သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဝင်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်


SNLD flag from SNLD website
SNLD flag from SNLD website

ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ မကြာမီ ကျင်းပဖို့ရှိတဲ့ အထွေထွေရွေးကောက်ပွဲမှာ ဒီနှစ် ရွေးကောက်ပွဲဝင်ခဲ့တဲ့ SNLD (ခေါ်) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်လည်း ပါဝင်ယှဉ်ပြိုင်မှာပါ။ ရှမ်းပြည်နယ်တခုလုံးနဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးတွေမှာ ကိုယ်စားလှယ်ပေါင်း (၁၆ဝ) ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တဲ့ SNLD အနေနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ဘာတွေ ပြင်ဆင်နေပါသလဲ၊ ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး SNLD အနေနဲ့ မျှော်လင့်ချက်၊ စိုးရိမ်မှုတွေနဲ့ ပတ်သတ်ပြီး VOA ရန်ကုန်ရုံးတာဝန်ခံ ဒေါ်ခင်စိုးဝင်းက SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။

ဦးစိုင်းညွှန့်လွင် ။ ။ မင်္ဂလာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမတို့ကို ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ် လာခွင့်ပြုပြီး တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ အခု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက်ကို အမတ်လောင်း၊ ကိုယ်စားလှယ်လောင်းတွေ ဘယ်လောက်များ ရွေးချယ်ထားပါလဲရှင့်။

ဦးစိုင်းညွှန့်လွင် ။ ။ ကျနော်တို့ စုစုပေါင်း အားလုံးပေါင်း (၁၅၈) ယောက်။ ရှမ်းပြည်နယ်မှာ (၄၀) ကျော်ပါတယ်။ ကချင်ပြည်နယ်တောင်ပိုင်းမှာ တချို့ပါပါတယ်။ မန္တလေးတိုင်း အရှေ့ဘက်အခြမ်း မေမြို့၊ မိုးကုတ် မန္တလေးမှာပါပါတယ်။ နောက် ကယားမှာ ပါပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီ ဦးဆောင်ပါတီ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး နဲ့ အမျိုးသားဒီမိုကရေစီပါတီတွေကလည်း အသီးသီး ကိုယ်စားလှယ်လောင်းတွေ တင်ထားပြီးပါပြီ။ အဲဒီနေရာမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဲဒီပါတီကြီး နှစ်ခုနဲ့ ပြိုင်ဖို့ ဘယ်လိုများ ပြင်ဆင်ထားပါလဲရှင့်။

ဦးစိုင်းညွှန့်လွင် ။ ။ အဓိကတော့ ကျနော်တို့တွေက လူထုတွေရဲ့ အားကိုကြည့်တာပါ။ ဒါကြောင့်မို့ လွန်ခဲ့တဲ့ (၁) နှစ် (၂) နှစ်ကတည်းက ကျနော်တို့ လူထုကြားထဲမှာ ကျနော်တို့ရဲ့ သဘောထားတွေ၊ ဆောင်ရွက်မယ့်ကိစ္စတွေကို ရှင်းပြထားပြီး ဖြစ်ပါတယ်။ အဓိက လူထုဆီက မဲရမှာ ဖြစ်တဲ့အတွက် လူထုကိုပဲ အဓိကထားပြီးတော့ စည်းရုံးပါတယ်။ လူထုကို စည်းရုံးလို့ရတယ်။ လူထုယုံကြည်မှု ရတယ်ဆိုရင်တော့ ဘယ်ပါတီပဲဖြစ်ဖြစ် ကျနော်တို့ သိပ်မူ့စရာမလို့ပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောထားဖူးပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေ ယှဉ်ပြိုင်မယ့် နေရာတွေမှာ သူတို့ NLD ပါတီက မပြိုင်ဘူးလို့ ပြောပါတယ်။ တကယ်တမ်း စာရင်းထွက်လာတဲ့အခါကြတော့ သူတို့တွေလည်း အားလုံးနီးပါးမှာ ဝင်ပြိုင်တာပါ။ ဒီအပေါ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်လိုများ သဘောထား ရှိပါလဲရှင့်။

ဦးစိုင်းညွှန့်လွင် ။ ။ NLD က CEC (၃) ယောက်နဲ့ ကျနော်တို့ SNLD က CEC တွေ တွေ့ကြပါတယ်။ သူ အခုနပြောသလို ဦးခွန်းထွန်းဦး ဝင်မယ့်နေရာကို ဦးခွန်းထွန်းဦးသည် CRPP ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့အတွက် သူတို့ မဝင်ဘူးလို့ ယတိပြတ် ပြောလို့ရပါတယ်။ သို့သော်လဲ ကျန်တဲ့နေရာတွေမှာတော့ ဆက်လက်ညှိနှိုင်းဖို့ နှစ်ဦးသဘောတူထားတာ ရှိပါတယ်။ သို့သော်လဲ လက်တွေ့မှာကျတော့ သူကလည်း သူ့ candidate တွေကို ရွေးဖို့အတွက် အချိန်ကတိုတယ်။ ကျနော်တို့လည်း ကျနော်တို့ candidate ရွေးရင်နဲ့ပဲ နောက်ဆုံး အခုအခြေအနေမှာတော့ ညှိနှိုင်းနိုင်တဲ့ အနေအထားမျိုး မရောက်တော့ဘဲနဲ့ မြို့နယ်တွေမှာ NLD နဲ့ SNLD တို့ ယှဉ်ပြိုင်ရမယ့် အနေအထားရောက်သွားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီအခါမှာ ကျမတို့ အကဲခတ်ရသလောက် ဒီဒေသခံ တိုင်းရင်းသားဆိုတာကလဲ ရှမ်းတိုင်းရင်းသားတွေ များတာပေါ့။ ရှမ်းတိုင်းရင်းသားတွေအနေနဲ့တော့ ဘာပဲပြောပြော ကိုယ့်ရှမ်းတိုင်းရင်းသား ကိုယ့်အမျိုးသား ကိုယ်စားလှယ်လောင်းတွေကို ပေးဖို့ရှိတယ်လို့ ယူဆရမှာပေါ့။ အဲဒီအခါကြ တကယ်လို့ လွှတ်တော်ထဲ ရောက်သွားပြီးတဲ့အခါကြတော့ တိုင်းရင်းသားပါတီတွေက နိုင်တယ်ဆိုလို့ရှိရင် တကယ်လို့ ညွှန့်ပေါင်းအစိုးရတွေ ဖွဲ့စည်းမယ်ဆိုလို့ရှိရင်ကော အဲဒီအပေါ် ဘယ်လို သဘောရပါလဲရှင့်။

ဦးစိုင်းညွှန့်လွင် ။ ။ ကျနော်တို့ ပထမတော့ ရွေးကောက်ပွဲကို အများကြီး စိတ်မဝင်စားပါဘူး။ ပါတီရပ်တည်ရေးလောက်ပဲ ဝင်ဖို့ စဉ်းစားခဲ့ပါတယ်။ သို့သော်လဲ နောက်ဆုံး မြန်မာ့နိုင်ငံရေး အခြေအနေအရပ်ရပ်ကို ပြန်ပြီးတော့ သုံးသပ်တဲ့အခါမှာ ကျနော်တို့ SNLD အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ တာဝန်ရှိတယ်လို့ ကျနော်တို့က ယူဆပါတယ်။ ဒီမိုကရေစီ ရရှိရေးမှာ SNLD အနေနဲ့ ပါဝင်ထမ်းဆောင်ရမယ့် သမိုင်းပေးတာဝန်ရှိတယ်။ ဘယ်သူမှပေးတဲ့ တာဝန်တော့ မဟုတ်ပါဘူး။ အဲဒီပဲ ကျနော်တို့ သုံးသပ်တယ်။ သုံးသပ်တဲ့အတွက် အခုလာမယ့် ၂၀၁၅ ပြည်ထောင်စုလွှတ်တော်မှာ ဒီမိုကရက်တစ်ကို အားပေးတဲ့ အစုအဖွဲ့တွေကို ကျနော်တို့က ဖြည့်ဆည်းပေးရမယ့် တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် ကျနော်တို့ တတ်နိုင်တဲ့ စွမ်းအားရှိသလောက် ပြည်ထောင်စုလွှတ်တော်မှာ ပါဝင်နိုင်ဖို့ ကျနော်တို့ ဆုံးဖြတ်ပြီးတော့ အခုလို အပင်းပန်ခံပြီး ဆုံးဖြတ်တာ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ ရလာတဲ့ အရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်ကို ရောက်ခဲ့လို့ရှိရင် ပြည်ထောင်စုလွှတ်တော်ဆိုတာ အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်း အဲဒီမှာ ဘယ်ဖက်ကို ရပ်တည်မလဲဆိုတာကတော့ ရှင်းပါတယ်။ မူလ ရွေးကောက်ပွဲမဝင်ခင်ကတည်းက ဆုံးဖြတ်ထားတဲ့အတိုင်း ဒီမိုကရက်တစ်အုပ်စုတွေကို ဖြည့်ဆည်းပေးမှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ တခြား တိုင်းရင်းသားပါတီ၊ ဥပမာ ရခိုင်တိုင်းရင်းသားပါတီတွေဆိုရင် အရင်ပါတီကြီးနှစ်ခုကို ပူးပေါင်းလာပြီး ပါတီကြီးတခုအနေနဲ့ ပြန်ထူထောင်၊ စုစည်းကြတယ်ပေါ့။ အဲဒီလိုပဲ ရှမ်းလူမျိုး နိုင်ငံရေးပါတီတွေ အများကြီး ရှိပါတယ်။ ဥပမာ ရှမ်းနိုင်ငံရေး ပါတီထဲမှာလဲ ပြည်ခိုင်ဖြိုူးပါတီနဲ့ alliance မဟာမိတ်ရှိတဲ့ ပါတီမျိုး ရှိသလို။ သီးခြားရပ်တည်တဲ့ ပါတီတွေလည်း အများကြီး ရှိပါတယ်။ အဲဒီပါတီတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်နိုင်လို့ မရနိုင်ဘူးလား။

ဦးစိုင်းညွှန့်လွင် ။ ။ ဒါ မူပေါ်မှာ မူတည်ပါတယ်။ ပါတီပေါ်မှာ မူမတည်ပါဘူး။ တကယ်လို့ ဒီမိုကရက်တစ်အုပ်စုတွေ လိုလားတယ်။ အဓိက ကျနော်တို့ သွားချင်တာက အခြေခံဥပဒေ ပြုပြင်ရေး။ တခြား မတရားတဲ့ ဥပဒေတွေ။ အခု အခြေခံဥပဒေ အောက်မှာရှိတဲ့ ဥပဒေတွေ။ ပြုပြင်ပြောင်းလဲဖို့၊ ဖျက်သိမ်းဖို့။ ဒါမှမဟုတ် အသစ်ပြန်ရေးဖို့ အဲဒီအပိုင်းတွေမှာတော့ သဘောထားတူတဲ့ လူတွေနဲ့တော့ လက်တွဲရမှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ရှမ်းတိုင်းရင်းသားပါတီတွေထဲက ကျားခေါင်းကို ဦးစားပေးပြီးတော့ သင်္ကတအဖြစ်နဲ့ သတ်မှတ်ထားတာ တွေ့ရပါတယ်။ ဥပမာ ကျားခေါင်း၊ ကျားဖြူ၊ ကျားနီတို့ပေါ့။ အဲဒါ ဘာဖြစ်လို့များ ကျားခေါင်းကို အသုံးပြုကြတာလဲရှင့်။

ဦးစိုင်းညွှန့်လွင် ။ ။ ရှမ်းတွေရဲ့ သင်္ကတ symbol က ကျားပါ။ ကျားဆိုတာက သိတဲ့အတိုင်း ကျားကျားရားရား ဖြစ်ဖို့လိုတယ်။ တခုကောင်းတယ် ကျား (၃) ကောင် ဖြစ်လာတော့ ရှမ်းလူထုအတွက် အရင်တုန်းကတော့ ကျားတကောင်တည်း ရှိတဲ့အခါကြတော့ ရှမ်းလူမျိုးတွေက မျက်စိမိတ်ပြီး ဒီကျားကို မဲထည့်နေကြတာပေါ့။ အခုကြတော့ (၃) ကောင်ဆိုတော့ လူထုတွေရဲ့ ရွေးချယ်မှု စကားပြောလာပြီ။ လူထုတွေရဲ့ အားထုတ်မှုလည်း ပါလာပြီ။ ကျနော်ထင်တယ် အခုရတဲ့ မဲ - ဘယ် ကျားပဲရရ။ အခုရတဲ့ မဲသည် အသိဉာဏ်နဲ့ ပေးတဲ့ မဲဖြစ်လိမ့်မယ်။ အဲဒီအတွက်ကို ဆန္ဒပြုတဲ့ ရှမ်းပြည်နယ်လူထုရဲ့ မဲကို ပိုပြီးတော့ တန်းဖိုးထားရမှာပါ။ ဒီတခါတော့ ပိုပြီးတော့ ခါတိုင်းထက် ပိုထားလိမ့်မယ်လို့ မြင်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု အပစ်အခတ်ရပ်စဲရေးတွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အမြဲတမ်း ထည့်ပြောနေရတဲ့ ဖယ်ဒရယ်ပြည်ထောင်စုမူ။ အဲဒီ ဖယ်ဒရယ် ပြည်ထောင်စုနဲ့ ပတ်သက်လို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားလေး သိပါရစေရှင့်။

ဦးစိုင်းညွှန့်လွင် ။ ။ ကျနော်တို့ သွားချင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကတော့ အခြေခံကတော့ (၄၇) ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင်တန်းရှမ်းစော်ဘွားတွေ။ တောင်တန်းဒေသနဲ့ ပြည်မနဲ့ သဘောတူထားတဲ့ ပင်လုံစာချုပ်ကို အခြေခံပြီးတော့ ကျနော်တို့ သွားခြင်းဖြစ်ပါတယ်။ ကျနော်တို့က အမျိုးသားပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တန်းတူညီမျှတယ်။ လွတ်လပ်တယ်။ အဆင့်အတန်းတူတဲ့ ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုစနစ်ပါ။ အဲဒါလဲ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ပါ။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလောလောဆယ် တိုင်းရင်းသားတွေအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေပါတယ်။ အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အပေါ်မှာ SNLD ရဲ့ ရပ်တည်ချက်လေး သိပါရစေရှင့်။

ဦးစိုင်းညွှန့်လွင် ။ ။ SNLD အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ငြိမ်းချမ်းရေးကိုလည်း ဖြစ်စေချင်တဲ့ ဆန္ဒရှိပါတယ်။ ကျနော်တို့ အတိုဆုံး ပြောရရင်တော့ လက်မှတ်ထိုးရေးက ကျနော်တို့ မူပါပဲ။ သို့သော် ခြွင်းချက်တော့ရှိတယ်။ အဲဒီ Condition က ဘာလဲဆိုတော့ အားလုံး လက်မှတ်ထိုးမယ့်ရေးမှာ နှစ်ဘက်စလုံး ကျေကျေနပ်နပ်နဲ့ သဘောတူပြီးမှ လက်မှတ်ထိုးမှာကို ပိုလိုလားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ကျောင်းတွေမှာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းတွေမှာ ရှမ်းစာ၊ ရှမ်းတိုင်းရင်းသား ဘာသာရပ်ကို သင်ကြားတဲ့မူကို ဘယ်လိုများ စဉ်းစားထားပါလဲရှင့်။ ကျမ ငယ်ငယ်တုန်းကဆို ရှမ်းပြည်မှာ နေခဲ့ဖူးပါတယ်။ လားရှိုးမှာ နေခဲ့တုန်းကဆိုရင် ၁၉၆၇-၆၈ ပတ်ဝန်းကျင်ကဆို ကျမတို့ မူလတန်းမှာ ရှမ်းစာ သင်ခဲ့ရပါတယ်။ ရှမ်းတိုင်းရင်းသီချင်းကို ကျောင်း assembly မှာ အမြဲတမ်း ဆိုခဲ့ရပါတယ်။ အခုလို ရှမ်းဘာသာရပ် သင်ကြားတာနဲ့ ပတ်သက်ပြီး အခြေအနေတွေ ဘယ်လို ရှိပါလဲရှင့်။

ဦးစိုင်းညွှန့်လွင် ။ ။ အခု ပညာရေးမူဝါဒနဲ့ ပတ်သက်လို့ ကျနော်တို့ လေ့လာမိသလောက်ဆိုရင်တော့ NNER က လုပ်တဲ့ စနစ်ကို ကျနော်တို့က တော်တော်လေး ကြိုက်ပါတယ်။ သို့သော်လဲ SNLD အနေနဲ့ အသုံးချခံတာတော့ မဟုတ်ဘူး။ လောလောဆယ် အဲဒီစနစ်ကို ကြိုက်တယ်။ ကြိုက်တယ်ဆိုတာက မိခင်ဘာသာစကားနဲ့ သင်တဲ့ကိစ္စကို အများကြီးပဲ ပိုပြီးတော့ လိုလားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကလေးတွေက မြန်မာစကား မတတ်ဘူး။ မြန်မာစကား မတတ်တဲ့အခါကြတော့ မြန်မာစာနဲ့ သင်တဲ့ သင်ပုန်းကြီးမှာ ပြဿနာတွေ အများကြီးရှိတယ်။ သူတို့ မမြင်ဘူးတဲ့ အရာတွေကို သင်မယ်။ သူတို့ မကြားဘူးတဲ့ ဝေါဟာရတွေနဲ့ သင်ရတဲ့အခါကြတော့ ကလေးတွေရဲ့ စာတတ်မြောက်မှုနှုန်း တအားနည်းပါတယ်။ အခု NNER လုပ်ထားတဲ့ဟာက မိခင်ဘာသာစကားနဲ့ အခြေခံပြီး သင်မယ်။ မူလတန်းအဆင့်မှာ (၆၀) ရာခိုင်နှုန်းလောက် မိခင်ဘာသာစကားနဲ့ သွားမယ်။ ဆိုတော့ အဲဒီစနစ်ကို ကျနော်တို့က ပိုပြီးတော့ အားသန်ပါတယ်။ ပိုပြီးတော့ ကြိုက်နှစ်သက်ပါတယ်။ အခုဆိုရင် ကျနော်တို့ ၂၀၁၅ လာမယ့် ရွေးကောက်ပွဲမှာ ပညာရေးနဲ့ ပတ်သက်လို့ ကျနော်တို့ ပိုပြီးတော့ ဦးစားပေးလုပ်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ Census မှာ ပြည်နယ်နဲ့တိုင်း (၁၄) ခုမှာ ရှမ်းပြည်နယ်က စာတတ်မြောက်မှု အနည်းဆုံး ဖြစ်နေတယ်။ အဲဒီတော့ ရှမ်းပြည်နယ်မှာတော့ စာတတ်မြောက်မှုနှုန်းကို ဒီထက်ပိုပြီးတော့ မြှင့်တင်ဖို့ ကျနော်တို့ ကြိုးစားဖို့ လိုတယ်ဆိုတဲ့ကြောင့် အဲဒါကို ကြိုးစားပါမယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ရှမ်းပြည်နယ်အတွင်းမှာပဲ တခြားလူမျိုးစု တိုင်းရင်းသားတွေလည်း အများကြီး နေထိုင်ကြပါတယ်။ အဲဒီ တိုင်းရင်းသားလူမျိုးစုတွေက ရှမ်းတင်မကဘူး။ ပလောင်းရှိမယ်။ ပအို့ဝ် ရှိမယ်။ ဝ လည်း ရှမ်းပြည်နယ်အတွင်းမှာ ပါဝင်နေတာပါ။ ကိုးကန့်လည်း ရှမ်းပြည်နယ်အတွင်းမှာ ပါနေတယ်ဆိုတော့ အဲဒီ တိုင်းရင်းသားလူမျိုးစုတွေ အချင်းချင်း သဟဇာတ မျှတဖို့ အဲဒီ အခြေအနေလေးကို နည်းနည်းပြောပြပါလား။

ဦးစိုင်းညွှန့်လွင် ။ ။ အမှန်ကတော့ ကျနော်တို့ အခုက SNLD ကို စဖွဲ့တုန်းက ရှမ်းတွေကြီးပဲ စဖွဲ့တာပါ။ သို့သော်လဲ တကယ့်တကယ်ကျတော့ ရှမ်းတွေကြီးပဲ မဟုတ်ဘူး။ ကျနော်တို့ အလုပ်အမှုဆောင်ထဲမှာ ပအို့ဝ်တွေ ပါတယ်။ ပလောင်းတွေလည်း ပါပါတယ်။ အင်းသားတွေ ပါပါတယ်။ နောက် တိုက်လယ်တွေလည်း ပါပါတယ်။ တော်တော်များများ စုံစုံလင်လင်ပါ။ အဲဒီကတည်းက သူတို့က နောက်ပိုင်းမှာ ကွယ်လွန်သွားတာတွေ ဘာတွေ ရှိတာပေါ့။ ဒါကြောင့် လူတွေတော်တော်များများက ကျနော်တို့ကို အမျိုးသားရေးကို အခြေခံပြီးတော့ လုပ်တယ်လို့ ထင်ကြပါတယ်။ တကယ့်တကယ် လက်တွေ့မှာ အဲဒီလို မဟုတ်ဘူး။ ရှမ်းပြည်နယ်မှာနေတဲ့ လူအားလုံး ဗမာအပါအဝင် တိုင်းရင်းသားအားလုံးအတွက် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ရှမ်းလူမျိုးတခုအတွက် ကွက်ပြီးတော့ လုပ်တာမဟုတ်ပါဘူး။ ရှမ်းပြည်နယ်မှာ နေတဲ့လူအားလုံးက ကျနော်တို့ တောင်းတဲ့အခွင့်အရေးအတိုင်း အားလုံး အကုန်ရသင့်တယ်။ ကျနော်တို့ကလည်း တရားမျှမျှတတနဲ့ တန်းတူညီမျှရေးကို တောင်းဆိုတဲ့အခါကြတော့ အားလုံးတန်းတူ ညီမျှရေးပဲ ဖြစ်မှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ရွေးကောက်ပွဲကလည်း မကြာခင် ကျင်းပတော့မယ်။ ရွေးကောက်ပွဲကို ဒိုင်းလူကြီးအဖြစ်နဲ့ လုပ်နေတဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ပေါ့။ အများအမြင်မှာတော့ သူတို့က အရင်တုန်းကလဲ စစ်တပ်က အကြီးအကဲ ဖြစ်တယ်။ ပြီးတော့ အာဏာရပါတီ ပြည်ခိုင်ဖြိုးပါတီမှာလည်း ပါတီဝင် ဖြစ်ခဲ့ဖူးတယ်။ ကိုယ်စားလှယ်လည်း လုပ်ခဲ့ဖူးတယ်ပေါ့။ အဲဒီလို လူတယောက်ကနေ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီးတော့ ဒီရွေးကောက်ပွဲကြီးကို ဒိုင်းလူကြီးအဖြစ် သမာသမတ်ကျကျ ကျင်းပပေးနိုင်လိမ့်မယ်လို့ ယူဆပါလားရှင့်။

ဦးစိုင်းညွှန့်လွင် ။ ။ တော်တော်များများကတော့ ကျနော်တို့ကို အဲဒီလို ပြောကြပါတယ်။ လေ့လာချက်အရတွေလည်း အဲဒီလိုပါပဲ။ ခရိုင်တွေမှာလည်း အားလုံး စစ်တပ်တွေကြီးပဲ ဖြစ်တယ်။ သို့သော်လဲ ကျနော်တို့ အခုန ဒေါ်ခင်စိုးဝင်း မေးတဲ့အဖြေကိုတော့ ရွေးကောက်ပွဲပြီးမှပဲ ပြောလို့ရတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့အထိလည်း ကျနော်တို့ကို ညစ်တာတွေဘာတွေတော့ မရှိပါဘူး။ မဲစာရင်းတွေ မှားတာကတော့ တမျိုးပေါ့။ သက်သက်ညစ်တာတော့ လောလောဆယ် မရှိသေးဘူး။ သို့သော်လဲ လုံးဝစိတ်ချရတာတော့ မဟုတ်ဘူး။ ရွေးကောက်ပွဲ ပြီးတဲ့အခါကြရင် အဲဒီအဖြေကို ကျနော် ပြောလို့ရတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံတကာ အကဲခတ်လေ့လာရေးအဖွဲ့တွေကိုလည်း ခွင့်ပြုမယ်လို့ ပြောထားပါတယ်။ ဆိုတော့ နိုင်ငံတကာ အကဲခတ်လေ့လာရေး အဖွဲ့တွေရဲ့ သွားကြည့်နိုင်မယ့် အတိုင်းအတာ ဘာသတင်းကြားထားပါလဲ။ ဥပမာဆိုရင် ရှမ်းပြည်နယ်ကို သွားလို့ရမယ်လို့ ယူဆပါလား။

ဦးစိုင်းညွှန့်လွင် ။ ။ အမှန်တော့ ကျနော်တို့ တိုက်တွန်းတာကတော့ မဲခိုးတာ၊ မဲလိမ်တာ စသည်ဖြင့် မတရားပြုကျင့်မှုတွေက ရန်ကုန်လို၊ မန္တလေးမှာ မဖြစ်ပါဘူး။ ဗဟုသုတ မြှင့်မားတဲ့ ဒေသတွေမှာ မဖြစ်ပါဘူး။ ဖြစ်မှာက နယ်စပ်ဒေသတွေမှာ ဖြစ်မှာပါ။ အလှမ်းဝေးတဲ့နေရာတွေ။ အဲဒီနေရာတွေမှာ ဖြစ်မှာပါ။ အဲဒီနေရာတွေကိုပဲ သွားဖို့ဆိုပြီး monitoring အဖွဲ့တွေကို ကျနော် လှမ်းတိုက်တွန်းပါတယ်။ ဒီနေရာတွေက ပိုပြီးတော့ ဂရုပြုရမယ့် ဒေသတွေ ဖြစ်ပါတယ်။ အခုဆိုရင် တချို့တပ်ကလာတဲ့ ဗိုလ်ချုပ်ကြီးတွေဆိုရင် ရွေးကောက်ပွဲဝင်မယ်ဆိုရင် အလှမ်းဝေးတဲ့နေရာတွေကိုသွားပြီး ဝင်တာကြည့်ရင် စိတ်ပူစရာကောင်းပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

ဦးစိုင်းညွှန့်လွင် ။ ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG