သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပဋိပက္ခ နဲ့ UNFC အခန်းကဏ္ဍ


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ အပစ်အခတ်ရပ်ဖို့ နိုင်ငံတော်သမ္မတ က ကြေညာချက်ထုတ်ပြန်ခဲ့တာ တစ်ပတ်ကျော်ကြာခဲ့ပေမယ့် နှစ်ဖက်စလုံး ပစ်ခတ်မှုတွေ ရှိနေစဲဖြစ်ပါတယ်။ မြောက်ပိုင်း စစ်မြေပြင်တင်မက နေပြည်တော်လွှတ်တော်ထဲမှာ နှစ်ဖက်အငြင်းခုံတဲ့ ဆွေးနွေးသံတွေ ညံ့နေခဲ့ပါတယ်။ KIO နဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းပွဲတွေ ပြန်လုပ်ချင်ပါတယ်လို့ အစိုးရဖက်က ကမ်းလှမ်းခဲ့ပေမယ့် KIO ကတော့ နောက်ပိုင်းဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ UNFC (United Nationalities Federal Council) ခေါ် ညီညွှတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီနဲ့ပဲတဆင့် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး UNFC ရဲ့ တွဲဖက်အတွင်းရေးမှူးတဦးဖြစ်တဲ့ PPNO (PaO People's Liberation Organization) ပအို့ဝ် အမျိုးသား တပ်မတော်ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကချင်ကိစ္စက ဦးခွန်ဥက္ကာတို့ရဲ့ UNFC ညီညွှတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီနဲ့ပဲ ဆွေးနွေးပါဆိုပြီး အခု လက်လွှဲတဲ့ပုံစံမျိုး ဖြစ်နေတယ်။ အဲဒါ ဘာကြောင့်လဲ။

ဦးခွန်ဥက္ကာ ။ ။ တကယ်တော့ အခုမှ လွှဲတာမဟုတ်ဘူး။ တော်တော်တော့ ကြာပြီ။ ကျနော်တို့အထဲမှာ ခြောက်လလောက်တော့ ရှိပြီ။ ကချင်နဲ့ ဆွေးနွေးပွဲကိစ္စ။ ကချင်အဖွဲ့နဲ့ နေပြည်တော်အစိုးရနဲ့ သူတို့အချင်းချင်း နှစ်ဖက်ထဲနဲ့ ညှိဖို့၊ ဆွေးနွေးဖို့တော်တော်လေး ခက်ခဲသွားတဲ့ အခြေအနေမျိုးကို တွေ့ရတယ်။ တချိန်တည်းမှာပဲ ရံဖန်ရံခါ အစိုးရနဲ့ တပ်မတော် အချိန်အဆက်မမီတာပေါ့။ အစိုးရက ပြောတာတမျိုး၊ တပ်မတော်ဘက်ကတမျိုး။ နောက်ပြီးတော့ တဖန် ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေကလည်း ရံဖန်ရံခါ တပ်မတော်အပေါ်မှာ ပြောတာဆိုတာ မတူတဲ့အခါကြတော့ တပ်မတော်က တမျိုးလုပ်နေတဲ့အခါကြတော့ မျက်နှာပူတာဖြစ်မယ်။ အဲဒါတွေ ဖြစ်နေတဲ့အပေါ်မှာ KIO က တွက်တာကတော့ သူတို့ဘက်ကလည်း ရှင်းရှင်းပြောရင်တော့ လက်နက်ကိုင်တိုက်ပွဲ မလုပ်ချင်ပါဘူး။ ပဋိပက္ခလည်း မလိုချင်ပါဘူး။ သူတို့လည်းပဲ လူထုအတွက်၊ နယ်မြေအတွက် ငြိမ်းချမ်းရေး လိုချင်ကြတယ်။ နားချင်တယ်၊ ရပ်ချင်တယ့်သဘော ရှိပါတယ်။ သို့သော် ဂုဏ်သိက္ခာရှိရှိ မျက်နှာမနာဘဲနဲ့ ရပ်နိုင်တဲ့ နည်းလမ်းက မရဘူးဖြစ်နေတယ်။ နည်းနည်းလေး အဲဒီလို ဖြစ်နေတဲ့အပေါ်မှာ။ ဒါဆိုရင် ကျနော်တို့ တပ်ပေါင်းစုကပဲ ဒီကိစ္စကို ကြားဝင်ပြီးတော့ အဓိပ္ပါယ်ရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ။ နှစ်ဖက်လျှော့နိုင်အောင်၊ ရပ်နိုင်အောင်၊ တင်းမာမှုတွေ လျှော့ပါးနိုင်အောင် လုပ်ဖို့ဆိုတဲ့မူက ချထားတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ အခုနောက်ဆုံး နိုင်ငံရေး ဆွေးနွေးပွဲစတဲ့သဘော။ နိုင်ငံရေးအရ ဆွေးနွေးမယ်၊ အဖြေရှာမယ်ဆိုတဲ့ သဘောမျိုးစရင် တဖွဲ့ချင်း စကားပြောတာထက်။ UNFC နဲ့ စကားပြောမယ်။ နိုင်ငံရေး စကားပြောတဲ့အခါမှာ စိတ်အေးလက်အေး ပြောနိုင်အောင် စစ်ရေးလျှော့ချမှု၊ စစ်ရေးရပ်စဲဖို့၊ လျှော့ချဖို့ အဲဒါကို UNFC ကတဆင့် သူတို့က တင်ပြတာဖြစ်တယ်လို့ ကျနော်ပြောလိုပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အစောပိုင်းကတည်းက တကယ်တမ်းကြလို့ရှိရင် UNFC ဖွဲ့ကတည်းက တိုင်းရင်းသားတွေအနေနဲ့ စုပေါင်းပြီးတော့ မြန်မာနိုင်ငံက စစ်တပ်နဲ့ ဒါမှမဟုတ် မြန်မာနိုင်ငံအစိုးရနဲ့ နိုင်ငံရေးအရ ညှိနှိုင်းစကားပြောဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့တာပါ။ ဒါပေမဲ့လည်း တကယ်တမ်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်းမှာ အပစ်အခတ်ရပ်စဲရေးတွေနဲ့ ညှိနှိုင်းတဲ့အခါကြတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အကုန်လုံးက တကွဲတပြားစီ၊ တဖွဲ့ချင်းစီထွက်ပြီးတော့ ဆွေးနွေးကြတယ်ဆိုတဲ့ အနေအထားကို ရောက်သွားခဲ့တယ်။ ဒါပေမဲ့ အခုမှတခေါက် ကချင်ကပြန်ပြီးတော့ အခြေအနေက ညှိနှိုင်းလို့မရတာကြောင့် UNFC ဘက်ကို ပြန်ပုံလာတယ်ဆိုတာ နဂိုမူရင်းကိုပဲ ပြန်ရောက်လာတယ်ဆိုတဲ့ သဘောပေါ့။

ဦးခွန်ဥက္ကာ ။ ။ တကယ်တော့ နဂိုမူရင်းပြောလို့ရှိရင်တော့ အဆင့် နှစ်ဆင့်ဗျ။ ကျနော်တို့ UNFC စဖွဲ့တာက (၂) နှစ်။ ဒီ (၂) နှစ်ကာလမှာ အပစ်အခတ် ရပ်စဲရေးက အားလုံးအတူတူ ညှိနှိုင်းမယ်။ အပစ်အခတ် ရပ်စဲမယ်ဆိုရင်လည်း အားလုံးအတူတူ လုပ်ကြမယ်လို့ ပြောကြတယ်။ သို့သော် ကျနော်တို့ UNFC ရဲ့ အဖွဲ့ဝင်တွေ ကိုယ်တိုင်က စည်းပေါက်တာပေါ့။ စည်းပေါက်ပြီးတော့ အပစ်အခတ်ရပ်စဲရေးကိုတော့ သီးခြားလေးတွေ ကိုယ့်အခွင့်အရေးနဲ့ကိုယ်။ သူ့အခွင့်အရေးနဲ့သူ အကျိုးမျှော်ကိုးပြီးတော့ လုပ်လာကြတာရှိတယ်။ အဲဒီလို အပစ်အခတ်ရပ်စဲရေး အဆင့်လေးတွေကို သီးသန့်လုပ်လာကြတော့ UNFC က မိမိတို့ရဲ့ မူလမူ တထစ်လျှော့ပြီးတော့ အပစ်အခတ်ရပ်စဲရေးကိုတော့ သီးခြားလုပ်ပါ။ သီးခြားသဘောတူပါ။ သီးခြား အစီအစဉ်တွေဘာတွေ ရေးဆွဲပါ။ သို့သော် အပစ်အခတ်ရပ်စဲရေးပြီးလို့ တပြည်လုံး အတိုင်းအတာနဲ့ တိုင်းရင်းသားအရေးတွေ၊ ပြည်ထောင်စုအရေးတွေ၊ နိုင်ငံရေးတွေ ဆွေးနွေးကြမယ်ဆိုရင်တော့ ဒီပွဲမှာတော့ တပေါင်းတစည်းတည်းနဲ့ ကျနော်တို့ တိုင်းရင်းသားအားလုံး UNFC အားလုံး နိုင်ငံရေး ဆွေးနွေးပွဲကိုတော့ တပေါင်းတစည်းတည်း ဝင်ကြပါဆိုတဲ့ ဒုတိယအဆိုဘက်ကို ရောက်လာတာပေါ့။

နောက်တခါကြတော့ KIO ရဲ့ ပေါ်လစီကြတော့ သူက ပြောင်းပြန်။ သူမှာက အပစ်အခတ်ရပ်စဲရေးက ၁၉၉၄ ကတည်းက လုပ်ပြီသာ။ ဘာမှ ထပ်ပြင်ဖို့လည်း မလိုဘူး။ ထပ်ဖျက်ဖို့လည်း မလိုဘူး။ အခုရှိနေတဲ့ တပ်မတော်က လာတိုက်လို့သာလျှင် အဲဒီ အပစ်အခတ်ရပ်စဲရေးက ပျက်သွားတာ။ တပ်မတော်က လာမတိုက်ဘူး။ မူလ သူ့နေရာမှာသူ နေခဲ့ရင် အပစ်အခတ်ရပ်စဲရေးက မပျက်ဘူး။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေး အဆင့်က ဆွေးနွေးရမယ့်အဆင့် မဟုတ်ဘဲနဲ့ တကယ်တမ်း KIO က စောင့်စားမျှော်လင့်နေတာက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲအတွက်သာ ပေါ်ပေါက်လာမယ်။ တိတိကျကျ အာမခံချက်ရှိလာမယ်ဆိုရင် ဒီနိုင်ငံရေး ဆွေးနွေးပွဲကိုပဲ အကွက်ကျော် လှမ်းပြီးတော့ လုပ်ဖို့လိုတယ်။ ဒါက KIO ရဲ့ အယူအဆ။ ကျန်တဲ့အဖွဲ့တွေက အခု အပစ်ရပ်ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲသွားရင် KIO ကလည်း နိုင်ငံရေးဆွေးနွေးပွဲမှာ တပေါင်းတစည်းတည်းလုပ်မယ်။ United သဘောပါ။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ် အပစ်အခတ်ရပ်စဲရေးက မဖြစ်တဲ့အပြင်ကို တိုက်ပွဲအခြေအနေက ကချင်ပြည်နယ်ဘက်မှာက တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။ အထူးသဖြင့် နိုင်ငံတော်သမ္မတရဲ့ အမိန့်ညွှန်ကြားချက်နဲ့ အပစ်အခတ်ရပ်တယ် ဆိုတာတောင်မှပဲ နှစ်ဖက်စလုံး တဖက်နဲ့တဖက် အပြန်အလှန် စွပ်စွဲမှုတွေနဲ့အတူ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတာပဲ။ အဲဒီတော့ တကယ်လို့မျှ UNFC က ဒီကိစ္စမှာ နိုင်ငံရေးအရ ဆွေးနွေးမယ်။ ဒါပေမဲ့လဲ ပထမဦးစားပေးအနေနဲ့ အပစ်အခတ်ရပ်စဲရေးကိုလည်း တိုက်တွန်းသွားမယ်ဆိုတော့ ဘယ်လိုအခြေခံနဲ့ တိုက်တွန်းမှာလဲ။ အထူးသဖြင့်က အခုလက်ရှိ အခြေအနေက မြန်မာအစိုးရဘက်က တိတိကျကျ ပြောနေတာကလည်း ကချင်ဘက်ကနေပြီးတော့ သူတို့တပ်ဖွဲ့တွေကို တိုက်ခိုက်နေလို့ သူတို့က ပြန်ခုခံရပါတယ်။ ကချင်ကလည်း တဖက်က မြန်မာတပ်တွေ အင်အားတိုးချဲ့နေလို့ သူတို့ဘက်က တိုက်ရပါတယ်ဆိုတော့။ ဒီနှစ်ချက်ကို ဘယ်အခြေခံနဲ့ ညှိပေးနိုင်ဖို့ ကြိုးစားမလဲ။

ဦးခွန်ဥက္ကာ ။ ။ ကျနော် မြင်တာကတော့ အဲဒီနှစ်ချက် - နှစ်ဖက် စွပ်စွဲနေတဲ့ အဖြစ်မှန်ကို ကြည့်ဖို့လိုတယ်။ ကျနော်တို့ လွန်ခဲ့တဲ့လက ကျနော်တို့ကိုယ်တိုင် သွားကြည့်ပြီးပြီ။ အဲဒီဒေသကို ကျနော်လည်း ရောက်သွားတယ်။ UNFC ရဲ့ ကိုယ်စားလှယ်အဖွဲ့ သွားလေ့လာဖို့ဆိုပြီး ကျနော်တို့ကိုယ်တိုင် သွားကြည့်ကြတယ်။ သွားကြည့်ကြတဲ့အခါကြတော့ ဒီဖြစ်ပုံက လိုင်ဇာဒေသကတော့ မြို့ကတော့ စစ်ရေးအရ အရေးပါတဲ့ နေရာတော့ မဟုတ်ဘူး။ နိုင်ငံရေးအရ၊ စီးပွားရေးအရ အရေးပါပေမယ့် စစ်ရေးအရ တကယ် အရေးပါတာကတော့ လိုင်ဇာမြို့ရဲ့ ပတ်ပတ်လည် စိုးမိုးကုန်တွေ ဖြစ်တယ်။ ဒီ စိုးမိုးကုန်တွေအပေါ်မှာ တပ်မတော်က အကုန်လုံးရယူသိမ်းပိုက် ပြီးတဲ့အခါကြတော့ လိုင်ဇာကို လည်းပင်ညစ်ထားနိုင်တဲ့ အခြေအနေမျိုးမှာ နိုင်ငံရေးစကားပြောပွဲပဲဖြစ်ဖြစ် အပစ်ရပ်ပဲဖြစ်ဖြစ် တခုခုကို ကမ်းလှမ်းချင်တဲ့သဘော ရှိတာပေါ့။ ဒီလို သူဖက်ကိုယ်ဖက် အင်အားအသုံးပြုပြီးတော့ အပေါ်စီးရတဲ့ အခြေအနေမှာ စေ့စပ်ဆွေးနွေးဖို့ လက္ခဏာပြမယ့် သဘောမျိုးကတော့ တဖက်ကလည်း အခက်အခဲရှိတယ်။ ဆိုလိုတာက တခါ KIO ဘက်ကလည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ အခြေအနေမှာ သူတို့ရဲ့ နိုင်ငံရေးမြို့တော် လိုင်ဇာပဲဖြစ်ဖြစ်၊ တပ်ပေါင်းစုမြို့တော်ပဲဖြစ်ဖြစ်။ နောက်ပြီးတော့ အဲဒီအပေါ်မှာ ဒီလို ခြိမ်းခြောက်ထားနိုင်တဲ့ အခြေအနေမျိုးမှာ ဆွေးနွေးရတာလည်း မကောင်းဘူးပေါ့။ အဲဒါကြောင့် ဒါကို နားလည်းဖို့ ရဖို့အနေနဲ့ ကျနော်တို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမယ်ဆိုရင်တော့ နှစ်ဦးနှစ်ဖက် အနည်းဆုံးတော့ ဒီလို ပြဿနာရှိတဲ့ဂွင်းမှာ နည်းနည်းလေး ခွါထားပေးပြီးတော့။ တပ်တွေ နည်းနည်းလေး ခါွထားပြီးတော့၊ နည်းနည်းလေး ဘေးရွှေ့ထားပြီးတော့ နည်းနည်းလေး re-position လုပ်ပေးရင်နဲ့ ဆုတ်တာမဟုတ်ဘူး။ ဆုတ်တယ်ပြောရင် တပ်တွေက မကြိုက်ဘူး။ ဆုတ်တာမဟုတ်ဘဲနဲ့ နေရာလေး ရွှေ့ပြောင်းယူကြပြီးတော့ အဲဒီလို လှဲ့ပြောင်းလိုက်ရုံနဲ့ အဆင်ပြေသွားနိုင်တယ်။ အဲဒါကိုလည်း ကျနော်တို့ နည်းလမ်းရှာနေတဲ့သဘောတော့ ရှိတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ နောက်တချက်ကတော့ အခု မြန်မာပြည်မှာ လုပ်နေတဲ့ လွှတ်တော်ဆွေးနွေးပွဲတွေမှာဆိုရင် တိုင်းရင်းသားလွှတ်တော်အမတ်တွေက အခု ဒီကိစ္စမှာ ကြားနေတဲ့ ဘက်မလိုက်တဲ့ ဖြန့်ဖြေရေးအဖွဲ့။ ဒါမှမဟုတ် ဖြန့်ဖြေရေးပုဂ္ဂိုလ်တစ်ဦး လိုအပ်နေပြီပေါ့။ အဲဒီတော့ ဒီလိုအဖွဲ့၊ ဒီလိုပုဂ္ဂိုလ်ဆိုတာ ဘယ်လိုလူမျိုးတွေ ဖြစ်နိုင်သလဲ။ ဘယ်လိုအဖွဲ့မျိုးကို UNFC က ကမ်းလှမ်းမလဲ။ ဒါမှမဟုတ် ကြိုဆိုမလဲ။

ဦးခွန်ဥက္ကာ ။ ။ ကျနော် မြင်တာတော့ အဲဒီလို ကြားနေဖြစ်တဲ့လူက ဘေးမှာ အဝေးမှာနေလို့တော့ မရဘူး။ ဒီလို စွပ်စွဲချက်တွေက မှန်တယ်မမှန်ဘူး။ အဲဒီဧရိယာကို ဆင်းဖို့လိုတယ်။ အခု တိုက်ပွဲဖြစ်နေတဲ့ ကုန်းတွေမှာ သွားကြည့်ဖို့လိုတော့ တကယ်ကိုပဲ monitoring လုပ်လုပ်၊ peace keeping ပဲလုပ်လုပ် အဲဒီ နှစ်ဖက်တပ်တွေကြားမှာ ဘယ်သူက လွန်သလဲလို့ သွားကြည့်နိုင်တဲ့ အဲဒီလို အင်အားမျိုးတောင် လိုသလို ဖြစ်နေတယ်။ အရပ်ဖက်ပုံစံနဲ့ intervene လုပ်ဖို့တောင် ခပ်ခက်ခက် ဖြစ်နေတယ် အခုပုံစံက။ နှစ်ဖက် စွပ်စွဲတာတွေက ရှုပ်နေတဲ့အခါကြတော့။ အဲဒီလို သွားကြည့်တဲ့လူတွေက မိမိရဲ့ လုံခြုံမှုအစီအစဉ်နဲ့ တခါတည်းသွားပြီးတော့ ကချင်ပဲမှားနေလား။ နေပြည်တော်ဖက်က တပ်တွေပဲမှားနေလား ဆိုတာကို သွားကြည့်ဖို့။ အဲဒီလို ကြားဝင်ဖို့ဆိုတာ ကျနော်ထင်တယ်။ လုပ်ပိုင်ခွင့် တော်တော်လေး ပြည့်ပြည့်ဝဝရှိပြီးတော့ ဒီလို စစ်ရေးအရ သြဇာသက်ရောက်တဲ့ နိုင်ငံကြီးတွေတောင် လိုလာသလားလို့ ကျနော် ဒီကိစ္စကို အဲဒီလိုထင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခု အခြေအနေက အဲဒီလို တောင်းဆိုမှုမျိုးဆီကို ဦးတည်လာနိုင်သလား။ ဒါမှမဟုတ်လို့ရှိရင် မြန်မာအစိုးရနဲ့ UNFC ညီညွှတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီနဲ့ ဆွေးနွေးပွဲ အရင်ဖြစ်ပြီးတော့မှ ဒီလို အခြေအနေမျိုးကို ရောက်လာဖို့ ရှိသလား။

ဦးခွန်ဥက္ကာ ။ ။ အဲဒါကတော့ စင်ပြိုင်သွားနိုင်တဲ့ အခြေအနေရှိတယ်။ တဖက်ကလည်း အမေရိကန် သံအမတ်ကြီး ကျနော်တို့လည်း တွေ့ပါတယ်။ KIO လည်း တွေ့ပါတယ်။ ထိုင်းမှာ ကျနော်တို့ တွေ့ကြပါတယ်။ တွေ့ကြတော့ သူတို့ကလည်း တကယ့် ရပ်ဖို့အခြေအနေ ကို နေပြည်တော်အစိုးရနဲ့ တောင်းဆိုတဲ့အခါကြတော့ သူတို့အပေါ်မှာ ကတိပေးတာတွေ ဘာတွေ ချွတ်ချော်တဲ့သဘောမျိုး အဲဒီလိုရှိတော့ ဖြစ်သင့်တာက အင်အားကြီး။ အနောက်ဖက်က အင်အားကြီး အမေရိကန်နိုင်ငံ။ အဲဒီမှာ နယ်စပ်ချင်းစပ်နေတာက တရုတ်။ တရုတ်အင်အားကြီးနဲ့ အမေရိကန်အင်အားကြီး နှစ်ဖွဲ့လောက် ကြားဝင်ပြီးတော့ တို့ဝင်ကြည့်မယ်။ တို့ လုံခြုံရေး၊ တို့ရဲ့ဟာကို အစီအမံလုပ်မယ်ဆိုတာကို ကျနော်တို့ တောင်းဆိုရမယ့်တစ်ခု။ တပြိုင်နက်တည်း ဖြစ်လာနိုင်တယ်။ တချိန်တည်းမှာပဲ ကျနော်တို့ UNFC နဲ့ ပမာဏပဲတွေ့တွေ့၊ အကြိုပဲညှိနှိုင်းညှိနှိုင်း ကျနော်တို့က နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို မသွားခင်မှာ ကြိုတင်စည်းကမ်းချက်အနေနဲ့ကတော့ ကျနော်တို့အဖွဲ့ဝင်တဖွဲ့ကို ဒီလောက် စစ်ရေးအရ တိုက်နေတဲ့ဟာကိုတော့ ကျနော်တို့ မကြည့်နေနိုင်ဘူး။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲ ကျနော်တို့ ထဲထဲဝင်ဝင် ယုံကြည်မှု အပြည့်နဲ့ မစခင်မှာ ဒီကချင်ကို ကြီးမားတဲ့ အင်အားအသုံးပြုပြီးတော့၊ နိုင်ငံတော်ရဲ့ အင်အားတစ်ခုလုံးကို စစ်အင်အား အားလုံးကိုသုံးပြီးတော့ တိုက်နေတာကိုတော့ ဖြေလျော့သင့်တယ်လို့ ကျနော်တို့က ပြောရမှာပဲ။ တပြိုင်နက်တည်းလည်း ဖြစ်နိုင်တယ်။ ရှေ့ဆင့်နောက်ဆင့် လည်း ဖြစ်နိုင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ မြန်မာအစိုးရနဲ့ UNFC တွေ့ဆုံပွဲ ဘယ်တော့လောက် ဖြစ်လာနိုင်ဖို့ ရှိလာနိုင်သလဲ။

ဦးခွန်ဥက္ကာ ။ ။ ကျနော်ထင်တယ် ကျနော်တို့အနေနဲ့ လာမယ့်အပတ်ကို ချိန်းတာပဲ။ ဖေဖော်ဝါရီလအတွင်းမှာကို ကျနော်တို့ကတော့ UNFC နဲ့ KIO အရေးရှင်းဖို့ ပထမအပတ်အနေနဲ့ကို တည့်တည့်ကို တွေ့ရမယ့်သဘောတော့ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဘယ်မှာ တွေ့ဖို့ရှိပါသလဲ။

ဦးခွန်ဥက္ကာ ။ ။ ကျနော်တို့ရဲ့ မူလ တောင်းဆိုချက်ကတော့ တတိယနိုင်ငံဆိုတော့။ တတိယနိုင်ငံကိုလည်း တွေ့ဖို့ဆိုတာကို သဘောတူထားပြီးဖြစ်တဲ့အခါကြတော့ ကျနော်တို့က ကျနော်တို့အဖွဲ့တွင်က လူတွေက ခရီးသွားအခက်အခဲရှိတယ်။ ရှိတဲ့အခါကြတော့ ထိုင်းနိုင်ငံက ပထမ စတွေ့နိုင်တဲ့ နိုင်ငံဖြစ်နိုင်တယ်။ နေရာဖြစ်နိုင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ UNFC (United Nationalities Federal Council) ခေါ် ညီညွှတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ ဆက်သွယ်မေးမြန်း ဆွေးနွေးခဲ့တာပါ။

XS
SM
MD
LG