သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဂီတ အားမလျော့စေချင်သူ


မြန်မာ့ဂီတ အနုပညာရှင် ဒေါ်မာမာအေး
မြန်မာ့ဂီတ အနုပညာရှင် ဒေါ်မာမာအေး
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့အဆိုတော် ဒေါ်မာမာအေးဟာ မြန်မာသံစဉ်တွေကို ပရိတ်သတ် မေ့မသွားအောင်နဲ့ မြန်မာသံစဉ်သီဆိုတဲ့ မျိုးဆက်သစ်တွေ အားတက်စေဖို့ဆိုတဲ့ စိတ်ကူးတွေနဲ့ မြန်မာနိုင်ငံမှာ ခေတ္တရောက်ရှိနေတုန်း ဖျော်ဖြေပွဲတွေ ကျင်းပခဲ့ပါတယ်။ ကိုဇော်ဝင်းလှိုင် က ဒေါ်မာမာအေးကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ အန်တီဒေါ်မာမာအေး အခုလို VOA ကို လာရောက်ပြီး မေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အန်တီ ဒီမှာ ရောက်တုန်းရောက်ခိုက်၊ ကိုယ့်မိတ်ဆွေ၊ ကိုယ့်မိသားစုဝင်တွေနဲ့ ဆုံတဲ့အချိန်မှာ မွေးနေ့ပွဲလေး လုပ်ဖြစ်တယ်ဆိုတာလဲ ကြားပါတယ်။ အသက် ပြောလို့ရလား။ (၇၅) နှစ် ရှိသွားပြီဆိုတော့ … မွေးနေ့ပွဲ လုပ်ဖြစ်တဲ့ဟာလေးကို ဘယ်လိုပုံစံမျိုးနဲ့ လုပ်ဖြစ်လဲ။

ဖြေ ။ ။ အစကတော့ ဘဝတခုမှာ လေးပုံပုံသုံးပုံရောက်တဲ့နှစ်ဆိုတော့ အမှတ်တရတခုခု လုပ်သင့်တယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ် (၅၀) ပြည့်တုန်းကလည်း ဒီလိုပဲ မိတ်ဆွေအပေါင်းအသင်းတွေ ဖိတ်ပြီးတော့ ကျွေးမွေးတယ်။ လှုဒါန်းတာတွေ လုပ်ခဲ့တယ်။ အခု (၇၅) နှစ်မှာလည်း လုပ်မယ်လို့ စဉ်းစားထားတာပေါ့။ ဒါပေမဲ့ ကိုယ့်မွေးနေ့က ဘယ်လိုဖြစ်နေလဲဆိုတော့ ဂျူလိုင် (၂၆) ရက်ဆိုတော့ တကယ့်ကို မိုးတွင်းကြီး။ မိုးတွင်းမှာ ကိုယ့်နိုင်ငံက အင်မတန်မှာ မိုးများတဲ့နိုင်ငံ။ ဘယ်လိုမှ ပွဲတွေဘာတွေ လုပ်မပေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှစ် (၂၀) နီးပါးလောက် ကွဲကွာနေတဲ့ ပရိသတ်ကို ရောက်တဲ့အခိုက်မှာ သူတို့ကို ဖျော်ဖြေချင်တာလည်းပါတယ်။ နောက်ပြီးတော့ စဉ်းစားမိတာက ကိုယ် ဒီအသက်ဒီအရွယ်မှာ ဘာလုပ်ပေးသွားရင် ကောင်းမလဲဆိုတာကိုလည်း စဉ်းစားမိတယ်။

အဲဒါကြောင့် ကိုယ့်မွေးနေ့ပွဲကို အမှတ်တရ လုပ်ဖြစ်မယ်ဆိုရင် ကိုယ်တို့ရှေ့က နေပြီးတော့ လုပ်ခဲ့ရတဲ့ အနုပညာရှင်တွေ ရှိတယ်။ သူတို့တွေ အသက်ကြီးကုန်ပြီ။ တချို့လဲ နားတဲ့အရွယ် ရောက်ကုန်ပြီ။ တချို့လဲ မကျန်းမာတဲ့အတွက် နားနေရပြီ။ သူတို့တွေဟာ တချိန်တုန်းက ကိုယ့်ချစ်တဲ့ ဂီတအနုပညာတွေကို ကိုယ့်ပြည်သူလူထုတွေကို ဖျော်ဖြေပေးခဲ့ပြီ။ အခု သူတို့ အသက်ကြီးလာပြီ။ ဒီအရွယ်တွေ ရောက်ကုန်ကြပြီလို့ ပြည်သူတွေ ပြသိပေးစေချင်တယ်။ အဲဒီသီချင်းကို ဆိုသွားတဲ့လူက ဟော့ဒီလူပါပဲ။ ဒီသီချင်းကိုတော့ ဟော့ဒီအမျိုးသမီးကဆိုတာ။ ဘယ်လိုခေါ်မလဲ … မမေ့သော်လဲပဲ ထပ်ပြီးတော့ မှတ်မိေအောင်လို့ လုပ်ချင်တာ။

အခု ခဏခဏပဲ လူတွေ ပြောနေကြတာ ခေတ်ပေါ်တွေက သိပ်လွှမ်းမိုးတဲ့အတွက်ကြောင့် ဗမာသံတွေက ပျောက်ဆုံးကုန်ပါပြီ။ နောက် ဘယ်သူတွေမှ မရှိသလောက် ဖြစ်နေပြီ၊ ဘာဖြစ်နေကြပြီဆိုပြီး အများကြီးပဲ မင်းတို့လဲ ကြားမှာပါ။

အဲဒီတော့ ရှိပါတယ်။ ခဏခဏ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ သူတို့ စင်ပျောက်နေတာပါလို့ ပြောခဲ့တယ်။ စင်ပျောက်နေတဲ့ ကလေးတွေကိုလည်း စင်ပေါ်ပြန်တင်ရမှာပေါ့။ စင်ပေါ်မတက်လည်း ပြည်သူက မမြင်ဘူး။ မမြင်တော့ မသိကြဘူး။ ဒါကတော့ ထုံးစံပါပဲ။ မမြင်လို့ မသိတာ ဘယ်နဲ့လုပ်မလဲ။ တခုရှိတာက စင်ပေါ်တက်တာပဲဖြစ်ဖြစ်၊ စင်ပေါ်မှာ မတက်ဘဲနဲ့ အခွေတွေ ထွက်ပြီးတော့ ထုတ်လုပ်နေသည်ဖြစ်စေ၊ ကိုယ့်ရဲ့ပြည်သူက ကိုယ့်ရဲ့ ဗမာသံကလေးတွေကို အားပေးနေမယ်၊ ချီးမြှောက်နေမယ်ဆိုရင် ဒီလောက ဘယ်လိုလို့ ပျောက်မလဲ။ ကိုယ့်နိုင်ငံက မြန်မာနိုင်ငံပဲ .. အဲဒီတော့ လက်ခံပေးဖို့ဆိုတာ အနုပညာရှင်တွေက ပြောလို့မရဘူး။ ပရိသတ်က သူ့ဘာသာ နားလည်စွာနဲ့ ချီးမြောက်ရမှာ။ ဘာဖြစ်လို့လဲဆိုတော့ ဒို့တွေ အခုထိ ရပ်တည်နေတဲ့ နာမည်က ကိုယ့်ဘာသာ ရပ်တည်နေတာ မဟုတ်ဘူးနော်။ ပြည်သူလူထုက ရပ်တည်ပေးတဲ့ နာမည်လို့ ယူဆရမှာ။ သူတို့စိတ်ထဲမှာ ကိုယ့်ကို မေ့သွားပြီဆိုရင် ဒီနာမည်လည်း မရှိတော့ဘူးလေ။ အဲဒီလိုမျိုးဖြစ်မှာ။

နောက်တခုက ဒီကလေးတွေ နောက်တက်မယ့် ကလေးတွေလည်း ပြည်သူလူထုကြားကို မရောက်သွားဘူး။ ပြည်သူလူထုက မမြင်ဖူးဘူး။ ပြည်သူလူထုက မကြားဖူးဘူးဆိုရင် ဘယ်လိုလို့ သူတို့ သိမလဲ။ အဲဒီအတွက်လည်း ပါပါတယ်။ အဲဒီတော့ ကိုယ့်လောကထဲမှာ ရှိခဲတဲ့ စန္ဒရားဆရာတွေ၊ တယောဆရာတွေ၊ ရေးတဲ့လူတွေ အများကြီး ရှိခဲ့တယ်။ သူတို့တွေရဲ့ သားသမီးတွေ ဒီလောကထဲမှာ ရှိမှ့ှရှိသေးရဲ့လား။ ဆက်လုပ်နိုင်မယ်လူတွေ ဘယ်လောက် ရှိအုံးမလဲ။

မေး ။ ။ မျိုးဆက်သစ်တွေ ဘယ်လောက်၊ ဘယ်သူတွေ ရှိသလဲ။ မျိုးဆက်က မသိဘူး ဖြစ်နေတယ်။

ဖြေ ။ ။ မျိုးဆက်တွေမှာ တကယ့်တကယ်ကို ဂီတသမားရဲ့ သားသမီးစစ်လည်းဖြစ်မယ်။ တချို့ကလဲ ဝါသနာပါလို့ ဝင်လုပ်တာလည်း ရှိမယ်။ ဒါပေမဲ့ နံပတ်တစ်ကတော့ ဆန်ရင်းနာနာဖွတ် ကိုယ့်ထဲကိုယ်နေရာက အရင်ရှာရတာပေါ့။ ရှာတဲ့အခါကြမှ စန္ဒရားချစ်ဆွေရဲ့သား ချစ်အောင်ဆွေဆိုရင် စန္ဒရားတီးနေတယ်။ လူမသိဘူး။ အဲဒီကလေးတွေကို ပွဲတင်တယ်။ ဒီလိုပဲ တယောတီးခဲ့တဲ့ မောင်စိုးမင်းရဲ့ သမီးလေးတွေ သီချင်းဆိုနေကြတယ်။ ဒါပေမဲ့ လူမသိဘူး။ အဲဒီလိုမျိုး တွံတေးသိန်းတန်ရဲ့ သမီးလေးတွေ ရှိတယ်။ အများကြီးပါ။ အဲဒီလိုမျိုး တကယ့်ဂီတမျိုးဆက်သစ် ကိုယ့်ဂီတမိသားစုက ဆင်းသက်လာတဲ့ အစစ်ကလေးတွေကို ပြန်တွေ့လာတဲ့အခါကြတော့ သူတို့တွေကိုလည်း ပြည်သူတွေကို ပေးပြခဲ့ချင်တယ်။ အဲဒီတော့ သွားလေသူ ကိုယ့်မိတ်ဆွေ သူငယ်ချင်းများရဲ့ တာဝန်ကို ဆက်ထမ်းတာပါ။

မေး ။ ။ ဆိုတော့ အန်တီပွဲမှာ မျိုးဆက်ဟောင်းတွေ ပြန်ပြီးတော့ ပရိသတ်ရှေ့မှာ ပြန်ပြီးတော့ ဖျော်ဖြေခွင့်ရသလို၊ မျိုးဆက်သစ်တွေကိုလည်း မိတ်ဆက်ပေးပြီသာဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးလေး ဖြစ်သွားတာပေါ့။ ဆိုတော့ ဒါက ရန်ကုန်မှာ လုပ်တဲ့ပွဲတွေပေါ့။ မန္တလေးဘက်မှာလည်း အန်တီ လုပ်ဖြစ်ခဲ့တယ်။ မန္တလေးက ဘယ်လိုမှ ပြတ်လို့မရတဲ့မြို့ ဖြစ်နေတယ်ဆိုတော့ မန္တလေးမှာ ဒီလိုအလားတူပွဲမျိုး လုပ်ဖြစ်တယ်ပေါ့။

ဖြေ ။ ။ ရန်ကုန်ပြီးတော့ မန္တလေးကို အဲဒီတပတ်အတွင်းပဲ ဒီမှာတရက်၊ ဟိုမှာတရက် သွားလုပ်ဖြစ်ပါတယ်။

မေး ။ ။ ဒီအနုပညာ လုပ်ငန်းတွေအပြင် အန်တီအနေနဲ့ ကိုယ်တတ်တဲ့ အနုပညာနဲ့ပဲ တခြားပရဟိတ လုပ်ငန်းတွေ ရောက်တုန်းရောက်ခိုက် - အခု ရန်ပုံငွေရှာတာမျိုးတွေ လုပ်တယ်ဆိုတာလဲ ကြားသိပါတယ်။ ဘာတွေများ အန်တီကူညီလုပ်ဆောင်ပေးတာ ရှိခဲ့လဲ။

ဖြေ ။ ။ အစတုန်းက တခါလာလို့ရှိရင် သုံးလလောက်ပဲ နေတာပါ။ ပြန်ခါနီးတဲ့အခါမှ အန်တီအေးတို့ အင်မတန် ခင်ခဲ့ရတဲ့ ဆရာဝန်ကြီးတွေက Request လုပ်တယ်။ သူတို့ Foundation နှစ်ခု - Go Future Foundation နဲ့ New Life ဆိုတဲ့ Foundation နှစ်ခုကနေ ဦးစီးပြီးတော့ Autism ဆိုတဲ့ ရောဂါတမျိုးဖြစ်တဲ့ ကလေးတွေရဲ့ကျောင်းကို ရန်ပုံငွေ လှုချင်တယ် ကူညီပေးပါဆိုတာနဲ့ နောက်ထပ်သက်တမ်းတိုးပြီးတော့ ဒီကနေ့အထိ မပြန်ရသေးတာပါ။

မေး ။ ။ ဆိုတော့ အဲဒီပွဲလေးကရော အောင်အောင်မြင်မြင် ဖြစ်သွားလား။

ဖြေ ။ ။ အဲဒါလဲ ပထမတုန်းကတော့ ဗိုလ်ချုပ်မွေးနေ့ကနေစပြီးတော့ လုပ်မယ်ပေါ့။ ဖေဖေါ်ဝါရီမှာ လုပ်မယ်လို့ ပြောခဲ့ပြီး စောင့်ရင်းနဲ့ နောက်တော့ (၁၈) ရက်နေ့မှာတော့ လုပ်ဖြစ်သွားပါတယ်။ ပြည်မြို့မှာ ပထမဦးဆုံး လုပ်ပါတယ်။ နောက် ဘယ်မြို့မှာ လုပ်မလဲဆိုတာတော့ မသိသေးပါဘူး။ နဂိုပြောတုန်းကတော့ ရေဦးတို့ဘာတို့ ပြောတာ။ အခုကြတော့ အဲဒီနေရာတွေ မပါတော့ဘဲနဲ့ ပြည်မှာပဲ ဒီပွဲကို လုပ်ဖြစ်သွားပါတယ်။ ဒီက အန်တီရယ်၊ ကျန်တဲ့ ဝါသနာပါတဲ့ ပရဟိတ လုပ်ချင်ကြတဲ့ ဂီတထဲက သားသမီးတွေ သွားပြီးတော့ သီချင်းဆိုကြတာပေါ့။

မေး ။ ။ ဆိုတော့ အန်တီ ဖြတ်သန်းလာတဲ့ အနုပညာသက်တမ်းက မနည်းတော့ဘူး။ အခုထိလည်း တောက်လျှောက်လုပ်နေတာ။ မြန်မာပြည်နဲ့ ကာလတခု ပြတ်သွားတယ်ဆိုပေမယ့်လဲ အန်တီက အနုပညာနဲ့ ပြတ်နေတာမှ မဟုတ်တာ။ ဆိုတော့ အန်တီဆီက အခု မျိုးဆက်သစ်တွေ သင်ယူနိုင်တာတွေက အများကြီးရှိတယ်။ အန်တီလို တခေတ်တခါက လမ်းကြောင်းထွင်ပြီးတော့ ရပ်တည်ခဲ့ကြတဲ့ အနုပညာရှင်တွေဆီက သင်ယူစရာတွေ အများကြီးရှိတော့ အဲဒါတွေကို အနုပညာအမွေးပေးဖို့ လူငယ်မျိုးဆက်သစ်တွေအတွက် အစီအစဉ်ရှိသလား။ လုပ်ပေးနေတာတွေ ရှိနေပြီလား။

ဖြေ ။ ။ အဲဒါကတော့ ရောက်တဲ့နေရာ လုပ်တာပဲ။ အင်္ဂလန်ရောက်လည်း အင်္ဂလန်က ကလေးတွေ၊ ဗမာပြည်ရောက်တော့လည်း ဗမာပြည်က ကလေးတွေပေါ့။ တွေ့တဲ့လူ၊ ကြုံတဲ့လူ အကုန်လုံးကို သင်တော့တယ်။ ခရီးသွားရင် သင်တဲ့အတွက်ကြောင့် အဝေးသင်ဆိုပြီးတော့ ကဏ္ဍတခုလောက် ထည့်လို့ရနေတယ်။ နောက် နိုင်ငံတကာ၊ အခုက အမေရိကမှာဆိုတော့ အဲဒီမှာရှိတဲ့ ဝါသနာပါတဲ့လူတွေ အကုန်လုံးကိုလည်း သင်ပေးခဲ့တယ်။ ဟိုဘက် အင်္ဂလန်ကလူတွေလည်း သင်ပေးခဲ့တယ်။ ရောက်တဲ့နေရာမှာတော့ သင်ပေးနေတယ်။ အခု ဒီရောက်တော့လဲ ဂီတအစည်းအရုံးကိစ္စတွေလည်း ဝင်ကူညီပါတယ်။ တလောက US သံရုံးကနေ လာလည်တဲ့ Hip-hop အုပ်စုတစုလာတယ်။ သူတို့က လာတော့ Hip-hop နဲ့လာတာ ဒါပေမဲ့ မြန်မာ့ဂီတကို နားလည်ချင်တယ်ဆိုတယ်။ အဲဒါနဲ့ ဂီတအစည်းအရုံးကပြောတော့ မဟာဂီတ သီချင်းကြီးထဲက ဒို့ဆီမှာ ပျော်ပျော်ပါးပါး လုပ်စရာတွေလည်း ရှိပါတယ်။ Traditional ထဲကနေ ထုတ်ပြကြစို့ဆိုပြီး အခုထက်ထိ သုံးနေကြတဲ့ သာသနာအဖွဲ့တွေဆို ထူးမခြားနားတွေ ဆို၊ မင်္ဂလာဆောင်တွေမှာဆို အခါတော်ပေးတွေ လုပ်တုန်း။ အဲဒီကနေ ဘာသာရေးပွဲတွေ၊ အလှုပွဲတွေမှာဆို ဒိုးပတ်တွေ၊ အိုးစည်းတွေနဲ့ ဆိုကြတုန်း။ သံချပ်ဆိုတာက မင်းတို့ရဲ့ Hip-hop နဲ့ အဆင်ဆုံး - အဲဒီလိုဟာမျိုးလေးတွေနဲ့ တွဲပြီးတော့ တင်ပြပေးတာတွေ လုပ်ဖြစ်ခဲ့တယ်။ သူတို့လည်း ဝမ်းသာမှာပါ။ ကိုယ့်တိုင်းကိုယ့်ပြည်က ပစ္စည်းတွေကို ကိုယ်သွားနေတဲ့ တိုင်းပြည်ကလူတွေကို ပြောပြရတဲ့သဘောပါပဲ။

မေး ။ ။ အမေရိကန်သံရုံးက ဦးစီးပြီးလုပ်တဲ့ Hip-hop အဖွဲ့ကို ကျနော်တို့လည်း တွေ့လိုက်ရတယ်။ ဆိုတော့ တခုခုရှိပြီဆိုရင် ကျနော် သိရသလောက် မြန်မာနိုင်ငံထဲမှာ မြန်မာအစိုးရက ဦးစီးပြီးလုပ်တာ၊ လူမှု့အဖွဲ့အစည်းတွေက ဦးစီးပြီးလုပ်တာဆို မြန်မာ့ဂီတစစ်စစ်ကိုပြဖို့၊ ကိုယ်စားပြုဖို့ဆိုရင် ထစ်ကနဲဆို အန်တီမာမာအေးကို လူတွေက အရင်ဆုံး စဉ်းစားကြတယ်။ ခေါင်းထဲပေါ်လာကြတယ်။ အခု Hip-hop အဖွဲ့ရောက်တော့လဲ အန်တီ။ အန်တီသီချင်းတွေလည်း Remix လုပ်ပြီးတော့ အခွေထုတ်ကြတာ အန်တီလည်း သိပါတယ်။ ခေတ်ပေါ်တေးတွေနဲ့ ရောပြီးတော့။ ဆိုတော့ စောစောက မေးတဲ့အထဲမှာ ထပ်ပြီး သိချင်တာလေး တခုက အခုဒီမှာရောက်တုန်း မျိုးဆက်သစ်တွေကို သင်ကြားပေးတယ်။ ပို့ချပေးတယ်။ အန်တီအတွေ့အကြုံတွေကို ရှယ်ပေးတယ်။ ဆိုတော့ ဘယ်လိုလူတွေကို - လူဆိုတာက အခြေခံရှိမှ အန်တီဆီက သင်ယူဖို့ဆိုတဲ့ အဆင့်ကို ရောက်လာမှာ။ ဘာမှမတတ်ဘဲနဲ့ စည်းနဲ့ဝါး မသိဘဲနဲ့ အန်တီဆီမှာ သင်ချင်ပါတယ်ဆိုပြီး လာတယ်ဆိုရင်လဲ အန်တီလည်း သင်လို့ရမှာ မဟုတ်ဘူး။ ဘယ်လိုအဆင့်တွေကို လက်ဆင့်ကမ်းပေးနေလဲ။

ဖြေ ။ ။ ကိုယ်က အချိန်မပေးနိုင်လို့။ အခုလောလောဆယ်တော့ ဂီတကလေးတွေက ကိုယ့်ကိစ္စတွေကို လိုက်ကူတာ များကြတယ်။ ဒါကြောင့် သူတို့အတွက် အကျိုးရှိတာ တခုခုလုပ်ပေးမယ်လို့ အစက စဉ်းစားထားခဲ့တယ်။ ဆိုလိုတာက အခုလောလောဆယ် ကိုယ့်အနားမှာရှိတဲ့ ကလေးတွေက Professional တွေ လုပ်နေကြတာ။ မင်္ဂလာဆောင်တွေ၊ အပြင်ကပွဲတွေမှာ ဆိုနေကြတာ။ အဲဒီလို ကလေးတွေဆိုတော့ သူတို့ဆီမှာ အထိုက်အလျောက်အဆင့် ရှိကြတယ်။ ဒီပညာ ဂီတပညာနဲ့ ပတ်သက်လို့ ရှိကြတယ်။ ကြားလည်းကြားဖူးကြတယ်။ အများကြီး မလုပ်ဖူးတာတောင်မှ တော်တော်များများတော့ တီးခေါက်မိကြပါတယ်။ တီးခေါက်နိုင်လို့လဲ ဆိုစားနိုင်တာပေါ့။

ဒါပေမဲ့လို့ အခု ဒီရောက်မှ မင်္ဂလာဆောင် နှစ်ပွဲသုံးပွဲလောက်ကို တက်လာတဲ့အခါကြတော့ ဆိုတဲ့စနစ်လေးတွေက နည်းနည်းချို့ယွင်းနေတာကို တွေ့ပါတယ်။ အထူးသဖြင့် နာမည်ကြီးပြီးတော့၊ နာမည်ကြီးပေမယ့် တကယ့်အခြေခံကို မယူခဲ့တဲ့ ကလေးတွေက တော်တော်လေးကို ဂီတသမားတယောက်အနေနဲ့ မြင်ရရင်၊ ကြားရရင် ဒါမဟုတ်ဘူးလို့ ပြောမှာ။ လိုတာတွေ၊ ပိုတာတွေ ရှိနေပါတယ်။ အဲဒီဟာကို ကိုယ့်ပတ်ဝန်းကျင်၊ လိုက်ကူနေတဲ့ ကလေးတွေကို ပြန်ပြီးတော့ သန့်ပေးဖို့ အစီအစဉ်ရှိတယ်။ ဘာလဲဆိုတော့ စည်းကျော်ပြီးဆိုတာတို့၊ စည်းနောက်ချန်ပြီး ဆိုတာတို့ဆိုတာ ကိုယ့်လောကမှာ ရှိပါတယ်။ ဒါပေမဲ့လို့ စနစ်မှာတော့ ဒီနေရာမှာ ဒီလိုဆိုရပါတယ်ဆိုတဲ့ အတိအကျမူကလည်း ရှိပြီသား။ အဲဒီ ရှိပြီသားကို မသိဘဲနဲ့ နောက်တက်တဲ့ ကလေးတွေက သေချာစနစ်နဲ့ သင်ခဲ့ရတာ မဟုတ်ဘဲနဲ့ ရှေ့ကလူကြီးတွေ၊ အမကြီးတွေ ဆိုတာကို ကြားဖူးနားဝနဲ့ လိုက်ဆိုနေတာတွေလည်း ရှိနေတယ်။ အဲဒီလို ကြားဖူးနားဝနဲ့ လိုက်ဆိုတဲ့အခါကြတော့ တခါတလေတော့ အံ့ဝင်ခွင်ကျ ဘယ်ဖြစ်နိုင်မလဲ။ သူတို့မှာ တကယ် သင်ထားရတာ မဟုတ်ဘူး။ (အသံတူ လိုက်ဆိုတဲ့အဆင့်) လို ဖြစ်သွားတာကို တွေ့ရတယ်။ အဲဒီအတွက်ကြောင့် ကိုယ့်နားပတ်ဝန်းကျင်က ကလေးတွေကို သန့်သန့်ရှင်းရှင်း၊ ကောင်းကောင်းမွန်မွန်နဲ့ တကယ့်အဆင့်ရှိရှိ စနစ်ကို ပေးချင်တယ်။ ပေးဖို့ ဆုံးဖြတ်တယ်။ အဲဒါကြောင့်မို့ အားလုံးကိုလည်း ပြောထားတယ်။ အန်တီကိုလိုက်ပြီးတော့ လုပ်အားပေးတယ်ဆိုရင် ဥပမာ မွေးနေ့ပွဲနှစ်ပွဲကို လိုက်ဖူးတဲ့ ကလေးတွေရှိတယ်။ နောက်ပြီးတော့ ပရဟိတ သွားလုပ်တဲ့အချိန်မှာ လိုက်ကူူတဲ့ ကလေးတွေရှိတယ်။ အဲဒီကလေးတွေအပြင် ဂီတအစည်းအရုံးမှာလည်း သွားပြီးတော့ သင်မယ်လို့ ဆုံးဖြတ်တဲ့အတွက်ကြောင့် ဂီတအစည်းအရုံးကနေတဆင့် လာပြီးတော့ Join နိုင်တယ်။ အဲဒီလိုလူတွေက ဘယ်လိုလူမျိုး ဖြစ်ရမလဲဆိုရင် ဂီတအစည်းအရုံးဝင် ဖြစ်တယ်။ နောက်ပြီးတော့ ဆိုကရေးတီး ပြိုင်ပွဲတွေမှာလည်း ဆုရထားတဲ့လူတွေလည်း ဖြစ်တယ်။ အဲဒီလိုလူတွေဆို လက်ခံပေးလိုက်လို့ ပြောထားပါတယ်။

အဲဒါကြောင့် မတ်လ (၅) ရက်နေ့ကနေ (၉) ရက်။ (၁၂) ရက်နေ့အထိ ဆယ်ရက် မွမ်းမံသင်တန်းလေး လုပ်ပေးမယ်လို့ လုပ်ထားပါတယ်။

မေး ။ ။ အန်တီ ကျေးဇူးအများကြီးတင်ပါတယ်။

ဖြေ ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG