတည်းက မေးတဲ့မေးခွန်းတွေပါ။ နိုင်ငံခြားက လူတွေလည်း မေးတယ်။ သံတမန်တွေလည်း မေးတယ်။ ကျနော် ပြောပြတယ်။ အဲဒီတုန်းက ကျနော်ကတော့ မလုပ်ဘူး။ အခုအချိန် လေ့လာတဲ့အခါကြတော့ ကျနော်တို့ အဲဒီတုန်းက အာရုံစိုက်တဲ့ဟာသည် ပြည်သူအတွက် ဘာလိုအပ်သလဲ။ လိုအပ်တာကို ကိုယ်တတ်နိုင်သလောက် ဘယ်လို ဖြည့်ဆည်းပေးရမလဲ ဒါပဲ ကျနော် အာရုံစိုက်တယ်။ အခုနီးလာတဲ့ အချိန်ကြတော့လဲ ရွေးကောက်ပွဲ စည်းရုံးရေးကာလကြရင်လဲ နိုင်ဖို့ပဲ အာရုံစိုက်မှာပဲ။ ဒါကလွှဲလို့ လုပ်ချင်တယ်၊ မလုပ်ချင်ဘူးဆိုတာ ကျနော် မရှိဘူး။ အဲဒီတော့ လုပ်ချင်တိုင်းလဲ လုပ်လို့မရတာပဲ။ သမ္မတဆိုတာ လုပ်ချင်တိုင်း လုပ်လို့မရဘူး။ ကျနော်တို့ရဲ့ မြန်မာဓလေ့ ထုံးစံအရဆိုရင် ဒါတွေက သူဟာသူ ဖြစ်နေတာ။ ကိုယ်ကြမ္မာ မပါရင်လဲ ဘာမှမဖြစ်ဘူး။ နောက်တခုကတော့ ဒီဥစ္စာတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲနိုင်မှ ဖြစ်မှာ။ ဒါကြောင့် ရွေးကောက်ပွဲ နိုင်ဖို့အတွက်ကို ကျနော်တို့ ကြိုးစားရမယ်။ ဒါကလွှဲလို့ ကျနော်တို့ ဘာမှမရှိဘူး။ ဒါက ပါတီရဲ့ သဘောထားပါပဲ။ ရွေးကောက်ပွဲ နိုင်လာပြီ။ အဲဒီအခါကြရင်တော့ ဘယ်သူလုပ်မယ်ဆိုတာကို ပါတီက အဆုံးအဖြတ် ပေးမှာပေါ့။ ဒါကို နာမည်ကြီးနေတဲ့ ပုဂ္ဂိုလ်တွေတောင် ကျနော်တို့ ဒီလိုပဲ ပြောတာပဲ။

ဒေါ်ခင်စိုးဝင်း ။ ။ ဟုတ်ကဲ့ပါ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

XS
SM
MD
LG